“တိုက်မယ်ဆိုရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝိုင်းတိုက်ကြဖို့ ကျနော်တို့ စစ်ရှောင်တွေအနေနဲ့ တောင်းဆိုချင်တယ်”
ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၂၅ ရက်၊ ၂၀၂၁
လက်ရှိ တိုက်ပွဲတွေ ရက်ဆက်ဖြစ်ပွားနေတဲ့ ကရင်နီ(ကယား)ပြည်နယ်မှာ စစ်ရှောင်ပြည်သူ သိန်းချီရှိနေပြီး အခုနောက်ပိုင်း စစ်ရှောင်ကူညီကယ်ဆယ်ရေးလုပ်ဆောင်တဲ့နေရာမှာ အသက်အန္တရာယ်နဲ့ရင်ဆိုင် ကူညီကယ်ဆယ်လုပ်ဆောင်နေရတယ်လို့ စစ်ရှောင်တွေကို ကူညီနေတဲ့ စေတနာ့ဝန်ထမ်းက ပြောပါတယ်။
လက်ရှိ စစ်ဘေးရှောင်တွေကို ကူညီပေးနေရာမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲပြဿနာနဲ့ စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေတွကို သိရဖို့ ဒီးမော့ဆိုမြို့နယ်က စစ်ရှောင်တွေကို ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး။ ကယားပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေအတော်များများ ထပ်ပြီးထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်မှုတွေ လုပ်ဆောင်တဲ့နေရာမှာ ဘယ်လို အခက်အခဲတွေရှိလဲဆိုတာ ပြောပြပေးပါလား။
ဖြေ။ “အခုလောလောဆယ် အဓိက အခက်အခဲက ဘာလဲဆိုတော့ ပထမတချက် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းပေါ့နော်။ အခုနောက်ပိုင်းမှာ ကျနော်တို့ လွိုင်ကော်ကနေ ဒီးမော့ဆို ရောက်ဖို့အရေးက အရမ်းကို ခက်ခဲနေတယ်။ တခါတလေကျရင် ကျနော်တို့ ရိက္ခာတွေက သုံးရက်လေးရက်၊ တခါတလေကျရင်တပတ် အဲလိုကြာ သွားတာပေါ့နော်။ အဓိကက ဘာလဲဆိုတော့ လမ်းမှာ ဒီစစ်ကောင်စီတပ်ဘက်ကနေပြီးတော့မှ တွေ့လို့ရှိရင် မမေးမမြန်းဘဲနဲ့ ဒီတိုင်းကောက်ပစ်တာ။ ဟိုတနေ့ကဆိုရင် ကျနော့် စေတနာ့ဝန်ထမ်းထဲက ကားတစီး အပစ်ခံရတာပေါ့နော်။ အဲတော့ အဓိက အခက်အခဲက သွားလာလို့မရဘူးဖြစ်နေတာပေါ့နော်။ ”
မေး။ အခုတိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြတဲ့အတွက် အဓိက ဘယ်ဒေသတွေမှာ စစ်ရှောင်စခန်း ဘယ်နှခုလောက်ရှိလဲ။
