တိုင်းရင်းသားများသတင်း

၁။ ဖလမ်းမြို့က စစ်ကောင်စီနောက်ဆုံးလက်ကျန် ခလရ ၂၆၈ ကို ချင်းညီနောင်သိမ်းပိုက်
 April 8, 2025

ချင်းပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအရ အချက်အချာကျသည့် ဖလမ်းမြို့၏ နောက်ဆုံးလက်ကျန် ခလရ ၂၆၈ တပ် ရင်းကို ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယမန်နေ့က အပြီးသတ်သိမ်းလိုက်ပြီဟု သတင်းရင်းမြစ်များထံမှ သိရ သည်။  ဧပြီလ ၇ ရက်နေ့က စစ်ကောင်စီ၏ ခလရ – ၂၆၈ ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် နယ်မြေ ရှင်းလင်းရေးများ ဆက်တိုက်ဆောင်ရွက်နေကြောင်း CNDF နှင့် ရှေ့တန်းစစ်မြေပြင်က သတင်းရင်းမြစ်များက ပြောသည်။ ” ခလရ ၂၆၈ တပ်ကုန်းကို သိမ်းပါပြီ၊ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သားတွေရှိတယ်၊ အဲဒီဟာတွေကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်ကပြောသည်။ ၂၀၂၄ နိုဝင်ဘာလ ၉ ရက်မှစတင်၍ ဖလမ်းမြို့ကို ချင်းညီနောင် နှင့် တော်လှန်ရေး ပူးပေါင်းတပ်များက ထိုးစစ်ဆင်ခဲ့ရာ မြို့ပေါ်ရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက်ထားပြီး နောက်ဆုံး ကျန်ရှိ‌နေသေးသော ခလရ – ၂၆၈ တပ်ရင်းကို ဝိုင်းဝန်ပိတ်ဆို့၊ ဖြတ်တောက်ထားကာ ထိုးစစ်ကာလ ၅ လခန့်ရှိလာချိန်တွင် အပြီး သတ် သိမ်းနိုင်ခြင်းဖြစ်သည်။

ဖလမ်းမြို့သိမ်းနိုင်ရေးသည် ချင်းပြည်မြောက်ပိုင်းတွင် ချင်းတော်လှန်ရေးအဖွဲ့များက  ဟားခါး၊ ထန်တလန်၊ တီးတိန်မြို့ တို့၏ မြို့သိမ်းတိုက်ပွဲများအတွက် အချက်အချာ ကျနေပြီး စစ်ကောင်စီအတွက်လည်း ချင်းပြည်မြောက်ပိုင်းကို ဆက်ထိန်းချုပ် နိုင်ရေးတွင် ဖလမ်းက အရေးပါနေသည်ဟု ချင်းအင်အားစုများက ပြောသည်။ မတ်လ ၁၁ ရက်မှ စတင်၍ စစ်ကောင်စီက ဖလမ်း မြို့ကို လက်မလွတ်ရရေးအတွက် နေ့စဉ်နှင့်အမျှ ဂျက်ဖိုက်တာအပါအဝင် Y8၊ Y12 လေယာဉ်နှင့် Mi 35 စသည့် လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးအပါအဝင် ဗုံးကြဲမှုများ ပြင်းပြင်းထန်ထန် ပြုလုပ်ခြင်း၊ စစ်အင်အားများ ရာချီဖြည့်တင်းနေခြင်းကြောင့် မြို့သိမ်း တိုက်ပွဲမှာ အချိန်ကြာမြင့်ပြီး စိန်ခေါ်မှု အခက်အခဲ အများအပြား ရှိခဲ့သည်။  ဖလမ်းမြို့သိမ်းပိုက်သည့်ကိစ္စနှင့်ပတ်သက်၍ ချင်းညီ နောင်အဖွဲ့ဘက်ကတော့  တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပေ။ Read in Full

၂။ အမျိုးသားအဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ် ဖွဲ့စည်းဖို့ မွန်အမျိုးသားညီလာခံ ဆုံးဖြတ်
 April 7, 2025
မွန်အမျိုးသားရေးဆိုင်ရာလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အင်အားစုတွေစုစည်းညီညွတ်စွာ ပူးပေါင်းနိုင်ရေးအမျိုးသား အဆင့် ပူးပေါင်းမှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကို ဖွဲ့စည်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မွန်အမျိုးသားညီလာခံအပြီးမှာ ကြေညာ ချက်ထုတ်ပြန်ပါတယ်။ မွန်အမျိုးသားညီလာခံကနေ အမျိုးသားအဆင့်ပူးပေါင်းဆောက်ရွက်မှုဆိုင်ရာ အစုအဖွဲ့တစ်ရပ်ကိုဖွဲ့စည်းအကောင် အထည်ဖော်သွားဖို့ တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေကတညီတညွတ်တည်း ဆွေးနွေးသဘောတူခဲ့တာလို့ဆိုပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာအဖွဲ့တွေက တင်ပြလာတဲ့ မွန်လူငယ်ရေးရာမူဝါဒနဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမူဝါဒ (မွန်) တို့ကိုလည်း အတည်ပြုနိုင်ခဲ့ပြီး ၂၀၂၅ မွန်အမျိုးသားညီလာခံကနေ ဆုံးဖြတ်ချက် ၉ ချက်နဲ့ ဂုဏ်ပြုမှတ်တမ်းတင်ခြင်း အချက်တစ်ချက် ကိုလည်း ဆုံးဖြတ်မှတ်တမ်းတင်နိုင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ ဆုံးဖြတ်ချက် ၉ ချက်နဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေ ပါဝင်တယ်ဆိုတာ ကြေညာချက်မှာ အသေးစိတ်ဖော်ပြထားတာ မတွေ့ရပါဘူး။ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေက ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ ပတ်သက်တဲ့ အခြေခံမူတွေနဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေတို့ကို အကျေ အလည်ဆွေးနွေးခဲ့ကြပြီး ဆွေး နွေးတင်ပြချက်တွေ သဘောထားစုစည်းချက်တွေကို ညီလာခံက စနစ်တကျ မှတ်တမ်းတင်ခဲ့ တယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

မော်လမြိုင်မြို့ပေါ်မှာ လေးရက်တာကျင်းပပြီးစီးသွားတဲ့ ၂၀၂၅ မွန်အမျိုးသားညီလာခံမှာ မွန်သံဃာတော်အဖွဲ့တွေ၊ မွန်ပြည်သစ်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ မွန်တိုးတက်ရေးပါတီ ၊မွန်အရပ်ဘက်အဖွဲ့တွေ၊ဖိတ်ကြားသင့်တဲ့ ပုဂ္ဂိုလ်တွေ၊ ပြည်တွင်း ပြည်ပ ကိုယ်စားလှယ်တချို့နဲ့ လေ့လာသူတွေ စုစုပေါင်း ၂၅၅ ဦး တက်ရောက်ခဲ့ကြတာပါ။ မွန်အမျိုးသားညီလာခံဟာ မွန်အမျိုး သားညီညွတ်‌ရေးကို တည်ဆောက်နိုင်ဖို့၊ ဖက်ဒရယ်ပြည်‌ထောင်စုအခြေခံမူနဲ့ ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆွေးနွေး သုံးသပ်နိုင်ဖို့ အပါအဝင် မွန်အမျိုးသားအဆင့်ဆိုင်ရာ ကဏ္ဍအသီးသီးက တင်ပြတဲ့ မူဝါဒတွေကို ဆွေးနွေးအတည်ပြုနိုင်ဖို့ ရည် ရွယ်ချက်တွေနဲ့ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၈ ရက်နေ့က မြန်မာနိုင်ငံအလယ်ပိုင်းမှာ အင်အားပြင်းလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် အတိဒုက္ခရောက်ခဲ့ရသူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး ဆိုင်ရာလုပ်ငန်းတွေမှာ မွန်အမျိုးသားတွေ စုပေါင်းအားနဲ့ တတ်အားသရွှေ့ ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

၃။ ဖာပွန်ခရိုင်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်၍ ကလေးငယ် ၂ ဦးသေဆုံး
 April 7, 2025
ကရင်ပြည်နယ် ဖာပွန်ခရိုင်ကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး သေဆုံးပြီး ကလေးငယ် တစ်ဦး အပါအဝင် ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက (ဧပြီ ၇ရက်) သတင်းထုတ်ပြန်သည်။ KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ် နဲကကျေးရွာကို စစ်ကောင်စီက ဧပြီ ၂ ရက် ညနေပိုင်း၌ လေယာဉ်ဖြင့် လာရောက်၍ ဗုံးသီး ၃လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။ ထိုသို့ တိုက် ခိုက်ခဲ့၍ သုံးလအရွယ် ကလေးငယ်နှင့် အသက် ၁၂နှစ်အရွယ် ကလေးငယ်တို့ သေဆုံးခဲ့ပြီး ၁၀ နှစ်အရွယ် သုံးတန်းကျောင်းသူ အပါအဝင် ပြည်သူ ၃ဦး ဒဏ်ရာရရှိခဲ့ သည်ဟု အသိပေးသည်။ ထို့အပြင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် ၃လုံး ပျက်စီးခဲ့ဟုလည်း ဖော်ပြ သည်။ စစ်ကောင်စီသည် ငလျင်ဘေးကြောင့် ဒုက္ခကြုံနေရချိန် ပြည်သူများ ရှိရာသို့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေ၍  ဒေသခံပြည်သူများစိုးရိမ်ကြောင့် ကြစွာ နေထိုင်နေကြရဟု KNUက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ဧပြီ ၃ ရက်ကလည်း KNU တပ်မဟာ(၃) ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ဟောခို့ဂေါ် (ငထွေစုပ်)ရွာသို့ လက်နက်ကြီး ပစ်ခတ်ခဲ့ရာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီသည် ဧပြီ ၂ရက်မှ ၂၂ ရက်နေ့ အထိ ရက် ၂၀ကြာ ယာယီအပစ်ရပ်စဲမည်ဟု ကြေညာထားသော်လည်း KNUနယ်မြေများ အပါအဝင် နိုင်ငံတဝန်း လေကြောင်း တိုက်ခိုက်မှုနှင့် စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။ စစ်ကောင်စီ၏ အပစ်ရပ်ကြေညာမှုသည် ဟန်ပြထုတ်ပြန်ချက်ဖြစ်ပြီး အရပ်သားများကို ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှု အစဉ်လုပ်ဆောင်နေကြောင်း ၊ စစ်ကောင်စီ၏ ယာယီအပစ်ရပ်ကြေညာမှုသည် နိုင်ငံတကာ အသိအမှတ်ပြုမှုအား လက်ခံရန် ကြိုးစားချဉ်းကပ်ခြင်း၊ ၎င်းတို့ အာဏာတည်မြဲရေးအတွက်သာ ရှေးရှုခြင်းဖြစ်ပြီး လူသားဆန်မှုမရှိ၊ နိုင်ငံရေးစိတ်ဆန္ဒမရှိ၊ အပြော နှင့်အလုပ် လက်တွေ့မညီဟု KNU က ထုတ်ပြန်ထား သည်။ Read in Full

၄။ ပလက်ဝမြို့နယ်မှာ စစ်သင်တန်းတက်ရောက်ဖို့ ချင်းလူမျိုးတွေပါ စည်းရုံးပြောဆိုလာ
 April 7, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(အေအေ) က စစ်သင်တန်းတက်ရောက်ဖို့အတွက် ချင်းလူမျိုးတွေပါ စည်းရုံးပြောဆိုလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပလက်ဝမြို့နယ်မှာ အရင်နှစ်တွေက တည်းက ရခိုင် လူမျိုးတွေဟာ အေအေဆီ မတက်မနေရ စစ်သင်တန်းတက်ရောက်ရပြီး အခုအခါ ချင်းလူမျိုးတွေပါ စစ်သင်တန်းတက် ရောက်ဖို့ အတွက် အေအေက စည်းရုံးပြောဆိုလာတာဖြစ်ပါတယ်။ အခုရက်ပိုင်းတွင်း အေအေ အရာရှိတွေနဲ့ အုပ်ချုပ်ရေးမှူးတွေက ချင်းရွာတွေမှာ တစ်ရွာဝင် တစ်ရွာထွက် စစ်သင်တန်းတက်ရောက်ဖို့ ချင်းလူမျိုးတွေကို လိုက်လံစည်းရုံးပြောဆိုတာ ကျေးရွာ ၁၀ ရွာထက်မနည်းကို ရှိလာပြီလို့ သိရပါတယ်။ “အရင်ကတော့ သူတို့ရခိုင်တွေက မတက်မနေရ တက်ရတယ်။ ချင်းလူမျိုးတွေ မပါသေးဘူးပေါ့။ အခုကျတော့ အဲလိုမဟုတ်တော့ဘူး။ ချင်းတွေရော တက်ရမယ်တဲ့။ မင်းတို့ ချင်းတွေက ဘာဖြစ်လို့ စစ်သင် တန်း မတက်ချင်ရတာလဲ။ CNA က မတက်ခိုင်းတာလား။ သူတို့က မင်းတို့ကို ခြိမ်းခြောက်ထားသေးတာလားဆိုပြီးလဲ ပြောဆို သွားပါတယ်။” လို့ ပလက်ဝဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အေအေက သူတို့ရဲ့ ပြဋ္ဌားန်းတဲ့ စစ်မှုထမ်းစာရင်းမှာ အကျူံးဝင်တဲ့ အမျိုးသားတွေ တခြားဒေသမှာ ရောက်ရှိ နေပေမဲ့ စစ်သင်တန်းတက်ရောက်ဖို့ မိသားစုဝင်တွေကအမြန်ဆုံးပြန်ခေါ်ဖို့ညွန်ကြားထားတယ်လို့သိရပါတယ်။”မီဇိုရမ်၊ ရန်ကုန် ဘက်ရောက်သွားတဲ့ လူငယ်တွေကို စစ်သင်တန်းတက်ဖို့ ပြန်ခေါ်ဖို့ ပြောတယ်။ အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား အမျိုးသား တိုင်း တစ်ယောက်မကျန် မတက်မနေရ စစ်သင်တန်းရမယ် ပြောတယ်။ လောဆယ်တော့ အမျိုးသမီးတွေကို ခေါ်တာတော့ မပြော သေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်စဥ်က ရခိုင်အမျိုးသမီးတွေလည်းပါကြတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ပလက်ဝမြို့ နယ်မှာ အရွယ်ရောက်ပြီးသူတိုင်း အမျိုးသမီး အသက် ၁၈ နှစ်မှ ၃၅ နှစ်၊ အမျိုးသား  အသက် ၁၈ နှစ်မှ ၄၅ နှစ်ကြား စစ်သင် တန်းတက်ရောက်ဖို့ အေအေက ပြီးခဲ့တဲ့နှစ်ကတည်းက ရခိုင်လူမျိုးတွေကို ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အေအေရဲ့ အခုလို ချင်းလူ မျိုးတွေကို စစ်သင်တန်းတက်ရောက်ဖို့အတွက် ကျေးရွာတွေမှာ စည်းရုံးပြောဆိုလာတာကြောင့် ဒေသခံချင်းလူမျိုးတွေက စိုးရိမ် နေကြရပါတယ်။ “စစ်သင်တန်းတက်ရမယ်ဆိုတော့ ကျတော်တို့က ဘယ်သူကိုတိုက်ရမှာလဲပေါ့။ ပလက်ဝမှာ စကစလည်းရှိတာ မဟုတ်တော့ဘူးပေါ့။ တိုက်စရာအဖွဲ့အစည်းလည်းမရှိတော့ဘူး။ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲမှာ တိုက်ပွဲဝင်ပေး ရမှာလား ပေါ့။ သေချာလည်းမပြောဘူး။ စစ်သင်တန်းတက်ရမယ်လောက်ပဲပြောတယ်။ ဘာမှအာမခံချက် မပေးဘူး။”လို့ ပလက်ဝ ဒေသခံ တစ်ဦးက ပြောပါတယ်။ Read in Full

