သတင်းဆောင်းပါး

ရွေးကောက်ပွဲက စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်လား

ရိုးသက် | သတင်းဆောင်းပါး

ရွေးကောက်ပွဲက စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်လား

ရိုးသက် | သတင်းဆောင်းပါး

၂၀၂၀ ပြည့်နှစ်က ကျင်းပပြုလုပ်ခဲ့သော အထွေထွေရွေးကောက်ပွဲ ရလာဒ်များကို လက်မခံနိုင်ဘဲ မဲစာရင်းများ မှားယွင်းနေ သည်ဆိုသော အကြောင်းပြချက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အာဏာ ပြန်လည်လွှဲ ပေးမည်ဟု အတိအလင်း ကြေ ညာခဲ့သည်။

ထို့အတူ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ဟူသော ခေါင်းစဉ်တွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေ ရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော် တာဝန်လွှဲအပ်မည်ဟု လည်း ထည့်သွင်းဖော်ပြထားသည်။

“နစက ရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ထဲကရွေးကောက်ပွဲ အကောင်အထည်ဖော်နိုင်ဖို့ပေါ့၊ ဒါက နိုင်ငံရေးမှာ စစ်အာဏာရှင် ဆက်လက် စွက်ဖက်နိုင်ရေး စစ်အာဖဏာရှင်သက်ဆိုးရှည်ရေး အတွက်ပါ။ စကစရဲ့ လုပ်ရိုးလုပ်စဉ်၊ ကစားကွက်တွေက ငါတို့ အတွက် ရိုးနေပါပြီ။ စကစဟာ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ပြောဆိုဝေဖန်မှုကနေ နိုင်ငံရေးထွက်ပေါက် ရှာနေတယ်လို့လည်း ပြောလို့ရပါတယ်”ဟု ချင်းအမျိုးသား တပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီ(NLD) အရပ်သားအစိုးရထံမှာ အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲ သည် လွတ်လပ်ပြီး တရားမျှတမှု ရှိမည်လား၊ ရွေးကောက်ပွဲသည် စစ်ကောင်စီအတွက် နိုင်ငံရေးထွက်ပေါက်တခုလားဆိုသည့် ဝေဖန်သုံးသပ်မှုများလည် ပြည့်နှက်နေလျက်ရှိသည်။

“နိုင်ငံရေးထွက်ပေါက်ဆိုတာထက် စပြီး အာဏာသိမ်းစဉ်ကတည်းက အဲဒီလို ကတိပေးထားတာဖြစ်တဲ့အတွက် သူ့ကတိကို သူတည်အောင်ကြိုးစားတယ်ပေါ့ဗျာ၊ သူဟာ ကတိတည်တဲ့သူတယောက်ဖြစ်ပါတယ်ဆိုတဲ့ဟာကို ပြသပြီးတော့ နိုင်ငံတကာ ထောက်ခံမှု ရယူချင်တဲ့သဘောပါပဲ၊ ပြီးတော့ ဒီကြားထဲမှာ သူ အသက်ဆက်လို့ရအောင် ပြင်ပနိုင်ငံတချို့ကလည်း အရေးပေါ် အကူအညီပေးလိုက်တာတွေလည်း ပါတာပေါ့၊ အဲဒီပြင်ပနိုင်ငံတချို့နဲ့ နိုင်ငံရေးသဘောတူညီမှုအရ ဒါကိုလည်း မဖြစ်မနေ လုပ်တဲ့သဘောလို့ ယူဆပါတယ်”ဟု စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်ဆွေက ပြောသည်။

ယခုအခါ စစ်ကောင်စီသည် ဘက်ပေါင်းစုံမှ နိုင်ငံရေး၊ စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ခံထားရသည့်အပြင် အာဆီယံ သဘောတူညီချက်များကိုလည်း ဆောင်ရွက်နိုင်ခြင်းမရှိသောကြောင့် အကြပ်အတည်းများဖြင့် ရင်ဆိုင်နေရချိန် ရွေးကောက်ပွဲ အား နိုင်ငံရေးထွက်ပေါက်တခုအနေဖြင့် အသုံးချလာခြင်းမျိုးဟု စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

