တော်လှန်ရေးဘေးထွက်ဆိုးကျိုး
၁။ တော်လှန်ရေးမှာ တတ်နိုင်သရွေ့ ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းအောင် လုပ်ဖို့ဖြစ်ပါတယ်။ တော်လှန်ရေးဟာ တိုင်းပြည်ကို ကုသသလိုပါပဲ။ တတ်နိုင်သရွေ့ ပညာဉာဏ်ကြီးကြီးထားပြီး ကုမှ ရပါလိမ့်မယ်။ ဒီနေရာမှာ ပညာတစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ သတ္တိနဲ့ သတိလိုပါတယ်။ လူထုဟာ သတ္တိ မသေးဘူး ဆိုတာ ဘယ်သူမှ သံသယမရှိပါ။ နိုင်ငံတကာကလည်း မေးခွန်းမထုတ်ပါ။ လူထုသတ္တိ ဘယ်လောက် ပြောင်မြောက် ကြောင်း ပြထားပြီးသား ဖြစ်ပါတယ်။ သို့သော်လည်း – သတိအရမှာတော့ ရှိထားလေလေ ကောင်းလေလေပါပဲ။ ပညာကို သတိဆိုတဲ့ ချွန်းနဲ့ အုပ်ရတယ် မဟုတ်လား။ သတိဟာ ချွန်းလည်း ဖြစ်တယ်။ ဘရိတ်သဘောမျိုးလည်း ဖြစ်တယ်။ တချို့နေရာတွေမှာ ချင့်ချင့်ချိန်ချိန်နဲ့ အကန့်အသတ်လေးထားပြီး လုပ်ကြဖို့ ဖြစ်ပါတယ်။ ပျောက်စေ ချင်တဲ့ စေတနာဇောထက်သန်ပေမယ့်၊ ပညာနဲ့ ယှဉ် သတိနဲ့ ချိန်ပြီး လုပ်ကြပါမယ်။ လောကြီးလို့ မဖြစ်ပါ။ လက်နက်ကိုင်လမ်းစဉ်ဆိုတာ နတ်ကြီးတယ် မဟုတ်လား။ အလျှော်အစား ကြီးတဲ့ လမ်းကို ရွေးခဲ့ကြပြီမို့၊ ပိုကောင်း ဖို့သာ ကြိုးစားကြရတော့မှာပါ။ နောက်ဆုတ်ဖို့ မလွယ်ကူတော့ပါ။
၂။ ဒီနေရာမှာ ဘေးထွက်ဆိုးကျိုးဆိုတာကို အထူးတလည်ပြောနေရတဲ့ အကြောင်း ရှိပါတယ်။ နိုင်ငံတကာဖြစ်ရပ် တွေကလည်း သက်သေရှိခဲ့ပြီးပါပြီ။ ၁၉၈၈ အလွန်ကာလတချို့မှာလည်း သက်သေအားဖြင့် ရှိထားပြီးပါပြီ။ တိုင်းပြည်ကို ကုတဲ့နေရာမှာ – ပေါ့စေလိုလို့ ကြောင်ရုပ်ထိုး ၊ ဆေးအတွက် လေး – ဆိုသလို မဖြစ်ဖို့ ဖြစ်ပါတယ်။ တခါတရံ သေလုမျောပါးဖြစ်နေပြီဆိုတဲ့ အထင်အမြင်နဲ့ ရှော့ရိုက်ကုထုံးတွေနဲ့ အကြမ်းပတမ်း ကုသလို့ မရနိုင်ပါဘူး။ ချင့်ချင့်ချိန်ချိန်နဲ့ တိုင်တိုင်ပင်ပင် စဉ်းစဉ်းစားစားနဲ့ ဂုဏ်သိက္ခာရှိရှိ လုပ်ကြကိုင်ကြဖို့ဖြစ်ပါတယ်။ သတိဆိုတာ လွန်တယ်လို့ မရှိပါ။ သတိအားဖြင့် ထိန်းကျောင်းပြီး တည်တည်ငြိမ်ငြိမ်နဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီး ရှေ့ဆက်ကြဖို့ ဖြစ်ပါတယ်။