၅။ ရေဖြူတွင် စစ်တပ်က စစ်ကြောင်းထိုး ပြည်သူ ၄၀ ဦးကျော် ဖမ်းဆီးခံရပြီး ကျေးရွာများရှိ ပစ္စည်းများခိုးယူနေ
 April 7, 2025
တနင်္သာရီတိုင်း၊ ရေဖြူမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရာ လမ်းတလျှောက်ရှိ ပြည်သူများကို ဆက် တိုက် ဖမ်းဆီးခြင်းကြောင့် ၄၀ ဦးကျော် ဖမ်းဆီးခံရပြီး ကျေးရွာများရှိ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက် ခိုးယူနေကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။ မတ်လ ၂၆ ရက်နေ့က စတင်ကာ ရေဖြူမြို့နယ်ဘက်ကိုရောက်ရှိနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကိုဆက်တိုက်ဝင်ရောက် စီးနင်းနေခြင်းဖြစ်ကြောင်း၊ ယင်း စစ်ကြောင်းသည် ဇာဒီရွာမှ ပြည်သူပိုင်ပစ္စည်းများကိုလည်း ခိုးယူသွားပြီး ရေနက်ဆိပ်ကမ်းကို သွားရောက်ရန် ဦးတည်နေကြောင်း သိရသည်။ ထို စစ်ကြောင်းတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၄၀၀ ကျော် ခန့်ပါဝင်ပြီး ရေနက်ဆိပ်ကမ်း သွားရာလမ်း တစ်လျှောက်တွင် တပ်ဖြန့်ထားပြီး ကျေးရွာများကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထို့ပြင် နဘုလယ် တိုက်နယ်တွင် ရောက်ရှိနေသာ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တိုက်နယ်အတွင်းရှိ ကျေးရွာ ၄ ရွာကို ဝင်ရောက် စီးနင်းပြီး အရပ်သား ပြည်သူ ၄၀ ကျော်ကို ဖမ်းဆီးထားကြောင်း၊ ဖမ်းဆီးခံရသော ပြည်သူများထဲတွင်  အမျိုး သမီးများလည်း ပါဝင်ပြီး လက်ရှိချိန်ထိ ပြည်သူ အားလုံးကို ဘုန်းကြီးကျောင်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။ “စစ်ကြောင်း ထိုးတာက အင်အားက ၈၀၀ကျော် ၉၀၀ လောက်ရှိတယ်။ အင်အား အဲဒီလို အင်အားနဲ့ထိုးနေတာ။ စစ်ကြောင်းက ၃ ကြောင်း စဝင်တုန်းက သုံးကြောင်းပေါ့။ ဒါပေမယ့် ဒီထဲမှာ။ သူတို့ မွှေနှောက်ပြီးတော့၊ စစ်ကြောင်းတွေခွဲပြီးတော့ သွားနေတာရှိတယ်။ အိမ်တွေမှာ ဖျက်ဆီးတာတွေ ပစ္စည်းတွေယူသွားတာတွေကတော့ ရွာတိုင်းလိုလိုမှာရှိတယ်။ မောင်းမကန်ဘက်နေပြီးတော့၊ သွားတဲ့ စစ်ကြောင်းက နဘုလယ်ရွာကို ရောက်နေတယ်။ နဘုလယ်ရွာရောက်ပြီးတော့ ပြည်သူတွေ ဖမ်းထားတာ မနည်းဘူး။ ဖမ်းထားတာရှိတယ်။ ဖမ်းထားဆိုတာက ဖမ်းပြီးတော့ ဒီအတိုင်းထားတာပေါ့နော်။ ဘုန်ကြီးကျောင်းမှာတပ်စွဲပြီးတော့ ပြည်သူ တွေ ဖမ်းထားတာ၊ ဖမ်းထားတာတွေရှိတယ်။ နည်းဆုံးတော့ ၃၀ကျော် ၄၀လောက်ရှိမယ်။ အဲဒီရွာသားတွေလေ။ ယောက်ကျားလေးမိန်းကလေးအကုန်ပါတယ်တာပေါ့” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုး က ပြောဆိုသည်။ Read in Full

၆။ ဘီးလင်းမှာ ဧည့်စာရင်းအကြောင်းပြ လူငယ် ၅ ဦးကို ရဲကဖမ်းဆီးပြီး တဦး ငွေကျပ် ၅ သိန်းတောင်းခံ
April 7, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာမှာ ရဲတပ်ဖွဲ့ဝင်တချို့က ဧည့်စာရင်းအကြောင်းပြပြီး လူငယ် ၅ ဦးကို ဖမ်းဆီးကာ တဦးကို ငွေကျပ် ၅ သိန်းတောင်းယူခဲ့တယ်လို့ လူငယ် ၅ ဦးကို ရဲကဖမ်းဆီးပြီး တဦးကို ငွေကျပ် ၅ သိန်းတောင်းယူခဲ့ ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့၊ ည ၁၂ နာရီခန့်က တောင်စွန်းနယ်မြေ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကျေးရွာအုပ်ချုပ် ရေးအဖွဲ့တွေ ကျေးရွာထဲက နေအိမ်တွေမှာ ဧည့်စာရင်းလိုက်လံစစ်ဆေးခဲ့တာပါ။ တဆက်တည်းမှာပင် ဦးဆန်းဆန်း+ဒေါ်ခင်ထွေးတို့ အဟောင်းပစ္စည်းအရောင်းဆိုင်ကို ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ပြီးနောက် ဆိုင်ဝန်ထမ်း ၆ ဦးအနက် ၅ ဦး ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ယင်းနောက် ဧပြီလ ၇ ရက်နေ့မှာတော့ တောင်စွန်းနယ်မြေရဲစခန်းမှာ ဖမ်းဆီးခံထားရတဲ့ ဝန်ထမ်း ၅ ဦးကို တဦးလျှင် ငွေကျပ် ၅ သိန်းတောင်းခံခဲ့ တယ်လို့ ဆိုပါတယ်။ “ကလေးတွေကို ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးပြီးတော့ စခန်းမှာ ချုပ်ထားတယ်။ ပြီးတော့ အုပ်ကြီး ကနေ တဆင့် ကလေးတွေအလုပ်လုပ်တဲ့ဆိုင်ကိုသွားပြီး ငွေညှစ်တာ။ ပိုက်ဆံကတော့ အလုပ်ရှင်က ပေးရတာလား ကလေးမိဘ တွေကပေးတာလားတော့မသိရသေးဘူး”လို့ ပြောပါတယ်။

ဖမ်းဆီးခံရသူ လူငယ် ၅ ဦးဟာ ဒေသခံလူငယ်တွေ ဖြစ်ပြီး ပစ္စည်းအဟောင်းဆိုင်မှာ အလုပ်လုပ်နေတာ ၅ နှစ်ကျော်ရှိ ပြီးဖြစ်တယ်လို့ သိရပါတယ်။ တောင်စွန်းတိုက်နယ်အတွင်း ရဲတပ်ဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ဒေသခံလူငယ်တွေကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးမှုတွေ ရှိနေသလို အများစုက ငွေတောင်းပြီး ပြန်လွှတ်ပေးတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ မတ်လ ၉ ရက်နေ့ကလည်း ဇုတ်သုတ်ကျေးရွာမှာ လူငယ်အမျိုးသား အမျိုးသမီး ၉ ဦးကို ရဲနဲ့အုပ်ချုပ်ရေးအဖွဲ့တွေက ဘီးလင်းရဲစခန်းကို ဖမ်းဆီးပြီး ၂ ရက်အကြာ ကျပ်သိန်း ၁၀၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ Read in Full

၇။ တပ်ရင်းမှူးတစ်ဦးပါ KTLA တပ်ဖွဲ့ဝင် ၃၀ ဦးကျော် DKBA ထံဘက်ပြောင်း
 April 7, 2025
တစ်ရင်းမှူး တစ်ဦးပါဝင်သည့် ကော်သူးလေအာမီ-KTLA တပ်ဖွဲ့ဝင် ၃၀ ဦးကျော် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မ တော် -DKBA တပ်ဖွဲ့ထံသို့ ဧပြီ ၂ ရက်နေ့တွင် လာရောက်ပူးပေါင်းသည်ဟု ခေါင်းဆောင်တစ်ဦးက ပြောသည်။ အဆိုပါ KTLA တပ်ဖွဲ့ဝင် များသည် DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဆန်းအောင်ထံသို့ လက်နက်နှင့်အတူ တစ် တပ်ရင်းလုံးနီးပါး သွားရောက်ပူးပေါင်းကာ DKBA ဘက်တံဆိပ်ပြန်ပြောင်းတပ်လိုက်ပြီဖြစ်သည်ဟု အဆိုပါ DKBA ခေါင်းဆောင်ထံမှ သိရသည်။ ဘက်ပြောင်းသွား သည့် တပ်ဖွဲ့ဝင်များသည် အဖွဲ့၏ ဗဟိုက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းတချို့ကို လိုက်နာမှုမရှိ၍ KTLA ဗဟိုက ထုတ် ပယ်လိုက်ပြီးဖြစ်သည်ဟုဆိုသော်လည်း အဆိုပါ ဘက်ပြောင်းသည့်ကိစ္စနှင့် ပတ်သက်၍ KTLA ဗဟိုထံ ဆက်သွယ်မေးမြန်းခဲ့ သော်လည်း အဆက်အသွယ်မရဖြစ်နေသည်။ DKBA ထံဘက်ပြောင်းလာသည့် KTLA တပ်ဖွဲ့ဝင်များသည် တပ်ရင်းမှူး စောဟယ်ရီ၊ တပ်ရင်းအရာခံဗိုလ် သူရိန်ထွန်း၊ တပ်ခွဲမှူး ခလေးတိုစေး၊ ဒုတပ်ခွဲမှူး စောအိုက်ကျေ အပါအဝင်တပ်ဖွဲ့ဝင် ရဲဘော်၊ ရဲမေနှင့် မိသားစုဝင်များအပါအဝင် စုစုပေါင်း ၃၄ ဦး ပါဝင်ကြောင်း သိရသည်။ သွားရောက်ပူးပေါင်းသည့်အချိန်တွင် လက်နက် များဖြစ်သည့် RPG တစ်လက်၊ 84 နောက်ပွင့်တစ်လက်၊ AK တစ်လက်၊ A4 တစ်လက်၊ K3 တစ်လက်၊ MK တွဲ တစ်လက်အပါ အဝင် လက်နက် ၇ လက်ပါလာသည်ဟုသိရသည်။ KTLA ဗဟို ဒုတိယ ရုံးထိုင်မှူးဖြစ်သည့် စောဝါးနေမူး(ခ)စောအင်္ဂလိပ်ကို နှင့် အတူတပ်ဖွဲ့ဝင်တချို့လည်း ကရင်နယ်ခြားစောင့်တပ်- BGF ထံ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင်ဘက်ပြောင်းလိုက်မှု ဖြစ်ခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင်စစ်အာဏာရှင်ကျရှုံးရေးတွင် ပူးပေါင်းတိုက်ပွဲဝင်သွားရန်အတွက် ရည်ရွယ်ကာ ဗိုလ်စောအယ်စေးဝါး ဦးဆောင်သည့် Lion Battalion Commando စစ်ကြောင်းနှင့် ဗိုလ်စောဝင်းမြင့် ဦး ဆောင်သည့် Venom စစ်ကြောင်းတို့ ကေအဲန်ယူ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA တပ်မဟာ(၆)ထံသို့ သွားရောက်ပူးပေါင်းခဲ့ သေးသည်။ ၎င်းအပြင် ၂၀၂၄ ခုနှစ်တွင်လည်း KTLA ၏ ဗိုလ်မှူးကြီးအဆင့်ရှိ စောဖုခလယ် နှင့် အဖွဲ့သည်လည်း KNU/KNLA နှင့် သွားရောက်ပူးပေါင်းမှု ဖြစ်စဉ် ဖြစ်ခဲ့သေးသည်။ ကော်သူးလေအာမီ ( Kaw Thoo Lei Army -KTLA)ကို ၂၀၂၁ ခုနှစ်တွင် ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံးမှ ရာထူးနှင့် တာဝန်နှစ်ရပ်လုံးကို ရပ်စဲခံလိုက်ရသည့် ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့-KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ်စောနယ်ဒါးမြက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် ဖွဲ့စည်းခဲ့သော ကရင်လက်နက်ကိုင် အဖွဲ့ တစ်ဖွဲ့ဖြစ်သည်။ Read in Full

၈။ တနင်္သာရီမှာ တိုက်ပွဲမရှိဘဲ စစ်တပ်ဗုံးကြဲမှုကြောင့် PDF ရဲဘော်နှစ်ဦးဒဏ်ရာရ
 April 7, 2025
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ချောင်းနောက်ပြန်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီရဲ့ လေကြောင်းတိုက် ခိုက်မှု ကြောင့် PDF ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပကဖ ထံ က သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်မှာ ဂျက်ဖိုက်တာလေယာဉ်တစ်စီးနဲ့ ချောင်းနောက်ပြန်ကျေးရွာကို ဗုံးသီးတစ်လုံး ကြဲချခဲ့ပြီး နောက် စက်သေနတ်တွေနဲ့ပါ ပစ်ခတ်တိုက် ခိုက်သွားတာပါ။ စစ်ကောင်စီတပ်ရဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် PDF ရဲဘော်နှစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ ဧပြီ ၅ ရက်နေ့ မနက်ပိုင်းမှာလည်း ချောင်းနောက်ပြန်နဲ့သိန်းခွန်ရွာဝန်းကျင်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ နှစ်ကြိမ်ပတ်ပျံခဲ့ပြီး ဗုံးကြဲပစ်ခတ်တာတွေပြုလုပ်ခဲ့ပေမယ့် ရဲဘော်တွေထိခိုက်တာမျိုးမရှိဘူးလို့ ဆိုပါတယ်။

ငလျင်ဘေးကြောင့် ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ သုံးပတ်အကြာ အပစ်ခတ်ရပ်စဲကြောင်း စစ်ကောင်စီဘက်က ကြေညာထားပေမယ့် မြေပြင်မှာတော့ တိုက်ပွဲမရှိဘဲ ဗုံးကြဲတိုက်ခိုက်မှုဆက် လက်လုပ်ဆောင်နေတာပါ။ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းဖြစ်တဲ့ တနင်္သာရီ-မောတောင်လမ်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ အဲဒီတိုက်ပွဲတွေကြောင့် ရေဖြူ၊ ထုံမခါ၊ ချောင်းနှစ်ပေါက်၊ သိန္နောကျေးရွာတွေက ဒေသခံ ၃၀၀၀ ဝန်းကျင် စစ်ဘေးရှောင်နေရတာ ၃ လကျော်လာပြီဖြစ်တယ်လို့ သိရပါတယ်။ Read in Full

၉။ တော်လှန်ရေး ၄ နှစ်တာမှာ ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ဟု CDF – ထန်တလန် ဆို
 April 7, 2025
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက်သည့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ချင်းလက်နက်ကိုင် တပ်ဖွဲ့ CDF- ထန်တလန်သည် တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။ ဧပြီလ ၆ ရက်က CDF – ထန်တလန် တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။ လက်ရှိတွင် CDF ထန်တလန် သည် တော်လှန်ရေး ပိုမိုအားကောင်းထိရောက်ရေးအတွက် တပ်အင်အား စနစ်တကျစုဖွဲ့မှုနှင့် စံပြုထိုက်သော အုပ်ချုပ်ရေး ဖော် ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။  စစ်ကောင်စီ၏ လက်ချက်ကြောင့် ထန်တလန် မြို့နယ်ရှိ အရပ်သားပြည်သူ ၁၇ ဦးလည်း သေဆုံးခဲ့ရသည်ဟု သိရသည်။ ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံးတွင် စစ်ကောင်စီ ကင်းစင်ရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေး အဖွဲ့အစည်းများနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ပြီး ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF ထန်တလန်က ထုတ်ပြန်ထားသည်။

ချင်းပြည်နှင့် ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ ရသော ရဲဘော်အားလုံးကို အလေးအနက် ဦးညွတ်အလေးပြုပါသည်ဟု CDF – ထန်တလန်က ဆိုသည်။ ၂၀၂၁ ဧပြီလ ၆ ရက်က CDF – ထန်တလန်ကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လွတ် မြောက်ရေး၊ ချင်းလူမျိုးနှင့် ချင်းပြည် ကို ကာကွယ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တည် ထောင်ခဲ့သည်ဟု သိရသည်။ လက်ရှိတော်လှန်ရေး၏ အရေးကြီးသော အချိန်ကာလတွင် ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး အနေဖြင့် ဥာဏ်ပညာ၊ ငွေကြေးနှင့် ဆုတောင်ခြင်းတို့ဖြင့် ဝိုင်းဝန်းပါဝင်ကြရန် CDF – ထန်တလန်က တိုက်တွန်းထားသည်။ Read in Full