ဖြေ။ “ ဒေသအတိအကျတော့ ပြောဖို့ နည်းနည်းခက်မှာပေါ့။ အဓိက ဘယ်နှနေရာလောက်ရှိလဲဆိုတော့ အခုလောလောဆယ် ကျနော်တို့ ဒီးမော့ဆို အရှေ့ခြမ်းမှာ ကျနော် ရောက်ဖူးသမျှနေရာထဲမှာဆိုရင် ၄ နေရာ လောက်ရှိတယ်ပေါ့နော်။ အဲဒါတောင်မှ ဒီတောထဲသွားမနေဘဲ သူ့ရဲ့နီးစပ်ရာဆွေမျိုး အဲလိုရွာတွေမှာ လိုက်နေတာလည်းရှိသေးတယ်။ ဒါကတော့ စခန်းလို့တော့မသုံးဘူးပေါ့နော်။ တောထဲမှာဆိုလို့ရှိရင်တော့ အနည်းဆုံး ၄ ခုလောက်ရှိတာပေါ့။ ”
မေး။ အခု တောတောင်ထဲမှာထွက်ပြေးတိမ်းရှောင်နေရတဲ့သူအနေနဲ့ သူတို့အဲလိုနေလာရတာ ဘယ်လောက်ကြာပြီလဲ၊ အခုလက်ရှိသူတို့အဓိက အခက်အခဲဘာတွေရှိနေလဲ။
ဖြေ။ “ တချို့သူတွေက နှစ်လသုံးလ ရှိပြီ။ ဘာလို့လဲဆိုတော့ ဟိုး D-day မတိုင်ခင်က ဒီးမော့ဆိုမှာ တိုက်ပွဲပြင်းထန်တာလေ။ ဆိုတော့ တချို့က သုံးလေးလရှိပြီ။ တချို့ကတော့ တလနှစ်လ ရှိပြီ။ ဒီ ၇ ရက်နေ့နောက်ပိုင်းမှပဲ ပိုပြီးမှ များလာတာပေါ့။ အဲတော့ စစ်ရှောင်တွေက ဘာအခက်အခဲရှိလဲလို့ မေးရင် ပထမတချက် စားနပ်ရိက္ခာပေါ့၊ အခုန ပြောသလိုလေ သူက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းက လုံးဝ မပွင့်တော့တဲ့အခါကျတော့ စားနပ်ရိက္ခာအခက်အခဲဖြစ်လာတယ်။ ဖြစ်လာတော့ တချို့စစ်ရှောင်တွေက လုံးဝ ကြိုးကြိုးစားစားနဲ့ လွိုင်ကော်မြို့ပေါ်သွားပြီး ရိက္ခာနည်းနည်းပါးပါး သွားဝယ်တာရှိတယ်။ နောက်ရွာထဲမှာ ကျန်ခဲ့တဲ့ လယ်ယာမြေ၊ ကျွဲနွားစသဖြင့် အိမ်ရာတွေ ခဏတဖြုတ်ပြန်ကြည့်ချင်တာတွေရှိတယ်။ အဲလို ပြန်မယ်ဆိုလို့ရှိရင် စစ်တပ်တွေက လိုက်ပစ်တာပေါ့။ ဆိုတောမပြန်ရဲတော့ဘူး။ အဓိက စားနပ်ရိက္ခာအခက်အခဲက အဲလိုဖြစ်လာတာပေါ့။ နောက်တခုကလည်း ဆေးဝါးပေါ့နော့။ အခုန ပြောတဲ့ စစ်ရှောင်တွေထဲမှာ ကျနော်တို့ ကိုဗစ်ကူးစက်မှုလည်းရှိလာပေါ့။ ရှိလာတော့ အဲဒီဆေးဝါးလည်း လိုအပ်လာသလို ဒီ ကုသမှုအပိုင်းမှာ ဆေးဆရာ ဆရာမတွေလည်း လိုအပ်မှုရှိလာပေါ့နော်။ ”
မေး။ အခုန ပြောသလို ကိုဗစ်ကူးစက်ခံရမှုရှိတယ်ဆိုတော့ စစ်ရှောင်စခန်း ဘယ်နှခုမှာ လူဘယ်လောက်ကူးစက်ခံထားရလဲ။
ဖြေ။ “ အခု update တော့မသိတော့ဘူး။ ကျနော်သိတာကတော့ စခန်းတခုထဲမှာ ပြီးခဲ့တဲ့ တပတ်ကဆိုရင် လူအယောက် ၄၀ ကျော်တာပေါ့နော်။ အခုနောက်ပိုင်းကျတော့ အသေအချာတော့မရတော့ဘူး။ ”