၃။ တခါတရံ အသိဉာဏ်နည်းလို့၊ ပျောက်စေ ဆရာနဲ့ တိုးတတ်ပါတယ်။ ရမ်းကုနဲ့ အပ်ပုန်းဟာ ဆေးတက္ကသိုလ်မှာ အနှစ်နှစ်အလလ စနစ်တကျ လေ့ကျင့်သင်ကြားပြီး တတ်မြောက်လာတဲ့ ဆရာဝန်နဲ့ မတူပါ။ ရမ်းကုဟာ လက်ရဲပါတယ်။ အပ်ပုန်းဟာ မချင့်ချိန်ဘူး။ ရမ်းသန်းထိုးချလိုက်ပါတယ်။ ဒါတွေကြောင့် ကျေးလက်တောရွာတွေ က သင်္ချိုင်းမြေတွေ ကျယ်လာတာ တစ်ပုံကြီးပါ။ တချို့လည်း ဆေးထိုးမှားလို့ တစ်သက်လုံး ဒုက္ခိတဘဝနဲ့ အရိုးထုတ်သွားရတာတွေ တွေ့ဖူးပါတယ်။ အပ်ပုန်းနဲ့ ရမ်းကုကြောင့် အသက်မသေသော်လည်း၊ ဒုက္ခိတ နာတာရှည် လူမမာအဖြစ် တစ်သက်လုံးနေထိုင်သွားခဲ့ရတဲ့အဖြစ်တွေကို တွေ့ခဲ့ရဖူးပါတယ်။ လက်ရှိ မြန်မာ့နွေဦး တော်လှန်ရေးဟာလည်း ထိုနည်းလည်းကောင်းဖြစ်ပါတယ်။ ပညာနဲ့ သတိနဲ့ ယှဉ်ဖို့ ဖြစ်ပါတယ်။
၄။ သိပ်မကြာခင်ရက်ပိုင်းလောက်က၊ ဆရာမ မသီတာ (စမ်းချောင်း) ရေးတဲ့စာလေး တစ်ပုဒ်ဖတ်ရပါတယ်။ တော်လှန်ရေးဟာ မညှိုးမနွမ်းပဲ အောင်မြင်ဖို့ ဖြစ်ပါတယ်။ ကျနော်လည်း မြန်မာ့နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ လူထုဟာ – မာကျောဖို့၊ ဉာဏ်ပညာကြီးမြင့်ကြဖို့နဲ့ ဂုဏ်သိက္ခာရှိကြဖို့ ဆိုတာကို ရေးခဲ့ဖူးပါပြီ။ ဆရာမ မသီတာ (စမ်းချောင်း) ပြောတဲ့ မညှိုးမနွမ်းပဲ တော်လှန်ရေးအောင်မြင်စေဖို့ဟာ အရေးကြီးပါတယ်။ ကျနော်တို့ဟာ နောင် မျိုးဆက်၊ သားစဉ်မြေးဆက်အထိ မြန်မာ့နွေဦးသမိုင်းကြောင်းရဲ့ ဖြစ်ရပ်မှတ်တမ်းတွေကို တဖွဖွ ပြောပြီး ဂုဏ်ယူ ချင်ပါတယ်။ တို့တုန်းက ဘယ်လို ကြိုးစားခဲ့ကြတာ၊ ဘယ်လို ညီညွတ်ခဲ့ကြတာ၊ ဘယ်လို ရိုင်းပင်းခဲ့ကြတာ၊ ဘယ်လို ယုံကြည်ချက်တွေ ခိုင်မာခဲ့ကြတာ၊ ဘယ်လို ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းခဲ့ကြတာ — စသည်ဖြင့် သတိရတိုင်း ကိုယ့်သားမြေးတွေကို ပြောပြီး ဂုဏ်ယူချင်ပါတယ်။ ဒါဟာ ဂုဏ်သရေရှိတဲ့ သမိုင်းပြောင်ခဲ့တဲ့ တော်လှန်ရေးဖြစ် ကြောင်း ကျနော်တို့ အားလုံးမြင်တွေ့ချင်ပါတယ်။