၁၀။ တောင်ခမ်းတိုက်ပွဲမှာ စစ်ကောင်စီ အဆိပ်ငွေ့ဗုံး အသုံးပြု တိုက်ခိုက်နေတယ်လို့ TNLA ပြော
 April 7, 2025
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာ ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က အဆိပ်ငွေ့ဗုံး အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ တအာင်းတပ်မတော် TNLA က ဧပြီ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဧပြီ ၅ ရက် နေ့လယ် ၂ နာရီအချိန်ခန့်မှာ တောင်ခမ်းကျေးရွာရှိ အမှတ် ၉၀၂ တပ်စခန်းအနီး တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံး သုံးလုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာပါ။ အလားတူ ဧပြီ ၅ ရက်နေ့ ည ၁၀ နာရီအချိန်ခန့် မှာလည်း စစ်ကောင်စီတပ်က နောင်ချိုမြိုနယ် နောင်လင်ကျေးရွာနဲ့ နမ့်ဆောင်ဟူးကျေးရွာတို့ကို ဂျက်ဖိုက်တာ လေယာဉ်နဲ့ ပေါင် ၂၅၀ ဗုံး အသုံးပြုကာ သုံးကြိမ်ထက်မနည်း လာရောက်ကြဲချခဲ့တာကြောင့် နေအိမ် ၄ လုံး ထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဟာ မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင်အောက်အနီးမှာ ဂျက်ဖိုက်တာ‌ လေယာဉ်နဲ့ ဗုံး၂ လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ ဧပြီ ၂ ရက်နေ့ကနေ ၂၂ ရက် နေ့အထိ ရက်ပေါင်း ၂၁ ရက်အကြာ အပစ်ခတ်ရပ်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပလောင်ပြည်နယ်လွတ်မြောက် ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်အင်အား ဖြည့်တင်းတာ၊ ထိုးစစ်ဆင်တာနဲ့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ် နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ မတ် ၂၈ နေ့ရက်က မြန်မာနိုင်ငံမှာ ပြင်းအား ၇ ဒသမ ၇ ရှိတဲ့ ငလျင်လှုပ်ခတ်နေချိန် နေ့လယ် ၁ နာရီအချိန်ခန့်မှာလည်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ လေယာဉ်နဲ့ နောင်လင်ကျေးရွာကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် ၃ လုံးနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက် စီးခဲ့တယ်လို့ သိရပါတယ်။ Read in Full

၁၁။ ဖရူမြို့နယ်အရှေ့ခြမ်းမှာ သောက်သုံးရေအရင်းအမြစ်တွေ ခမ်းခြောက်၊ သောက်သုံးရေအကူအညီလိုအပ်နေ
 April 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အတွင်းက ကျေးရွာအချို့က ရယူသုံးစွဲနေတဲ့ သောက်သုံးရေ အရင်းအမြစ်တွေဟာ ယခု ဧပြီလအတွင်းမှာပဲ ခမ်းခြောက်သွားတာကြောင့် သောက်သုံးရေအခက်အခဲဖြစ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။ “ဒီရွာက ရေအရင်းအမြစ်မှာက နှစ်ပေါက်ရှိတယ်ဆိုရမလား၊ တစ်ပေါက်က အရမ်းဝေးတာပေါ့၊ တစ်ပေါက်နီးတယ် ဒါပေမယ့် ရေခမ်းသွားပြီပေါ့၊ အခုတော့ တညဆို ပုံးဝါ ပုံးသုံးဆယ်လောက်ပဲ ထွက်တော့တယ်ပေါ့၊ အခုတော့ ဘယ်လိုမှ မလောက်တော့ ဘူး၊ ပုံးဝါ လေးပုံးဆို နှစ်ရက်လောက်တော့ စားရတယ်၊ မိသားစုများတဲ့ သူတွေအတွက် အရမ်းခက်ခဲ့တယ်လို့”သူ ဆိုပါတယ်။ ရေရှားပါးတာကြောင့် ချွေတာသုံးစွဲကြရတဲ့အပြင် ရှိနေတဲ့ ရေအရင်းအမြစ်ကို ဒေသခံတွေနဲ့ စစ်ရှောင်တွေ အတူတကွ အသုံးပြု နေကြရတာပါ။ အချို့ကျေးရွာတွေမှာတော့ ဝေးလံတဲ့ ရေအရင်း အမြစ်တွေဆီကို ရေသွားသယ်ယူနိုင်ဖို့ လုံခြုံရေးနဲ့ လမ်းခရီးအခက်ခဲရှိနေသလို ရေသယ်ယူရာမှာလည်း ကုန်ကျစရိတ် မြှင့်မားနေတယ်လို့လည်း ဆိုပါတယ်။ ရေလီတာ၅၀၀၀ ခန့်ပါတဲ့ ကား တစ်စီးအတွက် ကျပ် ၂သိန်းကျော် ပေးနေရတာပါ။

“အရင်နှစ်ဆို ဒီရွာထိ သူတို့ပို့ပေးဖို့ဆို အရမ်းဝေးတာပေါ့၊ နှစ်သိန်းတစ်သောင်း ပေးတယ်၊ အခုတော့ ရေတခေါက်က ၂သိန်း၂သောင်း အထိ ရှိတာပေါ့၊ ကားငှားရင်လည်း ခက်တယ်၊ အဝေးကြီးပဲ ဆိုတော့ ရေခပ်ဖို့လည်း အရမ်းဝေးတယ်လေး၊ မိန်းကလေးတွေအတွက် လုံခြုံရေးကလည်း ရှိနေတော့၊ ယောကျာ်းလေးလောက်ပဲ သွားခပ်တာပေါ့နော။”လို့ ဒေသခံတစ်တစ်ဦး က ပြောပါတယ်။ ဖရူဆိုမြို့နယ်အရှေ့ခြမ်းက ရေရှားပါးနေတဲ့ ကျေးရွာတွေကို KTEST အရေးပေါ်ကူညီရေးအဖွဲ့ ကနေ မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၅ ရက်နေ့အထိ ရေလှူဒါန်းပေးခဲ့ပေမယ့် လိုအပ်မှုတွေ များနေသေးတယ်လို့ KTEST ရဲ့ ဥက္ကဌ မော်ဦးမြာက ပြောပါတယ်။ “အကူအညီတွေလိုတယ်။ နေ့စဉ်ကိုလိုတာ။ အခုတော့ဘေးဒဏ်တွေက အမျိုးမျိုးဆိုတော့ သူတို့ ဖက်ကလည်း လိုက်လံအကူအညီတောင်းဖို့ အားနာကြတယ်။ ကိုယ့်ထက် ဒုက္ခရောက်တဲ့သူတွေရှိတယ်ဆိုပြီး ဦးစားပေးကြတာ။ ရေလိုတဲ့နေရာတွေ အများကြီး ရှိပါသေးတယ်။ ကျမ တို့အနေနဲ့က ကိုယ်ထူကိုယ်ထဘဲ ပေးနိုင်တာဖြစ်တော့ သူတို့အတွက် များများစားစားတော့ မရဘူးပေါ့။ တကယ်ကို အများကြီး လိုအပ်နေပါသေးတယ်။ ရေကမရှိမဖြစ်ကိုး။”လို့ မော်ဦးမြာကပြောပါတယ်။ Read in Full

၁၂။ ကျောက်ဖြူတွင်တိုက်ပွဲဆက်လက်ဖြစ်ပွားနေ
 April 7, 2025
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်( AA) နှင့် စစ်ကောင်စီတို့ အကြား တိုက်ပွဲများ ဆက်လက်ပြင်း ထန်စွာဖြစ်ပွားနေသည်ဟု ဒေသခံများကပြောသည်။ ကျောက်ဖြူမြို့ပြင်ဘက်မှာတည်ရှိသည့် အမှတ်(၃၂)ရဲတပ်ရင်းမှ ဧပြီ ၆ ရက်နေ့နံနက်ပိုင်းက စစ်ကြောင်းထိုးကာဒရုန်းများဖြင့် အာရက္ခတပ်တော်( AA)ကို စတင်တိုက်ခိုက်လာသဖြင့် နှစ်ဖက်အပြန် အလှန်ပစ်ခတ်ကြကာ ပြိုင်းစေ့ကေရွာအနီးတွင်  တိုက်ပွဲပြင်းနေသည်ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ” ဒီနေ့မနက် ၉ နာရီလောက်ကနေစဖြစ်တာ။ သူတို့စစ်တပ်ဖက်က စစ်ကြောင်းထိုးတယ်။ စစ်ကြောင်းထိုးတုန်းဒရုန်းနဲ့ အေအေ ရှိတဲ့ဖက်တွေကို ပစ်ပြီးတက်လာတာ။ အေအေဖက်ကလည်းသူတို့ပစ်လို့ပြန်ပစ်တယ်။ အဲ့ဒါနဲ့အပြန်အလှန်တိုက်ပွဲဖြစ်ကြတယ်။ အခု မနက် ၁၀ နာရီထိဖြစ်နေတုန်း”ဟုပြောသည်။ သစ်ပုတ်တောင်တိုက်နယ်ရှိ ရှောက်ချောင်း၊ စည်မော်ဖက်တွင်လည်း ဓညဝတီရေတပ်ဌာနချုပ်မှလည်း အပစ်ခတ်ရပ်ထားချိန်တွင်နေ့စဥ်လိုလိုစစ်ကြောင်းထိုးနေကာ နယ်မြေချဲ့ထွင်နေသဖြင့် တိုက် ပွဲရှိနေသည်ဟုမြေပြင်ဒေသခံတစ်ဦးက ပြောသည်။

” သူတို့ဖက်ကတော့အပစ်မရပ်ဘူး။ ဒရုန်းတွေနဲ့ ဗုံးကြဲတာတွေလုပ်တယ်။ နယ်ချဲ့တယ်။ဒါကြောင့် AA ဖက်က‌နေ ကိုယ့်ကိုယ်ရန်လုပ်လာတော့ ပြန်တိုက်ခိုက်တဲ့သဘောရှိတယ်” ဟု ပြောသည်။ ဂုံးချွိန်တိုက်နယ်၊မလကျွန်းကျေးရွာ တရွာလုံးကို လည်း စစ်ကောင်စီမှတပ်စွဲနေရာယူထားပြီး ခံစစ်အခိုင်အမာတည်ဆောက်နေကြောင်းဒေသခံများက ပြော သည်။ ကျောက်ဖြူ တွင် စစ်ကောင်စီဖက်မှ ဒရုန်းများဖြင့်နေ့စဉ်ပစ်ခတ်ကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများလည်း ပြုလုပ်နေကြောင်းသိရသည်။ ပြီးခဲ့သည်ဧပြီ ၄ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန်တိုက်နယ်ရှိပြင်ရှည်ကျေးရွာနှင့် ပြိုင်းစေ့ကေ ကျေးရွာ အနီး အနားကို ယ စစ်ကောင်စီကစစ်ကြောင်းထိုးလာသဖြင့် အာရက္ခတပ်တော်(AA)နှင့်အပြန်အလှန်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။ Read in Full

၁၃။ တောင်ကုတ်တွင် ဟင်းရှာသွားသည့်အမျိုးသား မိုင်းနင်း၍ ဒဏ်ရာရ
 April 7, 2025
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်မှ ဟင်းရှာသွားသည့်အမျိုးသားတစ်ဦးသည် မိုင်းနင်းမိ၍ ဒဏ်ရာရသွားခဲ့သည်ဟု သိရ သည်။ ဒဏ်ရာရသွားသည့်အမျိုးသားမှာ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ အသက်(၂၅)နှစ်အရွယ် ကိုဟိန်းမင်းစိုး ဖြစ်သည်ဟု သိရသည်။ ကိုဟိန်းမင်းစိုးသည် ဧပြီလ ၆ ရက်၊ နေ့လယ် ၁ နာရီခန့်က ကြိုးကြာကွင်းဆည်၊ အနောက်ဘက်သို့ ဟင်း ရှာ သွားရာ ဟင်းရှာနေသည့်နေရာအနီးတွင် စစ်ကောင်စီတပ်က ထောင်ထားခဲ့သည့် စစ်ကျန်မိုင်းတစ်လုံးကို နင်းမိ၍ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ကိုဟိန်းမင်းစိုး၏ ညာဘက် လက်ညိုးပြတ် ထွက်သွားပြီး လက်ရှိမှာ ဆေးကုသမှုခံယူနေရသည်ဟုလည်း ဆိုသည်။ ရခိုင်ဒေသခံတစ်ဦးဖြစ်သူ ကိုဇင်မျိုးက “အခု အာရက္ခ ပြည်သူ့အစိုးရက မိုင်းရှင်းလင်းရေးတွေ တစိုက်မတ်မတ်လုပ်နေတာရှိတယ်။ အခုက တိုက်ယူနေရဆဲကာလဆိုတော့ အားလုံးကို လက်လှမ်းမမီနိုင်တာလည်း ရှိနိုင်တယ်။ ဆိုတော့ ဒေသခံတွေအနေနဲ့ တခုခုဆို သွားလာသတိထားရမယ်။ အသိပေးဆိုင်းဘိုး တွေကပ်ထားရင် မသွားလာသင့်ဘူး။ ကိုယ့်အသိနဲ့ကိုယ် သတိထားဆင်ခြင်သွားလာရမယ်” ဟု ပြောသည်။ ဧပြီ ၄ ရက်၊ နေ့လယ် ပိုင်းအချိန်ကလည်း တောင်ကုတ်မြို့နယ်၊ ရန်ခေါ်ကျေးရွာမှာ စစ်ကောင်စီတပ် အခြေစိုက်ခဲ့သည့် ခမရ (၅၄၄) တပ်ရင်းအနီးမှ စစ်ကျန်ဗုံးသီးတစ်လုံးကို ကောက်ယူထုကစားကြ၍ ပေါက်ကွဲရာမှ ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၃၁ ရက်ကလည်း တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းရွာမှ အသက် (၆၄)နှစ်အရွယ် ဒေါ်အောင်မြသည် သူ၏ လယ်တဲမှတဆင့် အနီးအနားရှိ တောင်ပေါ်သို့ ထင်းခွေသွားစဉ် စစ်ကျန်မိုင်းတစ်လုံးကို နင်းမိ၍ ပေါက် ကွဲမှုဖြစ်ခဲ့သည်ဟု သိရသည်။ ယင်းဖြစ်စဉ်အတွင်း သူမ၏ ဘယ်ခြေထောက် ခြေမျက်စိအောက်မှ ပြတ်ထွက်သွားခဲ့ပြီး ညာဖက် ခြေထောက်မှာလည်း ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။ ရခိုင်တွင် ပြီးခဲ့သည့်မတ်လအတွင်းက စစ်ကျန်မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ၂ဝ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

၁၄။ မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေ စစ်ကောင်စီရဲ့ စစ်မှုထမ်းပစ်မှတ်ဖြစ်လာ
 April 7, 2025
မွန်ပြည်နယ်မှာ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်ကောင်စီက စစ်မှု ထမ်းသင်တန်းတွေထံ ချက်ချင်းပို့ဆောင်တာတွေ ရှိနေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေဟာ လူငယ်တွေကို မူးယစ်ဆေးဝါးသတင်းအရ ရှာဖွေဖမ်းဆီးတာတွေရှိသလို လူစည်ကားရာနေရာတွေမှာ ပိတ်ဆို့ စစ် ဆေးပြီးနောက် မူးယစ်ဆေးဝါး တွေ့ရှိတဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်နေတာပါ။ အရင်က မူးယစ်ဆေး ဝါးတွေ့ရှိလို့ ဖမ်းဆီးခံရတဲ့ လူငယ်တွေကိုတော့ မူးယစ်ပုဒ်မတစ်မျိုးမျိုးနဲ့ အမှုဖွင့်အရေးယူတာတွေ လုပ်ဆောင်ခဲ့ရာမှ လက်ရှိမှာ တော့ စစ်မှုထမ်းသင်တန်းအတွက် လူလို အပ်ချက်အရ စစ်မှုထမ်းသင်တန်းတွေထံ ပို့ဆောင်နေတာ ဖြစ်ပါတယ်။ အမည်မဖော် လိုတဲ့ ဒေသခံလူငယ်တစ်ဦးကတော့ မူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေဟာ နဂိုက တည်းက စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှု မရှိတဲ့ အတွက် စစ်မှုထမ်းထဲထည့်တာကြောင့် နောက်ဆက်တွဲ ဆိုးကျိုးကို ပြည်သူတွေပဲခံစားရမှာဖြစ်သလို ဒီစနစ်ဆိုးကြီးထဲမှာ လူငယ်တွေရဲ့ အနာဂတ်ဟာ လုံးဝ ပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။