မေး။ အခုနက ပြောသလိုဆိုရင် ခက်ခဲနေတဲ့သူကို အစ်ကိုတို့ သွားကူညီတဲ့နေရာမှာလည်း သေနတ်နဲ့ ပစ်ခတ်ခံရတာတွေ အဲလိုမျိုးရှိတယ်ဆိုတော့ ဒီလို ကူညီကယ်ဆယ်မှု စေတနာ့ဝန်ထမ်းတွေအနေနဲ့ ကူညီတဲ့နေရာမှာ ဘယ်လောက်ထိ ခက်ခက်ခဲခဲလုပ်နေရလဲဆိုတာ ပေါ်လွင်အောင် ရှင်းပြပေးပါလား။
ဖြေ။ “ ကျနော်တို့က volunteer ကလေ အသက်ကို ဖက်နဲ့ထုပ်ပြီးသွားလာနေရတာပေါ့နော်။ ကျနော်တို့က ရှင်းရှင်းပြောရလို့ရှိရင် အဖွဲ့အစည်းတခုကနေပြီးမှ တာဝန်ပေးပြီးမှ အလုပ်လုပ်နေတဲ့သူတွေမဟုတ်ဘူး။ ကျနော်တို့ background က ဘာမှမရှိဘူး။ ကျနော်တို့က ကိုယ့်စိတ်စေတနာနဲ့ကိုယ် စိတ်အားထက်သန်ပြီးတော့မှ ဒုက္ခရောက်နေတဲ့သူတွေကို တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းကူမယ်ဆိုတဲ့စိတ်နဲ့ပဲ ကျနော်တို့က ထလုပ်ကြတာပေါ့။ ဆိုတော့ ကျနော်တို့ရဲ့ အသက်အန္တရာယ်က ဘယ်လိုမှ အာမခံလို့မရဘူး။ ကျနော်တို့ သွားရာလမ်းတလျှောက်မှာ ကျနော်တို့ရဲ့အသက်က အချိန်မရွေးပါသွားနိုင်တာပေါ့နော်။ အချိန်မရွေးသေသွားနိုင်တဲ့ အနေအထား မှာရှိတာပေါ့။ ”
မေး။ အခုနောက်ပိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ကလူတွေ ဖမ်းဆီးခံရတယ်၊ တရားစွဲဆိုခံနေရတဲ့အချိန်မှာ ဒီကြားထဲ အစ်ကိုတို့ ဆက်ပြီးတော့ လူမှုကယ်ဆယ်ရေးတွေလုပ်နေတဲ့အချိန်မှာ စစ်တပ်ရဲ့ ဘယ်လို အန္တရာယ်ပေးမှုခံရတာတွေရှိလဲ။
ဖြေ။ “ အခုန ပြောသလိုလေ သွားရာလမ်းတလျှောက်မှာ သူတို့တွေ့ရာ ကောက်ပစ်တာ ပထမဆုံး ကျနော်တို့အတွက် အကြီးမားဆုံး အသက်အန္တရာယ်ပဲ။ နောက်တခုက ကျနော်တို့ ဒီလိုမျိုးလှုပ်ရှားနေတာကို တချို့သူတွေက ကျနော်တို့ကို နောက်ကွယ်ကနေ စောင့်ကြည့်နေတဲ့သူရှိကောင်းရှိနိုင်တယ်ပေါ့နော်။ အဲတော့ ကျနော်တို့စိုးရိမ်တာက ဒလန်သတင်းပေးမှုနဲ့ အဲလို ဆွဲစိခံရမှာအရမ်းကြောက်တာပေါ့။ ကြောက်လို့ မလုပ်တော့ဘူးဆိုရင်လည်း ဒီမှာလုပ်မယ့်သူလည်းမရှိတော့ဘူး အဲလိုဖြစ်နေတာ။ ကျနော်တို့အနေအထားကလေ။ အဲတော့ ကြောက်ကြောက်နဲ့ပဲ ကျနော်တို့ နိုင်တဲ့ဘက်ကနေ ဆက်လုပ်သွားနေတဲ့အနေအထားမှာရှိတာပေါ့။ ”
