တိုင်းရင်းသားများသတင်း

အပတ်စဉ် တိုင်းရင်းသတင်းများစုစည်းတင်ပြခြင်း

                                                                               (No. 39, May 31, 2022)

ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အနေနဲ့ မိမိတို့နဲ့ ဘဝတူတော်လှန်ရေး အဖွဲ့ဖြစ်တာမို့ အကူအညီတွေ ပေးမှာဖြစ်ကြောင်း AA ရခိုင်၊ TNLA တအာင်းနဲ့ MNDAA ကိုးကန့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့က ထုတ်ပြန်ကြေညာလိုက်ပါ တယ်။ မေလ ၃၁ ရက် ဒီနေ့မှာကျရောက်တဲ့ KNDF ဖွဲ့စည်းတည်ထောင်တာ တစ်နှစ်ပြည့် မြောက်တဲ့နေ့ အထိမ်းအမှတ်အဖြစ် ညီနောင်မဟာမိတ်သုံးဖွဲ့တို့ရဲ့ ဂုဏ်ပြုသဝဏ် လွှာပေးပို့တဲ့အထဲ ခုလို ဖော်ပြလိုက်တာပါ။ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ဖြုတ်ချဖို့ နွေဦးတော်လှန်ရေးထဲမှာ ပေါက်ဖွားလာတဲ့ အဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ KNDF အဖွဲ့ဟာ ကရင်နီလူမျိုးတွေနဲ့ ဒေသ ကာကွယ ရေးကို ကာကွယ်စောင့်ရှောက်နေတဲ့အဖွဲ့ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

KNDF တပ်ရင်း ၅ ကနေ အမျိုးသမီး အထူးတပ်သားသင်တန်းကို မေလအတွင်း အမျိုးသမီးရဲမေ ၆၀ ကျော်နဲ့ ရှေ့တန်း စစ်မြေ ပြင်မှာ တိုက်ပွဲဝင်နိုင်ရေးအတွက် ပထမဆုံးအကြိမ် ဖွဲ့စည်းထားနိုင်ခဲ့တယ်လို့လည်း KNDF က ထုတ်ပြန်ထားပါတယ်။ KNDF တစ်နှစ်ပြည့်အခမ်းအနားကို တိုင်းရင်းသား ညီနောင်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တွန်းလှန်နေတဲ့ ဗမာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ကလည်း ဝန်းရံအားပေးနေ ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

၂။ KNDF တည်ထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနား ပြုလုပ်
May 31, 2022

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖွဲ့စည်း ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားကို ယနေ့ မေလ ၃၁ ရက် တွင် ကရင်နီပြည်နယ် တစ်နေရာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း(၅) တပ်ဖွဲ့ဝင်များ စစ်ရေးပြချီတက် အလေးပြုခြင်း၊ ဗဟိုကော်မတီဝင်များက အမှာ စကား ပြောကြားခြင်း၊ ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်းတို့အား ဆောင်ရွက်ခဲ့သည်ဟု တပ်ရင်း(၅)က ထုတ်ပြန်သည်။

မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်သည့် MNDAA ၊ TNLA ၊ AA နှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် (BPLA) တို့အပြင် အခြားသော မဟာမိတ်အဖွဲအစည်းများက KNDF ဖွဲ့စည်း ထူထောင်ခြင်း တစ်နှစ်ပြည့် အခမ်းအနားသို့ သဝဏ်လွှာများ ပေးပို့ခဲ့ ကြောင်း သိရသည်။

ပြည်သူများကို အကြမ်းဖက်နေသည့် စစ်ကောင်စီကို အင်အား အပြည့်ဖြင့် တန်ပြန် တိုက်ခိုက်နိုင်ရန်အတွက် ကရင်နီပြည်နယ် အတွင်းက ပြန့်ကြဲနေသော ပြည်သူ့ကာကွယ်ရေးတပ်များကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အမည်ဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်တွင် စုစည်း ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ KNDF ၏ စစ်ဦးစီးချုပ်မှာ ကရင်နီတပ်မတော် (KA) ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူး ဖြစ်ကာ KNDF သည် KA နှင့် ပူးတွဲတိုက်ပွဲဝင်နေခြင်း ဖြစ်‌ကြောင်း သိရသည်။