“နဂိုကတည်းက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမရှိတဲ့လူတွေကို သွားထည့်ထားရင်တော့ ပိုပြီးတော့ ဆိုး ရွားတဲ့ နောက် ဆက်တွဲ ဆိုးကျိုးတွေကို အားလုံးပြည်သူတွေပဲ ခံစားရမယ်လို့ မြင်တာပေါ့နော်။ ခေတ်ပျက်ကြီးထဲမှာ စနစ်ဆိုးကြီးကို အမြန်ဆုံးလွတ်မြောက်အောင်မလုပ်နိုင်သရွေ့ကတော့ ဒီထက်တခြားအကြောင်းအရာတွေလည်းထပ်ပေါ်လာနိုင်တာပဲ။ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးကိုလည်း ကောင်းကောင်းလုပ်နိုင်တာမဟုတ်ဘူး။ ပညာသင်ဖို့ အခွင့်အလမ်းရှိတဲ့ လူငယ်တွေကလည်း ပညာကောင်းကောင်း သင်ကြားရမှာ မဟုတ်ဘူးပေါ့နော်။ ဘယ်ပြည်နယ်ပဲဖြစ်ဖြစ် လူငယ်တွေရဲ့ အနာဂတ်က ဒီစနစ်ဆိုးကြီးထဲမှာ လုံးဝပျောက်ဆုံးနေတာပေါ့နော်” လို့ ဆိုပါတယ်။ ဒါ့အပြင် အရင်ကမူးယစ်ဆေးဝါးသုံးစွဲတဲ့ လူငယ်တွေအနေနဲ့ မူးယစ် ဆေးဝါးဖြတ်လိုပါက ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ပေးတာရှိခဲ့ပြီး အခုလိုစစ်ကောင်စီက စစ်ထဲအတင်းထိုး သွင်းတာဟာ လူငယ်တွေကို သူတို့အကျိုးစီးပွားအတွက် အသုံးချတာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ မွန်ပြည်ကာကွယ် ရေးတပ် MSDF ပြောခွင့်ရ ဒေါက်တာ သီရိမွန်ချမ်းကတော့ မူးယစ်ဆေးဝါး သုံးစွဲတဲ့ လူငယ်တွေကို စစ်မှုထမ်းသင်တန်းပို့တာဟာ တပ်သားသစ်စုဆောင်းရာမှာ အခက်အခဲ အကြီး အကျယ် ကြုံတွေ့နေတာကိုပြသတာဖြစ်သလို သူတို့ရဲ့ စစ်တပ်အင်အားဖြည့် ဆည်းနိုင်ဖို့ ကြိုးပမ်းမှုလို့ဝေဖန်ပါတယ်။ Read in Full

 
၁၅။ ပေါက်တောမြို့နယ်ကငါးဖမ်းသမား၂၃ဦးကိုငါးဖမ်းဘုတ်၃စီးနှင့် အတူစစ်ကောင်စီရေတပ်ကဖမ်းဆီးခေါ်ဆောင်သွား
April 7, 2025

ရခိုင်ပြည်၊ ပေါက်တောမြို့နယ်က ငါးဖမ်းသမား ၂၃ ဦးကို ငါးဖမ်းဘုတ် ၃ စီးနှင့်အတူ ပင်လယ်ပြင်တွင် ငါးဖမ်းနေစဉ် စစ်ကောင်စီ ရေတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့သည် ဧပြီ ၅ ရက်နေ့ နံနက် ၈ နာရီခန့်အချိန်က ပေါက်တောမြို့ နယ်၊ မြေငူကျွန်းအနီးကပင်လယ်ပြင်တွင် ငါးဖမ်းဘုတ် ၃ စီးနှင့်အတူ  ငါးဖမ်းနေစဉ် စစ်ကောင်စီ နေဗီတစ်စီက ဖမ်းဆီးခေါ် ဆောင်သွားခဲ့သည်ဟု ဒေသခံတယောက်ကိုကိုးကားပြီး Arakan Princess Media (APM) ၌  သတင်းဖော်ပြထားသည်။ ဖမ်းဆီးခံရသူများမှာ  ဦးဦးမောင်ညွှန့်၊ ဦးမောင်ညွှန့်၊ ဦးမင်းသန့်ဦး၊ ဦးရှဉ့်ချေ၊ ဦးကျော်သန်း၊  မညင်း၊ နူမာ၊ ဆော်မီ၊ ဘမောင်၊ ဘိုချေရာမောက်၊ ရော်ဖီ၊ လှချေ၊ မာရ်မောက်၊ အာဒူခလိုင်၊ မာမောက်ရော်ချိန်း၊ အာဒီဒူ၊ ဆော်ရီ၊ ဒေါ်လာ၊ ဟိုက်ဒူလာမီ၊ အယ်ဘာဒူ၊ အာအိုဖိုက်၊ အီဒီတီ၊ အန်ကမ်လာ တို့ဖြစ်ကြသည်။

ဖမ်းဆီးခံရသူများအထဲက ရခိုင်များမှာ ပေါက်တောမြို့နယ်၊ဆင်တက်မော်(တောတန်း)ရွာက ဖြစ်ပြီး မွတ်ဆလင်များမှာ ဆင်တက်မော်ရွာကဖြစ်ကြောင်းသိရသည်။ စစ်ကောင်စီနေဗီက ငါးဖမ်းသမားများကို ဖမ်းဆီးရသည့်နောက်ကွယ်က အကြောင်း အရင်း ကိုအသေးစိတ်မသိရသေးပါ။ စစ်ကောင်စီသည် ရခိုင်ရေလုပ်သားများကို ပင်လယ်ပြင်သို့ ထွက်ပြီး ငါးဖမ်းခွင့်ကို ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်နေ့ တကျော့ပြန် တိုက်ပွဲ စတင်သည့် နေ့က စပြီး ယနေ့ထိ ပိတ်ပင်ထားသည်ဟု သိရသည်။ ဖမ်းဆီးခံရသည့် သူများကို ငါးဖမ်းဘုတ်များနှင့် အတူ  စစ်ကောင်စီနေဗီကကျောက်ဖြူဘက်ကိုခေါ်သွားသည်ဟု သိရသည်။ 

၁၆။ မချမ်းဘော့မြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ဟုဆို
 April 7, 2025
ကချင်ပြည်၊ မချမ်းဘော့မြို့နယ်၊ ရှိန်ကိုင်ယာန်ကျေးရွာအနီးတပ်စွဲနေထိုင်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များနှင့် နှောင်ခိုင် ကျေးရွာမှ စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ယမန်နေ့ နေ့လယ်ခန့်ကအချင်းအချင်းအပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းသိရဿည်။ အရပ်ဝတ်ဖြင့်သေနတ်များကိုင်ဆောင်ထားသည့် စစ်ကောင်စီစစ်ကြောင်းကိုပြည်သူ့စစ်တပ်ဖွဲ့ဝင် များကအချင်းချင်းလူမှားကာပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပစ်ခတ်မှုဖြစ်ပွားသည့်နေရာအနီးရွှေတူးရန်ရောက်ရှိနေသည့် အမျိုးသား တစ်ဦးက ပြောသည်။“ပြည်သူ့စစ်ဂိတ်ရှိတဲ့နေရာမှာ စစ်တပ်က အရပ်ဝတ်တွေနဲ့ သေနတ်တွေကိုင်ပြီးလာလို့ PDF တွေထင်ပြီး အချင်းချင်း တစ်နာရီလောက်ကြာတယ် ပစ်ကြတာ။ အဲ့နားက ပြည်သူ့စစ်ဂိတ်ကကြာပြီ ရွှေမှော်နားမှာရှိတာဟုတ်တယ် လူက ဆယ်ယောက်လောက်ပဲ” ဟုပြောသည်။ ပစ်ခတ်မှုကြောင့် ထိခိုက်မှု ရှိ၊ မရှိကို မသိရှိကြောင်း သူကပြောသည်။ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းမှာ နှောင်ခိုင်ကျေးရွာစာသင်ကျောင်းအနီးတပ်စွဲထားသူများဖြစ်ပြီး ယမန်နေ့ နံနက်ပိုင်းက အင်အား ၁၅ ဦးခန့်ဖြင့် ခြေလျင်စစ်ကြောင်းထွက်လာခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိခဲ့သည့် မချမ်းဘော့မြို့နေ အမျိုးသမီးတစ်ဦးကပြော သည်။

“စစ်သားတွေ အရပ်ဝတ်နဲ့သေနတ်တွေကိုင်ပြီး အဲ့ဘက်ခြေလျင်နဲ့ဆင်းသွားတာတွေ့လိုက်တယ်။ အိမ်ရှေ့ကနေဖြတ် သွားတာ။ ပြည်သူစစ်တွေလည်းပါတယ်ထင်တယ် အသားမဲမဲ ဝဝတုတ်တုတ်တွေလည်းပါတယ်” ဟုပြောသည်။ ပြည်သူ့စစ်အဖွဲ့ က တပ်စွဲထားသည့် ရှိန်ကိုင်ယာန်ကျေးရွာအောက်ဘက် မလိခမြစ်နှင့် ထီခချောင်း(ခေါ်)နမ့်ထီချောင်းဆုံအနီးသို့ ယမန်နေ့က စစ်ရေးလှုပ်ရှားခဲ့ခြင်းမရှိကြောင်း KPF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ကျွန်တော်တို့ (KPF) တွေတော့ အဲ့ဘက် မသွားဘူး။ သူတို့အချင်းချင်းပဲပစ်ကြတယ်ထင်တယ်” ဟုပြောသည်။ မြစ်ကြီးနား – ပူတာအိုလမ်းတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ သည့် ၂၀၂၄ ခုနှစ်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပူတာအိုနှင့် မချမ်းဘော့ မြို့အဝင်အထွက်လမ်းများကို စစ်ဆေးရေး ဂိတ်များ တိုးချဲ့ထားပြီး ပတ်ကင်လှည့်ကာ စစ်ဆေးခြင်းများလည်း ပြုလုပ်လေ့ရှိသည်။ Read in Full

၁၇။ အင်းလေးတွင် ယာယီနေအိမ်များဆောက်ရန် ဝါးလိုအပ်ချက်ရှိနေ
 April 7, 2025
ငလျင်ဒဏ်သင့် အင်းလေးဒေသတွင် ပျက်စီးသွားသည့် နေအိမ်များအတွက် ယာယီနေအိမ်များဆောက်လုပ်ကာ နေထိုင်ရေးအခက်အခဲကို ဖြေရှင်းကြချိန်တွင် ဝါးလုံးလိုအပ်ချက်ရှိနေကြောင်း ဒေသခံများနှင့် ဒေသတွင်းကူညီနေသူများထံမှ သိရသည်။ အင်းလေးဒေသတွင် မတ်လ ၂၈ ရက် ငလျင်ကြောင့် နေအိမ် ၂ ထောင်ကျော် ပျက်စီးသွားကြောင်း၊ နေအိမ်ပျက်စီး သွားသည့် မိသားစုများအတွက် အနည်းဆုံးတစ်နှစ်ခန့် ခံနိုင်ရည်ရှိသည့် ယာယီနေအိမ်များ ဆောက်လုပ်ပေးရန် ကြိုးပမ်းနေပြီး ယင်းအတွက် ဝါးလုံးလိုအပ်ချက် မြင့်နေခြင်းဖြစ်ကြောင်း အင်းကြီး (ရွာငံ) ဒေသခံတစ်ဦးက ပြောသည်။“ဒေသ အိမ်ခြေ ၂၀၀၀ ကျော်ဟာ ပြန်လည်မတည်ဆောက်နိုင်သေးခင်အထိ ယာယီတဲအိမ်ဆောက်ပြီး နေထိုင်ရမှာပါ။ အဲဒီအတွက် အင်းလေး ဝါးလိုအပ်ချက် ဒီကာလမှာ အတော်ကြီးမားနေပါတယ်။ အင်းလေးဝန်းကျင်မှာရှိတဲ့ ဝါးနဲ့ မလုံလောက်နေပါဘူး။ အင်းသား ဖျားနေရင် ဓနုဆေးကူတိုက်ပေးရမှာပေါ့ဗျ” ဟု ၎င်းကပြောသည်။ အင်းလေးဒေသတွင် ယာယီအိမ်များတည်ဆောက်ရာ၌ ဝါးနှင့် သက်ကယ်ကို အဓိက အသုံးပြုကာ တည်ဆောက်ခြင်းဖြစ်ပြီး ယာယီရိုးရိုးတဲအိမ်မှာ ကျပ် ၁၀ သိန်းကျော်ခန့်ကုန်ကျနိုင်ကြောင်း၊ အိမ်ခေါင်တိုင် ၂၂ ပေ ၊ အလျား ၂၂ ပေ၊ အနံ ၁၈ ပေ ရှိ ခိုင်မာသည့် ယာယီနေအိမ်အဆင့် ဝါးအိမ် တစ်လုံးလျင် ကို ကျပ် ၄၅ သိန်း ဝန်းကျင် ကုန်ကျနိုင်ကြောင်း၊ ယင်းကဲ့သို့ အိမ်တစ်လုံးဆောက်နိုင်ရန်အတွက် ဝါးအကြီး ၃၅ လုံး ၊ ဝါးအသေး အလုံး ၇၀ နှင့် အမိုးအောက်ခံဝါး  အလုံး ၂၀ ကုန်မည်ဖြစ်ကြောင်း သိရသည်။

အင်းလေးဒေသအတွက် လိုအပ်သည့် ဝါးများကို ကလောနှင့် ရွာငံဘက်မှ ဝယ်ယူသယ်ဆောင်ရန် ပြင်ဆင်နေပြီး အလှူ ရှင်များအနေဖြင့်လည်း ဝါးလှူဒါန်းမှုများ ရှိကြောင်း၊ သို့သော်ယခုရက်ပိုင်းအတွင်း မိုးရွာနေသည့်အတွက် သယ်ယူရန်အခက် အခဲရှိနေကြောင်း အင်းလေးဒေသ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ငလျင်လှုပ်ပြီးကာစက ဒေသတွင်း ဝါးနှင့် သက်ကယ်ဈေးများ ၂ ဆ ကျော်မြင့်တက်လာသော်လည်း ဧပြီလ ၆ ရက်က တွေ့ဆုံညှိနှိုင်းမှုကြောင်း ဝါးနှင့် သက်ကယ် ဈေးပြန်ကျလာကြောင်း၊ သို့သော် ဈေးပြန်ကျလာသည့် ဝါးဈေးပင်လျင် ငလျင်မလှုပ်မီက ဝါးဈေးထက် များနေသေးကြောင်း ၎င်းကပြောသည်။ ဈေးကွက်အတွင်း လက်ရှိတွင် ဝါးတစ်လုံးလျင် ကျပ် ၅ ထောင်မှ ၇ ထောင်အထိရှိနေပြီး သက်ကယ်အချပ် တစ်ရာလျင် ကျပ် ၆ သောင်းခန့်ရှိကြောင်း၊ ငလျင်လှုပ်ပြီးကာစက ဝါးတစ်လုံးလျင် ကျပ်တစ်သောင်းခန့်၊ သက်ကယ်တစ်ရာလျင် ကျပ် ၇ သောင်းမှ ၉ သောင်းအထိနှုန်းဖြင့် ရောင်းချကြောင်း စုံစမ်းသိရသည်။ ငလျင်မလှုပ်မီကမူ ဝါးတစ်လုံးလျင် ကျပ် ၄ ထောင် မှ ၅ ထောင်၊ သက်ကယ်တစ်ရာလျင် ကျပ် ၃ သောင်းခွဲသာရှိကြောင်းသိရသည်။ ဧပြီ၄ ရက်တွင် ကွန်းဟိန်းမြို့၊ ကျွန်းတစ်ထောင် မြေဖောင်ဒေးရှင်းမှ ကနဦးကောက်ယူရရှိသည့် စာရင်းများအရ ငလျင်ဘေးဒဏ်ကြောင့် အင်းလေးဒေသရှိ ကျေးရွာ ၂၈ ရွာတွင် အိမ်ခြေ ၂၃၃၈ လုံးဝပျက်စီးသွားကာ ၁၀၄၅ အိမ်မှာ တဝက်တပျက် ပျက်စီးသွားကြောင်း၊ သေဆုံးသူ ၉၅ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၁၁ ဦးရှိကြောင်းသိရသည်။ Read in Full