မေး။ အခုနောက်ပိုင်းမှာကော ဒီစစ်ရှောင်ဒုက္ခသည်တွေကိုကူညီဖို့ ဘယ်လိုအဟန့်အတားတွေရှိလဲ။ ငွေကြေးအရ ကူညီတဲ့သူကောရှိလား၊ ငွေကြေးအရ ထောက်ပံ့တဲ့သူရှိပေမယ့် ဘဏ်အကောင့်ပိတ်တာတို့ အဲလို အခက်အခဲတွေ ရင်ဆိုင်ရတာတွေရှိလား။
ဖြေ။ “ ရှိတာပေါ့။ စစ်ရှောင်ကူညီဖို့ အဓိက အခက်အခဲက ကျနော်တို့ ငွေရေးကြေးရေးပြဿနာပဲ။ ငွေရေးကြေးရေးမရှိတဲ့အခါကျတော့ ကျနော်တို့ ရိက္ခာတွေ ဝယ်လို့မရဘူး။ ငွေရေးကြေးရေးအလှူခံတဲ့အခါမှာ တချို့ပို့လာတာတွေရှိတယ်။ ကျနော်တို့အများအားဖြင့် Kpay သုံးကြတာပေါ့။ အခုနောက်ပိုင်းမှာဆိုရင် Kpay အကောင့် ပိတ်ခံရတဲ့အခြေအနေအထိ ရှိတာပေါ့နော်။ အဲတော ကျနော်တို့က တခြားနာမည်ပြောင်းပြီးတော့မှ သုံးရတာတွေရှိတယ်။ တခါတလေ ကျနော်တို့ Kpay ထုတ်ချင်တဲ့အခါကျရင် ဘယ်လောက်ပဲ စစ်ရှောင်အတွက် ပြောနေပါစေ ရာခိုင်နှုန်းပေးပြီးတော့မှပဲ ပြန်ထုတ်ရတဲ့အနေအထားမှာရှိတာပေါ့။ ”
မေး။ ဆိုတော့အခု လက်ရှိကယားပြည်နယ်မှာ ဒီမေလကစတဲ့တိုက်ပွဲကြောင့် ထွက်ပြေးရတဲ့သူတွေထဲမှာ ဘယ်မြို့နယ်က အများဆုံးလို့ ပြောလို့ရမလဲ။ လူဦးရေက ဘယ်လောက်ရှိတယ်လို့ပြောလို့ရမလဲ။
ဖြေ။ “ တပြည်နယ်လုံးအတိုင်းအတာ ခန်းမှန်းခြေကတော့ တသိန်းဝန်းကျင်တော့ရှိမှာပေါ့။ အဲဒီထဲမှာမှ အဖိခံရဆုံး မြို့နယ်က ကျနော်တို့ ဒီးမော့ဆိုမြို့နယ်ပေါ့။ ဒီဒေးမတိုင်ခင်ကလည်း အပစ်ခံရတယ်။ ဒီဒေး ခေါ်ပြီးတော့လည်း ဒီးမော့ဆိုဘက်အဖိခံရတယ်။ ဒီးမော့ဆို ကျနော်လက်ရှိလှုပ်ရှားနေတဲ့ အရှေ့ဘက်ခြမ်းတောင်မှ ငါးထောင်၊ ခြောက်ထောင်ဝန်းကျင်လောက်ရှိတာပေါ့။ ”
မေး။ အခုတိုက်ပွဲတွေအခြေအနေအရကြည့်မယ်ဆိုရင် အခု စပါးတွေပြောင်းတွေစိုက်ရမယ့်အချိန်မှာ မစိုက်ရဘူး။ နှမ်းတွေစိုက်ပျိုးခုတ်ရမယ့်အချိန်မှာ မစိုက်မခုတ်ရဘူးဆိုတော့ ရှေ့ဆက် ဒေသခံပြည်သူတွေ ဒီးမော့ဆိုပြည်သူတွေ စားဝတ်နေရေးအတွက် ဘယ်လိုအခက်အခဲရှိလာနိုင်မလဲ။
