တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 99, December 10, 2024)

၁။ ဟားခါးမြို့၊ ချွန်ကျုံးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားပြည်သူ ၄ ဦးသေဆုံး၊ ၉ ဦး ဒဏ်ရာရ
 December 10, 2024
တိုက်ပွဲဖြစ်တာမျိုးမရှိတဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ (၇) မိုင်အကွာဝေးမှာရှိတဲ့ ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ဒီကနေ့ ဒီဇင်ဘာလ (၁၀) ရက်နေ့ မနက် ၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက်မပြည့်သေးတဲ့ ကလေးတစ်ဦးအပါအဝင် မိသားစုဝင်(၄) ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဒေသခံ တစ်ဦးက “ဂျက်ဖိုက်တာနဲ့  ပထမတစ်လုံးဗုံးကြဲ တိုက်ခိုက်ခံရတဲ့ချိန်မှာ ရွာကမိသားစုဝင် ၄ ဦးစလုံး အသက်ဆုံးရှုံးသွားတယ်လို့ သိတယ်။ နောက်ထပ်တစ်လုံးဗုံးကြဲတိုက်ခိုက်တဲ့ချိန်မှာတော့ ၈  ဦးထိခိုက်ဒဏ်ရာရတယ်လို့သိရတယ် ထိခိုက်ဒဏ်ရာရတဲ့ သူက စုစုပေါင်း ၉ ဦးလောက်ရှိတယ်လို့ သိရတယ်” လို့ပြောပါတယ်။

ချွန်ကျုံးကျေးရွာကို စစ်ကောင်စီက ဒီကနေ့မနက် ၂ နာရီ ၁၈ မိနစ်လောက်မှာ အကြောင်းမဲ့ လေကြောင်းကနေ တိုက် ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ်တွေလည်း အများအပြားထိခိုက်ပျက်ဆီးခဲ့ရပြီး အရပ်သား ထိခိုက်ဒဏ်ရာရတဲ့သူကလည်း ၁၀ ဦးဝန်းကျင်ခန့် ရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့က ချွန်ကျုံးကျေးရွာက အရပ်သား လူနေ အိမ်အများအပြား ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ဇူလိုင်လ (၁၄) ရက်နေ့တုန်းက မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့ပါတယ်။ ချွန်ကျုံး ကျေးရွာဟာ ဟားခါးမြို့နယ်ထဲမှာတည်ရှိပြီး ချင်းပြည်နယ်မြို့တော် ဟားခါးမြို့နဲ့ ဖလမ်းမြို့ကားလမ်းဘေးမှာတည်ရှိတဲ့ကျေးရွာ လည်း ဖြစ်ပါတယ်။ Read in Full

၂။ ကချင်မှာတိုက်ပွဲပြင်းထန်ချိန် တရုတ်နဲ့ KIO ခေါင်းဆောင်တို့ တွေ့ဆုံ
 December 9, 2024
ကချင်ပြည်နယ်က ဗန်းမော်နဲ့ မံစီမြို့တွေမှာ တိုက်ပွဲပြင်းထန်နေချိန် တရုတ်အာဏာပိုင်တွေနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIA/KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်တဲ့အဖွဲ့တို့ ဒီဇင်ဘာလ ၈ ရက် မနေ့ကစပြီး တရုတ်နိုင်ငံထဲမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ KIO သတင်းနဲ့ပြန်ကြားရေး တာဝန်ခံဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။“မနေ့က သွားလိုက် တာတော့ ဟုတ်တယ်။ ခါတိုင်းလည်း တစ်လတစ်ကြိမ် ဒါမှမဟုတ် နှစ်လ တစ်ကြိမ်လောက် ပုံမှန်တွေ့တာပဲ။ ဘာတွေ ဆွေးနွေး ကြမယ်ဆိုတာတော့ မသိသေးဘူး သွားတာတော့သွားကြပြီ” ဒီတွေ့ဆုံမှုမှာ တရုတ်အာဏာပိုင်တွေဘက်က ဘယ်သူတွေပါလဲ ဆိုတာနဲ့ တွေ့ဆုံမှုလုပ်တဲ့နေရာကို မသိရသေးဘူးလို့ သူကပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ ကချင်ပြည်နယ်က နယ်စပ် စခန်းအားလုံးကို KIA က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် တရုတ်ဘက်ကလည်း နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာကြောင့် ကချင်မှာ ရှိတဲ့ နယ်စပ်ကုန်သွယ်ရေးအားလုံး ရပ်ဆိုင်းနေပါတယ်။ အခုနှစ် ဩဂုတ်လထဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA/ KIO) ဒုတိယဥက္ကဋ္ဌ ဒူးဝါးဂမ်ရှောင်ဦးဆောင်တဲ့ အဖွဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

ကချင်နိုင်ငံရေးသုတေသီ ကိုရှဘတ်ကတော့ အခုတွေ့ဆုံပွဲမှာ နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်ကုန်သွယ်ရေးဂိတ်တွေ ဖွင့်ဖို့နဲ့ အနောက်နိုင်ငံတွေနဲ့ ခပ်ကင်းကင်းနေဖို့ ဖိအားပေးတာ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။“ကျွန်တော်မြင်တာက တော့ အဓိကအားဖြင့်တော့ အချက်သုံးချက်မြင်ပါတယ်။ ပထမတစ်ချက်ကတော့ နယ်စပ်ဒေသတည်ငြိမ်ရေးဆိုတဲ့ သူတို့ပြော နေကြအတိုင်းပဲပေါ့လေ။ နောက်တစ်ခုက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ်တစ်လျှောက်မှာ နယ်စပ်ကုန်သွယ်ရေး တံခါးပေါက်တွေကို တစ်ဖက်နဲ့ တစ်ဖက်ပိတ်ထားကြတာတွေရှိတယ်။ ဆိုတော့ ဒီကိစ္စတွေ ဘယ်လိုအဖြေရှာ ဆောင်ရွက်နိုင်မလဲ၊ ဘယ်လို လုပ်ဆောင်မလဲဆိုတာတွေကို ဆွေးနွေးနိုင်ပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေနဲ့ ခပ်ကင်းကင်းနေဖို့ အဲဒီက အကူအညီတွေ တရုတ်နယ်စပ်ကို မရောက်လာနိုင်အောင် ကြိုသတိပေးတဲ့ အခြေ အနေလို့ သုံးသပ်ပါတယ်” အောက်တိုဘာ လဆန်းပိုင်းကစပြီး တရုတ်ဖိအားကြားက မြေရှားသတ္တုထွက်တဲ့ ချီဖွေ၊ ဆော့လော်မြို့နဲ့ နယ်စပ်မြို့တွေဖြစ်တဲ့ ပန်ဝါ၊ ကန်ပိုက်တီ မြို့တွေကို ထိန်း ချုပ်ခဲ့ပြီးနောက် ခရိုင်မြို့ဖြစ်တဲ့ ဗန်းမော်မြို့ကို KIA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ အခုနှစ်အတွင်းမှာပဲ KIA ဟာ ကချင် ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့ ၁၃ မြို့ကို ထိန်းချုပ်ထားပါတယ်။ Read in Full

၃။ PNO ဖမ်းဆီးသွားတဲ့ ဆီဆိုင်က တွေပူးရွာသူကြီးနဲ့ အဆက်အသွယ်ပြတ်တောက်
 December 9, 2024
ရှမ်းတောင် ဆီဆိုင်မြို့နယ် တွေပူးကျေးရွာက ရွာသူကြီးကို ပအိုဝ်းပြည်သူ့စစ် PNO ဖမ်းဆီးသွားပြီးနောက် လက်ရှိ အချိန်ထိ ရွာသူကြီးနဲ့ အဆက်အသွယ်လုပ်လို့ မရသေးဘူးလို့ သိရပါတယ်။ ရွာသူကြီးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်‌ ည ၁၁ နာရီ ဝန်းကျင်မှာ ဖမ်းဆီး‌ခေါ်ဆောင်သွားတာဖြစ်ပြီး ဒီနေ့အထိ ဘာသတင်းအစအနမှ မကြားသိရသေးတာကြောင့် အသက်အန္တရယ် စိုးရိမ်ရတယ်လို့ ပအိုဝ်းလွတ်‌မြောက်ရေးတပ်မတော် PNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောပါတယ်။ “စစ်ကောင်စီ လက်အောက်ခံဖြစ်တဲ့ PNO အဖွဲ့တွေက တွေပူးရွာသူကြီးကို ည ၁၁ နာရီလောက်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာ။ အခုထိလည်း အဆက်အသွယ်မရသေးဘူး။ ပြန်လည်း မလွတ်လာသေးဘူး” ဆိုပြီး ခွန်ရိန်းယံက ပြောပါတယ်။

PNO ဖမ်းဆီးသွားတဲ့ ရွာသူကြီးဟာ ခွန်ဆာတုန်းကျော်ဆိုသူဖြစ်ပြီး ရွာသူရွာသားတွေ မဲပေးပြီး ရွေးချယ်ထားတဲ့ သူကြီး ဖြစ်တာကြောင့်လည်း အခုလို ဖမ်းဆီးထားတဲ့လုပ်ရပ်က ဒီမိုကရေစီကို သတ်နေတာနဲ့ တူတူဘဲလို့ ခွန်ရိန်းယံ ဆိုပါတယ်။ စစ်ကောင်စီတပ်နဲ့ ၎င်းလက်အောက်ခံဖြစ်တဲ့ PNO ပြည်သူ့စစ်တွေဟာ ပအိုဝ်းဒေသ‌မှာ လက်ရှိအချိန်အထိ စစ်ကြောင်းထိုးပြီး ပအိုဝ်းကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာနဲ့ နေအိမ် မီးရှို့ဖျက်ဆီးတာအပြင် ဒေသခံတွေကို သတ်ဖြတ်တာနဲ့ ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ ခွန်ရိန်းယံက ပြောဆိုထားဖူးပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်မှာလည်း စစ်ကောင်စီတပ်နဲ့ PNO တပ်ဖွဲ့တွေ ပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် တွေပူးရွာက ကလေး ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့ဖူးတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။ Read in Full

၄။ ရခိုင်တွင် တောင်းရမ်းစားသောက်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုများလာ
 December 9, 2024
ရခိုင်တွင် တောင်းရမ်းစားသောက်ရသည့် စစ်ဘေးရှောင်အရေအတွက် ပိုများလာလျှက်ရှိကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ စစ်ဘေးရှောင်များမှာ စစ်ရှောင်ကာလများလာသည်နှင့်အမျှ စားဝတ်နေရေး ကျပ်တည်းသည့် ဦးရေပိုများလာပြီး တောင်ရမ်းစားသောက်ရသူများ ပိုတိုးလာကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီဆောင် ရွက်ပေးနေသည့် လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “စားဝတ်နေရေးပိုကျပ်တည်း လာကြတယ်။ ထမင်းငတ်တဲ့ လူတွေပိုများလာတယ်။ ဒါကြောင့် တောင်းစားရတဲ့ ဦးရေပိုတိုးလာကြတာတွေ့နေရပါတယ်”ဟု ပြောသည်။ တောင်းရမ်းစားသောက်သူများထဲတွင် သက်ကြီး၊ သက်လတ်ပိုင်းများ အပါအဝင် ၁၀ နှစ်အောက်ကလေးငယ်များပါ ပါဝင်လာ ကြောင်းသိရသည်။ စစ်ဘေးရှောင်များမှာ စားဝတ်နေရေးအပြင် ဆောင်းတွင်းရာသီရောက်လာသည်နှင့်အမျှအနွေးထည်လိုအပ်ချက် ပြဿနာတစ်ခုကိုပါ တွဲလျှက်ခံစားနေကြရကြောင်း မြောက်ဦးမှ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦး က ပြောသည်။

“ဆောင်းရာသီမှာ အနွေးထည် လိုအပ်ချက်ကလည်း သူတို့အတွက် ပြဿနာတစ်ခု ဖြစ်လာခဲ့တယ်။ စားဝတ်နေရေး တောင် အဆင်မပြေနိုင်ကြတဲ့အတွက် သူတို့မှာ တစ်ကိုယ်စာအတွက်ဖူလုံတဲ့ အနွေးထည်၊ စောင်တွေရှိမနေဘူး။ လှူဒါန်းကြတာ တွေကလည်း မလောက်ငနိုင်ဘူးဖြစ်နေသေးတယ်”ဟု ဆိုသည်။ ရခိုင်က ၁၇ မြို့နယ်တွင် အနည်းဆုံး ၁၀ မြို့နယ်ခန့်မှာ စစ်ဘေးရှောင်နေကြရဆဲဖြစ်ပြီး ကျန်မြို့နယ်များမှာလည်း စစ်ဘေးရှောင်များ ဆက်ရှိနေကြဆဲဖြစ်သည်။ အဆိုပါ စစ်ဘေးရှောင်များနှင့် ပတ်သက်၍ ထောက်ပံ့မှုများမှာ မရှိသလောက်နည်းပါးနေရာ တိုက်ပွဲများကြား အလုပ်ကိုင်ရှားပါးလွန်းသည့် ရခိုင်တွင်အခြေခံ လက်လုက်လက်စားဘဝဖြင့် စစ်ဘေးရှောင်နေကြရသူအများစုမှာ အငတ်ဘေးဖြင့် ရင်ဆိုင်ကြရပြီး တောင်းရမ်းစားသောက်ရ သည့်အဖြစ်သို့ အများစုရောက်ရှိသွားကြကြောင်း သိရသည်။ Read in Full

၅။ ဟားခါး –  ထန်တလန်ကြား တပ်စခန်းအားလုံးကို CC အဖွဲ့က သိမ်းပိုက်ရရှိထားပြီး ထိန်းချုပ်ထား
 December 9, 2024
ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ထန်တလန်မြို့ကြားက စစ်ကောင်စီတပ်စခန်း ၆ ခုကို ချင်းလဲန်းကောင်စီ (CC) လက် အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ရရှိထားပြီး ဟားခါး-ထန်တလန်ကြားကိုလည်း ထိန်းချုပ်ထားတယ် လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်ဆီက သိရပါတယ်။ CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက စစ်ရေးအရ အရေးပါတဲ့ ဟားခါး – ထန်တလန်ကြား တပ်စခန်းအားလုံး သိမ်းပိုက်ရရှိဖို့နဲ့ ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၂ ရက် နေ့က ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ အဲဒီထိုးစစ်ဆင် တိုက်ခိုက်နေတဲ့  ၁၀ ရက် ကျော်အကြာ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်မှာ ဟားခါး-ထန်တလန်ကြား တပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိထားပြီး ဟားခါး-ထန်တလန်ကြားကိုလည်း ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ “နောက်ဆုံးလက်ကျန် တပ်စခန်းဖြစ်တဲ့ အော်တိုစခန်းကို မနေ့ကပဲ သိမ်းပိုက်ရရှိပြီး ဟားခါး – ထန်တလန်ကြား တပ်စခန်းအားလုံး သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။”လို့ ရှေ့တန်းစစ်ရေးသတင်းအရစ်မြစ်က ပြောပါတယ်။ ဟားခါး – ထန်တလန်ကြား စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်က ၎င်းတို့ တပ်စခန်းတွေ မကျစေရေးအတွက် လေကြောင်း ကနေ ခုခံတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဟားခါး – ထန်တလန် ကားလမ်းကို အဓိကအသုံးပြုပြီး ဟားခါးမြို့ကနေ ထန်တလန်မြို့ တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေနဲ့ စစ်ကူတွေပို့ပေးနေပြီး အခုအခါ စစ်ကောင်စီတပ်ဟာ လက်နက်ခဲယမ်းတွေနဲ့ စစ်ကူတွေပို့ပေးနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ “အဓိက ထန်တလန်မြို့ တိုက်ပွဲမှာ စစ်ကောင်စီတွေ စစ်ကူမပို့နိုင်ဖို့ ဟားခါး-ထန်တလန်ကြား ကို ထိန်းချုပ်နိုင်ဖို့ဖြစ်တယ်။ အခု ဟားခါး-ထန်တလန်ကြား ထိန်းချုပ်ထားပြီဖြစ်တဲ့အတွက် ထန်တလန်မြို့တိုက်ပွဲမှာ စစ်ကောင်စီတပ်တွေ စစ်ကူပို့ရင် ကျွန်တော်တို့အလွယ်တကူ တားဆီးနိုင်မယ်ဖြစ်တယ်။”လို့ ရှေ့တန်းစစ်ရေးသတင်း အရစ်မြစ် က ပြောပါတယ်။ ဒါ့အပြင် ဟားခါး-ထန်တလန်ကြား စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး ၂၀ ကျော်အရှင်ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းအများပြား သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ထန်တလန်မြို့ကို CC လက်အောက်ခံ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်နေပြီး တိုက်ပွဲတွေပြင်းထန်ကာ ဟားခါးမြို့ ရုန်းတောင်တပ် စခန်းကနေ လက်နက်ကြီးကျည်တွေ ပစ်ကူပေးနေပါတယ်။ Read in Full