၅။ တတ်နိုင်သရွေ့ တော်လှန်ရေးမှာ ဘေးထွက်ဆိုးကျိုး နည်းနိုင်သမျှ နည်းအောင် အားလုံးသတိရှိကြဖို့ ဖြစ်ပါတယ်။ ဘယ်ဆေးဝါးမဆို ရောဂါပျောက်စေချင်လို့ ကုတဲ့အခါ ဘေးထွက်ဆိုးကျိုး အနည်းနဲ့ အများတော့ ရှိတာချည်းပါပဲ။ လူကို ဒုက္ခပေးနိုင်လောက်တဲ့ ဘေးထွက်ဆိုးကျိုးနဲ့ အထိန်းအသိမ်း အကန့်အသတ်နဲ့ သောက်သုံး ရင် လူကို ဘေးဥပါဒ် မဖြစ်စေတဲ့ ဘေးထွက်ဆိုးကျိုးဆိုပြီး ရှိပါတယ်။ တခါတရံ ထိရောက်တဲ့ကုသမှု ဖြစ်ဖို့၊ ခပ်ပြင်းပြင်းဆေးတွေကို သုံးရတယ်၊ သောက်ရတယ်။ အဲသည့်အခါ – ဆရာဝန်တွေက ပြောကြတယ်။ အစာအိမ် ဆေးလေး ခံပြီးသောက်- ဆိုပြီးတော့။ ဒါဟာ ဘာလဲဆိုတော့ တစ်ဖက်က ဆေးအပြင်းကို တစ်ဖက်မှာ ဝေဒနာ အသစ် မဖြစ်ဖို့ ပြန်ထိန်းတဲ့သဘောလို့ နားလည်ပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ထိုနည်း လည်းကောင်းဖြစ်ပါတယ်။
၆။ လက်နက်ကိုင်လမ်းစဉ်ဟာ အန္တရာယ်များသလို၊ သုံးတတ်ရင် တကယ့်ဆေးကောင်းဖြစ်ပြီး မသုံးတတ်ရင် ပိုနေမြဲ ကျားနေမြဲထက်တောင် ဆိုးနိုင်ပါတယ်။ ဒီတော့ သတိကြီးကြီး ထားကြဖို့ ဖြစ်ပါတယ်။ စားပွဲဝိုင်း နိုင်ငံရေး ၊ ပါတီနိုင်ငံရေးနဲ့ ရွေးကောက်ပွဲနိုင်ငံရေးဆိုတာတွေက အချင်းချင်း လေသေနတ် ပစ်နေကြတာမို့၊ အသက် မသေကြပါဘူး။ အချင်းချင်း ပစ်တဲ့အရာတွေက စကားလုံးတွေပဲ ဖြစ်ပါတယ်။ အခု လက်နက်ကိုင်လမ်းစဉ်ဟာ ကျည်ဆန်နဲ့ ပစ်နေကြတာဖြစ်ပါတယ်။ ဒီတော့ အသိလည်း ရှိမှ၊ သတိလည်း ရှိမှ၊ သတ္တိလည်း ရှိမှ ဖြစ်ပါလိမ့်မယ်။
၇။ မြန်မာ့နွေဦးတော်လှန်ရေးဟာ ဂုဏ်သိက္ခာအားဖြင့် မညှိုးမနွမ်းဘဲ အဆုံးသတ်တိုက်ပွဲမှာ အောင်ပွဲခံကြပါစို့။
မင်းသေ့ (ဆောင်းပါး)
ဖက်ဒရယ်ဂျာနယ်၊ နိုဝင်ဘာ ၈၊ ၂၀၂၁