၁၈။ ရခိုင်တွင် တစ်ပတ်အတွင်း စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၂၆၀ ကျော် ပြုလုပ်ခဲ့
 April 7, 2025
အပစ်ရပ် ကြေညာထားသည့် စစ်ကောင်စီသည် ရခိုင်ပြည်တွင် ဧပြီ ၁ ရက်မှ ဧပြီ ၆ ရက်နေ့အထိ တစ်ပတ်အတွင်း  လေ ကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၂၆၀ ကျော် ပြုလုပ်ခဲ့ကြောင်း မှတ်တမ်းများအရ သိရသည်။ ဧပြီ ၅ ရက် တစ်ရက် တည်းတွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၆၀ ကျော်နှင့် လက်နက်ကြီး ပစ်ခတ်မှုအကြိမ်‌ ရေ ၅၀ အထက်ရှိခဲ့ ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်ထားသည်။ ထိုနေ့တွင် စစ်တွေမြို့နယ်၊ ချောင်းနွယ်၊ မင်းဂံရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မင်းလှကျေးရွာတွင် ရှိသည့် AA တပ်ဖွဲ့ဝင်များကို ဒရုန်းဖြင့် ၂ ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းလည်း ဆိုထားသည်။  စစ်ကောင်စီသည် ငလျင်လှုပ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ရန် ပစ်ခတ်တိုက်ခိုက်မှု သုံး ပတ်ကြာ ယာယီရပ်ထားကြောင်း ဧပြီ ၂ ရက်တွင်ကြေညာခဲ့သည်။ သို့သော်လည်းမြေပြင်တွင် စစ်ရေးလှုပ်ရှားမှုနှင့် လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသောကြောင့်  အရပ်သား သေဆုံးဒဏ်ရာရသူများ ရှိနေသည်။

ဧပြီ ၄ ရက်တွင်လည်း တောင်ကုတ်မြို့နယ်၊ စလူးကျေးရွာကို ဂျက်တိုက်လေယာဉ်နှင့် ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၃ ဦး ဒဏ်ရာရခဲ့သည်။ ဧပြီ ၂ ရက်ကလည်း ကျောက်ဖြူမြို့ရှိ ဓညဝတီ ရေတပ်စခန်း၊ ဒိုးတန်းတောင် အမှတ် ၃၂ ရဲတပ်ရင်းတို့မှ မြို့အနီးပတ်ဝန်းကျင်ရှိ သပြုတောင်၊ ပျားတဲကျေးရွာ စသည့် ကျေးရွာများကို ဒရုန်းဖြင့် အကြိမ်ရေ ၉၀ ခန့်နှင့် လက်နက်ကြီး အကြိမ်ရေ ၆၀ ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ဧပြီ ၃ ရက်မှ ၅ ရက်နေ့တို့တွင်လည်း ကျောက်ဖြူ မြို့ရှိ တပ်ရင်းများမှ မြို့အနီး ကြတ်တိန် (ကြတ္တိန်)၊ သပြုတောင်၊ ပျားတဲ၊ ပြင်ရှည်၊ လိပ်ခမော်၊ ကုလားဘာ၊ ဟင်းခပ်ပြင်ကျေးရွာ ပတ်ဝန်းကျင်သို့ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုများ နေစဉ်ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။  အလားတူ စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းရှိ စစ်ကောင်စီက ပေါက်တောမြို့နယ်၊ ငပြီကျွန်းဘက်သို့ လက်နက်ကြီးဖြင့် အကြိမ်ရေ ၆ အထိ ပစ်ခတ်ခဲ့သည်။ စစ်ကောင်စီသည် ယာယီအပစ်ရပ်စဲကြောင်း ဟန်ပြကြေညာပြီး အရပ်သားနေထိုင်ရာ နေရာများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် နေကြောင်း တိုင်ရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ဝေဖန်နေကြသည်။ 

၁၉။ လားရှိုးမြို့တွင်း လက်နက်ကြီးကျ၍ပျက်စီးသွားသည့်နေအိမ်များကို MNDAA ကတစ်အိမ်လျှင် သိန်း ၅၀ လျော်ကြေးပေး 
 April 7, 2025
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲကာ ပျက်စီးသွားသည့် လားရှိုးမြို့မှ နေအိမ် များကို ကိုးကန့်တပ်(MNDAA)က ယနေ့  ၂၀၂၅ ခုနှစ် ဧပြီလ(၇)ရက်နေ့ နံနက်ပိုင်းကစ၍ လျော်ကြေးငွေပေးနေပြီဟု ဒေသခံများ ထံမှသိရသည်။ စစ်ဆင်ရေးကာလအတွင်း MNDAA က ပစ်ခတ်၍လက်နက်ကြီးကျရောက်ပေါက်ကွဲကာပျက်စီးခဲ့ရသည့် လားရှိုး မြို့ရှိနေအိမ်ပိုင်ရှင်များကို ယူနန်ခန်းမတွင် ယနေ့နံနက်(၉)နာရီကစတင်၍ လျော်ကြေးငွေပေးအပ်နေသည်ဟု သိရသည်။“ကျွန်တော်တို့ရပ်ကွက်ထဲက အိမ်ပိုင်ရှင်တစ်ဦးကိုတော့ သိန်း(၅၀)ပေးတယ်။ အခြားရပ်ကွက်တွေကိုလည်း လျော်ကြေးငွေပေး နေတယ်။ ဘယ်နှစ်အိမ်ရတယ်ဆိုတာတော့ မသိရသေးဘူး။ တစ်အိမ်ကို သိန်း(၅၀) အနည်းဆုံးလို့ ထင်တာပဲ။ မပြီးသေးဘူး အခုထိပေးနေတယ်။ တစ်ထပ်တိုက်အိမ်လေး မီးလောင်သွားတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ဆင်ရေး ဒုတိယလှိုင်း အတွင်း လားရှိုးမြို့တွင် MNDAA၏ ရှေ့ပြေးမီးကျည်များ ကျရောက်ပေါက်ကွဲကာ မီးဘေးသင့်သွားသည့်နေအိမ်များအား MNDAA ဘက်က မှတ်တမ်းယူထားပြီး လျော်ကြေးပြန်ပေးရန် အိမ်ပိုင်ရှင်များထံ အကြောင်းကြားသည်ဟု သိရသည်။

“စစ်ကောင်စီကြောင့်ဆို ဘယ်သူ့အိမ်မှ မလျော်ပေးဘူး။ နှစ်ဘက်ပစ်နေတဲ့အချိန် လေယာဥ်လာကြဲတဲ့အချိန်တွေမှာ ထိတာတွေမပေးဘူး။ ကျွန်တော်တို့ ရပ်ကွက်ထဲက စစ်ကောင်စီကို ထောက်ခံတဲ့အိမ်ဆို ပိုင်ရှင်တွေက အခုတောင်ကြီးမှာ အလုပ် ဝင်နေတယ်။ MNDAA က လျော်ကြေးငွေ သိန်း(၅၀)ပေးလို့ ကိုယ်စားယူကြတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။ MNDAA သတင်းအရင်းအမြစ်ကမူ လူဦးရေမည်မျှနှင့် ငွေပမာဏမည်မျှပေးသည်ကို သတင်းထုတ်ပြန်ပေးမည်ဖြစ်ပြီး ပျက်စီးသွားသည့် အိမ်တစ်အိမ်လျှင် ငွေကျပ်သိန်း (၅၀)နှုန်း ပေးနေခြင်းဖြစ်သည်ဟု အတည်ပြုသည်။ တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် MNDAA သည် ဧပြီလ (၂၁)ရက်နေ့တွင် လားရှိုးမြို့မှ ပြန်လည်ဆုတ်ခွာမည်ဟု သိရသည်။ Read in Full

၂၀။ စစ်ကောင်စီ ရွေးကောက်ပွဲ ဝင်ပြိုင်ရန် ရခိုင်ပါတီသစ်တစ်ခု ပေါ်လာ
 April 8, 2025
စစ်ကောင်စီကျင်းပမည့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် “ရခိုင်တိုင်းရင်းသားများပါတီ (Rakhine Nationalities Party)” အမည်ဖြင့် ပါတီသစ်တစ်ခု လျှောက်ထားကြောင်း စစ်ကောင်စီ ထုတ်ပြန် သည်။ အဆိုပါ ပါတီသစ်မှာ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၃ အရ နိုင်ငံရေးပါတီ ဖြစ်ခွင့်ရရှိရေး ဝင်ရောက် လျှောက်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီတည်ထောင်ခွင့် အတည်ပြုနိုင်ရေး စိစစ်ဆောင် ရွက်နေသည်ဟု စစ်ကောင်စီက ဆိုသည်။ ယင်းပါတီကို ကျောက်ဖြူမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးဘရှိန်က ဦးဆောင်ကြောင်း ရခိုင်ပါတီအသိုင်းအဝိုင်းများက ပြောသည်။ လက်ရှိတွင် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် နိုင်ငံတဝန်းမှ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ စုစုပေါင်း ၇၀ ကျော် ရှိပြီဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ 

ယင်းအထဲတွင် ရခိုင်ပြည်က ရခိုင့်ဦးဆောင်ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီနှင့် ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ ပါဝင်သည်။ လက်ရှိတွင် အာရက္ခတပ်တော် သည် ရခိုင်က မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် စစ်ကောင်စီရွေးကောက်ပွဲသည် ရခိုင်ဒေသအများစုတွင် ဖြစ်နိုင်ခြေမရှိကြောင်း သုံးသပ်နေကြသည်။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နိုင်ငံတဝန်း တိုင်းရင်းသားလက်နက်ကိုင်များထံ စစ်ရေးအရရှုံးနိမ့်နေပြီး ၎င်း၏ထွက်ပေါက်အနေဖြင့် ရွေးကောက်ပွဲကိုမဖြစ်မနေပြုလုပ်ရန် ကြိုးပမ်းနေကြောင်း နိုင်ငံရေး သမားများက ပြောဆိုထားသည်။ Read in Full

၂၁။ တရုတ်စီစဉ်မှုဖြင့် စစ်ကောင်စီကိုယ်စားလှယ် သင်္ကြန်မတိုင်မီ UWSA ထိန်းချုပ် ပန်ဆန်းမြို့ သွားရောက်ရန်ရှိ
 April 7, 2025

သျှမ်းပြည် ‘ဝ’ဒေသအတွင်း UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ တရုတ်နိုင်ငံ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စား လှယ်များ သင်္ကြန်မတိုင်မီ သွားရောက်တွေ့ဆုံရန် ရှိနေကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၃ ရက်တွင် စတင်မည့် သင်္ကြန်ကာလ မတိုင်မီတွင် UWSA ထိန်းချုပ် ‘ဝ’ဒေသ ပန်ဆန်းမြို့သို့ တရုတ်အာဏာပိုင်များ၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီကိုယ်စားလှယ်များ သွားရောက်ဆွေးနွေးရန် ရှိနေကြောင်း ဝါရင့်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ “သင်္ကြန်မတိုင်ခင် တရုတ်ရဲ့ စီစဉ်ပေး မှုနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ပန်ဆန်းသွားဖို့ ရှိတယ်။ ‘ဝ’ တစ်ဖွဲ့တည်းနဲ့ တွေ့မလား၊ FPNCC ထဲက ၇ ဖွဲ့စလုံးနဲ့ တွေ့ မလား အသေးစိတ် မသိရဘူး။ စကစဘက်က ကိုယ်စားလှယ် ဘယ်သူ့ကို လွှတ်မလဲဆိုတာလည်း မသိရဘူး”ဟု ၎င်းဝါရင့် တော် လှန်ရေးရဲဘော်က ပြောသည်။ မကြာမီ ရက်ပိုင်းအတွင်း ကျရောက်မည့် သင်္ကြန်ကာလသည် ရက်အနည်းငယ်ခန့်သာ ကျန်ရှိနေပြီး လတ်တလော လားရှိုးမြို့မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေစဉ် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီ ကိုယ်စားလှယ်များ UWSA ထိန်းချုပ် ပန်ဆန်းမြို့သို့ သွားရောက်မည့် ခရီးစဉ်ထွက်ပေါ်လာခြင်းဖြစ်သည်။

အလားတူ လာမည့် ဧပြီလ (၂၂) ရက်တွင် တရုတ်၏ စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့ သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ လက်ရှိတွင် တရုတ်၏ ဖိအားပေး မှုကြောင့် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ အချိန်ပေးထားကြောင်း ဒေသခံများ ပြောဆိုနေကြသည်။ လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA ဆုတ်ခွာသွားပါက စစ်ကောင်စီတပ်နှင့်အတူ‘ဝ’တပ်ဖွဲ့ UWSA လည်းထပ်မံဝင်ရောက်လာပြီး ကျန်းမာရေးကဲ့သို့ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးဘဲ ဆက်လက်စုံစမ်းနေသည်။ ယမန်နှစ် ၂၀၂၄ ဇူလိုင်လ ၂၇ ရက်မှ စတင်ပြီး အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ရမခ အခြေ စိုက်ရာ လားရှိုးမြို့ရှိ ‘ဝ’ပြင်ပဆက်ဆံရေးရုံးနှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ရန်ဟုဆိုကာ ‘ဝ’တပ်ဖွဲ့ UWSA လားရှိုးမြို့ပေါ်သို့ ပထမဆုံး ဝင်ရောက်တပ်စွဲခဲ့ပြီး တန့်ယန်းမြို့တွင်လည်း အလားတူ ဝင်ရောက်နေရာယူထားသည်။ 

၂၂။ တနိုင်း-မြစ်ကြီးနားကားလမ်းပိုင်း စစ်ရေးတင်းမာနေလို့ ခရီးသွားပြည်သူတွေအခက်ကြုံ
 April 8, 2025
ကချင်ပြည်နယ် မြစ်ကြီးနား–တနိုင်းလီဒိုကားလမ်းပိုင်းမှာ KIA နှင့်မင်းဇေသန့်ပြည်သူ့စစ်တပ်တို့ နှစ်ဖက်စစ်ရေးတင်း မာနေတာကြောင့် ခရီးသွား ပြည်သူတွေအခက်အခဲကြုံနေရတယ်လို့သိရပါတယ်။ တနိုင်း – မြစ်ကြီးနား လီဒိုကားလမ်းပေါ်ရှိ ဝါရာဇွပ်ကျေးရွာမှာထိုင်ထားတဲ့ KIA တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ်ကို မင်းဇေသန့်ပြည်သူ့စစ်အဖွဲ့က မတ်လ ၁၄ ရက်နေ့မှာ ဝင် ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒီနေ့အထိနှစ်ဖက်စစ်ရေးတင်းမာနေပြီး ထိတွေ့တိုက်ပွဲတွေမကြာခနဖြစ်နေတာကြောင့် ခရီးသွား ပြည်သူတွေ အခက်အခဲ ဖြစ်နေတယ်လို့ မြစ်ကြီးနားရောက်နေတဲ့ တနိုင်းဒေသခံတစ်ဦးကပြောပါတယ်‌။“လမ်းမှာလည်း အခြေ နေကြည့်ပြီးသွားနေရတယ် ရှေ့မှာခြေနေမကောင်းဘူးဆိုနားရပြန်ပြီ။ ဒီလမ်းက ပုံမှန်တောက်လျှောက် မောင်းရင်တစ်ရက်ခရီး တောင်မရှိဘူးလေ အခုကအဆင်းကို နမ္မတီးမှာတစ်ညအိပ်လိုက်ရတယ်။ တစ်ညအိပ်ခရီးဖြစ်သွားတာပေါ့”လို့ အသက် ၃၀ ကျော်အရွယ် အထက်ပါအမျိုးသားက ပြောပါတယ်။ မိုင်ပေါင်းတစ်ရာနီးပါးဝေးတဲ့ မြစ်ကြီးနား–တနိုင်းလမ်းခရီးဟာ ပုံမှန် တစ်ရက် ခရီးသာရှိပေမယ့် မတ်လ ၁၅ ရက်နေ့နောက်ပိုင်းကနေပြီး  စစ်ရေးအခြေအနေကြောင့် လမ်းပိုင်းမှာမကြာခနရပ်နား ရတာ၊ မြို့ဝင်မြို့ထွက်ဂိတ်တွေ ည ၆နာရီနောက်ပိုင်းဝင်ခွင့်ကန့်သတ်တာတွေကြောင့် ခရီးသည်အများစုက တစ်ညအိပ်ခရီးဖြင့် သွားနေရတယ်လို့သိရပါတယ်။