၆။ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်ပွဲတွင် စစ်တပ်က ဓာတုအဆိပ်ဗုံး အသုံးပြု တိုက်ခိုက်
 December 9, 2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ဓာတုအ ဆိပ်ဗုံးအသုံးပြုကာ တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ မူးဝေအော့အန် ဝေဒနာခံစားခဲ့ရကြောင်း ဓနုပြည်သူ့လွတ် မြောက်ရေးတပ်တော် (DPLA) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒီဇင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီအချိန် ရပ်စောက် မြို့နယ်၊ ကျောက်ဂူဒေသတွင် ကျောက်ဂူအခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် အမတ ၃၄၉ ၊ နောင်ဝိုးအခြေစိုက် အကြမ်း ဖက် စစ်ကောင်စီတပ် ခလရ ၂၉၂ နှင့် နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသသို့ စစ်ကူသွားသည့် အကြမ်းဖက် စစ်ကောင်စီတပ်စစ်ကြောင်းတို့ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီ တပ်က ဒရုန်းဖြင့် ဓာတုအဆိပ်ဗုံးအသုံးပြုကာ တိုက် ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ၏ ဓာတုအဆိပ်ဗုံးအသုံးပြတိုက်ခိုက်မှုကြောင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)တပ်ဖွဲ့ဝင်များ ဓာတုအဆိပ်သင့် ကာ မူးဝေအော့အန်ခြင်းတို့ ဖြစ်ခဲ့ကြောင်း သိရသည်။

“လေယာဉ်နဲ့မဟုတ်ဘူး၊ ဒရုန်းနဲ့ချတာ၊ နေ့တိုင်းတိုက်ပွဲဖြစ်နေတာ ဟုတ်ပါတယ်။ ဓာတုအဆိပ်ဗုံးက တော့ ဒီဇင်ဘာ လ ၇ ရက်နေ့တစ်ရက်တည်းချတာပါ။ ဓာတုအဆိပ်သင့်တဲ့ ရဲဘော်တွေလည်း အခုတော့ သက်သာပါပြီ။ နေ့စဉ်ထိတွေ့တိုက်ပွဲ တွေနဲ့ပတ်သက်လို့ နောက်ဆက်တွဲ သတင်းထုတ်ပြန် သွားမှာပါ” ဟု ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းများနှင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) တပ်ဖွဲ့တို့အကြား နိုဝင်ဘာလ ၃၀ ရက်နေ့မှစ၍ နေ့တိုင်းနီးပါး တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ယင်း တိုက်ပွဲများနှင့် ပတ်သက်၍ နောက်ဆက်တွဲ သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ Read in Full

၇။ ရခိုင်ဒေသခံ ၅ ဦးကို ARSA ဖမ်းဆီးထား
 December 9, 2024
ရခိုင်ပြည်၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်မှ ဒေသခံ ၅ ဦးမှာ မွတ်ဆလင်လက်နက်ကိုင် ARSA အဖွဲ့ထံ  ဖမ်းဆီး ခံထားရပြီး ပြန်လွတ်လာခြင်းမရှိသေး၍ စိုးရိမ်မှုများရှိနေကြောင်း မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများမှာ ဘူးသီးတောင်မြို့နယ်၊ ဆင်စွယ်ရ(သက္ကမ)ကျေးရွာမှ ကိုမောင်မောင် (၂၂)နှစ်၊ ကိုရဲကိုကို (၂၆)နှစ်၊ ဦးဦးလှဝင်း (၃၉)နှစ်နှင့် ရသေ့တောင်မြို့နယ်၊ ကုန်းတန်းကျေးရွာမှ ဦးလှယေမောင် (၅၈)နှစ်၊ ဦးညိုသာစိန် ( ၅၇) နှစ်တို့ ဖြစ်သည်။  ၎င်းတို့ ၅ ဦးကို ARSA အဖွဲ့က ဖမ်းဆီးထားသည့် ရုပ်သံဖိုင်မှာ ဒီဇင်ဘာ ၈ ရက်တွင် လူမှုကွန်ယက်၌ ပျံ့နှံ့လာခဲ့သည်။ ရုပ်သံဖိုင်တွင် ဖမ်းဆီးခံ ထားရသူများအား ရိုက်နှက်ပြီးနောက် – AA အနေဖြင့် ARSA နှင့် မတိုက်ခိုက်ရန်၊ မောင်တောခရိုင်မှ တပ်ဆုတ်ခွာပေးရန် ပြောဆို ခိုင်းထားသည်ကို တွေ့ရသည်။ ဖမ်းဆီးခံထားရသူများ၏ ဘေးပတ်လည်တွင် သေနတ်ကိုင်ဆောင်ထားသည့် ARSA အဖွဲ့ဝင်များ ကို တွေ့ရပြီး ရသေ့တောင်ဒေသခံနှစ်ဦး၏ ဦးခေါင်းနှင့်မျက်နှာတွင် ဒဏ်ရာများကိုတွေ့ရသည်။ “ပျောက်သွားလို့ဆိုပြီး မိသားစုတွေက လိုက်ရှာနေတာ။ အခုတော့ သွေးထွက်သံယိုနဲ့  ARSA က တင်ထားတဲ့ ဗီဒီယိုထဲမှာပါလာတယ်။ သူတို့အသက်ရှင်သေးရဲ့လား မသိရသေးဘူး။ အဆက်အသွယ်လည်း ပြတ်နေတယ်”ဟု ARSA ထံ ဖမ်းဆီးခံထားရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၅ ရက်နေ့က ဆင်စွယ်ရ(သက္ကမ)ကျေးရွာသို့ ARSA တပ်ဖွဲ့ဝင်များ ဝင်ရောက်လာပြီး အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့်အပြင် ဒေသခံ ၃ ဦးကို ဖမ်းဆီးသွားခဲ့သည်။ ယင်းအပြင် ဘင်္ဂလားဒေ့ရှ် နယ်စပ် တွင် ကုန်ပစ္စည်းဝယ်ရန်သွားသည့် ရသေ့တောင်ဒေသခံ နှစ်ဦးမှာ ဆင်စွယ်ရကျေးရွာသို့ ခေတ္တရောက်ရှိနေစဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသူများမှာ လေးရက်ကြာထိ ပြန်လွတ်မြောက်လာခြင်း မရှိသေးသလို ARSA အဖွဲ့ဝင်များ၏ ရိုက်နှက် ခံရမှုများရှိနေ၍ မိသားစုဝင်များမှာ စိုးရိမ်နေကြသည်။“သူတို့ဘယ်မှာရှိတယ်ဆိုတာ မသိရဘူး။ မိသားစုကတော့ ဟိုကိုဆက်သွယ်၊ ဒီကိုဆက်သွယ်နဲ့ ရှာနေတာပေါ့။ အသက်ရှင်သေးရဲ့လားလည်း မသိရဘူး။ သူတို့ကို စိုးရိမ်မိတယ်။ အသက်ရှင်လျှက် ပြန် တွေ့ချင်ပါတယ်”ဟု နောက်ထပ်ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ကပြောသည်။  ဒီဇင်ဘာ ၄ ရက်ကလည်း မောင်တောမြို့ နယ်၊ အောင်ဇေယျကျေးရွာမှ အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးမှာ ရွာအနီး နွားကျောင်းနေစဉ် ARSA အဖွဲ့၏ ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရသည်။ လက်ရှိတွင် မောင်တောခရိုင်တစ်ခုလုံးကို အာရက္ခတပ်တော်(AA) က သိမ်းပိုက်ထားသော်လည်း ARSA၊ RSO၊ ARA အဖွဲ့များသည် မေယုတောင်တန်းတကြောတွင် လှုပ်ရှားကာ ကျေးရွာသို့ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီး ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်နေသည်။ Read in Full

၈။ မင်းတပ်မြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၃၀ ကြာ တိုက်ပွဲဖြစ်ခဲ့ဟု CDF ပြော
 December 9, 2024
ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် (Mindat) ပါဝင်သည့် ချင်းညီ နောင်မဟာမိတ် တပ်များက နိုဝင်ဘာ ၉ ရက်က စတင်ဆင်နွှဲခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၃၀ ကြာတိုက်ပွဲရှိခဲ့ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က (ဒီဇင်ဘာ ၉ ရက်)တွင် ပြောသည်။ ချင်းညီနောင်မဟာမိတ်များသည် မင်းတပ် နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ ရက်တွင် တပြိုင်တည်း စတင်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းစစ်ဆင်ရေးများအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း အသိပေး ထားသော်လည်း စစ်ရေးသတင်းများ ထပ်မံထုတ်ပြန်ခြင်းမရှိပေ။ စစ်ရေးသတင်း များကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။

မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြု ခုခံခဲ့ပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့လည်း လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။ ထို့ပြင် စစ်ကောင်စီတပ်များသည် မင်းတပ်မြို့ပေါ်ရှိနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလည်း ကျူးလွန်ခဲ့ဟု ဆိုသည်။ CDF မင်းတပ် ရဲဘော်များအနေဖြင့် မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင်ဆင်နွှဲမည်ဖြစ်ကြောင်း CDF မင်းတပ်က ယခု ဒီဇင်ဘာ လဆန်းတွင်ကြွေးကြော်ထားပြီး အရေးတော်ပုံပြီးသည်အထိ တော်လှန် ရေးအောင်နိုင်သည်အထိ စွမ်းစွမ်းတမံ ကြိုးစား မည်ဖြစ်သည်ဟု အသိပေးထားသည်။ Read in Full

၉။ စစ်ကြောင်းထိုးတာကြောင့် ညောင်လေးပင်ခရိုင်က ဒေသခံနှစ်ထောင်ကျော် ထွက်ပြေး
 December 9, 2024
ပဲခူးတိုင်း၊ ညောင်လေးပင် (ခလယ်လွီထူး)ခရိုင်က ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ထားတဲ့ ကျေးရွာ တွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ လေးခုက ဒေသခံ နှစ်ထောင့်ငါးရာကျော် (၂၅၆၀ ဦး) နေရပ် စွန့် ခွာထွက်ပြေးနေရကြောင်း KNU က ဒီဇင်ဘာ ၉ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ တာကြောင့် ညောင်လေးပင်ခရိုင်က ချုံအင်းရွာ၊ ဂွေးကုန်းရွာ၊ ကောက်မယ့်သူရွာနဲ့ ရေဖြူကန်ရွာက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတာလို့ KNU က ပြောပါတယ်။ စစ်ကောင်စီတပ်စစ်ကြောင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၇) လက်အောက်ကတပ်ဖွဲ့တွေ ဒီဇင်ဘာ ၇ ရက်နေ့က ရေဖြူကန်ရွာမှာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ စစ်ကြောင်းထိုးတာအပြင် ဒရုန်းတွေ လက်နက်ကြီးတွေနဲ့လည်း တိုက်ခိုက်နေကြောင်း KNU က ပြောထားပါတယ်။ 

ဒီဇင်ဘာလ ၆ ရက်နေ့က ရေလဲဗမာရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်း အတွင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးဒုက္ခသည် တစ်သန်းကျော် (၁,၀၅၂,၇၂၉ ဦး) ရှိလာပြီး လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ ကရင်ငြိမ်း ချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က နိုဝင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။ Read in Full

 
၁၀။ ဗန်းမော် တိုက်ပွဲပြင်းထန်၊ စစ်ဘေးရှောင်ပြည်သူများ အကူအညီလိုအပ်နေ
 December 9, 2024
ကချင်ပြည်နယ်၊ ဗန်းမော်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်တာအပြင် စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရှောင်ပြည်သူတွေလည်း စားဝတ်နေရေးအကူအညီတွေလိုအပ်နေကြပါတယ်။ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ် တလျှောက်ရှိ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်က ဒီဇင်ဘာ ၄ ရက်ကစပြီး ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေတာ ၆ ရက်မြောက် ရှိလာပါပြီ။ ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာအပြင် လေကြောင်းကနေ စစ်အင်အားဖြည့်တင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ “မနေ့က ၁၂ နာရီနောက်ပိုင်းလောက် ဖြစ်မယ်ထင်တယ်။ ဗန်းမော် ၄ မိုင် ထောက်ပို့တပ်တွေရှိတဲ့ ဆေးတပ်တွေရှိတဲ့ဘက်မှာဆိုရင်လည်း နေ့လယ် ၁ နာရီကျော် လောက် ဖြစ်မယ်ထင်တယ်။ ခရီးသည်တင် လေယာဉ်လိုမျိုး လေယာဉ်အကြီးကြီး၊ သယ်ယူပို့ဆောင်ရေး လေယာဉ်ထင်တယ် အဲလိုလေယာဉ်ကြီးနဲ့ လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ထင်ရတဲ့ လေထီးကနေ ချပေးတာတွေ တွေ့ရတယ်။ ၁၀ ခေါက်လောက် ဝဲပြီး လာချသွားတာ။ တခါချရင် အထုပ် ၈ ထုပ်လောက်ပါတယ်။ တခါတလေ ၁၀ ထုပ်၊ အဲလိုနဲ့ တညနေလုံး လာချတယ်။ အဲဒါချ ပြီးသွားရင် ဂျက်လေယာဉ်နဲ့ လာပစ်သွားတယ်။ ဂျက်လေယာဉ်နဲ့ကော y12 လေယာဉ်နဲ့ကော မနေ့က တိုက်ပွဲဖြစ်တဲ့နေရာကို တနေကုန် လာကြဲသွားတာ တွေ့တယ်။” မြို့ပေါ်က ပြည်သူအများစုကတော့ ထွက်လို့ရတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေး တိမ်းရှောင်နေကြပြီး မြို့ထဲမှာ ကျန်ရစ်သူတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