“ရွေးကောက်ပွဲလည်း ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး၊ မြို့နယ်ပေါင်း ၃၃၀ ရှိတဲ့အထဲမှာ တဝက်ကျော်လောက် က ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်မှာ အကုန်လုံးရောက်နေပြီဖြစ်တယ်။ ဒါကိုသိလို့ သူကလည်း အပိုင်းလိုက် ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးမှ လုပ်နေတာ။ အဓိကတော့ နိုင်ငံရေးထွက်ပေါက်ကို ရှာတဲ့ပုံစံပါပဲ။ ဒီကနေ အားလုံးသိကြတဲ့အတိုင်းပဲ သူ့ရဲ့အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာကလည်းသိနေပြီ။ အဲဒါကြောင့် သူက Internal Legitimacy မရရအောင် ရွေးကောက်ပွဲထွက်ပေါက်လုပ်ပြီးမှ External Legitimacy ရအောင်လုပ်တာပဲဖြစ်တယ်”ဟု ကရင်နီ အမျိုးသားတိုးတက်ရေပါတီ(KNPP) မှ အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

ထိုသို့ ထုတ်ပြန်အသိပေးမှုများနှင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုမရှိသေးဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ၆ လ တကြိမ် အာဏာသက်တမ်းတိုးမှု ၆ ကြိမ်အထိ ပြုလုပ်ပြီးနောက် လာမည့် ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပမည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။

ယခုအခါ ၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း သန်းခေါင်စာရင်းကောက်ယူခြင်းများလည်း ပြုလုပ်နေလျက်ရှိသည်။

“သန်းခေါင်စာရင်းကောက်တယ်ဆိုတာကလည်း ကျနော်တို့ စစ်ကိုင်းတိုင်းမှာပဲ စစ်ရှောင်ပြည်သူလူထုက ၁၂ သိန်းကျော် ရှိတယ်၊ အားလုံးက ပြေးလွှားနေကြရတယ်၊ ကိုယ့်ဟာနဲ့ကိုယ် အခြေတကျနေထိုင်တဲ့သူက နည်းနေတယ်၊ ၂၀ ရာခိုင်နှုန်းကျော် စစ်ဘေးရှောင်တွေ ဖြစ်နေတယ်၊ အခြားတိုင်းနဲ့ပြည်နယ်တွေမှာလည်း ဒီလိုပဲ၊ ဒီလိုအခြေအနေမှာ သန်းခေါင်စာရင်းကောက် တယ်ဆိုတာမှာ ဘယ်လိုမှ အချက်အလက် မှန်မှန်ကန်ကန် မရနိုင်ပါဘူး၊ ဒါတွေက သူ့ဟာသူ လုပ်ချင်ရာတခုကို ဇွတ်လုပ်နေ တာမျိုးပဲ၊ အကြမ်းဖက်စစ်တပ်ဆိုတာကတော့ ဖြစ်ချင်ရာတခုကို အမိန့်နဲ့ အာဏာနဲ့ သေနတ်ထောက်ပြီး လုပ်တဲ့အကျင့်ရှိတာ ဆိုတော့ မဖြစ် ဖြစ်အောင် လျှောက်လုပ်မယ့်သဘောပါပဲ၊ ဒါတွေဟာ ဒီမိုကရေစီအနှစ်သာရနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲ ပြည်သူ့ရဲ့ အချက်အလက်အမှန်တွေ ရနိုင်တဲ့ သန်းခေါင်စာရင်းဆိုတာမျိုး ဖြစ်လာဖို့က တော်တော်လေးကို ခဲယဉ်းပါတယ်”ဟု စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်ဆွေက ပြောသည်။

သန်းခေါင်စာရင်း ကောက်ယူပြီးနောက် ရလဒ်များကို ကြေညာပြီး ရွေးကောက်ပွဲ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဩဂုတ်၂၅ ရက်က မန္တလေးတိုင်းအစိုးရအဖွဲ့နှင့် စစ်ခေါင်းဆောင်တို့  တွေ့ ဆုံစဉ် ပြောကြားထားသည်။

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲစာရင်းများ မှားယွင်းမှုမရှိစေရေးအတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း၊ ဆန္ဒမဲပေးချိန်တွင် မှန်မှန်ကန်ကန်ဖြစ်ရေး တာဝန်ရှိသူများ ဝိုင်းဝန်းဆောင်ရွက်ပေးရန်လည်း စစ်ခေါင်းဆောင်က ဆိုသည်။