“ကားကနေ့တိုင်းတော့ ထွက်ပါတယ် ခရီးသည်ကော ကုန်ကားကော ဒါပေမယ့် တစ်ရက်ထဲနဲ့ ရောက်မယ်လို့တော့ အားမခံလို့မရဘူးဗျ။ လမ်းမှာတစ်ညအိပ်ရတာတွေတော့ရှိတယ်ဗျ။ ကျနော်တို့လည်းပြောရခက်တယ်”လို့ မြစ်ကြီးနား – တနိုင်း လမ်း ပိုင်းမှာပြေးဆွဲနေတဲ့ ကားဂိတ်တစ်ခုမှတာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ စစ်ရေးအခြေအနေကြောင့် တနိုင်းဘက်က နေဆင်းလာခဲ့ခရီးသည်တွေ နမ္မတီး၊ လဝါးကျေးရွာတွေ မှာညအိပ်ရတာမျိုးရှိသလို မြစ်ကြီးနားဘက်ကနေ တက်သွားတဲ့ ခရီးသည်တွေလည်း နမ်ဖြတ်၊ ဘန်ကောက် စတဲ့ကျေးရွာတွေမှာ ညအိပ်ရတာမျိုးရှိတယ်လို့ သိရပါတယ်။ မင်းဇေသန့် ပြည်သူ့စစ် တပ်ဖွဲ့ဟာ ဒီရက်ပိုင်း လီဒိုကားလမ်းပေါ်ထွက်လာပြီး နောင်းမီ၊ ဝါရာဇွပ်၊ လဝါးစတဲ့ကျေးရွာ တစ်ဝိုက်မှာ စစ်ရေးလှုပ်ရှားနေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာ၊ လက်နက်ကြီးပစ်ခတ်တာတွေလည်း မကြာခနရှိနေတာကြောင့် ခရီးသွားတွေအတွက် အခက် အခဲ ဖြစ်နေတာလို့သိရပါတယ်။ ဒါ့အပြင် လီဒိုကားလမ်းပေါ်မှာ စစ်ရေးလှုပ်ရှားနေတဲ့ မင်းဇေသန့်ပြည်သူစစ်အဖွဲ့ကလည်းခရီး သွားတွေကို ရပ်တန့်စစ်ဆေးတာ၊ မေးမြန်းတာတွေလည်း ရှိနေကြောင်းသိရပါတယ်။ https://burmese.kachinnews.com/2 025/04/08/zz1-219/

၂၃။  လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်လာဖွင့်ဖို့ MNDAA ပြော၊ မဖွင့်ရင် ဒဏ်ငွေ ဆောင်ရမယ်လို့ဆို
April 7, 2025

ကိုးကန့်တပ်မတော် – MNDAA ထိန်းချုပ်ဒေသဖြစ်တဲ့ လောက်ကိုင်မြို့မှာ ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်လာဖွင့်ကြဖို့ MNDAA တပ်က ပြောဆိုထားတာရှိတယ်လို့ လောက်ကိုင်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။ လောက်ကိုင်မှာ စီးပွားရေး လည်ပတ်မှုက အရင်လို ပြန်မဖြစ်သေးတာကြောင့် ပိတ်ထားတဲ့ဆိုင်တွေကို ပြန်လာဖွင့်ခိုင်းတာဟာ လူထုတွေအတွက် အခက်ခဲ ရှိစေတယ်လို့ ဆိုပါတယ်။ “ဘယ်နေ့က စပြောတာလဲဆိုတာတော့အတိအကျမသိရဘူး။ ဒါပေမဲ့ ခုလောလောဆယ်တော့ ဆိုင် ခန်းရှိထားတဲ့လူဆိုရင်တော့ ဆိုင်ဖွင့်ထားခိုင်းတယ်။ ဆိုင်မဖွင့်ရင်တော့ သူတို့ကို တစ်လ ယွမ် (၂၀၀၀၊၃၀၀၀) ပေးရမယ်လို့တော့ ကြားတယ်။ အခုထိတော့ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ချိတ်ပိတ်တာမျိုးတွေတော့ မတွေ့ရသေးဘူး။ အဲ့လိုပေးရမယ်လို့တော့ ပြောပေမဲ့ ခုထိတော့ တစ်ကယ်မကောက်သေးဘူး။ ကြည့်ရတာ အဲ့စည်းကမ်းက ခုမှထုတ်ထားတာနေမှာ” လောက်ကိုင်မြို့ထဲ စစ်ဖြစ်ပြီးနောက်ပိုင်း ဒေသခံတွေ အရင်လို စီးပွား ရေးမကောင်းတော့တာကြောင့် ဆိုင်ပိုင်ရှင်တချို့တွေက ဆိုင်ခန်းတွေကို ပစ် ထားပြီး အခြားအရပ်သို့ ပြောင်းရွေ့လုပ် ကိုင်ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ထဲလူစည်ကားလာအောင် ပိတ်ထားတဲ့ ဆိုင်ခန်းတွေကို ပြန်ဖွင့်ခိုင်းတာလည်း ဖြစ်နိုင်တယ်လို့ နောက်ထပ် လောက်ကိုင်မြို့ခံ အမျိုးသမီးက ပြောပါတယ်။ “သူတို့က မြို့တွင်းပြန်လည်ထူထောင်ရေးတွေလုပ်နေတာ။ အရင်လို စီးပွားရေးတွေပြန် လည်ပတ်ဖို့ တစ်ခုပြီးတစ်ခု ပြန်လည်းမွမ်းမံနေတာပေါ့။ အဲမှာ စားသောက်ဆိုင်တွေ၊ bar တွေတော့ ပြန်ဖွင့်လာတာတွေ့တယ်။ လောက်ကိုင်မှာ အလုပ်လာလုပ်တဲ့သူတွေလဲ အရင်ကထက် လစာတော့တိုးလာတယ်လို့ ပြောကြတယ်”လောက်ကိုင်မြို့ကို ကိုးကန့်တပ်မတော် – MNDAA နဲ့ ပူးပေါင်း ညီနောင်မဟာမိတ်တပ်ဖွဲ့တို့က ၁၀၂၇ ပထမလှိုင်းထဲ သိမ်းပိုက်ရရှိခဲ့တာဖြစ်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ Read in Full

၂၄။ စစ်ကောင်စီက စစ်သားသစ်သောင်းချီစုပြီး ခုခံရန်ပြင်ဆင်နေမှု တော်လှန်ရေးတပ်ဖွဲ့များ ဟန်ချက်ညီတန်ပြန်ရန်လို
April 7, 2025
စစ်ကောင်စီက တစ်နှစ်အတွင်း စစ်မှုထမ်းတပ်သားသစ်သောင်းချီ စုဆောင်းဖြည့်တင်းကာ စစ်မြေပြင်များ၌ လူသားဒိုင်း အဖြစ် အသုံးချသည့် ဗျူဟာကိုကျင့်သုံးနေကြောင်း CDM တပ်သား ကိုနောင်ရိုးက ဖွင့်ဟသည်။ မတ်လကုန်ပိုင်းကကျင်းပခဲ့သော စစ်တောင်းကမ်ပိန်းစကားဝိုင်းတွင် ကိုနောင်ရိုးက ထိုသို့ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေပြ ဌာန်းပြီး နည်းမျိုးစုံဖြင့်စစ်သားသစ်စုဆောင်းနေခဲ့ရာ အပတ်စဉ် ၁၁အထိ ရောက်ရှိလာပြီဖြစ်ပြီး အပတ်စဉ် ၉အထိ စစ်သင်တန်း ဆင်းပြီးဖြစ်ဟုဆိုသည်။ အပတ်စဉ် ၉အထိ သင်တန်းဆင်းထားသည့် အင်အား  ၄ သောင်းကျော်ရှိပြီး ၎င်းတို့အား ရှေ့တန်းစစ်မြေ ပြင်များသို့ ပို့ဆောင်ကာ အသုံးပြုလျက်ရှိဟု ကိုနောင်ရိုးက ပြော သည်။ စစ်ကောင်စီသည် ဥပဒေအရေခြုံပြီး လူငယ်များပစ်မှတ်ထား ဖမ်းဆီးနိုင်ရန် လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီက ပစ်မှတ်ထားလို့ရသည့် အုပ်စုများကို ၎င်းတို့ လိုလားချက်အတိုင်း မရမက လုပ်ဆောင်ကာ လူအင်အားစုဆောင်းခဲ့ရာ လက်ရှိတွင်အင်အားတိုးလာပြီး တပ်ရင်း၊စစ်ကြောင်းများ၌ ယခင်ထက် လူအင်အား တိုးမြှင့် ပေးပို့လာသည်ကိုတွေ့ရကြောင်း ပြောသည်။ “တော်လှန်ရေးအင်အားစုတွေက ဝိုင်းပတ်ပိတ်ဆို့ပြီး တိုက်တဲ့ အခါ မှာ ဒီစစ်မှုထမ်းလူငယ်တွေကိုပဲ ရှေ့ဆုံးကနေ လူသားဒိုင်းအဖြစ် ခံပစ်ခိုင်းပြီးတိုက်တယ်။ တိုက်တဲ့အခါမှာ သေဆုံးမှု အများ ဆုံးက စစ်မှုထမ်းအင်အားစာရင်းတွေ ဖြစ်နေတာကို ကျနော်တို့ တွေ့ရတယ်။ စစ်ကောင်စီက ဒါမျိုးတွေ ကျင့်သုံးလာတယ်”ဟု ကိုနောင်ရိုးက ပြောသည်။

စစ်ကောင်စီက အင်အားယုတ်လျော့နေမှုကို ဖြည့်တင်းနိုင်ရန် မဲနှိုက်လူခေါ်ခြင်း၊ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးစစ်ဆေးပြီး စုဆောင်းခြင်း နည်းလမ်းမျိုးစုံဖြင့်လုပ်ဆောင်ကာ သင်တန်းများလေ့ကျင့်ပြီးပါက တပ်စခန်းအသီးသီးသို့ ပို့ဆောင်ခဲ့ဟုဆိုသည်။ “ပြီးရင်ဒီတော်လှန်နေတဲ့တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေဆီက အဓမ္မဖမ်းဆီးခေါ်ဆောင်လာတဲ့လူငယ်တွေနဲ့ ပြည်သူ ကို ပြည်သူနဲ့ ပြန်ပြီး ရှေ့တန်းစစ်မြေပြင်မှာ ပေးတွေ့တယ်ဆိုတဲ့ ပုံစံမျိုးတွေ့ရတယ်”ဟု ကိုနောင်ရိုးက ပြောသည်။ စစ်ကောင်စီ ၏ ဗျူဟာမှာ စစ်မှုထမ်းတပ်သားသစ်များကို လူသားဒိုင်းအဖြစ် ရှေ့ဆုံးက အသေခံခိုင်းခြင်းအပြင် တော်လှန်ရေး အင်အားစုများ ကျည်၊ ဘဏ္ဍာရေး ပြုန်းတီးအောင် စစ်မှုထမ်းအင်အားများအသုံးပြုပြီး လုပ်ဆောင်နေကြောင်း ပြောပြသည်။ မကြာသေးမီက ကသာ-အင်းတော်ကြား ဖမ်းမိသည့်စစ်သုံ့ပန်းး ၃၀ ကျော်အနက်သုံးပုံနှစ်ပုံသည် စစ်မှုထမ်းတပ်သားသစ်များဖြစ်သည်ဟု ဆို သည်။ “လူထုကိုလူထုနဲ့ပြန်တိုက်မယ် လူသားဒိုင်းအနေနဲ့ ကျင့်သုံးမယ်။ တော်လှန်ရေးအင်အားစုတွေ ကျည်ခဲ ယမ်းလက်နက် ပြုန်းတီးအောင်  သူရဲ့စစ်ရေးဖိအားကို အင်အားထုနဲ့ဆွဲဆန့်ပြီးတော့ခုခံနိုင်ဖို့ ပြင်ဆင်လာမယ့် နည်းလမ်းတွေကိုတွေ့ရတယ်။” ဟု ကိုနောင်ရိုးက ပြောသည်။ ပြည်သူလူထုနှင့်လူငယ်ထုကြား စစ်မှုထမ်း ဥပဒေအန္တရာယ် သိသင့်သည့် သတင်းအချက်အလက် များ ရရှိအောင် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ရန်လိုအပ်သည်ဟု ၎င်းက အကြံပြုသည်။ Read in Full

၂၅။ ဝေဖန်မှုတွေကြောင့် ဘားအံမှာကျင်းပမယ့် နန်းဖော့အွာ သဲသောင်ပြင် သင်္ကြန်ပွဲတော်ဖျက်သိမ်း
 April 7, 2025

ကရင်ပြည်နယ် ဘားအံမြို့မှာ လာမယ့် သင်္ကြန်ပွဲတော်ကာလအတွင်း တစ်လကြာကျင်းပပြုလုပ်သွားမယ့် သံလွင်မြစ် ကမ်းဘေးက နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်ပြီလို့ ဒေသခံတွေက ပြောပါတယ်။ နန်းဖော့အွာလို့ အမည်ပေးထားတဲ့ သဲသောင်ပြင်သင်္ကြန်ပွဲတော်ကို ကရင်ပြည်နယ်စစ်ကောင်စီအဖွဲ့က တစ်လကြာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပေမယ့် ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံအထက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် သဲသောင်ပြင် သင်္ကြန်ပွဲတော်ကို ကရင်ပြည် နယ် စစ်ကောင်စီက ဖျက်သိမ်းလိုက်တာပါ။ ပြည်သူအများ ငလျင်ဘေးဒဏ်သင့်နေချိန် ဘားအံ မြို့မှာ သဲသောင်ပြင်သင်္ကြန်ကို ပြည်နယ်စစ်ကောင်စီအဖွဲ့က စည်ကားစွာ ကျင်းပပြုလုပ်သွားမယ်ဆိုတာကြောင့် ဒေသခံပြည်သူတွေ ပြောဆိုဝေဖန်မှုတွေရှိနေခဲ့ပြီးနောက် သဲသောင်ပြင်သင်္ကြန်ကျင်းပပြုလုပ်မှာကို ဖျက်သိမ်းလိုက်တာဖြစ်ပါတယ်။

သဲသောင်ပြင်ပေါ်မှာ ဆောက်လုပ်ထားတဲ့မဏ္ဍပ်နဲ့ ဈေးဆိုင်ခန်းတွေအချို့ကို အခုရက်ပိုင်းထဲ ဖျက်သိမ်းတာတွေ လုပ် ဆောင်နေပေမယ့် ကမ်းနားလမ်းနဲ့ ရပ်ကွက်ရုံးတချို့မှာ ရေကစားမဏ္ဍပ်ဆောက်လုပ်တာတွေ ဆက်လက်လုပ်ဆောင်နေတယ် လို့ ဘားအံသတင်းရင်းမြစ်တစ်ဦးကဆိုပါတယ်။ သဲသောင်ပြင်သင်္ကြန်နဲ့ လမ်းလျှောက်သင်္ကြန်အပါအဝင်ဘားအံသင်္ကြန်ပွဲတော် ကို ကမ်းနားလမ်းတလျှောက်မှာ စည်ကားစွာ ကျင်းပပြုလုပ်နိုင်ဖို့အတွက် ပြည်နယ်စစ်ကောင်စီအဖွဲ့ လက်အောက်ခံ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကနေ ရပ်ကွက်အတွင်းမှာ တစ်အိမ်ကို ငွေကျပ် ၅၀၀၀ အထိ ကောက်ယူတာတွေ လုပ်ဆောင် နေတာပါ။ ပြည်နယ်စစ်ကောင်စီအဖွဲ့က နန်းဖော့အွာ သဲသောင်ပြင်သင်္ကြန်မပြုလုပ်တော့ပေမယ့် ဘားအံကမ်းနားလမ်းမှာတော့ ဌာနဆိုင် ရာ ရေကစားမဏ္ဍပ်အချို့နဲ့ စတုဒီသာကျွေးမွေးတဲ့မဏ္ဍပ် ဆက်လက်ဆောက်လုပ်နေပြီး အဲဒီကမ်းနားလမ်းမှာ သင်္ကြန်ပွဲတော်ကို ရိုးရာဓလေ့အတိုင်း ဆက်လက်ကျင်းပဦးမယ်လို့ သိရပါတယ်။ Read in Full