သက်ကြီးရွယ်အိုတွေ၊ တချို့မိသားစုတွေမှာ သွားလာဖို့ ဆိုင်ကယ်မရှိတာ၊ စက်လှေခ မရှိတာတွေကြောင့် မြို့ထဲကျန်ရှိ နေသေးတဲ့ ပြည်သူတွေအများကြီးရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧရာဝတီမြစ်ကြောင်းကနေတဖက်ကမ်း ကို တိမ်းရှောင်လာတဲ့ စစ်ရှောင် ဗန်းမော်ဒေသခံတွေတချို့ စားဝတ်နေရေးအတွက်လည်း ခက်ခဲနေကြပြီး အကူအညီတွေ လိုအပ် နေကြပါတယ်။“ကျနော်တို့ဆိုလည်း ဗန်းမော်ကထွက်လာတော့ အခက်အခဲတွေ အများကြီးဖြစ်တယ်။ ဘယ်မှာသွားခိုရမှန်း မသိ။ မနေ့ကဆို တနေကုန် ထမင်းမစားရတာရှိတယ်။ အဲဒါ နီးစပ်ရာ အသိမိတ်ဆွေတွေပေါ့။ သူတို့လည်း ဗန်းမော်က ထွက်လာ တဲ့သူတွေ၊ အဲလိုပဲ အချင်းချင်း ဝိုင်းဝန်းပြီး စားသောက်နေကြတယ်။ ဗန်းမော် အနီးပတ်ဝန်းကျင်က လုံခြုံတယ်ထင်ရတဲ့ ကျေးရွာ တွေမှာ ခိုနေကြတာ။ အထဲမှာကျန်ခဲ့သူတွေရော အပြင်ရောက်လာသူတွေရော အကုန်အခက်အခဲ ကိုယ်စီနဲ့ပေါ့။ အဓိက စားဝတ် နေရေးအတွက် လိုအပ်နေကြတယ်။” စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသန်းပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာ တွေကြောင့် နေအိမ်မီးလောင်ဆုံးရှုံးမှုတွေလည်း အများကြီးရှိနေတယ်လို့ သိရပါတယ်။ တိုက်ပွဲအတွင်း လက်နက်ကြီးကျ ရောက်ပေါက်ကွဲတာ၊ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာတွေကြောင့် အရပ်သားသေဆုံးမှု ၃၀ ဝန်းကျင်ရှိနေပြီး ၁၅၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ Read in Full

၁၁။ သထုံခရိုင်မှာ အခုရက်ပိုင်းအတွင်း ဒေသခံ ၆၀ ထက်မနည်းဖမ်းဆီးခံရ
 December 10, 2024
မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း ဒေသန္တရအမိန့် ဖောက်ဖျက်မှုစွပ်စွဲချက်နဲ့ ဒေသခံ ၆၀ ထက်မနည်း ဖမ်းဆီးခံ ထားရပြီး အဲဒီထဲကလူငယ်တချို့  စစ်သားစုဆောင်းခံထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။ စစ်ကောင်စီဟာ ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး သထုံခရိုင်ရဲ့ မြို့နယ်တွေဖြစ်တဲ့ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့ နယ်တို့မှာ အမျိုးသားနှစ် ယောက် ဆိုင်ကယ်အတူစီးနင်းမှုကို စီမံချက်အနေနဲ့ ဖမ်းဆီးနေတာပါ။ အဲလိုဖမ်းဆီးရာမှာ မြို့အဝင်အထွက်နဲ့ လမ်းဆုံလမ်းခွ တွေမှာ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေက အမျိုးသားနှစ်ယောက် ဆိုင်ကယ်အတူစီးနင်းမှုကို စစ်ဆေးမေးမြန်းတာမရှိဘဲ တစ်ခါ တည်း ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူတွေထဲမှာ စစ်ကောင်စီအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ နီးစပ် သူတွေ၊ ငွေ ကြေးတတ်နိုင်သူတွေကိုတော့ ငွေကျပ်သိန်းဆယ်နဲ့ချီ တောင်းခံပြီး ပြန်လွှတ်ပေးနေတယ်လို့ ရဲ တပ်ဖွဲ့နဲ့နီးစပ် သူ တစ်ဦးက ပြောပါတယ်။

ဒါပေမယ့် ငွေကြေးမပေးနိုင်သူတွေအပါအဝင် မိသားစုနဲ့အဆက်အသွယ် မရသူတွေကိုတော့ စစ်မှုထမ်းအဖြစ် ဖမ်း ဆီးပြီးနောက် စစ်သားစုဆောင်ရေးတပ်တွေထံ ချက်ချင်းပို့ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒေသန္တရအမိန့်ဖောက်ဖျက်သူတွေကို တစ်လစီမံချက်နဲ့ ဖမ်းဆီးအရေးယူဖို့ ရှိနေတာကြောင့် လူငယ်တွေအနေနဲ့ ညပိုင်းအပြင်ထွက်သွားလာတာ မလုပ်ကြဖို့ အမည် မဖော်လိုတဲ့ စစ်ကောင်စီ တာဝန်ရှိသူတွေကတိုက်တွန်းတာပါ။ သထုံခရိုင်ထဲက မြို့နယ်တွေမှာ စစ်ကောင်စီဟာ အမျိုးသားနှစ် ယောက် ဆိုင်ကယ်အတူမစီးရအပါ အဝင် ညမထွက်ရ ဒေသန္တအမိန့်တွေလည်း ထုတ်ပြန်ထားပါတယ်။ Read in Full

၁၂။ နန်းဖဲ စစ်ရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါဖြစ်ပွားသူ များပြားနေဆဲ၊ ဆေးဝါးအကူအညီလိုအပ်နေ
 December 10, 2024
ကရင်နီပြည် ၊ ဖရူဆို – ဘောလခဲမြို့အစပ်မှာ ရှိတဲ့ နန်းဖဲ စစ်ရှောင်စခန်းတွေမှာ အောက်တိုဘာလက စတင်ဖြစ်ပွားတဲ့ ငှက်ဖျားရောဂါဟာ လက်ရှိအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်ပြီး ဆေးဝါးအကူအညီလိုအပ်နေတယ်လို့ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။ ငှက်ဖျားရောဂါကို ၅နှစ်အောက်ကလေးငယ်တွေ ကျောင်းသား၊ ကျောင်းသူ အပါ အဝင် လူကြီးတွေ ဖြစ်နေကြတာပါ။ “ဒီလ ထဲမှာပိုများလာတယ်။ လျော့တယ်လို့တော့ ပြောလို့မရဘူး။ ငှက်ဖျားတော့ အဖြစ်များနေတယ် ရွာထဲမှာတော့ ကူးစက်မှုတွေလည်းရှိတယ်။ ရန်ပုံငွေနဲ့တော့ နောက်ပိုင်းလည်ပတ်ဖို့ရှိတယ် IEC နဲ့တော့ချိတ်ဆက်ထားတယ် မရသေးဘူးပေါ့။ ကိုယ့်ဟာနဲ့ကိုယ် အလှူရှင်ရှိနေသေးတယ် အလှူရှင်ရှိတယ်ဆိုတာ တစ်ကြိမ်လှူဒါန်းထားတဲ့ဟာပေါ့။ အခကြေးငွေအနေနဲ့ ဆေးဖိုးပြန်ယူပြီး ပြန်လည်ပတ်ရတာပေါ့။ အခမဲ့တော့ မပေးနိုင်သေးဘူး။”လို့ အဆိုပါ ကျန်းမာရေးဆရာမတစ်ဦးက ပြောပါ တယ်။ သုံးလအတွင်း ငှက်ဖျားရောဂါဖြစ်ပွားသူ ၁၀၀ ဝန်းကျင်ရှိပြီး ၅ နှစ်အောက် ကလေးငယ်တွေလည်း ငှက်ဖျားရောဂါကူး စက်ခံရတာ ရှိတယ်လို့ဆိုပါတယ်။ စစ်ရှောင်စခန်းတွေမှာ ဆေးပေးခန်းမရှိသလို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့အစည်း တွေလည်း လက်လှမ်းမမှီတာကြောင့် ဆေးဝါးလိုအပ်ချက်လည်း ရှိနေတယ်လို့ ဆိုပါတယ်။“အရင်တုန်းကဆိုရင် ၅ နှစ် အောက် ကလေး ငှက်ဖျားဖြစ်တာ မတွေ့ရပေမယ့် ဒီနောက်ပိုင်းမှာ ဖြစ်လာတာရှိတယ် ကူးစက်မှုတွေရှိနေတဲ့အတွက်။  ၅ နှစ် အောက် ကလေးတွေလည်းဖြစ်လာတော့ ဘယ်လိုပဲပြောပြော လူကြီးနဲ့ယှဉ်ရင်တော့ အသက်အန္တရာယ်နဲ့ပိုနီးတာပေါ့နော။ ဖြစ်တဲ့သူ တွေက တစ်လကို ၁၀ ယောက်၊ ၁၀ ယောက် ဝန်းကျင်ရှိတယ် ၃ လဆိုလို့ရှိရင်တော့ အယောက် ၃၀ ၊ ၄၀ ဝန်းကျင်မှာရှိတယ်။”လို့ အဆိုပါ ကျန်းမာရေးဆရာမတစ်ဦးက ဆက်ပြောပါတယ်။

ကျောင်းနေအရွယ် ကလေးတွေ ငှက်ဖျားရောဂါ ကူးစက်မှုရှိတာကြောင့်လည်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက စစ်ရှောင် စာသင်ကျောင်းကို ပိတ်ထားလိုက်ရပါတယ်။ “ဒီတစ်နှစ်လည်း ငှက်ဖျားတော်တော်ဖြစ်တယ် အဲ့အတွက်လည်း ကျောင်း ၈ ရက် လောက်ပိတ်လိုက်ရတယ် တစ်ကျောင်းလုံးနီးပါးဖြစ်သွားတယ် ငှက်ဖျားက။ အရင်တစ်လထဲမှာပေါ့။ တုပ်ကွေးတော့ တချို့ဖြစ် ကြတယ် အများကြီးတော့မဖြစ်ဘူး။ ငှက်ဖျားတော့ တော်တော်များတယ်။”လို့ ကျောင်း ဆရာမတစ်ဦးက ပြောပါတယ်။ အဆိုပါ ငှက်ဖျားရောဂါဖြစ်ပွားနေတဲ့ နန်းဖဲစစ်ဘေးရှောင်စခန်း ၃ ခုကတော့ နှောင်လုံ ၊ ဝေကျခေါ၊ တဂေးလဲ ဖြစ်ပြီး စုစုပေါင်း အိမ်ခြေ ၂၅၅ အိမ်ရှိကာ၊ လူဦးရေ ၈၀၀ ကျော်အထိ ရှိနေပါတယ်။ ၂၀၂၄ ခုနှစ်၊ မေလ ကစပြီး ကရင်နီပြည်က ဖရူဆို၊ ရှားတော၊ ဒီးမော့ဆို၊ ဖားဆောင်း၊ ဘောလခဲ စတဲ့မြို့နယ်အတွင်းက ကျေးရွာ၊ စစ်ဘေးရှောင်စခန်းတွေမှာ ငှက်ဖျားရောဂါ စတင်ဖြစ်ပွားခဲ့ ကြတာပါ။ လက်ရှိစစ်ရှောင်တွေ ဖြစ်နေကြတဲ့ ငှက်ဖျားရောဂါအမျိုးအစားကတော့ Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F)ဖြစ်ပြီး PV အမျိုးအစား အဖြစ်များတယ်လို့ သိရပါတယ်။ Read in Full

၁၃။ ထွက်ပြေးသွားသည့် ဗိုလ်မှူးချုပ်သူရိန်ထွန်းကို AA  ဖမ်းဆီးရမိ
 December 9, 2024
ရခိုင်ပြည်နယ်၊ မောင်တော နယ်ခြားစောင့်တပ်ခွဲ-နခခ(၅)ကို သိမ်းပိုက်ပြီးနောက် ထွက်ပြေးသွားသည့် စကခ(၁၅) တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းကို အရှင်ဖမ်းဆီးရမိကြောင်း AA နှင့်နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။“မနေ့က ဗိုလ်မှူးချုပ်သူရိန်ထွန်းနဲ့အတူ မွတ်စလင်လက်နက်ကိုင်တွေရော အကုန်ဖမ်းမိတယ်။ မောင်တော ကျီးကန်ပြင်ဘက်မှာ သီဟိုဠ်ခြံရှိတယ်။ အဲဒီမှာ လက်ရဖမ်းမိတယ်” ဟု ၎င်းက ဆိုသည်။ (ဒီဇင်ဘာ ၈ ရက်) နံနက်ပိုင်းက အာရက္ခတပ်တော်(AA)က နခခ(၅)တခုလုံးကို အပြီးသတ်သိမ်း ပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်စဉ် အဆိုပါတပ်မမှူးနှင့်အတူ ၈၀ ဝန်းကျင်ကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။ စကခ(၁၅)တပ်မမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅)ကိုကွပ်ကဲနေသူဖြစ်ပြီး ပြီးခဲ့ သည့် နိုဝင်ဘာလ ကတည်းက စခန်းမှလက်အောက်ငယ်သားများကိုထားခဲ့ကာ အခြားတနေရာကို ထွက်ပြေးပုန်းရှောင်နေခြင်း ဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် နခခ(၅) AA လက်ထဲသို့မကျရောက်စဥ်က လက်အောက်ငယ်သားများ စခန်းမှထွက် ပြေးပါက အသေပစ်သတ်ရန် အချင်းချင်းကို ပစ်မိန့်ပေးထားကြောင်း တပ်တွင်းနီးစပ်သူထံက သိရသည်။ ၎င်းသည် ဒီဇင်ဘာလ ၈ ရက် ညနေခင်းတွင် ARSA ၊ RSO ၊ ARA လက်နက်ကိုင်များနှင့်အတူပူးပေါင်းကာ နတ်မြစ်တဖက်ကမ်းသို့ ထွက်ခွာရန်ကြိုးပမ်း နေစဥ် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ် များကဆိုသည်။

“ဗိုလ်မှူးချုပ်သူရိန်ထွန်းက အရင်ကလည်း ကျောက်တော် တင်းမရွာသား ၁၆ ယောက်ကို သတ်ပစ်ခဲ့သူ ဖြစ်တယ်။ ရခိုင်ပြည်သူလူထုကို စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တာကို ကျွန်တော်တို့ကြားသိရပါတယ်”ဟု ရခိုင် လူ့အခွင့်အရေးကာကွယ် မြင့်တင် သူများအသင်း၏ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်း ကိုဖမ်းဆီးရမိသည့် သတင်းမှာ မှန် ကန်ကြောင်း ဦးမြတ်ထွန်းကလည်း အတည်ပြုသည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်း သည် ၂၀၁၈ မှ ၂၀၂၀ ခုနှစ်အထိ ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းခတ်မြို့၏ စစ်ဗျူ ဟာမှူးဖြစ်ပြီး စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အလယ်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းဦးစီးအဖြစ် တာဝန်ယူခဲ့သည်။ ယင်းနောက် ၂၀၂၂ အောက်တို ဘာလမှစ၍  မောင်တော နခခ(၅)တွင် စကခ(၁၅) တပ် မမှူးအဖြစ် တာဝန်ယူ ကွပ်ကဲနေခြင်းဖြစ်သည်။ ဗိုလ်မှူးချုပ်သူရိန်ထွန်းသည် ရခိုင်ပြည်နယ်စပ်ဒေသတွင် လူမျိုးရေး၊ ဘာသာ ရေးပဋိပက္ခဖန်တီးနေသည့်အပြင် အရပ်သားပြည်သူများအား ပစ်သတ်ရန်ဆောင်ရွက်နေခြင်းကြောင့် နာမည်ဆိုးဖြင့်ကျော်ကြား နေ သူဖြစ်သည်။ Read in Full

၁၄။ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု TNLA ထုတ်ပြန်ထားစဉ် နောင်ချိုကို စစ်ကောင်စီအင်အားဖြည့်၊ လက်နက်ကြီး ပစ်ခတ်
December 10, 2024
ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမည်ဟု TNLA က သတင်း ထုတ်ပြန်ပြီးနောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုများဆက်ရှိနေပြီး  ယမန်နေ့က နောင်ချိုမြို့နယ်အတွင်းရှိ သကြားစက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဝန်ထမ်းသုံးဦးဒဏ်ရာရခဲ့ကြောင်း TNLA ထုတ်ပြန်ချက်နှင့်ဒေသခံများထံမှသိရသည်။ ဒီဇင်ဘာလ ၉ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် စစ်ကောင်စီက နောင်ချိုမြို့နယ်၊ သရက်ကုန်းတောင်မှ လက်နက်ကြီးပစ်ခတ်ခြင်း ဖြစ်ပြီး  ဆမ္မကျေးရွာအတွင်းရှိ အမှတ်(၁) သကြားစက်ရုံဝန်းနှင့်ပတ်ဝန်းကျင်၌ကျရောက်ပေါက်ကွဲကာစက်ရုံဝန်ထမ်း အမျိုးသားနှစ်ဦးနှင့် အမျိုးသမီး တဦးဒဏ်ရာရရှိခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။ယင်းအပြင် ကား နှစ်စီးနှင့် နေအိမ် တချို့ လည်းပျက်စီးခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ဒေသခံပြည်သူများ အေးချမ်းစွာနေ ထိုင်နိုင်ခြင်းမရှိစေရန်လက်နက်ကြီးနှင့် လေကြောင်းအသုံးပြု တိုက် ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်နေ၍ ဒေသခံများ သတိပြု နေထိုင်ကြရန် TNLA က သတိပေးချက်ထုတ်ပြန်ထား သည်။