ထို့ပြင် NLD အစိုးရလက်ထက် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ၌ မဲမသမာမှုများမှာ တနိုင်ငံလုံးအနှံ့ ဖြစ်ပေါ်ခဲ့ကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံရေးအရ ဆောင်ရွက်ရာတွင် အာဃာတများ ထားခြင်း၊ လက်တုံ့ပြန်ခြင်းများ မရှိဘဲ အေးအေးချမ်းချမ်းဖြစ်အောင် ဆောင်ရွက်ရမည်ဟုလည်း ပြောဆိုသည်။

“ရွေးကောက်ပွဲ အောင်မြင်နိုင်သလားဆိုတော့ အဓိကတော့ ဖြစ်အောင်လုပ်ရင်တော့ ဖြစ်တာပေါ့ဗျာ၊ ဒါပေမယ့်လို့ Free and Fair Election ဖြစ်သလား၊ နောက် ဘယ်နှရာခိုင်နှုန်း ပြည်သူက မဲလာပေးနိုင်မလဲ၊ လက်ရှိ ကျနော်တို့နိုင်ငံမှာက တော်လှန်ရေး အားကောင်းနေတဲ့ တိုင်းနဲ့ပြည်နယ်တွေ အများကြီးရှိတယ်၊ တော်လှန်ရေးအားမကောင်းသော်ငြားလည်း သဘာဝဘေး၊ ရေဘေး ကြုံတွေ့နေရတဲ့နေရာတွေ အများကြီး ရှိတယ်၊ ဒီလိုအခင်းအကျင်းမှာ ရွေးကောက်ပွဲတခုဖြစ်မြောက်ဖို့ ဆိုတာက ဘယ်လိုမှ ကာဗာဖြစ်တဲ့ လူထုဆန္ဒအမှန်ကို ကိုယ်စားပြုနိုင်တဲ့ အခင်းအကျင်းမျိုးက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”ဟု စစ်ရေး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်ဆွေက ပြောသည်။

စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမှုတွင် တရုတ်နိုင်ငံကလည်း နည်းပညာဆိုင်ရာ အကူအညီပေးအပ်မည်ဟု အတိအလင်း ပြောဆိုထားသလို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကလည်း စစ်ကောင်စီ၏ ရွေးကောက်ပွဲမှာ ပြည်သူလူထု ၏ ဆန္ဒနှင့် ဆန့်ကျင်နေသည်ဟု ထုတ်ပြန်ထားသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ တရားမျှတမှုလည်း မရှိပါဘူး၊ ငြိမ်းချမ်းရေးလည်း ဖော်ဆောင်လို့မရနိုင်ပါဘူး။ ဒီဖိတ်ခေါ်ချက်ကိုလည်း ကျနော်တို့ စိတ်မဝင်စားဘူး။ သူတို့ရဲ့တခုတည်းသော ထွက်ပေါက်ကို တရုတ်ဘက်က ပိုထောက်ခံအောင်လုပ်တဲ့ ဟန်ပြလုပ်ကွက်တစ်ခုသာဖြစ်ပါလိမ့်မယ်”ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ပြောသည်။

မြန်မာနိုင်ငံ၌ မြို့နယ်ပေါင်း ၃၃၀ ရှိသည့်အနက် ၂၀၁၀ ပြည့်နှစ်ရွေး ကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၂၅ မြို့ နယ်၊ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၂၃ မြို့နယ်နှင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်တို့၌ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၇ အရ နိုင်ငံ တော်သည်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ကိုကျင့်သုံးသည်ဆိုသော ပြဌာန်းချက်၏ အနှစ်သာရသည် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်အား တစ်နိုင်ငံလုံး မည်သည့်နေရာဒေသမကျန် ကျင့်သုံးရမည်ဖြစ်ကာ ထိုသို့ ကျင့်သုံးနိုင်ရန် အခြေခံအချက်မှာ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲကို တနိုင်ငံလုံး ဆောင်ရွက်ပေးသွားမည်ဟု စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ၂၀၂၃ ခုနှစ် မတ် ၂၄ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ထည့်သွင်းပြောြကားထားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲပြုလုပ်စဉ်ကလည်း မဲဆန္ဒနယ်တခုလုံးမကျင်းပနိုင်သည့် မြို့နယ် ၁၅ ခု (ရခိုင် ၉ /ရှမ်း ၆ ပါ)နှင့် နေရာအချို့မကျင်းပနိုင်သော မြို့နယ် ၄၂ ခု တို့ ရှိခဲ့ကြောင်း ရွေးကောက်ပွဲမှတ်တမ်းများအရ သိရသည်။