ဖြေ။ “ ဟုတ်ကဲ့။ ကျနော်တို့ အကြီးမားဆုံးစိန်ခေါ်မှု စိုးရိမ်မှုတခုပဲ။ ကျနော်တို့အခု အကုန်လုံး တောထဲတောင်ထဲမှာ ထွက်ပြေးရတယ်။ ထွက်ပြေးရတော့ ကျနော်တို့လယ်ယာမြေတွေ၊ ကျွဲနွားတွေ၊ ဝက်တွေ တိရိစ္ဆာန်တွေ အကုန်လုံး ကျန်ခဲ့တယ်။ ပြန်မကြည့်နိုင်ဘူး။ အဲတော့ တချို့ စစ်ကောင်စီဘက်ကနေပြီးတော့ သတ်စားသွားတာတွေရှိတယ်။ တချို့လယ်ယာမြေဆိုရင်လည်း ထွက်ပြေးတဲ့အတွက်ကြောင့်မို့ ထွန်ယက်စိုက်ပျိုးမှု မလုပ်နိုင်တော့ဘူးပေါ့နော်။ မလုပ်နိုင်တဲ့အခါကျတော့ အကြီးမားဆုံး စိုးရိမ်မှုက လာမယ့်နှစ်မှာ ဒီလိုမျိုး စစ်ရှောင်တွေကို ထောက်ပံ့ပေးမယ့်သူ၊ ကူညီပေးမယ့်သူမရှိတော့ဘူးဆိုရင် ဘာသွားစားတော့မလဲပေါ့နော်။ အခုက အလှူရှင်တွေရဲ့ ထောက်ပံ့မှုနဲ့ စစ်ရှောင်တွေအနေနဲ့ နည်းနည်းပါးပါးတော့ စားသောက်လို့ရနိုင်သေးတာပေါ့နော်။ နောက်နှစ်တွေမှာဆိုရင် ကျနော်တို့ ထွန်ယက်စိုက်ပျိုးမှုတွေ မလုပ်နိုင်တော့ဘူး။ လုပ်နိုင်တဲ့သူတချို့ကလည်း အခုန ပြောသလို ရွာမှာကျန်ခဲ့တဲ့ ကျွဲနွားတိရိစ္ဆန်တွေ ဝင်စားကုန်တာလည်းရှိတယ်။ ရှိတော့ လာမယ့်နှစ်မှာ သေချာတယ် စားနပ်ရိက္ခာပြတ်လပ်မှု ကြုံကောင်းကြုံလာနိုင်တယ်ပေါ့။ ”
မေး။ နောက်တခုက ကယားပြည်နယ်မှာ အန်ယူဂျီက D-day မခေါ်ခင်မှာ တိုက်ပွဲဖြစ်နေတယ်။ ဒီဒေးခေါ်ပြီးနောက် တိုက်ပွဲတွေ ထပ်ဖြစ်နေတယ်ပေါ့နော်။ ဒီတိုက်ပွဲဖြစ်နေတဲ့အပေါ် ပြည်သူတွေကို ကူညီနေတဲ့သူတယောက်အနေနဲ့ ဘယ်လိုမြင်လဲ။ ဒီတိုက်ပွဲက အောင်နိုင်မယ့်တိုက်ပွဲလား သို့မဟုတ် ရပ်စေချင်လား ။ ဘယ်လိုမျိုးမြင်လဲ။
ဖြေ။ “တိုက်ပွဲဖြစ်တာကတော့ ဘယ်ဘက်ကမှ အကျိုးရှိမယ်မထင်ဘူးပေါ့။ အကုန်လုံးနစ်နာတာတွေချည်းပဲ။ အကုန်လုံးကအသက်ဆုံးရှုံးရတွေချည်းပဲ။ အဲဒီထဲမှာမှ ကျနော်တို့ ပြည်သူတွေက ပိုပြီးမှ ဒုက္ခရောက်ရတယ်။ မြေဇာပင်ဖြစ်ရတယ်ပေါ့။ အဲတော့ ကျနော်တို့ ဖြစ်စေချင်တာက ကျနော်တို့စစ်ရှောင်တွေက အကုန်လုံးအိမ်ပြန်ချင်ကြတာပေါ့နော်။ တိုက်ပွဲမဖြစ်ရင်ကောင်းတာပေါ့။ တိုက်ပွဲဖြစ်မယ်ဆိုလို့ရှိရင် ကျနော်တို့ မျှော်လင့်တာက D-day ဆိုတာက တနိုင်ငံလုံး အတိုင်းအတာနဲ့ သူ့နယ်ကိုယ့်နယ် ပြိုင်တူလုပ်ကြမယ်၊ တိုက်ကြမယ်ပေါ့နော်။ ဒါပေမဲ့ အခုက အဲလိုမဟုတ်ဘဲနဲ့ လုပ်တဲ့သူက လုပ်နေတယ်။ တခြားငြိမ်တဲ့ဘက်ကလည်း ငြိမ်နေတယ်။ အဲလိုအနေအထားမှာရှိတာပေါ့။ တိုက်မယ်ဆိုလို့ရှိရင် ကျနော်တို့ ဖြစ်စေချင်တာက တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြိုင်တူ ဝိုင်းတိုက်ဗျာ၊ ခံမယ်ဆိုရင်အကုန်လုံးအတူတူခံမယ်။ အောင်မယ်ဆိုလို့ရှိရင်လည်း အကုန်လုံးအတူတူအောင်မယ်။ ကျနော်တို့ဘက်က အဲလိုမျိုးလိုချင်တာပေါ့။ အခု ကျနော်တို့ တဘက်သတ်ပဲ ခံနေရတဲ့အခါကျတော့ စစ်ရှောင်တွေက ဒုက္ခတွေက ခံရသူတွေက ခံရမြဲဖြစ်နေတာပေါ့နော်။ အဲလိုအနေအထားမှာဖြစ်နေတယ်။ ”
မေး။ အခုတိုက်ပွဲဖြစ်နေတာနဲ့ပတ်သက်ပြီး နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေကို လူမှုကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်နေတဲ့လူတယောက်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ “ အဓိကကတော့လေ တိုက်မယ်ဆိုလို့ရှိရင် နိုင်အောင်တိုက်၊ မတိုက်ဘူးဆိုရင်တော့ ပြေလည်ရာပြေလည်ကြောင်းနဲ့ အရင်ကလိုမျိုး စစ်ရှောင်တွေ အေးအေးဆေးဆေးသွားလာလို့ရအောင် အေးအေးဆေးဆေးနဲ့ အိမ်မှာပြန်နေပြီးမှ လုပ်ကိုင်စားသောက်လို့ရအောင် သေသေချာချာပြန်ညှိနှိုင်းပြီးတော့မှ အပစ်ခတ်ရပ်စဲမှု ယူသင့်ရင်လည်းယူပေါ့ဗျာ။ တိုက်မယ်ဆိုလို့ရှိရင်လည်း အပြီးတိုင်တိုက် ကျနော်အဲလိုပဲ ပြောချင်တယ်။ ”
မေး။ အခု စစ်ရှောင်ရင်းနဲ့ အသက်ဆုံးရှုံးရတဲ့သူတွေ ဘယ်လောက်ရှိလဲ။ အဓိက ဘာကြောင့် အသက်ဆုံးရှုံးရလဲ။
ဖြေ။ ကျနော်လက်လှမ်းမှီတဲ့ဂွင်မှာဆိုလို့ရှိရင် ကျနော်သိတာက ၄ ယောက်လောက်ရှိတယ်ပေါ့နော်။ တခြားဒေသကလည်း ဘယ်လောက်ရှိမလဲတော့မသိဘူး။ အဓိကက ဟိုတနေ့ကဆိုလို့ရှိရင် ကျနော်တို့ရွာထဲက အဘိုးတယောက်ဆိုလို့ရှိရင် အားလုံးထွက်ပြေးတယ်။ ထွက်ပြေးတော့ သူက အိမ်မှာပဲကျန်ခဲ့တယ်။ ကျန်ခဲ့တော့ စိတ်ပူတာပေါ့။ စိတ်ပူပြီးတခါတည်းသွေးတိုးတက်ပြီးတော့မှ ဆုံးသွားတာရှိတယ်။ အဓိက ကျနော်တို့ အခြေခံ အကြောင်းတရားရှာမယ်ဆိုလို့ရှိရင် စိတ်ပင်ပန်းမှုကနေပြီးမှ ဖိအားမခံနိုင်တော့လို့ အဲလိုမျိုးအသက် ဆုံးရှုံး သွားတယ်လို့ ကျနော်မြင်တယ်။ ဟိုးတနေ့က တယောက်ဆိုလို့ရှိရင်လည်း သူက နာတာရှည် ကင်ဆာရောဂါနဲ့ တောထဲမှာပဲ သေသွားတာပေါ့နော်။ စစ်ရှောင်နေတဲ့အခါကျတော့ ဆရာဆရာမတွေ၊ ဆရာဝန်တွေလည်း အဆင်သင့်ရှိမနေဘူး။ သူ့ရောဂါအနေအထားကလည်း နာတာရှည် ဆေးရုံကြီးမှာသွားပြီး ကုသရမယ့်အနေ အထားလေ။ ဒါပေမဲ့ လုံခြုံရေးလမ်းကြောင်းအခြေအနေရ ဘယ်လိုမှ သွားလာလို့မရတော့ဘူး။ ညမိုးချုပ်လည်းဖြစ်တယ်ပေါ့နော်။ ဆိုတော့ အဲဒီမှာပဲ အသက်ဆုံးရှုံးရတာမျိုးတွေရှိတာပေါ့။ ”