 

၂၆။ ဂွ ပင်လယ်ပြင်တွင် စစ်ကောင်စီ စစ်ရေယာဉ်တစ်စင်းကို AA ပစ်ခတ်
 April 8, 2025

ရခိုင်ပြည်၊ ဂွမြို့နယ် ပင်လယ်ပြင်တွင် လုံခြုံရေးယူနေသည့် စစ်ရေယာဉ်တစ်စင်း အာရက္ခတပ်တော် (AA) ထံ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း ဧပြီ ၇ ရက်နေ့တွင် စစ်ကောင်စီက ပြောသည်။“ AA အနေနဲ့ ဂွမှာ လုံခြုံရေးယူနေတဲ့ စစ်ရေယာဉ် တစ်စင်းကို အဝေးကနေ ပစ်ခတ်ခဲ့ပါတယ်” ဟု စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြော သည်။  ဂွမြို့နယ်အပါ အဝင် ရခိုင်က မြို့နယ် ၁၄ ခုကို AA က သိမ်းပိုက်ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီသည် ဘင်္ဂလားပင်လယ်ပြင်နှင့် မြစ်ဝများတွင် စစ်ရေယာဉ် ၁၀ စီးထက်မနည်းကို ဖြန့်ကျက်အထိုင်ချထားကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အဆို ပါ နေဗီများမှာ မြစ်ကြောင်းတလျှောက်ကင်းလှည့် ခြင်းများ၊ ငါးဖမ်းယာဉ်များကို ဖမ်းစီးခြင်း၊ အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများ ကို လက်နက်ကြီး ပစ်ခတ်ခြင်းများရှိနေကြောင့် ဒေသခံများက ပြေသည်။ AA သိမ်းထားသည့် မြို့နယ်များအနီးနား ပင်လယ်၊ မြစ်ဝများတွင် စစ်ရေယာဉ်များ နေရာယူသွားလာနေခြင်းမှာ လက်လွှတ်ထားရသည့် မြို့နယ်များအား ပြန်လည်ထိုးစစ်ဆင်နိုင် ရန် ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ ရှိနေ သည်။

ရခိုင်ပင်လယ်ပြင်တွင် စစ်ကောင်စီ ရေယာဉ်များ မကြာခဏ သွားလာလှုပ်ရှားမှုများကို တွေ့ရသဖြင့် ဒေသခံများမှာ ငါး ဖမ်းမထွက်ရဲဖြစ်နေကြောင်းသိရသည်။ ယင်းအပြင် ဧပြီ ၆ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ကလုံခြုံရေး တပ်စခန်းများကိုလည်း AA က ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။ AA ပစ်ခတ်မှုနှင့်ပတ်သက်၍ အသေး စိတ်ကို ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။ တစ်ဖက်တွင် ကျောက်ဖြူမြို့အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတို့ဖြင့် ပစ်ခတ်မှု နေ့စဉ်ရှိနေကြောင်း AA က ဧပြီ ၅ ရက်တွင် ထုတ်ပြန်ထားသည်။ လက်ရှိတွင် နိုင်ငံတဝန်းငလျင်ကြောင့် စစ်ကောင်စီနှင့် AA တို့သည် ယာယီအပစ်ရပ်ကြောင်းအသီးသီးကြောညာထားကြသော်လည်း မြေပြင်တွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ Read in Full

၂၇။ ဟိုပင်ရှိ လောင်းကစားဝိုင်းများကို ဒေသခံများက အမြန်ဆုံးပိတ်ပေးရန်တောင်းဆို
 April 7, 2025
 မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့ပြင်ဘောလုံးကွင်းအနီးရှိ စားသောက်ဆိုင်တစ်ခုတွင် လောင်းကစားဝိုင်းများဖွင့်လှစ်ထား သည်မှာသုံးလခန့်ရှိပြီဖြစ်ပြီး ဒေသခံများကိုထိခိုက်လာသောကြောင့် အမြန်ဆုံးပိတ်စေလိုကြောင်းသိရသည်။ ရွှေဘို- မြစ်ကြီးနား ကားလမ်းမကြီးဘေးတွင် နေ့၊ ညမရွေးဖွင့်လှစ်ထားပြီး ဆီတင်သည့်သူများဖြင့် လူစည်ကားလျက်ရှိကြောင်း လူငယ်တစ်ဦးက ပြောသည်။“ဆီတင်တဲ့သူတွေအများပိုင်းလာဆော့ကြတယ်။ အများကြီးရှုံးကြတယ်ပါလာသမျှအကုန်ပြောင်ပဲ။သူတို့ကိုတောင် သနားမိတယ်။ နန့်စီးအောင်ဘက်က ဆီသယ်တဲ့အမျိုးသားတွေဆို ပိုက်ဆံ အိမ်တောင်မရောက်ဘူး၊ ပိုက်ဆံကုန်လို့ ဆီတွေ တောင်ရောင်းပြီးသောင်းကျန်းနေကြတယ်။ ရွာလူကြီးတွေကလည်းနှစ်ဖက်ပေါင်းလုပ်စားထားကြတာထင်တယ်”ဟုပြောသည်။ အဆိုပါလောင်းကစားရုံတွင် ဂျင်ဝိုင်း ၅ ဝိုင်းခန့်၊ ဖဲဝိုင်း ၆ ဝိုင်းခန့်အပြင် လေးကောင်ဂျင်၊ ခြောက်ကောင်ဂျင် စသည့် လောင်းက စားအမျိုးမျိုးလည်းရှိကြောင်းသိရသည်။  ဆီသယ်သည့်ဆိုင်ကယ်များရပ်နားသည့်အနီးတွင် အဆိုပါလောင်းကစားရုံကို ဖွင့်လှစ် ထားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ဆီသယ်တဲ့ ဆိုင်ကယ်သမားတွေ နားတဲ့နေရာမှာဖွင့်ထားတာ။ သက်ဆိုင်ရာကအခွန်ဆိုပြီးခေါင်းစဉ်တပ်ပြီး ကိုယ့် အိတ်ထဲထည့် နေကြတာပဲ။ လောင်းကစားရုံပိုင်ရှင်နဲ့သက်ဆိုင်ရာလူကြီးတွေပေါင်းစားနေကြတာပါ။ နေ့ခင်းပိုင်းဆိုဆိုင်ကယ် တွေအပြည့်နဲ့လူစည်နေတာကိုနေ့တိုင်းတွေ့တယ်” ဟုဆိုသည်။ အဆိုပါလောင်းကစားရုံတွင် ဆီသယ်ဆိုင်ကယ်သမားများနှင့် ဒေသခံအချို့လာရောက်ကစားကြပြီး လောင်းကစားကြောင့် ငွေကြေးများဆုံးရှုံးကာမိသားစုပါထိခိုက်လာသည်ကို မခံမရပ်နိုင် ဖြစ်ရသဖြင့် အမြန်ဆုံးပိတ်သိမ်းပေးရန် ဒေသခံများကတောင်းဆိုနေကြသည်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် တွင် လောင်းကစားရုံအများအပြားပေါ်ပေါက်လာခဲ့ပြီး စစ်ကောင်စီထိန်းချုပ်ရာ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အပါ အဝင် မြို့ပြင်နေရာများတွင်လည်း တရားမဝင်လုပ်ငန်းများ ပိုမိုများပြားလာခြင်းဖြစ်သည်။ Read in Full

၂၈။ လားရှိုးကပြန်ဆုတ်ခွာမည့် MNDAA ကိုးကန့် တပ်နောက်ကို ဝန်ထမ်းများ ပြန်မလိုက်လို
 April 7, 2025

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော် လားရှိုးမြို့ကနေဆုတ်ခွာရတော့မယ့် MNDAA ကိုးကန့်တပ်ရဲ့အုပ်ချုပ်ရေးအောက်မှာဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ အများစုဟာ ကိုးကန့် ဆုတ်ခွာရမယ့်နောက်ကို ပြန်မလိုက်ကြတော့ဘူးလို့ သိရပါ တယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိုနှိုင်းမှုကြောင့် လားရှိုးကနေ MNDAA ကိုးကန့်တပ်တွေဟာ ဧပြီ ၂၂ နောက်ဆုံးထားပြီး ဆုတ်ခွာ ပေးရတော့မှာပါ။ အဲ့ဒီလို ဆုတ်ခွာသွားရမယ့် ကိုးကန့်တပ်ရဲ့ နောက်ကို သူအုပ်ချုပ်စဉ်က ဝင်ရောက် တာဝန်ထမ်းဆောင်ခဲ့ကြ တဲ့သူ အများစုက မလိုက်တော့ဖို့ ဆုံးဖြတ်ကာ တခြားတော်လှန်ရေး အင်အားစုနယ်မြေတွေဘက်ကို သွားကြမယ့်သူက ပိုများနေ တယ်လို့ ကိုးကန့်တပ်အောက် တာဝန်ထမ်းဆောင်ခဲ့သူတယောက်က ပြောပါတယ်။ ကိုးကန့်တပ်တွေဟာ လားရှိုးမြို့ပေါ် ရပ်ကွက်ကြီး (၁၂) ရပ်ကွက်ကနေ ဆုတ်ခွာရမှာဖြစ်ပြီး မြို့နဲ့ ၃ မိုင်အကွာမှာ ဆက်လက် တပ်စွဲထားမှာဖြစ်ပါတယ်။ လားရှိုးမြို့ ကို တရုတ်နိုင်ငံက ကောက်စစ်ဝန်ရုံး ကြားခံထားရှိပြီး ကိုးကန့်နဲ့ စကစ အုပ်ချုပ်ရေးက ညှိုနှိုင်းအုပ်ချုပ်မှာဖြစ်ကာ စကစတပ်ဖွဲ့ တွေ ၁ ရပ်ကွက်ကို ၂၅ ယောက်နှုန်းနဲ့ ထားရှိမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

တော်လှန်ရေး ရဲဘော်တွေရဲ့ ရာနဲ့ချီတဲ့ အသက်တွေကို  ပေးဆပ်ပြီး တိုက်ယူခဲ့ရတဲ့ နယ်မြေကို အခုလို ပြန်ပေးလိုက် တာကြောင့် MNDAA ကိုးကန့်တပ်အပေါ် အယုံအကြည်မရှိတော့လို့ တာဝန်ကနေ နုတ်ထွက်တဲ့တော့မယ်လို့ ကိုးကန့်တပ် အောက်တွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ လားရှိုးမြို့ခံကပြောပါတယ်။ လားရှိုးမြို့ကို စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား ပြန်ဝင်လာ တော့မှာဖြစ်တာကြောင့် စစ်အာဏာရှင်ကို အကြမ်းမဖက်အာဏာဖီဆန်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေ၊ ဒီမိုကရေစီ လိုလားသူတွေ နဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ဖမ်းဆီးခံရမှာစိုးရိမ်တာကြောင့် တခြားမြို့ရွာတွေကို တိမ်းရှောင်သွားဖို့ ပြင်ဆင်နေကြတယ် လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၂၉။ အင်းတော်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
 April 8, 2025

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အထက်ပိုင်း နယ်စပ်မျဉ်းအနီးမှာ တည်ရှိတဲ့ အင်းတော်မြို့ကို ဧပြီ ၇ ရက် ညဦးပိုင်းမှာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်က “ည ၈ နာရီလောက်မှာပဲ အင်းတော်မြို့မှာ နောက်ဆုံး ကျန်နေပြီး သူတို့ဘက်က ခံစစ်လုပ်ထားတဲ့ ဂျပန်လိုဏ်ဂူကို အပြီးသတ် တိုက်ခိုက်နိုင်လိုက်လို့ အင်းတော်မြို့တခုလုံးကို ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ရ ရှိခဲ့တာပါ” လို့ ပြောပါတယ်။ အဆိုပါ အင်းတော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပြင် ABSDF ကျောင်းသားတပ်မတော်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်က တော်လှန်ရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လလယ်ပိုင်းက စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၉ လနီးပါးကြာ တိုက်ခိုက်ခဲ့ရတာလို့ ဆိုပါတယ်။ စစ်ကိုင်းတိုင်း အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက “တိုက်ပွဲထဲမှာ နှစ်ဖက် အထိအခိုက် အကျအဆုံး ရှိတယ်။ သူတို့ဘက်ကလည်း ရှိတယ်၊ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ရှိတယ်၊ သူတို့ဘက်ကတော့ များတာပေါ့ဗျာ။ သုံ့ပန်း အရှင်ဖမ်းမိတာ တွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ပဲ လတ်တလော ပြောလို့ရဦးမယ်။ သူတို့ဘက်က လေကြောင်းတိုက်ခိုက်တာတွေကတော့ တိုက်ပွဲထဲမှာတင် အကြိမ် ၆၀ လောက်ရှိတယ်။ အခုလည်း ဆက်ရှိနေတုန်းပဲ” လို့ အတည်ပြုပြောပါတယ်။

အင်းတော်မြို့က ဒေသခံပြည်သူအများစုဟာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အင်းတော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကို စတင်တိုက်ခိုက်ချိန်ကတည်းက ဘေးလွတ်ရာ နေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့လည်း ဆိုပါတယ်။ အင်းတော်မြို့ရဲ့ အရှေ့ဘက်မှာရှိတဲ့ ဂျပန်လိုဏ်ဂူဟာ အင်းတော်မြို့နဲ့ ရွှေဘို-မြစ်ကြီးနား ကားလမ်းကို ဗျူဟာအရ စိုးမိုးနိုင်တဲ့ နေရာတခု ဖြစ်တယ်လို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဧပြီ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်နဲ့ ဧပြီ ၂ ရက် မနက် ၁၀ နာရီဝန်းကျင်တွေမှာ အင်းတော်မြို့မဘုန်းကြီးကျောင်းနဲ့ အဲဒီကျောင်းဝန်းကျင်တွေကို ၂ ရက် ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ မြို့မဘုန်းကြီးကျောင်းဆောင်၊ ဓမ္မာရုံနဲ့ ဆွမ်းစားဆောင်တို့ မီးလောင် ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင်  ဘုန်းကြီးကျောင်းအတွင်းမှာရှိနေတဲ့ ပြည်သူ ၂ ယောက် သေဆုံးခဲ့ကြပြီး ၈ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာတွေရရှိ သွားခဲ့ကြကာ ရပ်တော်မူရုပ်ပွားတော်၊ ဓမ္မမဏ္ဍိုင်ဘုန်းကြီးကျောင်းနဲ့ မြို့တော်ခန်းမတို့လည်း ပျက်စီးသွားပါတယ်။ Read in Full