တအာင်းဒေသတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းဒဏ်နှင့် စစ်ဘေးဒဏ်ကို ဒေသခံများ ပြင်းထန်စွာ ခံစားနေရပြီး နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေးကြားဝင်ကြိုးပမ်းနေသည့် တရုတ်အစိုးရ၏ ကြိုးပမ်းမှုကို အသိအမှတ်ပြု၍  စစ်ရေး ပဋိပက္ခများအဆုံးသတ်ရေး စစ်ကောင်စီနှင့်တွေ့ဆုံဆွေးနွေးရန် အသင့်ရှိသည်ဟုTNLA ကနိုဝင်ဘာ ၂၅ ရက်တွင် ထုတ် ပြန်ခဲ့သည်။ မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အခွင့်အရေးကို ကိုင်စွဲထားပြီး ပြဿနာအရပ်ရပ်ကိုဖြေရှင်းနိုင်ရန်အတွက် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် အမြဲတမ်းအဆင်သင့်ရှိသည်ဟု TNLA က ထုတ်ပြန်ခဲ့သည်။ ထိုသို့ထုတ်ပြန်ပြီးနောက်ပိုင်း TNLA ၏ တိုက် ခိုက်မှုများရပ်တန့်သွားသော်လည်း စစ်ကောင်စီက  လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေခဲ့သည်ဟု ရှမ်းပြည်နယ် မြောက်ပိုင်းမှဒေသခံအချို့ကပြောသည်။ ထို့အပြင် ငြိမ်းချမ်းရေးဆွေးနွေးရန်အပစ်ရပ်ကြောင်း  TNLA က ထုတ်ပြန်ပြီးနောက် ငါးရက်အကြာ  နိုဝင်ဘာလ ၃၀ ရက် ညနေတွင် စစ်ကောင်စီက ကျောက်မဲမြို့ကို  လေကြောင်းမှ ပေါင် ၅၀၀ ဗုံး နှစ်လုံးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၀ဉီးသေဆုံးပြီး ၂၀ကျော်ဒဏ်ရာရခဲ့သည်ဟုTNLAက သတင်းထုတ်ပြန် ထားသည်။ Read in Full

၁၅။ KNDO တပ်ဖွဲ့ဝင် အသတ်ခံရမှု PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေး 
 December 9, 2024
ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ဖွဲ့ဝင် ရဲဘော်မောင်နိုင် အသတ်ခံရမှုနှင့်ပတ်သက်၍ မြိတ်ခရိုင်တပ် ရင်း (၁) က PDF ရဲဘော်နှစ်ဦးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ပြောသည်။  ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် KNDO တပ်ရင်း (၇) က ရဲဘော်မောင်နိုင်ကို မြိတ်ခရိုင်တပ်ရင်း (၁) ၊ တပ်ခွဲ (၁) မှ ရဲဘော်များက ကိစ္စရှိသည်ဟုဆိုကာ ခေါ်ဆောင်ပြီးသတ်ဖြတ်ခဲ့သဖြင့် ဖြေရှင်းချက်ပေးရန် KNDO က နိုဝင်ဘာလ ၂၆ ရက် တွင် ထုတ်ပြန်ထားသည်။ ယခုဖြစ်စဉ်ကို သိရှိသည့် အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးကမူ ရဲဘော်မောင်နိုင် အပါ အဝင် KNDO တပ်ဖွဲ့ဝင် သုံးဦးသည် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်နှင့်ဆက်သွယ်သည်ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက် တွင် ဖမ်းဆီးခေါ်ဆောင် ပြီးနောက် ရဲဘော်မောင်နိုင်က အဆိုပါအမျိုးသမီးကို ရိုက်နှက်အဓမ္မပြုကျင့်ခဲ့ကြောင်း ပြောသည်။“ဥယျာဉ်ခြံထဲက တဲမှာ ထိန်းသိမ်းထားပြီး ညကျတော့ ဦးမောင်နိုင်က ကျန်တဲ့လူတွေကို သူကင်းစောင့်မယ်ဆိုပြီး ပြန်လွှတ်ပါတယ်။ ည ၁၁ လောက်မှာ တဲပေါ်တက်လာပြီး အဓမ္မကျင့်ဖို့ကြံတယ်။ ငြင်းဆန်တော့ လက်သီးနဲ့လည်းထိုး ရိုက်လည်း ရိုက်ပါတယ်။ ထမင်းချက်က အသံကြားတော့ ရောက်လာပြီး ဘာဖြစ်တာလဲဆိုပြီး လာမေးတယ်။ ထွက်ပြေးဖို့ကြိုးစားလို့ ဆုံးမနေတာ လို့ ပြန်ဖြေတယ်” ဟု ၎င်းက ဆိုသည်။ ယင်းနောက် သုံးကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး နောက်တစ်ရက် နံနက်တွင်မူ ကျပ်ငါးသောင်း ပေးပြီးပြန်လွှတ်ပေးခဲ့ကြောင်း အထက်ပါ သတင်းအရင်းအမြစ်က ပြောဆိုသည်။

အသက် ၅၅ နှစ်အရွယ် ရဲဘော်မောင်နိုင်သည် KNU တပ်မဟာ (၄) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်- KNDO တပ်ရင်း (၇) က ဖြစ်ပြီး ပုလောမြို့နယ် ၅ မိုင်ရွာ စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိကျနေသူဖြစ် ကြောင်း စုံစမ်းသိရသည်။ KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်းကမူ တပ်ဖွဲ့ဝင်တစ်ဦး ပြစ်မှုကျူးလွန်ခဲ့လျှင် သက်ဆိုင်ရာတပ်ဖွဲ့၏ တာဝန်ရှိ သူများကို သတင်းပို့ရမည်ဖြစ်ပြီး စစ်ဆေးမေးမြန်းခြင်းမရှိဘဲ သတ်ဖြတ်ခွင့်မရှိကြောင်း ပြောဆိုသည်။“ရဲဘော်မောင်နိုင်က သူ့အပြစ်ရှိရင် သက်ဆိုင်ရာလူကြီးတွေကို သတင်းပို့ရမယ်။ သူတို့အမေးအမြန်းမရှိဘဲ သတ်ခွင့်မရှိဘူး။ သူတို့ထုတ်ပြောတာက မုဒိန်းကျင့်မှုပြောတယ်။ ဒါပေမဲ့ လူတစ်ယောက်ကိုသတ်ပြီး မတော်မတရား ထစွပ်စွဲတယ်ဆိုတာ လုံးဝ ကျွန်ုပ်တို့ လက်မခံဘူး ဗျ”ဟု ၎င်းကပြောသည်။ အမျိုးသမီး၏ မောင်ဖြစ်သူ တပ်ဖွဲ့ဝင်အပါအဝင် PDF တပ်ဖွဲ့ဝင်နှစ်ဦးက ရဲဘော်မောင်နိုင်ကို သတ်ခဲ့ ခြင်းဖြစ်ပြီး ၎င်းတို့နှစ်ဦးကို စစ်ခုံရုံးဖွဲ့ စစ်ဆေးနေကြောင်း တနင်္သာရီတိုင်းစစ်ဌာန၏ စစ်ဆင်ရေးတာဝန်ခံ ရဲဘော် Star က ဆို သည်။ “လက်ရှိမှာ သက် ဆိုင်တဲ့ တပ်ရင်းတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေပါတယ်။ နှစ်ဖက်ပြေလည်မှု ရှိပါတယ်။ အဲဒီ လောက်ပဲ ပြောပါရစေဗျ။ စုံစမ်းဖော်ထုတ်နေဆဲပါ” ဟု ၎င်းက ပြောသည်။ PDF ရဲဘော်နှစ်ဦးကို အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အရေးယူသွားမည်ဟု အကြောင်းပြန်ထားကြောင်း KNDO တပ်ရင်း(၇) တပ်ရင်းမှူး ဗိုလ်မှူး ကျော်ထွန်းက ပြောဆိုသည်။“သူတို့ ဆုံးဖြတ်သွားပြီ။ ထောင် ၁၀ နှစ်ချမယ်လို့ သူတို့ထုတ်ပြန်တာတော့ ရှိပါတယ်ခင်ဗျ” ဟု ၎င်းက ပြောသည်။ Read in Full

၁၆။ ဘုရားသုံးဆူနှင့် ဂျပန်ရေတွင်းကြား ဂိတ်စခန်းကို DKBA နှင့် NMSP ပြန်ဆုတ်
 December 9, 2024
ဘုရားသုံးဆူမြို့နှင့် ဂျပန်ရေတွင်းကြား ရှေ့တိုးနေရာယူလာသည့် လုံခြုံရေးဂိတ်စခန်းများကို ဒီမိုကရစီအကျိုးပြု ကရင်တပ်မတော်-DKBA နှင့် မွန်ပြည်သစ်ပါတီ-NMSP တို့ နှစ်ဖက်တွေ့ဆုံညှိနှိုင်းပြီး‌နောက် အသီးသီးပြန်ဆုတ် လိုက်ပြီး ဖြစ်ကြောင်း DKBA ဘက်က ပြောသည်။ ဘုရာသုံးဆူဂျပန်ရေတွင်းလမ်းတွင် DKBA နှင့် NMSP တပ်ဖွဲ့ကြား နိုဝင်ဘာလ လကုန်ပိုင်းက နှစ်ဖက်တင်းမာမှု ဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာလ ပထမအပတ်တွင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းကာ ရှေ့တိုးချထားသည့် တပ်စခန်းများ ပြန်ဆုတ်ခဲ့ပြီး မြို့တွင်းသို့ ဝင်ထွက်သွားလာပါက အသိပေးရန် စသည်ဖြင့် သဘောတူညီချက် ရရှိခဲ့သည်ဟု DKBA အမှတ် (၂) နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်းက ယခုလိုပြောသည်။“အဓိကကျနော်တို့လဲ ရှေ့မတိုးတော့ဘူး အရင်ကအတိုင်းဘဲနေမယ်။ သူတို့ဘက်ကလည်း ဒီဘုရားသုံးဆူမြို့ကို ဖြတ်သွားဖြတ်လာလုပ်ရင် ကျနော်တို့ကို အကြောင်းကြား ရမယ်။ ပြီးရင်ဒီထဲကို ဖြတ်သွားဖြတ်လာလုပ်ရင် အရပ်သား အနေနဲ့ဘဲဝတ်ဆင်ရမယ်။ လက်နက်တွေကို ပြည်သူများ မတွေ့ မြင်အောင် ဖွက်ပြီးဖြတ်သွားရမယ်။ အဲဒီသဘောတူညီချက်နဲ့ ကျနော်တို့ သဘောတူခဲ့တယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် ဂျပန်ရေတွင်းနှင့် ဘုရားသုံးဆူ လမ်းပေါ်တွင် DKBA ခွင့်ပြုချက်မယူဘဲ NMSP ဘက်က အခြား လက်နက် ကိုင် တချို့ ရုံးလာရောက်ဆောက်ခွင့်ပြုထားသည့် ကိစ္စနှင့်ပတ်သက်၍ နှစ်ဖက်နားလည်မှုလွဲမှားခဲ့သည့်အတွက် ရုံးများပြန်ပိတ်ရန် နှင့် အခြားတပ်ဖွဲ့ဝင်များ ပြန်လည် ထွက်ခွာသွားပါက အသိပေးအကြောင်းကြားရန် စသည့်သဖြင့် သဘောတူခဲ့သည်ဟု ဗိုလ်မှူး ကြီး စောအေဝမ်းက ဖြည့်စွက်ပြောသည်။ အဆိုပါ တွေ့ဆုံရာညှိနှိုင်းမှုကို DKBA ဘက်မှ ဗိုလ်မှူးကြီး စောအေဝမ်း ဦးဆောင် သလို မွန်ပြည်သစ်ပါတီ-NMSP ဘက်မှ ဗဟိုကော်မတီဝင်ဖြစ်သူ နိုင်အောင်မငေးနှင့် မြို့နယ်တာဝန်ရှိသူတို့ပါဝင်ခဲ့သည်။ ထို့ အပြင် ဘုရားသုံးဆူမြို့တွင် စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားပျက်သွားပြီးနောက် ကြားကာလအုပ်ချုပ်ရေးစနစ်အနေဖြင့် မြို့အုပ် ချုပ်ရေးအပိုင်းကို ကေအဲန်ယူက တာဝန်ယူဆောင်ရွက်နေပြီး မြို့လုံခြုံရေးကို DKBA က တာဝန်ယူထားသည်။ Read in Full

၁၇။ ကရင်နီလူထုဆီ အကူအညီတွေ တိုက်ရိုက်ရောက်ရှိဖို့ KSCSN လုပ်ဆောင်သွားမည်
 December 9, 2024
ကရင်နီလူထုတွေအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေရရှိဖို့နဲ့ ရန်ပုံငွေစီးဆင်းမှုလမ်းကြောင်း လူထုထံ တိုက်ရိုက်ရောက်ရှိနိုင်မယ့် နည်းလမ်းတွေကို လုပ်ဆောင်သွားမယ်လို့ ကရင်နီပြည်အရပ်ဖက် အဖွဲ့အစည်းများကွန်ရက် (KSCSN) က ပြောပါတယ်။ လှူဒါန်းလိုတဲ့ အလှူရှင်အဖွဲ့အစည်း၊ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ KSCSN ကို တိုက်ရိုက် ချိတ်ဆက် ဆောင်ရွက်နိုင်တယ်လို့ KSCSN ကိုယ်စားပြုဦးဆောင်ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မဂျူးလိယက် က ပြောပါ တယ်။“အဓိက ကျမတို့ ရန်ပုံငွေစီးဆင်းတဲ့အခါမှာဆိုလို့ရှိရင် ကြားမှာ မရှိပဲနဲ့ပေါ့နော် ဥပမာအားဖြင့် နိုင်ငံတကာ က လှူချင် တဲ့အဖွဲ့အစည်းရှိရင် ကြားခံနေတာမျိုးမဟုတ်ပဲနဲ့ နိုင်ငံတကာအဖွဲ့အစည်းက တိုက်ရိုက် ဒီ CSO ဆီ ကို ရောက်မယ်။ ပြီးရင် CSO ကနေ လူထုဆီကို တိုက်ရိုက်‌ရောက်တဲ့ဟာမျိုးကို တောင်းဆိုတာဖြစ်တယ်။” လို့ မဂျူးလိယက်က ဆိုပါတယ်။

