သတင်းဆောင်းပါး

စစ်မှုထမ်းဥပဒေအောက်မှာ ပူပန်သောကရောက်နေကြရတဲ့ ရှမ်းပြည်က သားသည်မိဘတွေရဲ့ ဘဝ

စစ်မှုထမ်းဥပဒေအောက်မှာ ပူပန်သောကရောက်နေကြရတဲ့ ရှမ်းပြည်က သားသည်မိဘတွေရဲ့ ဘဝ

 

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ – သူရိန်ကျော် | သတင်းဆောင်းပါး
မတ်လ ၂၈၊ ၂၀၂၄

 

အလျားပေ ၆၀၊ အနံ ၃၆ပေရှိတဲ့တစ်ထပ်၊ အုတ်ကာသွပ်မိုးအဆောက်အဦးထဲမှာ လူဦးရေ ၁၅၀ဝန်းကျင် ရုတ်ရုတ် သည်းသည်းဖြစ်နေကြပါတယ်။ အချိန်ကား မွန်းလွှဲ ၁နာရီကျော်ခန့်ဖြစ်ပြီး ရုတ်ရုတ်သည်းသည်း ဖြစ်နေရတဲ့ အကြောင်းအရင်းမှာ အမျိုးသမီးကြီးတစ်ဦး မူးမေ့လဲကြတဲ့အတွက်ကြောင့်ပါ။ သူ့နာမည်ကို အော်ခေါ်သူတွေက အော်ခေါ်ကြ၊ ယပ်ခပ်သူတွေက ယပ်ခပ်ပေးကြ၊ လက်မှာ ရေဆွတ်ပြီး သူ့မျက်နှာကို ပက်ဖြန်းပေးကြနဲ့ အလုပ်ရှုပ်နေကြပါတယ်။ ၇မိနစ်ဝန်းကျင်အကြာမှာတော့ အဲဒီအမျိုးသမီးဟာ သတိပြန်လည် လာခဲ့ပါတယ်။ သူကတော့ ဒေါ်ခင်မာစိုးဖြစ်ပါတယ်။

အသက် ၅၂နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်ခင်မာစိုးဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း က ကျေးရွာတစ်ရွာမှာ နေထိုင်သူဖြစ်ပြီး သားသမီး ၃ဦးထွန်းကားထားသူဖြစ်ပါတယ်။ သူ့မှာ ၂၉နှစ် အရွယ် သားတစ်ဦး၊ ၂၄ဦးအရွယ်သားတစ်ဦးနဲ့ ၁၇ဦးအရွယ် သမီးတစ်ဦးရှိပြီး ခင်ပွန်းဖြစ်သူကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်းက ဆုံးပါးသွားခဲ့ပြီဖြစ်ပါတယ်။ သားအကြီးကတော့ တောင်ကြီးမြို့မှာ ကုပ္မဏီဝန်ထမ်း လုပ်နေတာဖြစ်ပြီး သားအငယ်ကတော့ ထိုင်းနိုင်ငံကို အောက်လမ်းကနေ အလုပ်သွားလုပ်နေတာ ဖြစ်ပါတယ်။

အရင်ကတော့ သားနှစ်ယောက်ရဲ့ လစဉ်ထောက်ပံ့ငွေနဲ့ အေးအေးချမ်းချမ်းနေထိုင်လာခဲ့ပေမယ့် စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်နေ့မှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတည်ပြုပြဌာန်းကြောင်း ကြေညာ ပြီးနောက် မှာတော့ သူ့မှာစိုးရိမ်စိတ်ပူပန်သောကတွေ ဝင်လာခဲ့ရပါတယ်။ ဒီမတ်လ၊ တတိယပါတ်မှာပဲ ဒေါ်ခင်မာစိုးရဲ့ရွာမှာ ရွာလူကြီးနဲ့ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက စစ်မှုထမ်းဥပဒေမှာ အကျုံးဝင်သူတွေစာရင်းကို စတင် ကောက်ယူခဲ့ပါတယ်။ အမျိုးသားတွေကိုသာ ဦးစားပေးကောက်ယူခဲ့ပြီး အမျိုးသမီးတွေကို မကောက် ယူခဲ့တာ ကြောင့် သမီးရှင်တွေကတော့ စိတ်အေးခဲ့ရပေမယ့် ဒေါ်ခင်မာစိုးကတော့ သားနှစ်ယောက်လုံး စစ်မှုထမ်း မဲနှိုက်ရမယ့် စာရင်းမှာ ပါဝင်နေခဲ့လို့ ရင်တက် မအေးနိုင်ခဲ့ပါဘူး။

