တိုင်းရင်းသားများသတင်း

Pastor Cung Biak Hmun သတ်ဖြတ်ခံရခြင်း နှင့် ထန်ထလန် ဒေသခံများ အခြေအနေတို့ကို စပ်လျဉ်း၍ ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် သဘောထား ထုတ်ပြန်

ဖက်ဒရယ် ဂျာနယ်၊ စက်တင်ဘာ ၁၉ ရက်၊ ၂၀၂၁

ထန်တလန်တွင် ခရစ်ယန် သင်းအုပ်ဆရာတော် ကို ပစ်သတ်ပြီးနောက် လက်ချောင်းဖြတ်၍ ရွှေလက်စွပ်ကို စစ်တပ်က လုယူ၊ နာရီနှင့်ဖုန်းကိုလည်း စစ်သားများက လုယူသွားကြောင်း သိရှိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ခရစ်ယန် TCBC အသင်းတော်၏ သင်းအုပ်ဆရာတော် Pastor Cung Biak Hmun ကို စစ်ကောင်စီတပ်သားများမှ ပစ်သတ်လိုက်ပြီးနောက် မင်္ဂလာရွှေလက်စွပ် ဝတ်ဆင်ထားသော လက်ချောင်းကို ဖြတ်ပြီး လက်စွပ် ယူဆောင်ခြင်း၊ နာရီနှင့်ဖုန်းကို လုယူသွားခြင်းများကို စစ်ကောင်စီတပ်သားများက လုပ်ဆောင်ကြောင်း ချင်းနှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၁၈ ရက် ၃ နာရီခွဲခန့်တွင် လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်၍ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ညနေ ၆ နာရီခန့်တွင် နေအိမ် ၁၀ လုံးကျော် မီးကူးစက်လောင်ကျွမ်းကြောင်း၊ မီးငြိမ်းသတ်ရန်သွားသည့် ဆရာတော်ကို စစ်တပ်က ပစ်သတ်ပြီး လက်ချောင်းဖြတ်၍ ရွှေလက်စွပ်ယူဆောင်ခြင်း၊ နာရီနှင့်ဖုန်းကို လုယူခြင်းများကို စစ်သားများက လုပ်ဆောင်ခဲ့သဖြင့် တုန်လှုပ်ချောက်ခြားမိကြောင်း ချင်းနှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

မြန်မာစစ်တပ်၏ ထိုကဲ့သို့ ကျူးလွန်မှုများကို ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း စက်တင်ဘာလ ၁၉ ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

Related Articles

Back to top button