ကရင်နီပြည်အရပ်ဖက် အဖွဲ့အစည်းများဖိုရမ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့ကနေ ၄ ရက်နေ့အထိ ၃ ရက်တာ ပြုလုပ်ခဲ့ပြီး အရပ်ဖက်အဖွဲ့အစည်းပေါင်း (၃၆)ဖွဲ့က အဖွဲ့အစည်းကိုယ်စားပြုကိုယ်စားလှယ် စုစုပေါင်း (၇၅)ဦး တက်ရောက်ခဲ့ ကြပါတယ်။ အဲ့ဒီဖိုရမ်ကနေ ပြည်နယ်အတွင်းမှာ ဖြစ်ပေါ် ပြောင်းလဲနေတဲ့ စစ်ရေး နိုင်ငံရေးအခြေအနေတွေ၊ အရပ်ဖက်အဖွဲ့ အစည်းတွေ ကိုင်စွဲတဲ့ ဘဏ္ဍရေးဆိုင်ရာ ရပ်တည်ချက်နဲ့ လုပ်ထုံးလုပ်နည်းတွေကို ဆွေးနွေးဝေမျှ သုံးသပ်ခဲ့ကြပြီး တစ်ပြည်နယ် လုံးကို ကိုယ်စားပြုတဲ့ အရပ်ဖက်အဖွဲ့အစည်းကွန်ရက်အနေနဲ့ ကရင်နီပြည်လူထုအခြေ ပြု အရပ်ဖက်အဖွဲ့အစည်းများ ကွန်ရက် (KSCSN) ကို ဖွဲ့စည်းခဲ့တာပါ။ ကွန်ရက်အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ကနေ ကိုယ်စားလှယ် ၂ ဦးစီ နဲ့ (၄၄) ဦးပါဝင်တဲ့ KSCSN ကိုယ် စားပြု ဦးဆောင် ကော်မတီ ကို ဖွဲ့စည်းထားတာပါ။ KSCSN ဖွဲ့စည်းကြောင်းကို ဒီဇင်ဘာလ ၇ ရက်နေ့မှာ အသိပေးထုတ်ပြန်ခဲ့ ပါတယ်။ ကရင်နီပြည်က CSO ကွန်ရက်တွေ အားကောင်းရေး၊ လူထုဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရာမှာ လူထုတွေ တန်းတူ ညီမျှစွာ ရရှိစေရေး နဲ့ ကရင်နီ CSO အဖွဲ့တွေကို ပိုမို စည်းရုံးမှုတွေ လုပ်ဆောင်နိုင်ရေးအတွက် ရည်ရွယ်တယ်လို့ ဆိုပါတယ်။ Read in Full

၁၈။ ကချင်စစ်ဘေးဒုက္ခသည်တွေအတွက် ကိုရီးယားက ဒေါ်လာ လေးသန်း ကူညီမည်
 December 10, 2024
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေအတွက် ကိုရီးယားနိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) က ဒေါ်လာ လေးသန်း ထောက်ပံ့ကူညီသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဒီဇင်ဘာ ၉ ရက် မနေ့က ထုတ်ပြန်ပါတယ်။ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်အထိ နှစ်နှစ်ကြာ ထောက်ပံ့ကူညီရေး အစီအစဥ်ကို UNHCR နဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ပူးပေါင်း အကောင်အထည်ဖော်သွားမှာဖြစ်ပြီး စစ်ဘေးဒုက္ခသည် ၁၆,၀၀၀ ကို ထောက်ပံ့ကူညီမယ်လို့ ဆိုပါ တယ်။ ဒီအစီအစဥ်ကနေ စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်ရသူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို လက်ခံပေးထားတဲ့ လူမှုအဖွဲ့ အစည်းတွေကို ထောက်ပံ့ကူညီသွားဖို့ ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။

ကချင်ပြည်နယ်မှာ ၂၀၂၄ နှစ်စပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်ကဖြစ်တဲ့ ကချင်တိုက်ပွဲအတွင်း စစ်ဘေးဒုက္ခသည် တစ်သိန်း သုံးသောင်းကျော် ရှိပေမဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်သိန်းခွဲခန့် ထပ်တိုးလာတာကြောင့် လက်ရှိ ကချင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည် သုံးသိန်းခန့် ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ Read in Full

၁၉။ တောင်ကြီးမှာ ပေါ်တာဆွဲခံရသူတွေထဲက တချို့ကို သိန်း၂၀ နဲ့ ပြန်ရွေးဖို့ စစ်ကောင်စီ ကမ်းလှမ်း
 December 9, 2024
ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ စစ်ကောင်စီ ပေါ်တာဆွဲခံရသူတွေထဲက ငွေကြေးအဆင်ပြေသူတွေနဲ့ အိမ်ထောင်သည်အမျိုးသားတွေကို ကျပ်သိန်း၂၀နဲ့ ပြန်ရွေးဖို့ မိသားစုဝင်တွေကို ဆက်သွယ်အကြောင်းကြားတာတွေ ရှိနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။ တောင်ကြီးမြို့နယ်အတွင်းရှိ တောင်ကြီး၊ အေးသာယာ၊ ရွှေညောင်စတဲ့ မြို့တွေမှာ စစ်ကောင်စီ တပ်၊ ရဲတပ်ဖွဲ့၊ PNO တွေက ညဖက်အချိန်တွေမှာ လှည့်ကင်းတွေနဲ့ မြို့အနှံ့လှည့်ပတ်စစ်ဆေးမှုတွေ ပြုလုပ်နေပြီး လူငယ်နဲ့ လူလတ်ပိုင်းအမျိုးသားတွေကို ဖမ်းဆီးတာဖြစ်ပါတယ်။ အဲဒီလိုဖမ်းဆီးခံရသူတွေအနက် အိမ်ထောင်မရှိသူတွေနဲ့ ငွေကြေး မပြည့်စုံ သူတွေကို စစ်သင်တန်းပို့ဆောင်နေပြီး ငွေကြေးတတ်နိုင်သူအချို့နဲ့ အိမ်ထောင်ရှိသူတွေကိုတော့ စစ်ကောင်စီက သူတို့ ရဲ့သတင်းပေးတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထံကနေ ငွေကြေးနဲ့ ပြန်လည်ရွေးယူခိုင်းနေတယ်လို့ ဆိုပါတယ်။

“အသိညီမလေးရဲ့ ယောင်္ကျားက ည၈နာရီလောက်မှ အလုပ်ကပြန်လာတာ၊ အဲဒါကိုလှည့်ကင်းနဲ့တွေ့တော့ ဖမ်းသွား တယ်၊ အခု သိန်း ၂၀ နဲ့ ပြန်ရွေးခိုင်းနေတာ၊ မပေးနိုင်ရင် စစ်ကြောရေးပို့မယ်၊ စစ်သင်တန်းပို့မယ်ဆိုပြီး ခြိမ်းခြောက်နေတာ၊ တခြားရပ်ကွက်တွေမှာလည်း အိမ်ထောင်သည်တွေကို အဲဒီလိုပြန်ရွေးခိုင်းနေတယ်လို့ ပြောလာတာ ၄၊ ၅ ယောက်ရှိပြီ ”လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ တောင်ကြီးမြို့နယ်အတွင်းမှာ အခုဒီဇင်ဘာလအတွင်း ညပိုင်းအချိန်တွေမှာ ဖမ်းဆီးခံရသူ ၈၀ ထက်မနည်း ရှိနေပြီး ဖမ်းဆီးခံရသူတွေကို အောင်သပြေတိုးဂိတ်အနီးရှိ ဆသရ(၂၂၂၂)နဲ့ ထောက်ပို့တပ်တွေမှာ ချုပ်နှောင်ထားကာ စစ်သင်တန်းပို့ဖို့ ပြင်ဆင်နေတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။ ပြီးခဲ့ တဲ့ နိုဝင်ဘာလအတွင်းကလည်း တောင်ကြီးမြို့ပေါ်က လူငယ် ရှစ်ဦးခန့်ကို ဖမ်းဆီးကာအခြေခံ စစ်သင်တန်းပို့ဆောင်ခဲ့ရာ နှစ်ဦး က သင်တန်းကနေ ထွက်ပြေးလွတ်မြောက်သွားတာကြောင့် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်း ဆီးနေတယ်လို့လည်း သိရပါတယ်။ Read in Full

၂၀။ စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်
 December 9, 2024
အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ ပိုက် လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များကပြောသည်။ အင်အားနှင့် လက် နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)သို့ ဦး တည်လာကြောင်း သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ် ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာ အကွယ် ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်” ဟု ပြောသည်။ အသည်းအသန် ခုခံနေသော အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ အင်အားဖြည့်တင်းရန်အတွက် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းတွင်လည်း အမ်းချောင်း အရှေ့ဘက် ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက် စစ်ကူပေးခြင်းနှင့် ရော့ကတ်ဒုံးများဖြင့် ပစ်ကူကာ စစ်ရဟတ်ယာဉ်မှတစ်ဆင့် အင်အားဖြည့်တည်းပေးခဲ့ကြောင်း သိရသည်။

” သူတို့က ကုန်းကြောင်းနဲ့ရော လေကြောင်းနဲ့ပါ အင်အားဖြည့်နေတာ။ ဒီနေ့ မနက်က သူတို့ ဗုံးကြဲပြီး ရော့ကဒ်တွေနဲ့ ပစ်တယ်။ လူချလို့ရအောင် ဂျက် ၂ စီးလည်း ဝဲနေတယ်။ ပြီးမှ ရဟတ်ယာဉ်ကတဆင့် စစ်အင်အားချပေးတယ်” ဟု သတင်းရင်း မြစ်က ဆိုသည်။ စစ်ကောင်စီဖက်မှ နပခ ထဲတွင် အကျအဆုံးများနေပြီး ဂျက်ဖိုက်တာ၊ Y-12 များအသုံးပြုကာ တိုက်ပွဲပြင်းထန် နေသည့် နပခ ဝန်းကျင်ကိုဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိကြောင်းသိရသည်။ အမ်းမြို့နယ်တွင် အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် ခြံဝန်း (ဂွင်) တခုမှလွှဲ၍ တပ်ရင်းများ၊ ဌာနဆိုင်ရာရုံးများနှင့် အမ်းလေဆိပ်တို့ကို အပြီးသတ်သိမ်းပိုက်ထား ပြီဟု အာရက္ခတပ်တော် AA က ဒီဇင်ဘာ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ AA သိမ်းပိုက်ရန် တစ်ခုတည်း ကျန်သည့် နပခ ခြံဝန်းထဲတွင် ဒေသခံ အရပ်သားပြည်သူများကို စစ်ကောင်စီက ဓားစာခံအဖြစ် ဖမ်းဆီးထားကြောင်းနှင့် ဒေသခံ အရပ်သားများ ကိုမူ AA က ကယ်ထုတ် ထားကြောင်း သိရသည်။ အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ထံ စစ်ကောင်စီတပ်သားများ နှင့်အတူတပ်သားမိသားစုဝင်များ လက်နက်ချအလင်းဝင်လာသူများရှိသလို ဖမ်းဆီးရမိသူများလည်းရှိကြောင်းနှင့်အရေ အတွက် ကိုမူ အတိအကျမသိရပေ။  Read in Full

၂၁။ KNLA တပ်ရင်း ၁၂ က ဒုခွဲမှူးကို ကော်သူးလေတပ်က ပစ်သတ်
 December 10, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၄ က ဒုတပ်ခွဲမှုးတစ်ဦးကို ကော်သူးလေ တပ်မတော်-KTLA တပ်ရင်း ၃ က ဒုတပ်ရင်းမှူးနှင့်အဖွဲ့က ပစ်သတ်လိုက်ဟုဆိုသည်။ ဒီဇင်ဘာ ၈ ရက်တွင် KNLA တပ်ရင်း (၁၂) တပ်ခွဲ ၄ က ဒုတပ်ခွဲမှူး စောဂျိုးသည် ကစယ်ဒိုမြို့နယ်မှ KNU အုပ်ချုပ်ရေးအရာရှိတစ်ဦးကို လယ်ဒိုစိုးမြို့နယ်ကို ဆိုင်ကယ်ဖြင့် သွားပို့ ပြီး အပြန် ညနေ ၅ နာရီခန့်တွင် အသတ်ခံရခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နား ကပြောသည်။ “သူက ဆာကဆော တပ်မဟာကလားမသိဘူး၊ ဗိုလ်အယ်ခွီးလက်အောက်ခံ ဒါးကေအဖွဲ့က စောင့်ပစ်လို့ဆုံးသွားတယ်။ သူပြန်တဲ့အချိန်မှာ တစ်ယောက်တည်းပဲဆိုင်ကယ်နဲ့။ အညာဖျားရွာလမ်းထိပ်မှာပဲ စောင့်ပစ်သတ်လိုက်တာ။ ပစ်သတ်ပြီးတော့ သူတို့က အလောင်းကိုသွားမြုပ်ထားတယ်။ ကျွန်တော်တို့လူကသွားပြန်ယူလာတာ” ဟု ပဒိုစောအယ်နား က ဆိုသည်။ ထားဝယ်အရှေ့တောဒေသတွင် မနှစ်က စစ်ရေးလှုပ်ရှားခဲ့သည့် KNU တပ်မဟာ(၆) KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဗိုလ်မှူးစောမှူးဂေကလည်း စောဂျိုး ပစ်သတ်ခံရခြင်းအပေါ် အတည်ပြုပြောဆိုသည်။

“မြို့နယ်အရာရှိတစ်ယောက်လာပို့ပြီး ပြန်သွားတဲ့အချိန်မှာသူတို့ခေါ်ပြီးတော့ ခြေထောက်တစ်ဖက် ပစ်ချိုးပြီးတော့ အဲ့ဒီမှာဖမ်းပြီးတော့ သတ်တာပေါ့၊ ဆိုင်ကယ်နဲ့သွားပို့တာ ရန်သူလည်းမရှိ ဘာလည်းမရှိဆိုတော့ သွားနေကြပဲ လွတ် လွတ်လပ်လပ်ပဲလေ ဘာမှမတွေးထားလို့ အဲ့လိုမျိုးဖြစ်တာ” ဟုဗိုလ်မှူး စောမှူးဂေက ဆိုသည်။ ဒုတပ်ခွဲမှူး စောဂျိုးကို KTLA ဒုတပ်ရင်းမှူး ဗိုလ်ဒါးကေ(ခ)ဗိုလ်ဒါးကိ တို့တပ်ဖွဲ့က မည်သည့်ရန်ငြိုးရန်စမှမရှိဘဲ အကြောင်းမဲ့ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူးစောမှူးဂေ ကပြောသည်။ KNLA တပ်ရင်း ၁၂ က တပ်ခွဲမှူး စောဂျိုးအသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး KTLA ဆာကဆောတပ်မ၏ တပ်မမှူး ဗိုလ်အယ်ခွီးနှင့် KTLA တပ်ရင်း(၃) ဒုတပ်ရင်းမှူး စောဒါး‌ကေ ကို ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။ ယခုနှစ် အောက်တိုဘာ ၂ ရက်ကလည်း အရှေ့တောဒေသက ခဲနှင့် သံသတ္တုများလာဝယ်သည့် ထားဝယ်မြို့မှ ဦးသန်းကြွယ်၊ ဦးမြင့်လွင်၊ ဦးဆန်နီတို့သုံးဦးကို ပကာရီကျေးရွာတွင် KTLA တပ်ရင်း(၃)က ဗိုလ်ဒါးကေ တို့ တပ်ဖွဲ့က ဖမ်းဆီးပြီးသတ်ဖြတ်ခဲ့သည်။ Read in Full