ရခိုင်ပြည်နယ်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦးတို့တွင် မဲဆန္ဒနယ်တခုလုံး မကျင်းပနိုင်ခဲ့သလို ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ်မြို့နယ်များရှိ ကျေးရွာအုပ် စုအချို့တွင်လည်း ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

ထို့အပြင် ရှမ်းပြည်နယ်အတွင်းရှိ မိုင်းလား၊ ပန်ဆန်း၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်၊ မိုင်းကိုင်မဲဆန္ဒနယ်များအနေဖြင့် မဲဆန္ဒနယ်တခုလုံးမကျင်းပနိုင်ခဲ့သလို ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်၊ မန်တုံ၊ မိုင်းခတ်၊ မိုင်းယန်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ ကွတ်ခိုင်၊ မူဆယ်၊ မက်မန်း၊ မိုင်းတုံ၊ တန့်ယန်း၊ လားရှိုး၊ ကွမ်းလုံ၊ ကုန်းကြမ်း၊ ဟိုပန်း မြို့နယ်များရှိ ကျေးရွာအုပ်စုအချို့တွင် လည်း ကျင်းပနိုင်ခြင်းမရှိခဲ့ဟု သိရသည်။

အလားတူ ၂၀၁၅ ခုနှစ်ကလည်း ရှမ်းပြည်နယ်အတွင်းမှ မြို့နယ် ၇ ခုတွင် ရွေးကောက်ပဲ ကျင်းပနိုင်ခြင်း မရှိခဲ့သလို ကချင်၊ ကရင်၊ မွန်၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းအတွင်းမှ ကျေးရွာအုပ်စု   ၄၅၀ တွင်လည်း ရွေးကောက်ပွဲပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

လက်ရှိ နိုင်ငံအနှံ့ တိုက်ပွဲများ ဖြစ်ပွားနေခြင်း၊ ရှမ်းမြောက်နှင့် ရခိုင်၊ ကချင်ပြည်နယ်တို့၌ မြို့များစွာ လက်လွှတ် ဆုံးရှုံးနေရသော်လည်း ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းနေသည့် စစ်ကောင်စီအနေဖြင့် မည်သည့်ပုံစံနှင့် လူဦးရေစာရင်း ကောက်မည်၊ မည်သည့်စနစ်ဖြင့် ရွေးကောက်ပွဲ ကျင်းပမည်ကိုမူ အသေးစိတ် ရှင်းလင်း ဖော်ပြထားခြင်း မရှိပေ။

ထို့အတူ ပြီးခဲ့သည့် စက်တင်ဘာလ ၂၆ ရက်နေ့က ညပိုင်းတွင် စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ PDF များနှင့် တော်လှန်ရေးအဖွဲ့များကို လက်နက်နှင့်အကြမ်းဖက်လမ်းစဉ်စွန့်၍ ပါတီနိုင်ငံရေးလမ်း ကြောင်း၊ ရွေးကောက်ပွဲလမ်းကြောင်းမှ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအရ ဖြေရှင်းရန် ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကမ်းလှမ်းပါသည်ဟုဆိုကာ ထုတ်ပြန်ခဲ့သည်။

“အမှန်က PDF တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေက လက်နက်စွန့်ရမှာ မဟုတ်ဘူး။ စစ်ကောင်စီက လက်နက်စွန့်ရမှာ ဖြစ်ပါတယ်။ ဘာလို့လဲဆို သူက လက်နက်အားကိုးပြီးတော့မှ လူထုတွေကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်တယ်။ ဒါကြောင့်မလို့ ဒီဖိတ်ခေါ်ချက်၊ ထုတ်ပြန်ချက်က ကျမတို့အတွက်ရော၊ တခြားတော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေ အတွက်ရော မဖြစ်သင့်တဲ့ကိစ္စပါ”ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ပြောခွင့်ရှိသူ လွေးယေဦးက ပြောသည်။