ဒေါ်ခင်မာစိုးတို့အတွက် ဒီထက်ပိုပြီးစိတ်ပူပင်သောကရောက်ခဲ့တာကတော့ မတ်လ ၁၉ရက်က ကျေးရွာ အုပ်ချုပ်ရေးမှူးအိမ်မှာ ပြုလုပ်ခဲ့တဲ့ စစ်မှုထမ်းဖို့အကျုံးဝင်သူတွေရဲ့ မဲနှိုက်ရွေးချယ်ပွဲလို့ခေါ်တဲ့ အစည်းအဝေးမှာပဲ ဖြစ်ပါတယ်။ အဲဒီအစည်းအဝေးကို တစ်အိမ်တစ်ယောက်မဖြစ်မနေ တက်ရောက် ရပါတယ်။ သူတို့ကျေးရွာ အုပ်စုမှာ ရွာ၄ရွာရှိပြီး တစ်ရွာကို ပထမအကြိမ်စစ်မှုထမ်းဖို့ အမျိုးသား ၂ဦးစေလွှတ်ပေးရမှာ ဖြစ်ပါတယ်။ သူတို့ရွာက ရွာအရှေ့ပိုင်းနဲ့ အနောက်ပိုင်းဆိုပြီး နှစ်ခြမ်းရှိပါတယ်၊ ရွာအရှေ့ပိုင်းက စစ်မှုထမ်းရမယ့်သူ တစ်ဦးနဲ့ ရွာအနောက်ခြမ်းက စစ်မှုထမ်းရမယ့်သူ တစ်ဦးကို မတ်လ ၁၉ရက်က မဲနှိုက်ရွေးချယ်ကြတာဖြစ်ပါတယ်။ ဒေါ်ခင်မာစိုးကတော့ အဲဒီအစည်းအဝေးကို စိုးရိမ်စိတ်တွေနဲ့ သွားတက်ရောက်ဖြစ်ခဲ့ပြီး သားအကြီးဖြစ်သူအတွက် မဲနှိုက်ရွေးချယ်ခဲ့ရမှာ မဲမပေါက်ခဲ့တာကြောင့် စိတ်သက်သာအနည်းငယ်ရခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် မိနစ်၂၀ဝန်းကျင် အကြာမှာ သားငယ်ဖြစ်သူအတွက် မဲထပ်နှိုက်ပေးခဲ့ရပြီး ကံဆိုးစွာနဲ့ပဲ မဲပေါက်သွားခဲ့ပါတယ်။

ဒေါ်ခင်မာစိုးတို့ရွာဟာ အိမ်ခြေ ၃၂၀ ဝန်းကျင်ရှိတဲ့ ရွာကြီးတစ်ရွာဖြစ်ပြီး စစ်မှုထမ်းဖို့ အကျုံးဝင်သူ ၈၀၀ကျော် မဲနှိုက်ကြရတာဖြစ်ပါတယ်။ မိခင်အို၊ ဖခင်အိုကို တစ်ဦးတည်းလုပ်ကိုင်ရှာဖွေကျွေးမွေး နေသူတွေ၊ ကိုယ်လက် အင်္ဂါချို့ယွင်းသူတွေနဲ့ Non CDMဝန်ထမ်းတွေမှအပ နိုင်ငံရပ်ခြားရောက်ရှိနေသူ၊ အိမ်ထောင်ရှိသူတွေ၊ အိမ်ထောင်မရှိသူတွေ၊ ခရီးလွန်နေသူတွေအားလုံး မဲနှိုက်ကြရတာဖြစ်ပါတယ်။ အဲဒီအထဲမှာ သားငယ်ဖြစ်သူ မဲပေါက်သွားတာကတော့ အတော်လေးကို ကံဆိုးတဲ့အခြေအနေလို့ ယူဆရသလို နဂိုကတည်းက အတက်ရောဂါရှိတဲ့ ဒေါ်ခင်မာစိုးကတော့ မဲပေါက်ကြောင်း ကြေညာအပြီးမှာပဲ သတိလစ်သွားခဲ့ပါတယ်။