၂၂။ ပုလောတွင် စစ်ကောင်စီတပ်က ပြည်သူပိုင်ပစ္စည်းများ လုယက်ပြီး ရွာသားများကို ဖမ်းဆီး
 December 9, 2024
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ခန္တီကျေးရွာအုပ်စုမှာ စစ်ကောင်စီစစ်ကြောင်းက လာရောက်တပ်စွဲ ထားတာ ၁၀ ရက်ကျော်လောက်ရှိနေပြီး လူနေအိမ်တွေကနေ ပစ္စည်းတွေကို အဓမ္မသိမ်းဆည်းယူဆောင်ကာ အမျိုး သားတွေကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အင်အား ၁၀၀ ကျော်ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၈ ရက်က ခန္တီကျေးရွာထဲကို စက်လှေ ၃ စီးနဲ့ အရင်ဝင်ရောက်လာပြီးနောက် တဆက်တည်းဖြစ်တဲ့ တောင်ခေါင်းလောင်းရွာ၊ ပြင်ကြီးရွာနဲ့ ကုလားမခေါင်းရွာတွေကိုပါ စစ်ကြောင်းထိုး သွားလာနေတာလို့ ဒေသခံတွေက ပြောပါတယ်။ တောင်ခေါင်းလောင်းရွာအနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကြောင့်  ခန္တီရွာအုပ်စုအတွင်းရှိ ရွာ ၄ ရွာက ဒေသခံပြည်သူတွေ အကုန်နီးပါး တိမ်းရှောင် ထွက်ပြေးကြကာ ဒီဇင်ဘာ ၉ ရက်အထိ စစ်ကြောင်းပြန်မထွက်သေးဘူးလို့ စစ်ရှောင်နေရတဲ့သူတွေက ပြောပါတယ်။ စစ်ရှောင် အမျိုးသမီးတယောက်က “မိုးချုပ်တဲ့အချိန်လောက်မှ ပစ္စည်းတွေယူတာရပ်တယ်။ ရသမျှဟာ အကုန်ယူပြီးတော့ ပလောက်ကို ပို့ တယ်။ လူမရှိတဲ့အိမ် အကုန်လိုက်ရိုက်ဖွင့်တယ်၊ အကုန်ယူတော့ လူတွေလည်း နေမရဲတော့ဘူး။ သူတို့ ခန္တီရွာကို အရင်ဝင်ကြ တော့ ခြံတွေ လယ်ကွင်းတွေဘက်ကို ပြေးကြတာပါ။ ကျမတို့က အခု တိမ်းရှောင်တဲ့နေရာမှာပဲ ရှိသေးတယ်၊ ပြန်ဝင်လို့ မရသေး ဘူး”လို့ ပြောပါတယ်။

ရွာထဲစစ်ကြောင်းဝင်လာပြီးနောက်တရက် နိုဝင်ဘာ  ၂၉ ရက်က ခန္တီရွာအုပ်စုရှိ လူငယ်မျိုးသားတယောက်ကို စစ်သား တွေ လာရောက်ဖမ်းဆီးသွားပြီးနောက် နောက်တနေ့မှာ ရွာကလူတွေက လာရောက်ညှိနှိုင်းပြီး ပြန်ခေါ်ယူသွားခဲ့တယ်လို့ ဒေသခံအမျိုးသမီး‌တယောက်က ပြောပါတယ်။“ပိုက်ဆံရှိတဲ့ လူငယ်တဦးပါ။ နောက်တရက်မှာ ညှိနှိုင်းပြီး လာခေါ်ထုတ်သွား တယ်။ သိန်း ၂၀၀ တောင်းတယ်လို့ ပြောတယ်။ ဘယ်လိုလုပ်လိုက်ကြလဲမသိဘူး သူတို့က။” လက်ရှိမှာတော့ ထွက်ပြေးတိမ်း ရှောင်နေရတဲ့ ဒေသခံပြည်သူတွေမှာ စစ်တပ်က အခုထိ အထိုင်ချထားတာကြောင့် ရွာထဲပြန် လာနေထိုင်လို့ မရဲကြဘဲ လူမရှိ‌ တော့တဲ့နေအိမ်တွေကို စစ်တပ်က ရိုက်ဖွင့်ပြီး အိမ်တွင်းအသုံး အဆောင်ပစ္စည်းတွေကို ယူဆောင်နေတဲ့အတွက် စိုးရိမ်နေရတယ်လို့ စစ်‌ရှောင်နေရတဲ့ ခန္တီရွာအုပ်စုရှိဒေသခံတွေက ပြောပါတယ်။ အလား တူဖြစ်စဥ်မျိုး အခုနှစ် အောက်တိုဘာလကလည်း ခန္တီကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့ပြီး အဲဒီအချိန်တုန်းက စစ်ကောင်စီတပ်သားတွေ ရှာဖွေမွှေနှောက်ပြီး အသုံးအဆောင်ပစ္စည်းတွေ ကို ယူဆောင်သွားတဲ့လုပ်ရပ်တွေ ကြုံခဲ့ရတယ်လို့ စစ်ကြောင်းဆုတ်ခွာပြီးနောက် နေရပ်ပြန်လာခဲ့ကြတဲ့ ရွာသားတွေဆီက သိရပါတယ်။ Read in Full

၂၃။ မော်လမြိုင်မှာ စစ်မှုထမ်းအငှားမရလို့ ဒေသတွင်းက လူငယ်တွေကိုဆင့်ခေါ်ဖို့ ပြင်ဆင်နေ
 December 10, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၈ အတွက် လူစားထိုးဖို့ လူငှားမရတာကြောင့်ဒေသတွင်း က လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်ဖို့ ပြင်ဆင်နေတယ်လို့ အမည်မဖော်လိုတဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ တာဝန် ရှိသူတွေ ထံကနေသိရပါတယ်။ အရင်ကစစ်မှုထမ်းဖို့အတွက် ဒေသတွင်းက လူငယ်တွေအစား ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရပ်ကွက်တွေအတွင်းက ဆိုးသွမ်းသူတွေကို အခကြေးငွေပေးပြီး ငှားရမ်းအသုံးပြုခဲ့ရာမှ လက်ရှိမှာတော့ စစ်မှု ထမ်းလူစားထိုး အငှားလိုက်သူ သိသိသာသာ နည်းပါးလာတာပါ။ စစ်မှုထမ်းအငှားမရတာကြောင့် ဒေသတွင်းက စစ်မှု ထမ်းအမည်စာရင်းပါရှိတဲ့ လူငယ်တွေကို အိမ်တိုင်းရာရောက် ဆင့်ခေါ်ဖို့ ပြင်ဆင်ထားပြီး ပျက်ကွက်ပါက အရေးယူဖို့ စီစဉ်ထားတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရ ပါတယ်။ စစ်မှုထမ်းသင်တန်း တက်ရောက်ဖို့အတွက် အရင်ကတစ်ဦးလျှင် ကျပ်သိန်း ၃၀ ပေးပြီး ခေါ်ဆောင်လို့ရခဲ့ပေမယ့် နောက်ပိုင်းမှာ ကျပ် သိန်း ၆၀ အထိ တိုးပေးပေမယ့် လူငှားလိုက်သူ မရှိသလောက် နည်းပါးလာတာပါ။

တဖက်မှာတော့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပြီးနောက် သင်တန်းဆင်းတွေကို ရှေ့တန်းစစ် မြေပြင်ထံပို့ဆောင် တာ၊ ထိခိုက်သေဆုံးမှုတွေရှိလာကြောင့် စစ်မှုထမ်းအငှားလိုက်သူ နည်းပါးလာတာဖြစ်ပါတယ်။ နိုင်ငံအနှံ့တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ မွန်ပြည်နယ်မှာတော့ စစ်မှုထမ်းသင်တန်းတွေကို လစဉ်နီးပါး ဖွင့်လှစ်သင်တန်း ပေးနေတာပါ။ စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းကြောင့် ဒေသတွင်းကလူငယ်အများစု ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှုမြင့်တက် နေပြီး ဒေသတွင်းမှာလည်း အလုပ်သမားရှားပါးမှုပြဿနာနဲ့ အကြီးအကျယ်ရင်ဆိုင် နေရပါတယ်။ မွန်ပြည်နယ်မှာ စစ်မှုထမ်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၇ အထိ စစ်သားစုဆောင်းခံရသူ ၁၆၀၀ ထက်မနည်းရှိနေပါတယ်။ Read in Full

၂၄။ ရခိုင်တပြည်နယ်လုံးနီးပါး ဖုန်းလိုင်းများပြတ်တောက်နေ
 December 10, 2024
ရခိုင်ပြည်နယ်တခုလုံးနီးပါးတွင် နိုဝင်ဘာ ၁၆ ရက်ကတည်းက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေ သည့်အတွက် ဒေသခံလူထုမှာ ဘက်ပေါင်းစုံ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်းသိရသည်။ မြောက်ဦးဒေသခံတဦးက “ဖုန်း လိုင်းတွေက ရခိုင်တိုက်ပွဲစကတည်းက ပြတ်သွားတာဆိုပေမယ့် ဟိုမြို့နယ်ဒီမြို့နယ် ဟိုတောင်ကုန်း ဒီမြစ်ကမ်းနေရာ ကွက်ပြီး ရနေသေးတဲ့အတွက် အဆက်အသွယ် လုံးလုံးကြီး ပြတ်မသွားဘူး။ အခုတော့ ဖုန်းလိုင်း လုံးဝပြတ်တောက်နေတော့ တယောက် နဲ့တယောက် သေလားရှင်လား ဆိုတာတောင် မသိကြတော့ဘူး” ဟု ပြောသည်။ ၂၀၂၃ ခုနှစ်နိုဝင်ဘာ ၁၃ ရက်က စတင်ဖြစ်ပွားခဲ့ သော တကျော့ပြန် ရခိုင်စစ်ပွဲကာလအတွင်း စစ်ကောင်စီသည် လမ်း ကြောင်းအားလုံးကို ဖြတ်တောက်လိုက်သည့်အတွက် ဒေသ တွင်းကုန်ပစ္စည်းများပြတ်လပ်ခြင်း၊ ဈေးနှုန်းအဆမတန်မြင့်တက်ခြင်းနှင့်အတူ ဒေသခံအများစု အလုပ် လက်မဲ့ဖြစ်ကာ အကျပ် အတည်းများ ဖြစ်ပေါ်လျက်ရှိသည်။ ရခိုင်ဒေသခံတဦးက “စစ်ပွဲဖြစ်ကတည်းက အများစုက ဘာဝင်ငွေ၊ ဘာအလုပ်အကိုင်မှ မရှိ တော့ဘူး။ နိုင်ငံခြားမှာအလုပ်လုပ်နေကြတဲ့ သားသမီးတွေဆီက ပို့တဲ့ငွေကြေးနဲ့ စားသောက်နေရတာ။ အခု ဖုန်းလိုင်းတွေ လုံးဝ ပြတ်ကုန်တော့ သားသမီတွေနဲ့လည်း အဆက်အသွယ်မရတဲ့အခါ ပို့နေကျငွေလည်း မရတော့ဘူးဆိုတော့ ကျနော်တို့ဘဝတွေ ငတ်သေရုံပဲ ရှိတော့တာပေါ့” ဟု ပြောသည်။

ထိုသို့ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ တ်တောက်သွားသည့်အတွက် Kpay၊ Wavemoney စသည့် ငွေလွှဲငွေထုတ် လုပ်ငန်းများလည်း ရပ်ဆိုင်းကာ ဒေသအတွင်း ငွေသားရှားပါးခြင်း၊ ကုန်ရောင်းကုန်ဝယ်လုပ်ငန်းလည် ပတ်နိုင်မှုအား နည်းလာ ခြင်းတို့နှင့် အတူပြည်သူအများစုမှာ အခက်အခဲပေါင်းစုံရင်ဆိုင်နေရကြောင်း သိရသည်။ ရခိုင်ဒေသခံတဦးက “ဖုန်းလိုင်းဘာ ကြောင့်ပြတ်တယ်၊ ဘယ်လောက်ကြာမယ်ဆိုတာ ပြည်သူတွေဘာမှ မသိရဘူး။ ဒီလိုမျိုး ရေရှည်လိုင်းပြတ်နေမယ်ဆိုရင် လူထု တအားဒုက္ခရောက်သွားနိုင်တဲ့အတွက် ဒါကို အာရက္ခတပ်တော် (AA) အနေနဲ့ ဖြေရှင်းပေးဖို့ တနည်းနည်းနဲ့ကြိုးစားသင့်တယ်လို့ မြင်တယ်” ဟု ပြောသည်။ လက်ရှိရခိုင်ပြည်နယ်နေရာအနှံ့၌ AA ထိုးစစ်အရှိန်မြှင့်လာမှုနှင့်အတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မောင်တောမြို့ရှိ အမှတ် ၅ နယ်ခြားစောင့် ရဲ တပ်ဖွဲ့ခွဲ (နခခ ၅) စခန်းကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့သလို နတ်မြစ်တလျှောက် ရေကြောင်းသွားလာမှုများအား ကန့်သတ်ထားသည်။ Read in Full

၂၅။ ၁ လ ကျော် ရပ်နားခဲ့တဲ့ ကလေး-ဟားခါး ယာဥ်လိုင်းများ ကားခ ၃ သိန်းဖြင့် ကားလိုင်း ပြန်ဆွဲကြောင်းသိရ
 December 10, 2024
ဖလမ်းမြို့တွင်း တိုက်ပွဲကြောင့် ကလေး-ဟားခါး ယာဉ်လိုင်းများ တစ်လ ကျော် ရပ်နားခဲ့ရာမှ ဒီဇင်ဘာလ ကနေစပြီး ရိဒ်‌ခေါဒါရ် ဘက်ကို ပတ်ပြီး ကလေး-ဟားခါး ကားခ ၃ သိန်းဖြင့် ခရီးသည်တင် ကားများ ပြန်လည်ပြေးဆွဲနေပြီလို့ ကလေးမြို့ ဒေသခံများထံမှ သိရှိခဲ့ရပါတယ်။“သိရှိသလောက် ကတော့ ရွှေလွင်ပြင် ယဉ်လိုင်းတစ်ခုသာ ပြေးဆွဲနေပါတယ်။ ကားခ ၃ သိန်း ပေးရပါတယ်။ လမ်းမှာ တစ်ည အိပ်ရပါတယ်” လို့ ခရီးသွား ပြည်သူတစ်ဦးထံမှ သိရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားနေတဲ့ ဖလမ်းမြို့ကို မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့်မပြုသည့်အတွက် ကလေး-တီးတိန်-ရိဒ်- ဖလမ်းရိဒ် လမ်းခွဲ- ဟားခါး လမ်းကြောင်းဖြင့် ဖလမ်းမြို့တွင်းကို ကွင်းပြီး သွားခဲ့ရတယ်လို့လည်း ထပ်မံသိရှိရပါတယ်။“ဖလမ်း မြို့ပတ်လမ်းကို နိုဝင်ဘာလ ကုန်ပိုင်းက ခဏဖွင့်ပေးခဲ့တယ် ဆိုပေမယ့် စကစ စစ်သားတွေက ပြန်ပိတ်လိုက်တယ်။ ဖလမ်းမြို့ထဲကို ပြန်ပြီးပေးမဝင် အခုထိပေးမဝင်သေးဘူး” လို့လည်း ယင်းမှ ဆက်လက် ပြောကြားခဲ့ ပါတယ်။

နိုဝင်ဘာလ အစပိုင်းကတည်းက ဖလမ်းမှာပိတ်မိတဲ့ ကုန်စည်များဟာလည်း မဟာမြိုင်လမ်းဘက် ပြန်ပတ်ပြီး ဒီဇင်ဘာ လ ၁ရက်နေ့မှာ ကလေးမြို့ကို ရောက်လာခဲ့တယ်လို့ ရွှေလွင်ပြင် ယာဉ်လိုင်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့တဲ့ ဖလမ်းမြို့တွင်း တိုက်ပွဲတွေကြောင့် မြို့နေလူထု အားလုံး စစ်ရှောင်ထွက်ပြေးခဲ့ရပြီး ဖလမ်း မြို့ကို ဖြတ်သန်းရတဲ့ က လေး-ဖလမ်း-ဟားခါး လမ်းပိုင်း အားလုံးလည်း လက်ရှိ အချိန်ထိ ဖြတ်သန်းမရပဲ ပြတ်တောက်နေပါ တယ်။ Read in Full