ဒေါကျတာစိုးသူရဇောျ ပွညျသူ့ကာကှယျရေးတပျမတောျ-မန်တလေး (MDY-PDF)မှ ဒေါက်တာ စိုးသူရဇော်ကလည်း “ပြည်သူတွေကို နေ့စဉ်နဲ့အမျှ အကြမ်းဖက်နေတဲ့ စစ်တပ်က ကမကထလုပ်ပြီး ကျင်းပမယ့် နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာပါပဲ”ဟု ပြောသည်။

နိုင်ငံရေး ပြဿနာများကို ပြေလည်လိုသည့် စိတ်ရင်း အမှန်ဖြင့်သာ ဖိတ်ခေါ်ပါက ပထမဦးစွာ အပစ်အခတ်ရပ်စဲ ရမည်ဖြစ်သော်လည်း စစ်ကောင်စီသည် လက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရေး၊ အပစ်အခတ်ရပ်စဲရေး စသည်များကို တိတိကျကျ ဖော်ပြထားခြင်း မရှိဘဲ လက်နက်ကိုင်လမ်းစဉ်စွန့်၊ လက်နက်ချ၊ ပါတီထောင်ပြီး ၂၀၀၈ ဥပဒေဘောင်အတွင်းမှ ရွေးကောက်ပွဲ ဝင်ရေးကို ဦးတည်နေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ဒီနေ့ ဒီအချိန်အခါမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အခြေအနေတွေနဲ့ လုံး၀ မအပ်စပ်တော့ဘဲ ထပ်ခါတလဲလဲ အဲဒီလို ဓာတ်ပြား ဟောင်းတွေ ပြန်ပြန်ဖွင့်နေတာ ဘာမှအလုပ်ဖြစ်တော့မှာ မဟုတ်ဘူး။ ကျနော်တို့လည်း နားညည်းတယ်ဗျာ။ ကျနော်တို့မှာ ဘုံ နိုင်ငံရေးရည်မှန်းချက်၊ ဘုံ နိုင်ငံရေး ရပ်တည်ချက်တွေအကုန်ရှိတယ်။ ဒါက ဘာလဲဆိုတော့ စစ်တပ်ဟာ နိုင်ငံရေးက ထွက်ပြီးတော့ အရပ်သားအုပ်ချုပ်မှုမှာ ခံယူ၊ ပရော်ဖက်ရှင်နယ် စစ်တပ်တစ်ခုဖြစ်လာဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတိုင်း အဲဒီအတိုင်း ဆက်သွားရမယ် လက်ခံရမယ်”ဟုလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ပါတီစုံဒီမိုကရေစီစနစ်ကို ပြန်လည်ကျင့်သုံးရန် ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်၍ ရွေးကောက်ပွဲ လုံခြုံရေးနှင့် တည်ငြိမ်မှုရှိရန် နိုင်ငံရေးအရ ဖြေရှင်းရန်ကြေညာချက် ထုတ်ပြန်ရခြင်းဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲ မဲသမာမှုကို စစ်တပ်က တရားဥပဒေနှင့်အညီ ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း နိုင်ငံရေးနည်းလမ်းနှင့် မဖြေရှင်းဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ PDF အဖွဲ့များဖွဲ့၍ အကြမ်းဖက်နည်းလမ်းဖြင့် ဖြေရှင်းခဲ့သဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသောကြောင့် အဆိုပါ ကြေညာချက်ကို ထုတ်ပြန်ခြင်းဟု စစ်ကောင်စီက အသိပေး ရှင်းလင်းထားသည်။