သတိလစ်ပြီး ၇မိနစ်ဝန်းကျင်အကြာမှာတော့ ရွာသားရွာသားတွေရဲ့ ဝိုင်းဝန်းပြုစုမှုကြောင့် ပြန်လည်သတိရလာ ခဲ့ပေမယ့် သူ့ရင်ထဲက အပူတွေက ဆက်တိုက်တိုးပွားပူလောင်လာနေပါတယ်။ အဲဒီညနေခင်းမှာတော့ သားငယ် ဖြစ်သူက ထိုင်းနိုင်ငံမှအလုပ်သွားလုပ်နေတာဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးကို တင်ပြပေမယ့် လက်မခံသလို မဖြစ်မနေအိမ်ပြန်ခေါ်ပေးပြီး စစ်မှုထမ်းစေရမှာဖြစ်ကြောင်း၊ တကယ်လို့ ဧပြီလကုန်ပိုင်းမှာ ပြန်မရောက်လာပါက ဒေါ်ခင်မာစိုးကို အမှုဖွင့်တရားစွဲမှာဖြစ်တယ်လို့ အကြောင်းပြန်ပြောခဲ့ပါတယ်။

 အဲဒီနောက်မှာတော့ ဒေါ်ခင်မာစိုးဟာ သားငယ်ဖြစ်သူစစ်မှုမထမ်းရရေးအတွက် နည်းလမ်းပေါင်းစုံရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် ငွေကြေးနဲ့ဖြေရှင်းလို့ရမယ့် နည်းလမ်းတစ်ခုကိုသာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီနည်းလမ်း ကတော့ ရွာမှာ ခိုးမှု ၂ကြိမ်နဲ့ ထောင်ကျဖူးတဲ့ အမျိုးသားတစ်ဦးဖြစ်တဲ့ ကိုဝဏ္ဏက ကိုယ်စားစစ်မှုထမ်းပေးဖို့ ဆက်သွယ်လာတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် လွယ်လွယ်ကူကူနဲ့ ဒေါ်ခင်မာစိုးရဲ့သားငယ်ကိုယ်စား စစ်မှုထမ်းပေးမှာမဟုတ်ပါဘူး။ သူ့မိသားစုကို ငွေသား သိန်း၃၀ကျပ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို သိန်း ၂၀ပေးရမှာဖြစ်သလို ကျေးရွာရေရရှိရေးအတွက် ငွေ၁၀သိန်း လှူဒါန်းပေးရမယ့်အပြင် ကိုဝဏ္ဏစစ်မှုထမ်းနေတဲ့ ကာလမှာလည်း သူ့မိသားစုကို ဒေါ်ခင်မာစိုးက လစဉ် ငွေကျပ် ၇ သောင်း ထောက်ပံ့ ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။

“ငွေရေးကြေးရေးကလည်း အဲဒီလောက်အဆင်ပြေနေတဲ့လူတန်းစားတွေမဟုတ်ဘူး၊ ခြံစိုက်စားရတဲ့ ဘဝဆိုတော့ သိတဲ့အတိုင်းပဲလေ။ ကျွန်တော့်ညီကိုယ်စား ကျွန်တော်က သွားပေးဖို့ အမေ့ကိုဖျောင်းဖျပေမယ့် အခုထိ မရသေးဘူး၊ အမေက လုံးဝပေးမသွားတာ။ လောလောဆယ်ကတော့ သားအမိနှစ်ယောက်တိုင်ပင်နေပါတယ်။ ဘယ်လိုမျိုးအဆင်ပြေအောင် ဖြေရှင်းကြမလဲဆိုပြီး ပူလောင်နေရတုန်းပါပဲ။ အမေကတော့ ခြံရောင်းပြီးဖြေရှင်းဖို့ ပြောပေမယ့် ဒီခြံကိုရောင်းလိုက်ရင် ဘာမှလုပ်ကိုင်စားသောက်ဖို့မရှိတော့ဘူး”လို့ ဒေါ်ခင်မာစိုးရဲ့ သားအကြီးဖြစ်သူ ကိုကျော်လင်းက ပြောပါတယ်။