၂၆။ ပကဖ၊ ပအဖ၊ ပလဖတို့နဲ့ပတ်သက်တဲ့ တိုင်ကြားမှုပေါင်း ၇၇ မှုကို စစ်ဆေးအရေးယူပြီးပြီလို့ NUG ပြော
 December 10, 2024
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ) တို့နဲ့ ပတ်သက်တဲ့ တိုင်ကြားမှုတွေထဲက အမှုပေါင်း ၇၇ မှုကို စစ်ဆေးအရေးယူပြီးသွားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာ လိုက်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ “ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း (Press Briefing) အစီအစဉ် – ၄/၂၀၂၄” မှာ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အဲဒီအမှုကိစ္စတွေကို ထည့်သွင်းပြော ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ “လုပ်ပိုင်ခွင့်ထက်ကျော်လွန်လုပ်ဆောင်တဲ့ စည်းကမ်းဖောက်ဖျက်တဲ့ လူပုဂ္ဂိုလ်နဲ့တာဝန်ရှိသူတွေ ရှိနေတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရှိရပါတယ်။ ဒီလိုစည်း ကမ်းဖောက်ဖျက်သူတွေ၊ ဥပဒေချိုးဖောက်သူတွေနဲ့ပတ်သက်ပြီး ရောက်ရှိလာတဲ့တိုင်ကြားစာတွေကို ဝန်ကြီးဌာနတွေအနေနဲ့ အမြန်ဆုံးစစ်ဆေးအရေးယူနိုင်ဖို့ကိုလည်း အရှိန်မြှင့်လုပ်ဆောင် လျက်ရှိပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ စစ်ဆေးအရေးယူခဲ့တဲ့ အမှုတွေထဲမှာ ၅၆ မှုက PDF (ပကဖ) တွေနဲ့ ပတ်သက်တဲ့ အမှုတွေဖြစ်ပြီး ကျန်တဲ့ ၂၁ မှုကတော့ ပအဖ၊ ပလဖ တို့နဲ့ သက်ဆိုင်တာတွေဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း ဝန်ကြီးဌာနအဆင့် ၇ မှု၊ စစ်ရုံးချုပ်အဆင့် ၁၁ မှု၊ စစ်တရားရုံးနဲ့ စစ်ဆေးမှု ၉ မှု အပြင် အစီရင်ခံစာ ၂၆ မှုကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။ “ပကဖတွေနဲ့ ပတ်သက်ပြီးတော့ ပကဖ ဗဟိုကော်မတီနဲ့ ကာကွယ် ရေးဝန်ကြီးဌာနက ကိုင်တွယ်ပြီး PDF ဆိုင်ရာ အမှုအခင်းတွေကိုတော့ စစ်ရုံးချုပ်၊ စစ်ရေးဌာနက ကိုင်တွယ်ပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။ NUG ရဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်နေချိန် အဲဒီလို တိုင်ကြားမှုတွေ၊ စစ်ဆေးခံရသူတွေရှိခဲ့သလို အဆင်ပြေပြေချောချောမွေ့မွေ့ လည်ပတ်နေတဲ့ မြို့နယ်တွေလည်း အများအပြား ရှိနေတယ်လို့ သူကဆိုပါတယ်။ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ချိန်မှာလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးအပါအဝင် အာဏာရှင်စနစ်မှန်သမျှချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေးကိုလည်း မျက်ခြည်မပြတ် လုပ်ဆောင်နေတယ် လို့ NUG က ဒီနေ့ ထုတ်ပြန်ထားပါတယ်။ Read in Full

၂၇။ တောင်ကုတ်မြို့ထဲကို စစ်ကောင်စီဗုံးကြဲ၊ နေအိမ် ၈ ဆောင်မီးလောင်
 Decmeber 10, 2024
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် တောင်ကုတ်မြို့ကို အာဏာသိမ်း စစ်ကောင်စီက ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ ညနေပိုင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၈ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားကြောင်း သိရ သည်။ ယမန်နေ့ ညနေ ၇ နာရီအချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တစ်စီးနှင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကံပိုင်ရပ်ကွက်က လူနေအိမ် ၈ လုံးမီးလောင်သွားခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၄ ရက်နေ့ကလည်း တောင်ကုတ်မြို့ထဲက လမ်းဆုံ၊ လမ်းခွများနှင့် မြို့ထွက် ပေါက်များကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၁၅ ဆောင်ထက်မနည်းနှင့် ဘာသာ ရေး အဆောက်အဦးများ မီးလောင်ပျက်စီးသွားခဲ့ရသည်။

တောင်ကုတ်တက္ကသိုလ်က စစ်ကောင်စီ တပ်စခန်းအပါအဝင် တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်းများအား လုံးကို အာရက္ခတပ်တော် AA ကသိမ်းပိုက်ထိန်းချုပ်ပြီးနောက် မြို့နှင့်ကပ်လျှက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄ တပ်ရင်း၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က နိုဝင်ဘာလ ၂၈ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယခုရက်ပိုင်းအတွင်းမှာလည်း တောင်ကုတ်မြို့၏ တပ်မ စကခ ၅ ကို အာရက္ခတပ်တော် AA က အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲမှာ ပြင်းထန်နေကြောင်းနှင့် စစ်ကောင်စီကလည်း လေကြောင်းပစ်ကူများဖြင့် ပြန်လည်ခုခံ တိုက်ခိုက်နေကြောင်း သိရသည်။ Read in Full

၂၈။ ဟိုပန် ဖောင်ဆိပ်ဂိတမှာ ကုန်စည်တင်သွင်းခွင့်ကို တပ်နဲ့ ကိုးကန့်တပ် အပြန်အလှန်ပိတ်ဆို့
 December 9, 2024
ရှမ်းမြောက် တရုတ်-မြန်မာနယ်စပ် ဟိုပန် နဲ့ ကွမ်းလုံမြို့ကြားရှိ ဖောင်ဆိပ်ဂိတ်မှာ ကုန်စည်တင်သွင်းခွင့်ကို ‘ဝ’တပ်- UWSA နဲ့ ကိုးကန့်တပ် MNDAA တို့က အပြန်အလှန်ပိတ်ဆို့ထားတယ်လို့ ‌စုံစမ်းသိရှိရပါတယ်။ တရုတ်ဖိအားကြောင့် “ဝ”တပ်-UWSA ထိန်းချုပ်ထားတဲ့ ဟိုပန် ဖောင်ဆိပ်ဂိတ်ကနေ ကိုးကန့်ဒေသဘက်ကို ကုန်ပစ္စည်းသယ်ယူခွင့်ကို ပိတ်လိုက်တာဖြစ်သလို ကိုးကန့်တပ်ဘက်ကလည်း ကုန်ပစ္စည်းသယ်ယူခွင့်ကို ပြန်ပိတ်လိုက်တယ်လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ‌ဆိုပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကတည်း ဟိုပန်ဖောင်ဆိပ်ဂိတ် ကုန်စည်တင်သွင်းခွင့်ကို ‘ဝ’တပ်ဘက်က  အသွားအလာတင်းကြပ်သိပ်မတင်း ကြပ်ပေမယ့် ကုန်ပစ္စည်းသယ်ယူခွင့်ကိုတော့ အရမ်းတင်းကြပ်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးကပြောပါတယ်။ “အစား အသောက်ဆိုလည်း သူတို့က ဘာတစ်ခုမှပေးမသယ်ဘူး။ လိမ္မာသီး၊ ပန်သီးကအစ ဘာမှသယ်လို့မရဘူး။ အရမ်းတင်းကြပ်တယ် သူတို့က နည်းနည်းမှယူသွားလို့မရဘူး။ စားလက်စတောင်မှ အကုန်စားပြီးမှသွားရတာ။ ကုန်အောင်မစားရင် လွှတ်ပစ်ပြီးမှ သွား ရတာ” ကိုးကန့်တပ်ဘက်က တော့ ကိုယ့်ဒေသအတွင်းဘဲ အချင်းချင်းရောင်းချဖို့အတွက်ဘဲ ပိတ်လိုက်တယ်လို့ ဟိုပန် ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဓိကပိတ်တာတော့ ကွမ်းလုံနဲ့ ဟိုပန်ကိုသွားတဲ့ ဖောင်ဆိပ်ဂိတ်ဆိုတာရှိတယ်လေ။ အဲဒီဂိတ်မှာသူတို့ကစားသောက် ကုန်သယ်ခွင့် ကန့်သတ်ပိတ်ပင်လိုက်တာပေါ့နော်။ ကွမ်းလုံဒေသအတွင်း ကိုးကန့်ဒေသအတွင်းက လူထုတွေလည်း ရှိတာလေး နဲ့ မလုံလောက်တာဖြစ်တဲ့အတွက် တခြားဒေသကို သွားမရောင်းကြဖို့‌ပေါ့နော်။ ကိုယ့်ဒေသအတွင်း ပြည်သူအချင်းချင်းရောင်း ဖို့ပေါ့ အဲလိုပုံစံပါပဲ” ကိုးကန့်ထိန်းချုပ် ဒေသဖြစ်တဲ့ ကွမ်းလုံ၊ သိန္နီ၊ လားရှိုးဘက် တကြောက ကြံ၊ ပြောင်းနဲ့ မီးသွေးတွေကို ချင်းရွေဟော်ဂိတ်ကတဆင့် တရုတ်က ပြန်လည်ဝယ်ယူနေပြီး တရုတ်နိုင်ငံထဲက ကုန်ပစ္စည်း တွေကိုတော့ သယ်ယူခွင့်မပြုသေး တာကို သိရှိရပါတယ်။ တရုတ်နိုင်ငံ အစိုးရဟာ ၁၀၂၇ စစ်ဆင်ရေးထဲ ရှမ်းမြောက်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်း ချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေ အားလုံးကို ပိတ်ခဲ့သလို စစ်ကောင်စီဘက်ကလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ၂၇ ရက်နေ့က ရေ၊ မီး၊ ဆေးဝါး၊ စားနပ်ရိက္ခာ သယ်ယူခွင့်တို့ကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။ Read in Full

၂၉။ သရက်ချောင်းတွင် ဥယျာဉ်ခြံများကို တော်လှန်ရေးအဖွဲ့က သိမ်းပြီးသီးစားချနေဟုဆို
 December 9, 2024
သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ရှိ ဥယျာဉ်ခြံများကို တော်လှန်ရေး အဖွဲ့အချို့က သိမ်းယူပြီး ပိုင်ရှင်ခွင့် ပြုချက်မရှိဘဲ သီးစားချစားနေကြောင်း သိမ်းခံထားရသည့် ခြံပိုင်ရှင်အချို့ထံမှ သိရသည်။ တောင်ပျောက်တိုက်နယ်ရှိ အလယ်စု ရွာ နှင့် ဝင်းကဖော်ရွာရှိ ဒေသခံအချို့ပိုင်ဆိုင်သည့် ဥယျာဉ်ခြံများ အများဆုံးအသိမ်းခံရပြီး သီးစားရောင်းချနေခြင်းဖြစ်ကြောင်း ဥယျာဉ်ခြံအသိမ်းခံရသည့် ကာယကံရှင်အချို့က ပြောဆိုသည်။ တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာတစ်ရွာမှ အမည်မဖော်ရဲ သည့် မိသားစုတစ်စုက ၎င်းတို့ပိုင် ကွမ်းခြံကို တော်လှန်ရေးအဖွဲ့တစ်ခု သိမ်းယူပြီး လုပ်ကိုင်စားနေဟုဆိုသည်။ မိသားစုဝင် တစ်ဦးကို ဒလန်ဟု သံသယဝင်နေသဖြင့် မနေရဲတော့ဘဲ အခြားမြို့တစ်ခုကို မိသားစုလိုက်တိမ်းရှောင်နေသည်မှာ ၃ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းတို့ပိုင်ကွမ်းခြံကို တောင်ပျောက်တိုက်နယ်တွင် အခြေစိုက်သော အမည်မသိ တော်လှန်ရေးအဖွဲ့တစ်ခုက သိမ်း ယူလိုက်ပြီး အခြားသူများကို သီးစားချထားကြောင်း ၎င်းကဆိုသည်။“အာဏာသိမ်းပြီးကတည်းကဆိုရင် ကျွန်မတို့ခြံ(ကွမ်းခြံ) ကို တစ်နှစ်ပဲလုပ်စားရတယ်။ ကျန်တဲ့ ၃ နှစ်က သူတို့( တော်လှန်ရေးအဖွဲ့အချို့) လုပ်ကြတယ်” ဟု ၎င်းကပြောပြသည်။ ယခုနှစ် ကွမ်းသီးပေါက်ဈေးအရဆိုလျှင် ယင်းကွမ်းခြံကို သီးစားရောင်းချမည်ဆိုပါက ကျပ်သိန်း ၁၀၀ ခန့်ရရှိနိုင်ကြောင်းလည်း သူက ဆက်ပြောသည်။

တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာတစ်ရွာမှ အခြားဒေသခံတစ်ဦးကလည်း ၎င်းတို့ပိုင် ကွမ်းသီးခြံအတွက် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့တစ်ခုကို နှစ်စဉ် အခွန်ပုံစံမျိုးပေးရကြောင်း ပြောဆိုသည်။ ၂၀၂၁ ခုနှစ်တွင် ကျပ် ၁၂ သိန်း၊ ၂၀၂၂ ခုနှစ်တွင် ကျပ် သိန်း ၁၀ သိန်းပေးခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် တောင်းသည့်ငွေပမဏကို မပေးနိုင်သဖြင့် ၎င်းတို့ပိုင်ကွမ်းခြံကို လုပ်ကိုင်ခွင့်မရတော့ ကြောင်း ၎င်းကဆိုသည်။“ပိုက်ဆံပေးနိုင်တဲ့ နှစ်နှစ်ကတော့ ကျွန်မတို့လုပ်စားခွင့်ရတယ်။ အခု နောက်ဆုံးနှစ်နှစ်(၂၀၂၃၊ ၂၀၂၄ ခုနစ်) မှာတော့ သူတို့တောင်းတဲ့ပိုက်‌ဆံ မပေးနိုင်လို့ ကျွန်မတို့လုပ်စားခွင့်မရတော့ဘူး။ ဥယျာဉ်ကိုသိမ်းပြီး ရွာသားတွေကို (သီးစား) ရောင်းပစ်လိုက်ကြတယ်” ဟု ၎င်းကပြောဆိုသည်။ ၎င်းတို့နှစ်စဉ်‌ အခွန်ပုံစံကဲ့သို့ ငွေကြေး ပေးဆောင်နေရသည့် အဖွဲ့ မှာ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ဖြစ်သည်ဟုလည်း ပြောဆိုသည်။ တောင်ပျောက်တိုက်နယ်မှ တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သော ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲ‌ဘော်ကျောက်ခဲကမူ ၎င်းတို့အဖွဲ့အနေဖြင့် ဒေသခံတို့‌ပြောဆိုသကဲ့သို့ ဥယျာဉ်ခြံများတွင် အခွန်ကောက်ခြင်း၊ သိမ်း ဆည်းပြီး သီးစားရောင်းချခြင်းမျိုး လုပ်‌ဆောင်ခြင်းမရှိကြောင်း ပြောဆိုသည်။“ဒီကိစ္စတွေက ထင်ယောင်ထင်မှားဖြစ်နေကြတာတွေပါ။ ဒီလိုမျိုးအရာတွေကို အဖွဲ့အနေနဲ့ လုပ်လေ့မရှိဘူး။ တစ်ခြားရွာခံအဖွဲ့ တွေအနေနဲ့တော့ လုပ်ကောင်းလုပ်နိုင်တာရှိတယ်။ (ဒေါင်းမင်းစစ်ဆင်‌ရေး) အဖွဲ့အနေနဲ့တော့မလုပ်ပါဘူး”ဟု ရဲဘော်ကျောက်ခဲ က ပြောဆိုသည်။“တောင်ပျောက်ထဲမှာ ရပ်ရွာကတင်ထားတဲ့ အုပ်ချုပ်ရေးအဖွဲ့ဆိုတာရှိတယ်။ အဲဒီအုပ်ချုပ်ရေးအဖွဲ့တွေက နေပြီး (ဥယျာဉ်ခြံအချို့ကို) သိမ်းပြီးတော့ သီးစားရောင်းတာတွေရှိတယ်။ ဒလန်ဆိုပြီးလည်းမဟုတ်ဘူး။ (အကြောင်း အမျိုးမျိုး ကြောင့်) ရွာမှာနေလို့မရဲတဲ့သူတွေရဲ့ ခြံတွေပေါ့။ အဲဒီခြံတွေကို ရွာပိုင်ရန်ပုံငွေအတွက်ဆိုပြီး ရောင်းတာတွေရှိတယ်။ ရွာကထိန် သိမ်းပေးထားတဲ့ ပုံစံမျိုးပေါ့” ဟု ၎င်းက‌ပြောသည်။ Read in Full