“ဘာကြောင့် အာဏာလွှဲပြောင်းယူလိုက်ရတာလဲဆိုတာကို ထုချေလွှာတင်ပြနဲ့ သန်းခေါင်စာရင်း ကောက်မည်ဖြစ်ကြောင်း ကြေညာသော ထုတ်ပြန်ချက်ဖြစ်နေ။ ခေါ်ပုံခေါ်နည်း နဲနဲများ လိုနေသလားလို့ပါ”ဟု ကချင်လွတ်မြောက်ရေးကောင်စီ(KIC) ဒုဥက္ကဌ ၁ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကလည်း သူ၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ဖော်ပြောဆိုထားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲသမာမှုများကို ဖြေရှင်းရန် ပျက်ကွက်သဖြင့် စစ်တပ်က ၂၀၀၈ အခြေခံဥပဒေနှင့်အညီ အာဏာသိမ်း ရသည်ဟု ဖော်ပြထားသော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၉၊ ပုဒ်မ ၄၀၂ ပါ ပြဌာန်းချက်များအရ အောက်ပါကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ဆုံးဖြတ်ချက်များသည် အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပါရှိပြီး အပိုဒ် (က) ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ အပိုဒ် (ခ) ရွေးကောက်ပွဲဆိုင်ရာ ခုံအဖွဲ့များ၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ အပိုဒ် (ဂ) နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်သော ကိစ္စရပ်များဟု ထည့်သွင်းဖော်ပြထားသည်။

“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီမှာ ထွက်ပေါက်မရှိတော့ဘူး၊ သူ့ရဲ့တခုတည်းသော ထွက်ပေါက်က ရွေးကောက်ပွဲလုပ်ပြီး တရားဝင်အစိုးရလုပ်ချင်နေတာ၊ တရုတ်ကလည်း အဲဒီအတိုင်းဖိအားပေးနေတယ်ထင်တယ်။ တဖက်မှာလည်း EAO တွေနဲ့ PDF တွေ ရန်ကလည်းရှိနေတော့ စစ်ရေးအရလည်း ပြေးလမ်းမရှိတော့ဘူး၊ တိုက်ရင်တိုက်သလောက် တမျိုးလုံး အသေခံ ရတော့မှာ၊ နိုင်ငံရေး အသက်ရှုလည်းကြပ်၊ စစ်ရေးလည်း ရှုံးနိမ့်ဆိုတော့  နောက်ဆုံး အရှက်မရှိ နိုင်ငံရေးနည်းလမ်းနဲ့ ပြန်ပြီး ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ကြပါဆိုပြီး ဖိတ်ခေါ်တော့တာပါ”ဟု SOF တပ်ဖွဲ့မှူး ကိုအောင်စံရှားက ပြောသည်။

ထိုသို့ ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအတွင်း လာရှိုးမြို့အား ဗုံးကြဲပြီး ဖျက်ဆီးခဲ့သလို တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ထိန်းချုပ်မှုအောက်ရှိ လားရှိုး၊ သီပေါ၊ နောင်ချို၊ သံတွဲ၊ PDF များ ထိန်းချုပ်မှုအောက်ရှိ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းမှ ရွာများအပါအဝင် တိုင်းပြည်အနှံ့ရှိ မြို့ရွာများ၊ စစ်‌ရေးပစ်မှတ် မဟုတ်သည့် အရပ်သားအိုးအိမ် အ‌ဆောက်အအုံများကို မြေပြင်တိုက်ပွဲ လုံးဝမရှိဘဲ လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်နေသဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးပြောနေသည့် စစ်ကောင်စီအား မည်သူကမှ အယုံအကြည် မရှိကြသည့်အပြင် သဘောထားမှန်သည်ဟုလည်း မယူဆကြတော့ကြောင်း သိရသည်။

“လက်နက်စွန့်ရမယ်၊ လက်နက်ချရမယ်၊ နိုင်ငံရေးအခင်းအကျင်းမှာ ပါဝင်နိုင်ဖို့ဆိုရင် ပါတီထောင်ပြီး ပါဝင်ကြရမယ်ဆိုတာ ဘယ်လိုနည်းနဲ့မှ ယုံစရာအကြောင်းမရှိဘူး။ စစ်တပ်ကပြောတဲ့ကိစ္စတွေ ၁၀၀ ရာခိုင်နှုန်းနီးပါးလောက်က စိတ်ရင်းနဲ့ ပြောတာမဟုတ်ဘူး။ သူတို့ရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကနေ ထွက်ပေါက်ရဖို့အတွက် လိုက်ပြီးတော့ ထွက်ပေါက်ရှာနေတာလို့ပဲ ယူဆပါတယ်”ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောသည်။