ဒေါ်ခင်မာစိုးလို့ သားအပူသည်ဖြစ်နေသူကတော့ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်မှာ နေထိုင်တဲ့ ဦးလှဇင်ဆိုတဲ့ အသက် ၅၅နှစ်အရွယ်အမျိုးသားတစ်ဦးဖြစ်ပါတယ်။ သူ့မှာ အသက် ၃၂နှစ်အရွယ် အင်ဂျင်နီယာလုပ်ငန်း လုပ်ကိုင်နေတဲ့ သားတစ်ဦးနဲ့ စားသောက်ဆိုင်အသေးလေးဖွင့်လှစ်လုပ်ကိုင်နေတဲ့ ၂၉ နှစ် အရွယ်သားတစ်ဦးရှိပါတယ်။ သားအကြီးဖြစ်သူကတော့ အိမ်ထောင်ကျသွားပြီဖြစ်ပြီး သားငယ်ဖြစ်သူက အိမ်ထောင်မကျသေးပါဘူး။ စစ်မှုထမ်းစာရင်းမဲနှိုက်ရမယ့် စာရင်းမှာ သား ၂ဦးစလုံးပါဝင်နေသလို သားအကြီး ဖြစ်သူကလည်း ၄ လသားအရွယ်သားတစ်ဦးရှိနေတာကြောင့် ဦးလှဇင်နဲ့ သားကြီးဖြစ်သူ စစ်မှုထမ်း စာရင်းကနေ ပယ်ဖျက်ပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူကို အကြိမ်ကြိမ် သွားရောက် တောင်းဆိုခဲ့ပေမယ့် လက်မခံခဲ့ တာကြောင့် ဦးလှဇင်ခဗျာ သား၂ဦးမဲနှိုက်ရမယ့်နေ့ကို ပူပင်သောကတွေနဲ့အတူ စောင့်မျှော်နေရရှာပါတယ်။

“တခြားရွာတွေမှာဆိုရင် လူပျိုတွေပဲ ပထမအသုတ်အတွက် စာရင်းကောက်တာ၊ ကျွန်တော်တို့ရွာမှာက အိမ်ထောင်သည်တွေကော၊ လူပျိုတွေကောအကုန်လုံး မဲနှိုက်ရမယ့် စာရင်းထဲမှာပါနေတယ်။ ဒါကြောင့် လသားအရွက်ကလေးရှိနေတဲ့ သားကြီးကို စာရင်းထဲမထည့်ဖို့ သွားတောင်းဆိုပေမယ့် ဘယ်လိုမှ ပြောလို့မရဘူး။ တကယ်လို့များမဲပေါက်ခဲ့ရင်တော့ လူအစားထည့်ပေးနိုင်ရင်တော့ ကင်းလွှတ်ခွင့်ပေးမယ်လို့ ပြန်ပြောလာတယ်။ ခက်နေတာက တစ်ရွာလုံးမှာ ဘယ်သူကမှစစ်မှုမထမ်းချင်ကြဘူး”လို့ ဦးလှဇင်က ပြောပါတယ်။

ဒေါ်ခင်မာစိုးနဲ့ ဦးလှဇင်ထက်ဆိုးတဲ့ အဖြစ်အပျက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ ရပ်ကွက် ၈မှာ မတ်လ ၁၈ရက်၊ ညပိုင်းမှာဖြစ်ပွားခဲ့ပါတယ်။ မိသားစုကိုရှာဖွေလုပ်ကိုင်ကျွေးနေတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ရပ်ကွက်ရုံးက စစ်မှုထမ်းမဲနှိုက်ဖို့လာခေါ်ပြီးတဲ့နောက်မှာ စစ်မှုမထမ်းလိုတာကြောင့် မိမိကိုယ်ကို ကြိုးဆွဲချသတ်သေသွားခဲ့ပါတယ်။ သူ့မှာ အသက် ၅၀နှစ်ဝန်းကျင်မိဘနှစ်ပါးနဲ့ ၂၁နှစ်အရွယ် ညီမတစ်ဦးကျန်ရစ်ခဲ့ပြီး မိဘနှစ်ပါးကတော့ ယနေ့အချိန်ထိ သားဖြစ်သူအတွက် ပူဆွေးသောကရောက်နေ ကြပါတယ်။