၃၀။ ထားဝယ်က ကျေးရွာချင်းဆက် တံတားတစ်ခုကို စစ်ကောင်စီတပ် မိုင်းခွဲဖျက်ဆီး
 December 9, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကျေးရွာချင်းဆက် တံတားတစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေထံက သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မောင်မယ်ရှောင်ကျေးရွာနဲ့ ရေဝိုင်းကျေးရွာကြားရှိ ကင်းကုန်းတံတားကို မိုင်းခွဲ ဖျက်ဆီးခဲ့တာပါ။ မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားဟာ အရှည် ပေ ၁၅၀ ကျော်ရှိတဲ့ သံဘောင်ဘေလီ သစ်သားခင်းတံတားဖြစ်ပြီး မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲက ဒေသခံတွေအတွက် လမ်းပန်း ဆက်သွယ်ရေးမှာ အဓိကအရေးပါတဲ့ တံတားတစ်စင်းဖြစ်ပါ တယ်။ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသားတစ်ဦးရဲ့ ပြောပြချက်အရ အခုလို ဒေသခံတွေအတွက် အရေးပါတဲ့ တံတားတစ်စင်း ဖျက်ဆီးခံလိုက်ရတာကြောင့် လမ်းပန်းဆက်ဆယ်ရေးနဲ့စားဝတ်နေရေးအတွက် ပိုပြီးအခက်အခဲ ဖြစ်သွားတယ်လို့ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကင်းကုန်းတံတားကို မိုင်းခွဲဖျက်ဆီးပြီးနောက် တစ်နာရီခန့်အကြာမှာပဲ ကင်းကုန်းကျေး ရွာက နေအိမ်တစ်ဆောင်ကို မီးရှို့ဖျက်ဆီးနေပြီး မီးခိုးဟုန်းဟုန်း တက်လာတာကို တောင်ပေါ်ကနေ လှမ်းမြင်နေရတယ်လို့ဆို ပါတယ်။ စစ်ကောင်စီတပ်ဟာ မောင်မယ်ရှောင်ကျေးရွာအုပ်စုထဲကို စစ်ကြောင်းထိုးနေသလို ပဒိုင်းချောင်း၊ ကင်းကုန်း၊ ရေဝိုင်းနဲ့ ခေါင်တိုင်ပြင်စတဲ့ကျေးရွာတွေက နေအိမ်တွေကို ရိုက်ဖျက်ပြီး တန်ဖိုးရှိ အသုံး အ ဆောင် ပစ္စည်းတွေကို ဖောကားတွေနဲ့ ထားဝယ် အခြေစိုက် စကခ ၈ ထဲကို သယ်ယူသွားတယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီတပ်ဟာ စစ်ကြောင်းသုံးကြောင်းခွဲ ပြီး အင်အားအများအပြားနဲ့ ဆက်လက်စစ်ကြောင်းထိုး လှုပ်ရှားနေတာကြောင့် ပဒိုင်ချောင်း၊ ခေါင်တိုင်ပြင်၊ ကင်းကုန်း၊ ရေဝိုင်း နဲ့ ပခတ်အင်းစတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခုနှစ်နှစ်ဆန်းပိုင်းက စပြီး မောင်မယ်ရှောင်ကျေးရွာထဲကို စစ်ကြောင်းထိုးပြီး တပ်စွဲနေထိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လနဲ့ စက်တင်ဘာလကလည်း မောင်မယ်ရှောင်ရွာက တံတားနှစ်စင်းကို ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ 

၃၁။ SSPP/SSA လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေ
 December 10, 2024
ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ်လပ်နေ ကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီမှ စက်သုံးဆီ တင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင်၊ မိုင်းရယ် စသည့် (SSPP/SSA) လှုပ်ရှားနယ်မြေများတွင် စက်သုံးဆီများ ပြတ် လပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှစတင်၍ သျှမ်းပြည်တောင်ပိုင်းနှင့်အ‌ရှေ့ပိုင်းတွင် စက်သုံးဆီတင်ဆောင် သည့် ကားများသည် နယ်မြေဖြတ်ကျော်ရန်အတွက် စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူး ထောက်ခံစာ အထောက်အထားများ စစ်ဆေးပြီးနောက် ထိုမြို့နယ်များတွင် စက်သုံးဆီများ စတင်ပြတ်လပ် နေကြောင်း သိရသည်။“တောင်ကြီးမြို့ အထွက်မှာ ဆီ ဘောက် ဆာကားတွေ တန်းစီနေတာပဲ။ အဲ့ မိုင်းနောင်၊ မိုင်းရှူး၊ ကျေးသီး၊ မိုင်းကိုင် မိုင်းရယ် ကိုသွားမဲ့ကားတွေ။ တောင်ကြီး ကနေ လဲချားထိတော့ ဆီဆိုင်တွေက ဖွင့်တယ်။ လဲချားဟို့ဘက်ဆက် သွားရင်တော့ သိပ်မသေချာတော့ဘူး။ လိုင်စင်ပြရတာဆို တော့ မြို့တွေပါတယ်လေ မြို့တွေကြည့်ပြီး သူတို့က ပေးမဖြတ်တာ။အခုထိ ကားတွေရပ်ထားတုန်း။ ဆီဘောက်ဆာကားတွေ က”ဟု တောင်းကြီးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းရှူးမြို့နယ်တွင် စက်သုံးဆီများပြတ်လတ်နေပြီး လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် လုပ်ငန်းများကို ရပ်ဆိုင်းထားရကြောင်း မိုင်းရှူးမြို့‌ ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။“မြို့ထဲ မှာက ဆီဆိုင်ကြီးတွေကတော့ ပိတ်ထားတာကြာပြီ ဆီကားတွေမဝင်တာလည်း ၁ ပတ်လောက်ရှိပြီ။ တချို့ ဆိုင်သေးလေးတွေပဲ ဖွင့်တာ ဖွင့်လည်း အချိန်ပိုင်းလောက်ပဲ။ စက်သုံးဆီတွေပြတ်တာကတော့ မိုင်းနောင်ထိပဲ။ ယာတွေဘာမှ လုပ်လို့မရတော့ဘူး ဒီနှစ်တော့။ ပြောင်းဖူးတွေကမရောင်းရသေးဘူး။ ဆီဈေးတွေကတက် ယာတွေလုပ်ဖို့ လယ်ထွန်စက်ငှားရင် ၁ နာရီ ၁ သိန်းကျော် လောက်ပေးရတော့ အကုန်ရပ်ထားရတာလေ။”ဟု မိုင်းရှူးမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ စက်သုံးဆီများပြတ် လတ်မှုကြောင့် အခြားသော မြို့နယ်ဒေသခံများ၏ စီးပွားရေ၊ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းအချို့ကို ရပ်ဆိုင်းထားရပြီး သွား လားခြင်းတွင်လည်း ခက်ခဲမှုများကြုံတွေ့နေကြကြောင်း ဒေသခံများက ပြောသည်။ ထိုပြင် စက်သုံးဆီဆိုင်ကြီးများတွင် လိုင်စင် များပြန်လည် လျှောက်နေရပြီး လက်ရှိတွင် ဒိုင်ကြီးများထံ စက်သုံးဆီများကိုဝယ်ယူပါက ၎င်းတို့က ခွဲတန်းဖြင့်သာရောင်းချပေး သည့်အတွက် စက်သုံးဆီဆိုင်ပိုင်ရှင်အချို့ ဆီဆိုင်များကို ပိတ်ထားရကြောင်း ဆီဆိုင်ပိုင်ရှင်နှင့် နီးစပ်သူအမျိုးသမီး တစ်ဦးက ဆို သည်။ Read in Full

၃၂။ ရွေးကောက်ပွဲကို စောင့်ကြည့်ခွင့်ပြုမယ်လို့ စစ်ကောင်စီဝါဒဖြန့်
 December 10, 2024
လာမယ့်နှစ် ကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံတကာ ထောက်ခံမှုရဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီက ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေကို စံနှုန်းနဲ့အညီ ခွင့်ပြုသွားမယ်လို့ ရွေးကောက်ပွဲကော်မရှင်က ပြောလာပါတယ်။ ဒီဇင်ဘာ ၇ ရက်နေ့က စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့မှတ်ပုံတင်ခွင့်ပြုပြီးတဲ့ နိုင်ငံရေးပါတီ ၅၀ ကျော်တို့ တွေ့ဆုံခဲ့ ကြချိန်မှာ ကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ထည့်သွင်းပြောကြားခဲ့တာပါ။ ပွင့်လင်းမြင်သာတဲ့ ရွေးကောက်ပွဲ ဖြစ်စေဖို့အတွက် နိုင်ငံ တကာလေ့လာရေးအဖွဲ့တွေကို ဖိတ်ခေါ်သွားမယ်လို့စစ်ခေါင်းဆောင်က တရုတ်ခရီးစဉ်အတွင်း စည်းရုံးခဲ့ပြီးနောက် ရွေးကောက် ပွဲကော်မရှင်က အခုလိုထုတ်ပြောလာတာပါ။ ပြည်တွင်းပြည်ပ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေအနေနဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ စောင့်ကြည့်လေ့လာခွင့်ပြုခဲ့တဲ့ အချက်တွေကို ပြန်လည်ထည့်သွင်းပြီး လာမယ့်နှစ် ရွေးကောက်ပွဲမှာ ခွင့်ပြု မယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊အမိန့်၊ညွန်ကြားချက်တွေ၊ မဲလက်မှတ်တွေ ရိုက်နှိပ်တာ၊ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေ စစ်ဆေးတာနဲ့ ဆုံးဖြတ်တာစတဲ့အချက်တွေကို စောင့်ကြည့်လေ့လာခွင့်ပြုမှာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ လေ့လာစောင့်ကြည်သူတစ်ဦးက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေတွေနဲ့ ကျင့်သုံးမယ့်စနစ်တွေ ပွင့်လင်းမြင်သာမှု မရှိသေးချိန်မှာ အခုလိုစောင့်ကြည့်လေလာသူတွေကို ခွင့်ပြုတာဟာ အဖြစ်သဘောမျိုးလို့ သုံးသပ်ပါတယ်။“လက်ရှိ အခြေအနေက ရွေးကောက်ပွဲလို့ ပါးစပ်က တဂွမ်ဂွမ်အော်ပေမယ့်လည်း ရွေးကောက်ပွဲလုပ်မယ့်အခြေအနေ လုပ်ငန်းစဉ်တွေက ဘာမှအောင်မြင်သေးတာ မဟုတ်ဘူးလေ။ အခုချိန်မှာ နိုင်ငံရေးပါတီတွေနဲ့ သူတို့တွေ့တယ်ဆိုတာ လက်ရှိကရွေး ကောက်ပွဲ ဥပဒေ၊ နည်းဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ရွေး‌ကောက်ပွဲ ဘယ်လိုကျင်း ပမလဲ၊ ဘယ်စနစ်နဲ့ ကျင်းပမယ်၊ ပွင့် လင်းမြင်သာတဲ့ဟာတွေ ဘာမှမရှိသေးဘူး။ လက်ရှိကနိုင်ငံရေးပါတီတွေနဲ့တွေ့ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ လူတွေ ကို ခွင့်ပြုမယ်လို့လည်း အဖြစ်သဘော ပြောထားတဲ့ပုံစံမျိုး ဖြစ်နေတယ်ခင်ဗျ”လို့ ဆိုပါတယ်။ တစ်ဘက်မှာ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းပြည်ပ ရွေးကောက် ပွဲ‌စောင့်ကြည့်လေ့လာသူတွေအနေနဲ့ အခြေအနေပေးမှသာ စောင့်ကြည့် လို့ရတဲ့သဘောမျိုးလို့ သူက ထောက်ပြပါတယ်။ Read in Full

၃၃။ ထိုင်းစစ်တပ်နဲ့ ရန်သူမဟုတ်ကြောင်း “ဝ”တပ်ဖွဲ့ပြော
 December 9, 2024
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ထိုင်းစစ်တပ်နဲ့ ရန်သူတွေမဟုတ်ကြောင်း “၀” တပ်ဖွဲ့ ပြင်ပ ဆက်ဆံရေးဌာနက ဒီဇင်ဘာလ ၇ ရက်နေ့က တရုတ်ဘာသာနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတဲ့ “၀” တပ်ဖွဲ့အနေနဲ့  ထိုင်းစစ်တပ်ကို တိုက်ခိုက်မယ်ဆိုတာ မဟုတ်မှန်ဘဲ စစ်ပွဲကို ဖန်တီးတဲ့ ကောလာ ဟလတွေကို “၀” တပ်ဖွဲ့ အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။“၀” တပ်ဖွဲ့ ပြင်ပဆက်ဆံရေးဌာန တာဝန်ရှိသူတစ်ဦးကလည်း ဒီထုတ်ပြန်ချက်မှာ ပါတဲ့ “၀” တပ်ဖွဲ့ရဲ့ ပြောဆို ချက်တွေဟာ မှန်တယ်လို့ အတည်ပြုပြောပါတယ်။ ရှမ်းပြည်နယ်အရှေ့ပိုင်း မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းတုံ၊ ဟွေအော်နဲ့ ပုံပါကျင် ဒေသအတွင်း မြို့နယ်တွေကို “ဝ” တောင်ပိုင်း ၁၇၁ စစ်ဒေသလို့ UWSA “ဝ” တပ်ဖွဲ့က သတ်မှတ်ထားတာပါ။

ထိုင်းနဲ့ မြန်မာနိုင်ငံကြား နယ်မြေအငြင်းပွားမှု ပြဿနာတွေရှိနေတဲ့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် နယ်စပ်က UWSA “ဝ” တပ်ဖွဲ့ ရဲ့ ၁၇၁ စစ်ဒေသတပ်စခန်း ကိုးခုကို ပြန်ဆုတ်ပေးဖို့ ထိုင်းတော်ဝင် စစ်တပ်အရာရှိတွေနဲ့ UWSA ထိပ်ပိုင်း ခေါင်းဆောင်တွေကြား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့နဲ့ ၁၉ ရက်နေ့ က ထိုင်းနိုင်ငံ ချင်းမိုင် မြို့မှာ တွေ့ဆုံခဲ့ချိန်မှာ ထိုင်းဘက် က တောင်းဆိုထားပါတယ်။ ဒီလို တောင်းဆိုပြီးနောက် ထိုင်းစစ်တပ်က အဲဒီဒေသတွေကို စစ်အင်အားဖြည့်နေတာကြောင့် “၀” တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်ကြား စစ်ရေးတင်းမာခဲ့ပါတယ်။ နယ်စပ်တင်းမာမှု အခြေအနေတွေနဲ့ ပတ်သက်ပြီး ထိုင်းအမျိုးသား လုံခြုံ ရေး၊ နယ်စပ်ရေးရာနဲ့ အမျိုးသားအဆင့် မဟာဗျူဟာ ပြုပြင်ပြောင်းလဲရေးကော်မတီက လာမဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ဆွေးနွေး ဖို့ စီစဉ်နေကြောင်း ထိုင်းအခြေစိုက် သတင်းတွေမှာ အခုရက်ပိုင်း ဖော်ပြထားပါတယ်။ Read in Full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button