၃။ ပလက်ဝမြို့နယ် ရုပ်သားကျေးရွာက အဘွားအို ၁ ဦး မိုင်းထိ သေဆုံး
31 May, 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရုပ်သားကျေးရွာက အသက် ၇၆ နှစ်အရွယ် အဘွားအိုတယောက် မေလ ၃၁ ရက် မနက်ပိုင်းက အိမ်အနီးရှိ တောင်မှာ ဟင်းခူးသွားနေစဉ် မိုင်းထိပြီး သေဆုံးသွားတယ်လို့ ဖြူစင်မေတ္တာပရဟိတအသင်း (ကျောက်တော်)က တာဝန်ရှိသူ တယောက်ကပြောပါတယ်။ သေဆုံးသွားတဲ့ အမျိုးသမီးမှာ ရုပ်သားကျေးရွာက အသက် ၇၆ နှစ်အရွယ် ဒေါ်မတင်သိန်း ဖြစ်ပြီး မိုင်းထိလို့ ကျောက်တော်ဆေးရုံသို့ ပို့ဆောင်စဉ် ကျေးရွာစက်လှေဆိပ်အရောက်မှာ သေဆုံးသွားတာ ဖြစ်တယ်လို့ ဖြူစင်မေတ္တာ ပရဟိတအသင်း(ကျောက်တော်)က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုသိန်းဇော်ချေက ပြောပါတယ်။

“မိုင်းမိတာက ဒီနေ့ မနက်ပိုင်း ၇ နာရီကျော်လောက်မှာဖြစ်တာပါ။ အိမ်အနီးမှာရှိတဲ့ တောင်ကို ဟင်းခူးသွားရာမှာ မိုင်းထိတာ ဖြစ်တယ်။ ညာဘက်ခြေတဖက်ပြတ်သွားတယ်။ ကျောက်တော်သို့ ယူလာစဉ် ကျေးရွာ ဘုတ်ဆိပ်အရောက်မှာ သေသွားတာဖြစ် တယ်။ အခုတော့ ကျောက်တော် ဆေးရုံ ရင်ခွဲရုံမှာပို့ထားတယ်။ ကျောက်တော်မှာ သင်္ဂြိုလ်သွားမှာလို့သိရတယ်” ရုပ်သား ကျေးရွာအနီးမှာ စစ်တပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့စစ်ပွဲအတွင်းက စစ်ကောင်စီတပ်တွေကတပ်စွဲပြီး နေထိုင်ခဲ့ကြတာ တွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

မေ ၂၈ ရက်ကလည်း ပလက်ဝမြို့နယ် ငချားကျေးရွာက ကျေးရွာသားတယောက် ယာခုတ်ပြီး ပြန်လာချိန် မိုင်းထိပြီး ညာဘက် ခြေ တဖက်ပြတ်သွားကာ စစ်တွေဆေးရုံကြီးမှာ အရေးပေါ်လူနာ အဖြစ် ဆေးကုသမှု ခံယူနေရပါတယ်။ မေ ၂၆ ရက်ကလည်း ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ)တို့အကြား တိုက်ပွဲဖြစ်ပွားပြီး အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်က ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၄။ လူငယ်များကို နိုင်ငံရေးစိတ်၀င်စားမှုလျော့နည်းလာစေရန် လောင်းကစားဝိုင်းများ ပိုမိုဖွင့်လာ
May 30, 2022

သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့ရှိ လူငယ်များ နိုင်ငံရေး စိတ်ဝင်စားမှုမရှိစေရန် နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ပါဝင် လာမှုမရှိစေရန်အတွက် လောင်းကစားပွဲများ ပိုမိုဖွင့်လာနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ နမ့်စန်မြို့အနီး ၀န်းကျင်ရှိ လူငယ်များ နိုင်ငံရေး နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (PDF) ထဲ ၀င်ရောက်လာမှုမရှိစေရန်အတွက် လောင်းကစား၀ိုင်း များကို တွင်ကျယ်စွာ ဖွင့်လှစ်လာကြောင်း နမ့်စန်လူငယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။“ လူငယ်တွေကို PDF တွေထဲ၀င်လို့မရအောင် လောင်းကစားထဲ စိတ်၀င်စားလာအောင် ပိုဖွင့်လာတယ် လို့ ပြောရမယ်။ လောင်းကစား၀ိုင်းမှာ လူငယ် တွေအများကြီးတွေ့ရတယ်” ဟု အသက် ၃၀ နှစ်အရွယ် လူငယ်အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ လောင်းကစားပွဲ၀ိုင်းတွင် လူငယ်အကြိုက် အဆိုတော်များကိုလည်း ခေါ်ပေးသည်ဟုသိရသည်။ “ သူတို့က လောင်း ကစားပွဲကို အဓိကထားပြီးလုပ်နေတယ်၊ ပွဲစည်အောင် သီချင်းဆိုတဲ့ အဆိုတော် အမည်ခံတွေကို ခေါ်ပေးပြီး လူငယ်တွေ ကြိုက်အောင် အရင်ကထက် ဒီပွဲပိုစည်အောင်တစ်ညကို ဈေးအမျိုးမျိုးနဲ့ ပေးရတဲ့ အဆိုတော် အမည်ခံတွေ ကိုခေါ်ပေးနေတယ်” ဟု ဒေသခံ လူငယ်တစ်ဦး ကထပ်လောင်းပြောသည်။

နမ့်စန်မြို့နယ် ဌာနေပြည်သူ့စစ်များနှင့် စစ်ကောင်စီတို့ ပူးပေါင်းပြီး လောင်ကစားများ ဖွင့်လှစ်လာခဲ့သည်မှာ တနှစ်နီးပါးရှိပြီး၊ တချို့လောင်းကစားရုံတွင် မူးယစ်ဆေး၀ါးများလည်း ရောင်းချနေကြောင်း နမ့်စန် ဒေသခံများက ပြောသည်။ “လောင်းကစား ဆော့တဲ့သူရော လောင်းကစားရုံပိုင်ရှင်ရော သျှမ်းပြည်သားပဲမဟုတ်ဘူး၊ ပြည်မက လူတွေပါတယ်။ ရန်ကုန်၊ မန္တလေးဘက် ကလူတွေလည်း လာဆော့ကြတယ်။ လောင်းကစားလာလုပ်ကြတယ်” ဟု နမ့်စန် ဒေသခံ လူငယ် တစ်ဦးက ပြောပြသည်။ “မြို့ခံ အနေတွေနဲ့လည်း တချို့ကြိုက်တဲ့သူလည်းရှိတယ်။ မကြိုက်တဲ့သူလည်းရှိတယ်၊ ကြိုက်တဲ့သူတွေ အတွက်ကြတော့ အဲ့နားဈေး ရောင်းကောင်းလို့ ကြိုက်တယ် ၊ မကြိုက်တဲ့သူတွေ အတွက်ကြတော့ လောင်းကစားပွဲမှာ မူးယစ်ဆေးကြောင့် လူငယ်ဘဝပျက် စီးသွားမှာကို တော်တော်များများကတော့ မကြိုက်ဘူးလို့ “ ၎င်းက ပြောပါသည်။

၅။ စစ်တပ်နဲ့ AA တို့ ပလက်ဝမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်၊ ဒေသခံတွေ ရိက္ခာပြတ်လပ်မှာ စိုးရိမ်နေ
May 30, 2022