“သူကရိုးရိုးအေးအေးလေးနေတာ၊ ရပ်ကွက်ထဲမှာလည်း ဘာပြဿမှဖြစ်တာမရှိဖူးဘူး။ မိဘနဲ့ ကျောင်းတက်နေတဲ့ ညီမကို လုပ်ကိုင်ကျွေးနေတာ၊ စစ်မှုထမ်းမဲနှိုက်ရမယ်ဆိုကတည်းက မိဘတွေက စိတ်ပူနေကြတာ။ မဲနှိုက်ဖို့လာခေါ်တော့ မသွားဘဲနဲ့ မိသားစုတွေမသိလိုက်တဲ့အချိန်မှာ ကြိုးဆွဲချသေသွားတာ”လို့ ကလောမြို့၊ ရပ်ကွက် ၈မှာနေထိုင်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်မှာ စစ်မှုထမ်းဥပဒေကိုအသက်သွင်းခဲ့သလို ရှမ်းပြည်တိုး တက်ရေး ပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည် တပ်မတော် (RCSS/SSA)ကလည်း သူတို့စစ်ရေးလှုပ်ရှားရာနယ်မြေတွေမှာနေထိုင်ကြတဲ့ အရွယ်ရောက်ပြီးသူ တိုင်းရင်းသား အားလုံးစစ်မှုထမ်းရမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒီနောက်မှာတော့ ရှမ်းပြည်နယ်က လူငယ် အများ အပြားဟာ ထိုင်း၊ လာအို၊ တရုတ်၊ မလေးရှားစတဲ့အိမ်နီးချင်းနိုင်ငံတွေကို တရားမဝင်လမ်းကြောင်းကနေ အများ အပြားသွားရောက်နေကြသလို သွားရောက်ဖို့အတွက် လူငယ်အများအပြားက ပြင်ဆင်နေကြပါတယ်။ သွားရောက် ကြသူတွေအနက် ချောချောမွေ့မွေ့ရောက်ရှိသွား ကြသူတွေရှိပေမယ့် ဖမ်းဆီးခံရသူတွေလည်း အများအပြား ရှိနေပါတယ်။ လမ်းခရီးစရိတ်မတတ်နိုင်ကြသူတွေ၊ သွားရောက်ဖို့အဆက်အသွယ်မရှိသူတွေနဲ့ သူတို့ရဲ့မိဘ တွေကတော့ စစ်မှုထမ်းဖို့မဲနှိုက်ရမယ့်အချိန်မှာ မဲမပေါက်ဖို့အတွက်သာ ပူပန်သောကတွေနဲ့အတူ လက်ချိုး ရေတွက်ရင်းစောင့်ဆိုင်းနေကြရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံတဝန်းလုံးမှာ လူငယ်တွေနဲ့ မိဘအုပ်ထိန်းသူတွေ မိမိကိုယ့်ကို အဆုံးစီရင်မှုတွေလိုဖြစ်ပွားနေသလို စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်ရှင်းလင်းမှုဖြစ်စဉ်တွေဆက်တိုက်ဖြစ်ပွားနေ ပါတယ်။ အဲဒီလိုပဲ စစ်မှုထမ်းဖို့မဲနှိုက်ရမယ့်စာရင်းမှာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရဲ့ မိသားစုဝင်တွေ၊ ဆွေမျိုးတွေမပါဝင်တာ၊ မဲနှိုက်တဲ့နေရာမှာ မသမာမှုတွေရှိနေတာတွေကြောင့် ပြည်သူတွေမခံမရပ်နိုင်ဖြစ်ပြီး ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ဝိုင်းဝန်းရိုက်နှက်တာတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေပါတယ်။

“ကျွန်တော်တို့ရွာမှာ ညကမဲနှိုက်တော့ ရွာလူကြီးက မဲနှိုက်မယ့်စာရင်းမှာ သူ့သားနဲ့ သားမက် နှစ်ယောက်လုံး မပါသလို သူ့အမျိုးတွေတစ်ယောက်မှမပါလာဘူး။ ပိုဆိုးတာကတော့ တစ်ရွာလုံးက စစ်မှုမထမ်းချင်လို့ ပူပင်သောကရောက်နေတဲ့အချိန်မှာ ရွာလူကြီးက အတွေ့အကြုံရအောင်လို့ ကျေးရွာသူ/သားတွေအားလုံး စစ်မှုထမ်းသင့်ကြောင့် မိန့်ခွန်းပြောလိုက်တော့ နဂိုကတည်းက ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ရွာလူကြီးလို့ ဝိုင်းရိုက်ပြီးတော့ သူ့အိမ်ကိုဖျက်ဆီးလိုက်ကြတယ်”လို့ ရှမ်းပြည်နယ်တောင်ပိုင်းမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီ၊ SSPP၊ RCSS စတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေက စစ်မှုမထမ်းမနေရလို့ ကြေညာလိုက်တာဟာ တဖက်ကတော်လှန်ရေးအင်အားစုအတွက်ကတော့ အားသာချက်တစ်ရပ်လိုဖြစ်သွားခဲ့ပြီး အဲဒီလို ကြေညာအပြီးမှာ သူတို့လက်အောက်မှာစစ်မှုမထမ်းလိုတဲ့ ရှမ်းပြည်ကလူငယ်အများအပြားဟာ တော်လှန်ရေး အင်အားစုတွေကို ဆက်သွယ်ပြီး တော်လှန်ရေးထဲကို အစုလိုက်အပြုံလိုက်ဝင်ရောက်လာ ကြပါတယ်။ ရှမ်းတောင် တော်လှန်ရေး အင်အားစုတွေကတော့ တော်လှန်ရေးထဲဝင်ရောက်လာသူတွေကို လက်ခံကြိုဆိုမှာဖြစ်ကြောင်းနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပေးတဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ထိထိရောက်ရောက် အရေးယူသွားမှာဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

