
မြန်မာ့မြေငလျင်ကြောင့် ထိခိုက်သေဆုံးမှု များနေပေမယ့် ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီ UEC ပြော
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဧပြီ ၉၊ ၂၀၂၅
ပြင်းအားကြီး မြန်မာမြေငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးပြီး လူသေဆုံးမှုများနေကာ ရေရည် ပြန်လည် ထူထောင်ရေးကို အဓိထား လုပ်ဆောင်ရဖို့ ရှိနေပေမယ့် စစ်ကောင်စီ ရွေးကောက် ပွဲကော်မရှင်(UEC) က အထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာလမှာ ကျင်းပသွားမယ်လို့ ကြေညာလိုက်ပါတယ်။
ဒီဇင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ နိုင်ငံရေးပါတီ တည်ထောင်ခွင့်ကို လာမဲ့ မေလ ၉ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်လို့ စစ်ကောင်စီ အာဘော် သတင်းစာတွေကတစ်ဆင့် ဧပြီလ ၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်ကြေညာချက်ကို ဖော်ပြထားပါတယ်။
အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း အပိုင်းလေးပိုင်းခွဲပြီး ကျင်းပဖို့ စီစဉ်ထားတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်မှာ ပြောဆိုထားပါသေးတယ်။
ရွေးကောက်ပွဲမှာ မဲများသူအနိုင်ယူစနစ် (FPTP)နဲ့ အချိုးကျကိုယ်စားပြုစနစ် (PR)ကို ပေါင်းစပ် ကျင့်သုံးမယ်လို့ စစ်ကောင်စီက ပြောဆိုထားသလို၂၀၂၅ ခုနှစ် ဒီဇင်ဘာလ တတိယပတ်နဲ့ စတုတ္ထပတ် ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ပထမပတ်နဲ့ ဒုတိယပတ်တွေမှာ ပြုလုပ်ဖို့ စစ်ကောင်စီက စီစဉ်နေတာပါ။
ဒါ့အပြင် စစ်ကောင်စီကတော့ ရွေးကောက်ပွဲလုပ်ငန်းတွေကို ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်ဖို့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းစိုးကိုလည်း ဒုတိယဥက္ကဋ္ဌ အဖြစ် တာဝန်ပေးလိုက်တယ်လို့ ထုတ်ပြန် လာပါတယ်။
တဘက်မှာလည်း ရခိုင်တပြည်လုံးနီးပါးကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားချိန်မှာ အရင် ရခိုင်အမျိုးသား ပါတီ (ANP) ပါတီက လွှတ်တော်အမတ်ဟောင်းတွေနဲ့ ဦးဆောင်ကာ ရခိုင်တိုင်းရင်းသားများ ပါတီ(Rakhine Nationalities Party) လို့ အမည်ပေးထားကာ ရခိုင်နိုင်ငံရေးပါတီသစ်တခု ဖွဲ့စည်း တည် ထောင်ပြီး စစ်ကောင်စီ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားလိုက်တယ်လို့ သိရပါတယ်။
Photo: စစ်ကောင်စီ UEC