လက်ရှိအချိန်၌ စစ်ကောင်စီသည် မြေပြင်ရင်ဆိုင် တိုက်ပွဲများတွင်လည်း စစ်ရေး ရှုံးနိမ့်မှုများဖြင့် ရင်ဆိုင်နေသလို လူမှုရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံတကာရေးရာ စသည့် စစ်မျက်နှာများတွင်လည်း ကျရှုံးနေလျက်ရှိသဖြင့် လက်အောက်ခံတပ်ဖွဲ့ ဝင်များ၊ ထောက်ခံသူများစိတ်ဓာတ်မြှင့်တင်ရေး ပြန်လည် ဖော်ဆောင်နိုင်ရေးနှင့် နိုင်ငံတကာကို ဝါဒဖြန့်ချိနိုင်ရေးတို့အတွက် နိုင်ငံရေးဗျူဟာ ပြောင်းလဲခြင်းမျိုးသာဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“အခု ဖိတ်ခေါ်မှုဆိုတာကလည်း ရယ်စရာ ပြက်လုံးတခုအဆင့်ထက် မပိုပါဘူး၊ ဘာသက်ရောက်မှုမှ ရှိလာမှာ မဟုတ်သလို ဘာမှလည်း ဖြစ်လာမှာ မဟုတ်ပါဘူး၊ လက်ရှိ တော်လှန်ရေးအင်အားစုတွေအားလုံးက စစ်အာဏာရှင် ချုပ်ငြိမ်းတဲ့အထိ အမြစ် ပြုတ်အောင် တိုက်သွားဖို့ပဲ ရှိပါတယ်၊ တကယ်ဆွေးနွေးရေးလမ်းစဉ်ကို လိုလားတယ်ဆိုရင်တော့ လူထုခေါင်ဆောင် ဒေါ်အောင် ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်အပါအဝင် ဖမ်းဆီးထားသူတွေအားလုံးကို အကြွင်းမဲ့လွှတ်ပေးရမယ်၊ ပြည်သူ တွေ မဲပေးဆုံးဖြတ်ထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လက်ခံရမယ်၊ ဒီလိုမျိုးတွေ လက်ခံနိုင်မှသာ ဆွေးနွေး ရေးစကားဝိုင်းတွေ ဖြစ်လာလိမ့်မယ်လို့ ပြောချင်ပါတယ်”ဟု စစ်ရေးလေ့လာသုံးသပ်သူတဦးက ပြောသည်။

နိုင်ငံရေးပါတီဖွဲ့၊ ရွေးကောက်ပွဲလမ်းကြောင်းဝင်ဟု ဆိုနေသော်လည်း ရွေးကောက်ပွဲက တက်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖမ်းဆီးထိန်းသိမ်းထားရာ အာဏာသိမ်းစဉ် NLD ခေါင်းဆောင်များအပါအဝင် တက်ကြွလှုပ်ရှားသူ ၂၇,၄၆၃ ဦး ဖမ်းဆီးခံခဲ့ရသည့်အနက်မှ ၂၀,၉၆၉ ဦးမှာ ထိန်းသိမ်းခံရဆဲဖြစ်သည်ဟု ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က ထုတ်ပြန်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းဇယားများအရ သိရသည်။

ထို့အတူ K3C-NUG အနေဖြင့် စစ်တပ်သည် နိုင်ငံရေးက လုံးဝ ထွက်ခွာရန်၊ စစ်တပ်သည် အရပ်သားအစိုးရ အုပ်ချုပ်မှု အောက်တွင်သာ ရှိရန်၊ ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် ထိုက်သင့်သည့် အပြစ်ပေးအရေးယူခံယူရန်စသည့် အချက်များပါဝင်သည့် ဘုံသဘောထားထုတ်ပြန်ချက်ကို ဇန်နဝါရီလအတွင်းက ထုတ်ပြန်ထားသည်။

တိုင်းရင်းသားတော်လှန်ရေးမဟာမိတ်တပ်များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များအနေဖြင့် ဘုံသဘောထားထုတ်ပြန် ချက်အတိုင် ဆက်သွားမည်ဟုလည်း ထုတ်ပြန်အသိပေးထားကြသည်။