နှစ်နှစ်နီးပါး တိုက်ပွဲတွေ ရပ်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ထဲမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ အခုရက် ပိုင်းတိုက်ပွဲတွေ ပြန်ရှိလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့် ဒေသခံတွေဟာ တစ်ကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီး နေအိမ်စွန့်စွာ ထွက်ပြေးကြရမယ့် အရေး စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ မေ ၂၆ ရက်နေ့က ပလက်ဝမြို့နဲ့ ခြောက်မိုင်အကွာမှာရှိတဲ့ အဘောင်သားရွာနဲ့ ရုပ်ဝရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ခဲ့တာ ကြောင့် သေနတ်သံနဲ့ လက်နက်ကြီးသံတွေ ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ကျနော်တို့ ပြည်သူတွေအနေနဲ့က စိုးရိမ်တာပေါ့။ ဖြစ်တဲ့နေရာက မြို့နဲ့ နည်းနည်း ဝေးတယ်ဆိုပေမယ့် ပြည်သူအနေနဲ့ ဘယ်ဘက်ကပဲ ဘယ်လိုပဲဖြစ်ဖြစ် စိုးရိမ်တာပေါ့။ ကျနော်တို့အနေနဲ့ကျတော့ သွားရေး လာရေး စားရေးသောက်ရေးအတွက် ပွင့်ပွင့်လင်းလင်း လုပ်ကိုင်စားသောက်ခွင့်ရရင်ပဲ ကျနော်တို့က ကျေနပ်ပြီပေါ့နော်။ တစ်ဖက်နဲ့ တစ်ဖက်ဖြစ်တယ်ဆိုတော့ မြို့နဲ့ ဝေးတဲ့နေရာမှာ ဖြစ်ပေါ့နော်။ ကျနော်တို့ ပြည်သူအနေနဲ့က ဖြစ်တာမဖြစ်တာ အဖွဲ့တွေရဲ့ ကဏ္ဍပေါ့နော်။ မြို့နဲ့ ဝေးတဲ့နေရာ မှာပဲ ဖြစ်စေချင်တယ်၊ နီးတဲ့နေရာမှာ မဖြစ်စေချင်ဘူး စိုးရိမ်လို့ပါ ” ပလက်ဝမြို့နယ်ဟာ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားတဲ့ ဒေသလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂ဝ၁၅ ခုနှစ်ကနေ စပြီး ၂ဝ၁၉ ခုနှစ်အထိ အဲဒီဒေသမှာ မြန်မာစစ်တပ်နဲ့ AA တို့ကြား တိုက်ပွဲ တွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေကြောင့် ဒေသခံ နှစ်သောင်းနီးပါး ထွက်ပြေးခဲ့ရပါတယ်။

ပလက်ဝမှာ တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်လာပြီးနောက် မြန်မာစစ်တပ်ဘက်က ရေလမ်းခရီးသွားလာခွင့်တွေ ကန့်သတ်လိုက် တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အရင်က မနက် ၅ နာရီကနေ ည ၉ နာရီအထိ ရေလမ်းနဲ့ လွတ်လွတ်လပ်လပ် သွား လာလို့ ရပေမယ့်၊ အခု မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲ သွားလာခွင့်ပေးထားတယ်လို့ ဆိုပါတယ်။ ဆေးကုသဖို့ သွားလာ မယ်ဆိုရင်လည်း မြို့နယ်ဆရာဝန်ရဲ့ ထောက်ခံချက်၊ ပလက်ဝ အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၈၉ ကနေ ခွင့်ပြုချက် တောင်းနေရတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ ဒီလိုရေလမ်းခရီးတွေ ကန့်သတ်လိုက်တာကြောင့် ကုန်စျေးနှုန်း တွေ ကြီးမြင့်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

၆။ တောင်ကြီးမြို့ ပြည်သူ့နေအိမ်တလုံးကို PNO တပ်ဖွဲ့ကဖျက်ဆီး
May 30, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အထက် (၄) မိုင် ဘုရား ၉ ဆူ ကျေးရွာ နေအိမ်တစ်ခုကို ပအို၀်း အမျိုးသားအဖွဲ့အစည်း (PNO )က စစ်ကောင်စီ နှင့် ပူးပေါင်းပြီး ဖျက်ဆီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။ မေလ ၂၈ ရက်နေ့က PNO တပ်သား ၊ စစ်သား နှင့် ရဲတို့က ဘုရား (၉) ဆူ ကျေးရွာအတွင်း ရှိနေအိမ်တစ်ခုကို အတင်းအဓမ္မ ဝင်ရောက် ဖျက်ဆီးသွားခဲ့ကြောင်းသိရသည်။ လာရောက်ဖျက်ဆီးချိန်တွင် အိမ်တွင်းရှိ ပစ္စည်းများကို ဖြစ်သလို ကားပေါ်တင်ပေးပြီး နေအိမ်ကို တိုင်တစ်တိုင် မချန် ဖျက်ဆီး ပစ်လိုက်ကြောင်း အိမ်ရှင်ပြောပြချက်အရသိရသည်။ လာရောက်ဖျက်ဆီးချိန်တွင် စစ်အင်အား (၅၀) ပါဝင်ရှိကြောင်း သိရသည်။