မေး။ အခုတိုက်ပွဲတွေကြောင့် ဒီးမော့ဆိုမြို့နယ်က ကျေးရွာတော်တော်များများက နေအိမ်တွေ လက်နက်ကြီးကျည်ထိမှန်တာ၊ ပျက်စီးတာ၊ မီးရှို့ခံရတာ အဲလိုမျိုးတွေရှိတယ်။ ဆိုတော့ ဒေသခံတွေက သူတို့ထွက်ပြေးရင်းနဲ့ သူတို့အိုးအိမ်တွေ ဒီလိုပျက်စီးသွားတာတွေရှိတယ်ပေါ့နော်။ အဲဒါကို ပြန်လည်ကုစားဖို့ ဘာတွေ လိုအပ်တယ်လို့ထင်လဲ။
ဖြေ။ “ အဓိက စစ်ရှောင်တွေမှာ အများကြီးစိတ်ဒဏ်ရာတွေရသွားကြပြီ။ ဒီစစ်ပွဲအခြေအနေကြောင့် အဲတော့ ကျနော်တို့ ဖြစ်စေချင်တာက စိတ်ပိုင်းဆိုင်ရာကုသမှု လုပ်ပေးဖို့လိုတယ်။ နောက်တချက် စစ်ရှောင်တွေ ပြန်လာရပြီဟေ့ဆိုလို့ရှိရင် သူတို့နေအိမ်တွေ နဂိုမူလတိုင်း ပြန်လည်တည်ဆောက်ပြုပြင်မွန်းမံဖို့ ကုစားရေးအစီအစဉ်တွေ စနစ်တကျ လုပ်ပေးဖို့လိုတယ်။ ဥပမာ ငွေရေးကြေးရေးထောက်ပံ့မလား သို့မဟုတ် အိမ်ဆောက်ဖို့လိုအပ်တဲ့ သစ်တွေ၊ အုတ်တွေ၊ ဘိလပ်မြေတွေ ဝယ်ထည့်ကူပေးမလား စသဖြင့် အဲလိုမျိုးအပိုင်းတွေမှာ အများကြီးသူတို့ကို ကူညီပေးဖို့ လိုအပ်တယ်ပေါ့။ ”
မေး။ တခြားဘာတွေ ပြောချင်တာရှိဦးမလဲ။
ဖြေ။ “အခုလောလောဆယ် ကျနော်တို့ ပြောချင်တာက တိုက်မယ်ဆိုလို့ရှိရင် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဝိုင်းတိုက်ကြဖို့ ကျနော်တို့ စစ်ရှောင်တွေအနေနဲ့ တောင်းဆိုချင်တယ်။ ဒီမှာက တိုက်တဲ့ဘက်ပဲ တိုက်နေတော့ စစ်ရှောင်တွေက ဒုက္ခတွေပဲ များသထက်များလာတယ်။ ခံရတဲ့လူတွေက ခံရမြဲဖြစ်နေတယ်။ အဲဒါကို ကျနော်တို့က မခံစားနိုင်တော့ဘူးပေါ့နော်။ အားလုံးကတော့ သည်းခံနေကြတာပဲ သို့ပေမယ့်လည်း အရမ်းကို ပင်ပန်းနေပြီ။ အဲတော့ တိုက်မယ်ဆိုလို့ရှိရင် အားလုံးအတူတိုက် အဲလိုမျိုးပဲ ကျနော်တို့တောင်းဆိုချင်တာပေါ့နော်။ ”
ဟုတ်ကဲ့ ခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ဒီမိုကရစ်တစ် မြန်မာ့အသံ သတင်းရင်းမြစ် ကိုးကားတင်ဆက်သည်။)