“ကျွန်တော်တို့ Eagle Force တပ်ခွဲ-၁ကတော့ စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အသက် မသွင်းခင်ကတည်းက ရဲဘော်သစ်တွေကို ခေါ်ယူစုဆောင်းနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ရက်က စစ်ကောင်စီက စစ်မှုမထမ်းမနေရဥပဒေကို အသက်သွင်းလိုက်ပြီးနောက်မှာ ၁၀၀၈တပ်ရင်းကို ဆက်သွယ် လာတဲ့ လူငယ်တွေ ၃၀၀နီးပါးရှိနေပါပြီ။ လက်ရှိအချိန်ထိတော့ ကျွန်တော်တို့ဆီကို ရောက်လာ တာကတော့ လူဦးရေ၈၀ဝန်းကျင်ရှိနေပါပြီ။ ထပ်ရောက်လာဖို့လည်း ရှိပါတယ်။ အဲဒီလို ဆက်သွယ်လာတဲ့ သူတွေထဲမှာ အသက် ၁၈ကနေ ၃၀ ကြားလူငယ်တွေ အများဆုံးဖြစ်ပြီး ယောင်္ကျားလေးအများဆုံးဖြစ်ပါတယ်”လို့ NUGကာကွယ်ရေး ဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ အမှတ် ၁၀၀၈တပ်ရင်း၊ SSRY Eagle Force တပ်ခွဲရဲ့ ရုံးတာဝန်ခံ ရဲဘော် Phat Phat က ပြောပါတယ်။

စစ်ကောင်စီက အတင်းအကျပ်လုပ်ဆောင်နေတဲ့ စစ်မှုမထမ်းမနေရ ဥပဒေဟာ ဆင့်ခေါ်စာပေးပို့တဲ့ အဆင့်ကို ရောက်ရှိနေပြီး ဆုံးဖြတ်ချက်ချရမယ့်အချိန် ကျော်လွန်ပါက ပြင်ဆင်မရနိုင်တဲ့ ခရီးကြမ်း လျှောက်လှမ်းကြ ရမယ်လို့ ကချင်ပြည်လွတ်လပ်ရေးကောင်စီ(KIC)ဒုတိယဥက္ကဌဖြစ်သူ ဒုဗိုလ်ချုပ်ကြီးဂွမ်မော်က သတိပေး ပြောဆို ထား ပါတယ်။ အဲဒီလိုပဲ စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကို ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး၊ ကရင်နီအမျိုးသားများတိုးတက်ရေးပါတီ(KNPP)အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်၊ မွန်ပြည်သစ်ပါတီ(MNSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်(PNLO)နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင် တွေကလည်း ဝေဖန်ထားကြပါတယ်။

အဆုံးသတ်ရသည်ရှိသော် ရှမ်းပြည်နယ်သာမက နိုင်ငံတဝန်းလုံးမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ လက်အောက်မှာ စစ်မှုမထမ်းချင်တာကြောင့် သားသမီးနဲ့ မိသားစုဝင်တွေကို ပူဆွေးသောကရောက်နေမယ့်အစား စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကာ ပြည်သူအားလုံးလိုချင်နေကြတဲ့ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံတော်  သစ်ကြီးကို အမြန်ဆုံးတည်ဆောက်နိုင်ဖို့ တော်လှန်ရေးမှာကျရာကဏ္ဍကနေ မိမိတတ်စွမ်းသရွေ့ပါဝင်ရင်း စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရာမှာ တာဝန်ကျေကြစေချင်လိုကြောင်း တိုက်တွန်းရင်း နိဂုံးချုပ် လိုက်ရပါတယ်။

Related Articles

Back to top button