မြန်မာနိုင်ငံသည် ၁၉၂၂ ခုနှစ်မှစ၍ အထွေထွေရွေးကောက်ပွဲပေါင်း ၁၇ ခု ကျင်းပခဲ့ပြီး ဖြစ်ကာ ရွေးကောက်ပွဲ အားလုံးကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူကျင်းပခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးကျင်းပခဲ့သည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် သောင်းပြိုကမ်းပြိုအနိုင်ရရှိခဲ့သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)ကို မဲလိမ်သည်ဟု စွပ်စွဲပြီး စစ်တပ်က၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းပိုက်ခဲ့သည်။

ထိုသို့ စစ်တပ်က အာဏာသိမ်းမှုကို လက်မခံသော ပြည်သူများက ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်ကို စစ်ကောင်စီက အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်ခဲ့သဖြင့် ပြည်သူများက လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ကာ နွေဦးတော်လှန်ရေးကို ဖော်ဆောင်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် စစ်ကောင်စီသည် နိုင်ငံကိုထိထိရောက်ရောက် မထိန်းချုပ်နိုင်တော့ဘဲ နိုင်ငံ့ လူဦးရေ ၆၇ ရာခိုင်နှုန်းနေထိုင်သည့် မြန်မာနိုင်ငံပိုင်နက် ၈၆ ရာခိုင်နှုန်းကို လက်လွှတ်ထားရသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ၏ အစီရင်ခံစာတွင်ဖော်ပြထားသည်။

လက်ရှိ နိုင်ငံရေးပါတီ မှတ်ပုံတင်ရာတွင်လည်း ရခိုင်တွင် အမတ်နေရာအများစု အနိုင်ရခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP) အား မှတ်ပုံတင်ခွင့် မပြုခြင်း၊ အချို့ပါတီများကိုလည်း အလားတူ မှတ်ပုံတင်ပေးရန် ငြင်းပယ်ခြင်းများ ပြုလုပ်နေလျက်ရှိကာ တရားဝင်ခွင့်ပြုပေးထားသည့် ပါတီ ၅၀ ကျော် ရှိကြောင်း သိရသည်။

“ရွေးကောက်ပွဲအလွန်မှာ ဘာတွေ ဖြစ်လာနိုင်သလဲဆိုတာကတော့ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်၊ သေချာတာကတော့ လာမယ့် ၂၀၂၅ မှာ ကျနော်တို့နိုင်ငံမှာ အလှည့်အပြောင်းကြီးတွေ ဖြစ်လာလိမ့်မယ်လို့တော့ မြင်မိပါတယ်၊ တော်လှန်ရေးဘက်ကလည်း ပြင်ဆင်နေကြတဲ့ အချိုးအကွေ့တွေ ရှိတယ်၊ အဲဒီလိုပဲ အကြမ်းဖက်စစ်တပ်ဘက်ကလည်း ပြင်ဆင်နေတာတွေလည်း ရှိတယ်ပေါ့ဗျာ၊ ဆိုတော့ ဘာတွေဖြစ်လာမလဲ၊ ဒေါ်အောင်ဆန်းစုကြည်များ လွှတ်မြောက်လာမ လား၊ လွတ်မြောက်လာခဲ့မယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေက ဘယ်လို ရှုမြင်မလဲ၊ ဒါတွေက အရမ်းကို စိတ်ဝင်စားစရာ ကောင်းတဲ့ နိုင်ငံရေးအခင်းအကျင်းတွေ ဖြစ်လာမယ်လို့ သုံးသပ်မိပါတယ်”ဟု စစ်ရေး နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစိုးဝင်ဆွေက ပြောသည်။

လက်ရှိ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက်များအရ အမျိုးသားလွှတ်တော် ၂၂၄ နေရာတွင် ၁၆၈ နေရာ၊ ပြည်သူ့လွှတ်တော်  နေရာ ၄၄၀ တွင်လည်း ၃၃၀ အတွက်သာ ယှဉ်ပြိုင်ကြရပြီး အမျိုးသားလွှတ်တော်မှ ၅၈ နေရာ၊ ပြည်သူ့လွှတ်တော်မှ နေရာ ၁၁၀ သည် ၂၅ ရာခိုင်နှုန်း ရယူထားသည့် တပ်မတော် ကိုယ်စားလှယ်များအတွက် ဖြစ်သည်။

Related Articles

Back to top button