၃၀။ နှစ် ၄၀ ပြည့် အခမ်းအနား၌ မိတ်ဖက်အဖွဲ့ ၅၄ ဖွဲ့နှင့် အမျိုးသမီး ၄၉ ဦးကို KWO ဂုဏ်ပြု
 April 7, 2025
ကရင်အမျိုးသမီးအစည်းအရုံး-KWO ဖွဲ့စည်းတည်ထောင်ခြင်း နှစ် ၄၀ ပြည့် နှစ်ပတ်လည် အခမ်းအနား၌ မိတ်ဖက် အဖွဲ့အစည်း ၅၄ ဖွဲ့နှင့် အဖွဲ့အတွင်း ဦးဆောင်မှုနေရာ၌ ၁၀ နှစ်အထက်ပါဝင်ခဲ့သူ အမျိုးသမီး ၄၉ ဦးကို မှတ်တမ်းတင် ဂုဏ်ပြုလက်မှတ်များချီးမြှင့်ပေးအပ်ခဲ့သည်။ ဧပြီ ၅ ရက်နေ့တွင် ကျရောက်သည့် KWO ဖွဲ့စည်းပုံဖြင့် စနစ်တကျ ခိုင်ခိုင်မာမာပြန်လည်ဖွဲ့စည်း ခဲ့သည့် နှစ် ၄၀ ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်း အရုံး၊ စီမံအုပ်ချုပ်နယ်မြေ တစ်နေရာ၌ ကျင်းပခဲ့ပြီး မိတ်ဖက်အဖွဲ့အစည်း ၅၄ ဖွဲ့နှင့် မြို့နယ်၊ ခရိုင်နှင့် ဗဟိုအဆင့်တို့တွင် ၁၀ နှစ်အထက်ဦးဆောင် ပါဝင်ပေးခဲ့သူ အမျိုး သမီး ၄၉ ဦးကို ဂုဏ်ပြုလက်မှတ်များ ထိုသို့ ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ယခုလို ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခံရသူများမှာ ၁၀ နှစ် အထက်ပါဝင်သူ ၆ ဦး၊ ၁၅ နှစ်အထက် ၂၆ ဦး ၂၀ နှစ်အထက် ၁၂ ဦး၊ ၂၅ နှစ် အထက် ၃ ဦးနှင့် ၃၀ နှစ်အထက် ၂ ဦး တို့ကို ဂုဏ်ပြု လက်မှတ်များ KWO က ပေးအပ်ခဲ့သည်။ ၎င်းအပြင် KWO စည်းရုံးနယ်မြေအတွင်း ရပ်ရွာဒေသအတွက် ကျရာအခန်းကဏ္ဍတွင် ဦးဆောင်မှုအပိုင်းတွင် နှစ်ပေါင်းများစွာကြာပါဝင်လုပ်ဆောင်ပေးခဲ့သည့် အမျိုးသမီး ၈ ဦးကိုလည်းသီးခြားဂုဏ်ပြု ပေးခဲ့ကြောင်း သိရသည်။

“သူတို့က ပေးဆပ်လုပ်ဆောင်လာတာနှစ်ပေါင်းကြာပြီး ဘယ်သူမှသူတို့ကို အသိမှတ်ပြုဂုဏ်ပြုပေးတာမရှိဘူး။ အဲဒါ ကြောင့် သူတို့ကို ကျမတို့ ကရင်အမျိုးသမီးအစည်းအရုံးက အသိမှတ်ပြု ဂုဏ်ပြုတာဖြစ်တယ်”ဟု KWO ဥက္ကဋ္ဌ နော်ကညောဖော က ပြောသည်။ နှစ် ၄၀ အတွင်း ကရင်အမျိုးသမီးများ တန်းတူညီမျှမှုရရှိရေးအတွက် များစွာလုပ်ဆောင်ပေးနိုင်ခဲ့သလိုရပ်ရွာ အဆင့်မှစတင်၍ ကေအဲန်ယူ ကွန်ဂရက်အထိ အမျိုးသမီးပါဝင်မှုအများအပြားရှိလာသည့် ရလဒ်ထွက်ပေါ်ခဲ့ကြောင်း၊ အလားတူ ကေအဲန်ယူ၊ ထိန်းချုပ်နယ်မြေအတွင်းရှိမည်သည့် ဒေသမဆို အမျိုးသမီးနှင့်ကလေးများအတွက် KWO ကခိုင်မာစွာရပ်တည်ပေး နိုင်နေပြီးဖြစ်သည်ဟု ဥက္ကဋ္ဌနော်ကညောဖောက ဖြည့်စွက်ပြောသည်။ ကရင်အမျိုးသမီးအစည်းအရုံး-KWO သည် ကေအဲန်ယူ-ထိန်းချုပ်နယ်မြေ၊ ခရိုင် (၇) ခုတွင် ခရိုင်၊ မြို့နယ်၊ ကျေးရွာအဆင့်ဆင့်ထိ အဖွဲ့ဝင်များ ရှိနေပြီးဖြစ်သည့်အပြင် ထိုင်း-မြန်မာနယ် စပ် ဒုက္ခသည်စခန်း (၇)ခု တွင်လည်း KWO စည်းရုံးလှုပ်ရှားနေကြောင်း သိရသည်။ ထိုနှစ် ၄၀ အတွင်း KWO က ကွယ်လွန်သူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဋ္ဌဟောင်း ပဒိုနော်စီဖိုးရာစိန် ကဲ့သို့ အမျိုးသမီးတော်လှန်ရေးခေါင်းဆောင်များ ပေါ်ထွက်ခဲ့သလို နယ်ပယ်စုံ ထင်ရှားသည့် အမျိုးသမီးခေါင်းဆောင်များ၊ မျိုးဆက်သစ် အမျိုးသမီးခေါင်ဆောင်များ မွေးထုတ် နိုင်ခဲ့ပြီး လက်ရှိ အဖွဲ့ဝင် ၇၀,၀၀၀ ဦး ကျော်ရှိပြီး ဖြစ်သည်။ R

၃၁။ အဓမ္မစစ်သားစုဆောင်းခံရသော ပြည်သူ့စစ် ၂ ဦး CDF-Hakha ထံ အလင်းဝင်
 April 7, 2025

ချင်းပြည်နယ် ဟားခါးမြို့တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီလက်အောက် ပြည်သူ့စစ် ၂ ဦးသည် CDF-Hakha တပ်ဖွဲ့ထံ မတ်လ ၂၅ ရက်နေ့က အလင်းဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။ အလင်းဝင်ရောက်လာသူမှာ စစ်မှုမထမ်း မနေရအမိန့်ကြောင့် ပေါ်တာဆွဲခံရကာ ကလေးမြို့တွင် စစ်သင်တန်း‌တက်ရောက်ခဲ့ ပြီးနောက် ချင်းပြည်နယ် ဟားခါးမြို့ပေါ် တွင် တာဝန်ချခြင်းခံရသူဟု သိရသည်။“ကျွန်တော်မကွေးမှာအမျိုးသမီးကိုလိုက်ပြီး အလုပ်လုပ်ရင်း ပေါ်တာဆွဲခံရတာပါ။ စစ်မှုမထမ်းမနေရဆိုပြီးမှ ပေါ်တာဆွဲခံရလို့ ရဟတ်ယာဉ်နဲ့ ကလေးမြို့ကို ပို့ပါတယ်။ အဲမှာ သေနတ် အဖြုတ်အတပ်၊ ပစ်ခတ်မှု ပုံစံတွေ သင်ပေးပါတယ်။ အဲဒါနဲ့ အရေးကြီးတယ်ဆိုပြီးမှ ကျွန်တော်တို့ကို ရှေ့ တန်းပို့ပါတယ်။ အဲလိုနဲ့ ကျွန်တို့ကို ရဟတ်ယာဉ်နဲ့ ဟားခါး စစ်တပ်ဗျူဟာကုန်းကို ချပေးတယ်။ နာရီဝက်လောက် နားပြီးမှ အရေးကြီးလို့ဆိုပြီး ကျောက်တိုင်ဘက်ကို ပို့ပါတယ် လုံခြုံရေးပေါ့။ ပစ(ပြည်သူ့စစ်)တွေကို ကျည်ဆံ ၅၀ စီနဲ့ လက်ပစ်ဗုံး ၁ လုံးစီပေးပါတယ်။ သေနတ်ကတော့ အရေးကြီးတဲ့ချိန်၊ ကင်းစောင့်တဲ့ချိန်မှ ပေးကိုင်ပါတယ်။ ပြီးတော့ သူတို့က (စစ်ကောင်စီ) CDM လုပ်တဲ့သူတွေကို သူတို့သိချင်တဲ့ အချက်အလက် တွေကိုမေး၊ ငွေကြေးပေးပြီး သတ်ပစ်ပါတယ်ဆိုပြီး ဝါဒဖြန့်ပါတယ်။ ကျွန်တော်တို့ကလဲ သေရမှာချင်းအတူတူ ဆိုပြီး သေနတ် ယူပြီး ထွက်လာတာ၊ ၂ ယောက်ပေါ့။”ဟု မကွေးမှ ပေါ်တာဆွဲခံရပြီးနောက် ဟားခါးမြို့တွင်တာဝန်ချခံရကာ အလင်းဝင်လာသူ ကပြောသည်။

ဤကဲ့သို့ အလင်းဝင်လာသူများကို Chinland Defense Force – Hakha မှ နွေးနွေးထွေးထွေး ကြိုဆိုပြီး ငွေသားဆု ကြေးများ ချီးမြှင့်သည့်အပြင် လုံခြုံသည့်နေရာရောက်သည်အထိ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း CDF-Hakha က ယနေ့တွင် ထုတ်ပြန်ကြေညာသည်။ အလားတူ ဧပြီလ ၃ ရက်နေ့ကလည်း တီးတိန်မြို့ ခလရ ၂၆၉ တပ်ရင်းက စစ်ကောင်စီ တပ် သား မောင်ဖိုးခွါးနှင့် ဒုတပ်ကြပ် မျိုးမင်းကျော် တို့နှစ်ဦးသည်လက်နက်ခဲယမ်းများနှင့်အတူ PDF Zoland ထံ အလင်းဝင် ရောက်ခဲ့ ကြသည်ဟု သိရသည်။ Read in Full

၃၂။ အင်းလေး ရေပူရွာတိုက်ပွဲ၌ စစ်တပ် ဒရုန်း ၁ စင်း ပစ်ချခံရ
April 8, 2025

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ရေပူကျေးရွာအနီးနားမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တို့ရဲ့ ဒရုန်းတစင်းကို ပစ်ချနိုင်ခဲ့တယ်လို့ အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF တာဝန်ရှိသူက ဧပြီ ၈ ရက်မှာ ပြောပါတယ်။ ဧပြီ ၅ ရက်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက လေကြောင်းကနေ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ၆ ရက်နေ့မှာ ရေပူကျေးရွာဘက်ကို ဦးတည်ကာ စစ်​ကြောင်းထိုးလာတဲ့အတွက် ထိတွေ့တိုက်ပွဲ ဖြစ် ပွားကာ တိုက်ပွဲအတွင်းမှာ ဒရုန်းတစင်းကို ပစ်ချနိုင်ခဲ့တာ ဖြစ်ပါတယ်။ IPDF တပ်ရေးဗိုလ်က “သူတို့က ဒရုန်းနဲ့ နေ့စဥ်ရက်ဆက် ကြဲနေတာပေါ့။ ရဲဘော် တွေက တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဒရုန်းနဲ့ ဗုံးသီးလာချဖို့ ပျံလာတဲ့အချိန် ရဲဘော်တယောက်က ပစ်ချလိုက်တာ”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ရေပူကျေးရွာဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချတာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေပြီး စစ်ကြောင်းထိုးဖို့အတွက် အင်အားဖြည့်တင်းတာတွေ ရှိနေတယ်လို့ သိရပါ တယ်။ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က မတ် ၃၀ ရက်နဲ့ ၃၁ ရက်မှာ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းနဲ့ ဗုံးသီးချ တိုက် ခိုက်တာတွေကြောင့် ရေပူကျေးရွာနဲ့ ဘုရားတောင်ကျေးရွာဘက်က နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။ စစ်ကောင်စီတပ်က ငလျင်ကြောင့် ၂၁ ရက်ကြာ အပစ်ရပ်စဲမယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာတော့ စစ်ကြောင်းထိုးနေပြီး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ Read in Full

၃၃။ မိုင်းရှင်းလင်းရေးကို AA ထိထိရောက်ရောက် လုပ်စေလိုဟု ဒေသခံများပြော
 April 7, 2025

ရခိုင်ပြည်နယ် မြို့ရွာများတွင် မြေမြှုပ်မိုင်းနင်းမိ၍ ထိခိုက်သေဆုံးမှုမကြာခဏဖြစ်ပေါ်နေသဖြင့်သခံများက အာရက္ခ တပ်တော်(AA) ကို မိုင်းရှင်းလင်းရေးလုပ်ငန်း ထိထိရောက်ရောက် လုပ်ဆောင်ပေးရန် လိုလားနေကြသည်။ စစ်ကောင်စီတပ်က  စစ်စခန်းများ၊ တောတောင်များတွင် မိုင်းများထောင်ထားရာ ဒေသခံတို့ ဟင်းရှာ၊ ထင်းခုတ်သွား ရောက်စဉ်  မိုင်းထိကြသဖြင့် ထိခိုက်သေဆုံးမှုရှိသည်ဟု ဂွဒေသခံတစ်ဦးက ပြောသည်။“လူတွေက စားဝတ်နေရေးအတွက် တောတောင်တွေကို သွားကြ တယ်၊ ဟင်းရှာဖို့၊ ထင်းခုတ်ဖို့ပေါ့။ တချို့လည်း ကျွဲ၊ နွားကျောင်းဖို့ သွားကြတယ်။ အဲဒီအချိန်မှာ မထင်မှတ်ဘဲနင်းမိပြီး ပေါက်ကွဲတယ်။ AA အနေနဲ့ မိုင်းရှင်းလင်းရေးတို့ကို ထိထိရောက်ရောက်လုပ်ဆောင်သင့်တယ်” ဟု ၎င်းက ဆိုသည်။ ပြီးခဲ့သည့် ၁၀ ရက် အတွင်း  ဟင်းစားရှာသွားစဉ် မိုင်းထိသူအရေ အတွက် ၃ ဦး အနည်းဆုံးရှိသည်ဟု သိရသည်။ ဧပြီ ၃ ရက်နေ့က ဂွမြို့နယ်၊ ကျိန္တလီ မြို့ မှ အသက် ၃၀ အရွယ် ဦးထွန်းလှ၊  မတ်လ ၃၀ ရက်နေ့က ဂွမြို့နယ်၊ ဆားချက်ရွာမှ  ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင်တို့မှာ ခြေတစ်ဘက်ပြတ်သွားကြသူများ ဖြစ်သည်။ မတ် ၃၁ ရက်နေ့က တောင်ကုတ်ဒေသခံတစ်ဦး  မိုင်းနင်းမိ၍ ခြေထောက်ပြတ် သွားခဲ့သည်။ ဒေသခံအများအပြားမှာ စားဝတ်နေရေးအတွက် တောကို မှီခိုနေရသည်ဟု ရခိုင်ပြည်နယ်အတွင်း မိုင်းထိသူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“အဓိက စားဝတ်နေရေးအတွက် ဆင်းရဲတဲ့သူတွေက တောတောင်တွေကို ဟင်းရှာ၊ ထင်းခုတ်ဖို့ သွားကြတယ်။ သူတို့ မိုင်းထိတယ် ဆိုတော့ သူတို့က နဂိုကတည်းက ဆင်းရဲတော့ ဆေးကုသဖို့ ပိုက်ဆံလည်း မရှိဘူး။ သိပ်အခက်အခဲဖြစ်ကြတယ်။ လိုအပ်ချက်တွေ သိပ်ရှိတယ်”ဟု သူကပြောသည်။ ရခိုင်ပြည်နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး အုပ်ချုပ်ရေးများ လည်ပတ်နိုင်ရန် လုပ်ဆောင်နေသည်။ ထိန်းချုပ်နယ်မြေအများစုတွင် ပြည်သူများအန္တရာယ် ကင်းရှင်းရေး အတွက် မိုင်းရှင်းလင်းရေးလုပ်သလို မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်အသိပညာပေးဟောပြောပွဲများကိုလည်း လုပ်ဆောင်နေ သည်ဟု AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။ မိုင်းရှင်းလင်းရေးစက်ကိရိယာများ လိုအပ်နေ ကြောင်း ၎င်းက ဆိုသည်။“မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့ အဓိက စိန် ခေါ်မှုအခက်အခဲတွေကတော့ မိုင်းရှင်းလင်း‌ရေးအတွက် လိုအပ်တဲ့စက်ကိရိယာတွေ အလုံအလောက်မရှိတာတွေဖြစ်ပါတယ်။ ဒါကြောင့် မိုင်းရှင်းလင်းရေး အထောက်အကူပြု ပစ္စည်းတွေကို အိမ်နီးချင်းနိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးနိုင်ရင်တော့ ဒီမိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ကျွန်တော်တို့ ဒီထက်ပိုပြီး အရှိန် အဟုန်မြှင့်ပြီး လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်”ဟု  ၎င်းကပြောသည်။ စစ်ကောင်စီနှင့် AA တို့ ငလျင်ကြောင့် လတ်တလော ယာယီအပစ်ရပ်ကြောင်း အသီးသီး ကြေညာထားကြသော်လည်း ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး နှစ်ဖက်လုံးက တိုက်ခိုက်ခံရမှုများ ရှိနေကြောင်း ထုတ်ပြန်ထားကြသည်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button