“ သူတို့လာဖျက်ဆီးတုန်းက စစ်အင်အား (၅၀) လောက်ရှိတယ်။ သူတို့ဖျက်ဆီးတာကို ဗီဒီယို ရိုက်မယ်လို့ပြောထားပြောတာကို မရဘူး။ ရိုက်ရင် သူတို့ဖမ်းမယ်။ ပစ်မယ်လို့လည်း ကျမတို့ကို ခြိမ်းခြောက်တယ်။ ပစ္စည်းကိုလည်း ဖြစ်သလိုပဲ ကားပေါ်တင် ပေးလိုက်တယ်။ လူမနေတဲ့ နေရာတစ်နေရာမှာ ကျမတို့ ပစ္စည်းကို သွားချပေးလိုက်တယ်။ အိမ်လည်းနေလို့မရအောင် ဖျက်လိုက်တာ” ဟု အိမ်ဖျက်ဆီးခံလိုက်ရသည့် အမျိုးသမီးက ပြောသည်။ ထိုနေအိမ်သည် (၄) ဧက ကျယ်ဝန်းပြီး နှစ်ပေါင်း (၃၀) ကျော် နေထိုင်လာခဲ့ပြီး PNO တပ်ဖွဲ့သည် ထိုခြံကို လိုချင်ခဲ့သည်မှာ နှစ်ပေါင်း (၂၀) ကျော်ရှိလာပြီဖြစ်ကြောင်း အိမ်ဖျက်ခံရသည့် အိမ်ရှင်က ပြောသည်။

“ ဒါက ကျမတို့ ဘိုးဘွားကတည်းနေလာတဲ့အိမ်ဖြစ်တယ်။ နေလာတာလည်း နှစ်ပေါင်း (၃၀) ကျော်ရှိနေပြီး။ သူတို့က ကျမတို့ အိမ်နဲ့ ပြသာနာဖြစ်လာနေတာ နှစ်ပေါင်း (၂၀) ရှိနေပြီး။ ကျမတို့က မထွက်ပေးတော့ အခုသူတို့ ဒီလိုလုပ်တာ။ စစ်တပ်နဲ့ ပေါင်းပြီးတော့ ရုံးတက်ပြီးတော့ ကျမတို့အိမ်ကို သိမ်းလိုက်တာပါ။ အခုဆို ကျမတို့ ဆွေမျိုးအိမ်မှာသွားနေနေရတယ်” ဟု အိမ်ရှင်က ထပ်ပြောသည်။ ဖျက်ဆီးခံလိုက်ရသည့် နေအိမ်သည် ဘိုးဘွားနယ်မြေဖြစ်ပြီး၊ လယ်ယာပိုင်ဆိုင်သည့် လက်မှတ်မရှိ ကြောင်း၊ တိုင်းရင်းသားနယ်မြေများတွင် လယ်ယာပိုင်ဆိုင်မှု လက်မှတ်များမရှိကြသော်လည်း နားလည်မှုဖြစ်တာ နေလာခဲ့သည် မှာ ယနေ့ထိတိုင်ဖြစ်သည်။

၇။ စစ်ကောင်စီကို ငွေကြေးထောက်ပံ့သည့် ကျိုက်ထိုမြို့က လုပ်ငန်းရှင် ၄ ဦး သတိပေးခံရ
31 May, 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီထံ ငွေကြေး ထောက်ပံ့နေတဲ့ လုပ်ငန်းရှင် ၄ ဦးကို ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF က မေ ၃၀ ရက်မှာ စာပေးပို့ သတိပေးလိုက်ပါတယ်။ သတိပေးခံထားရတဲ့သူ‌တွေထဲမှာ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ် လုပ်ငန်းရှင် ၂ ဦးနဲ့ စားသောက်ဆိုင် လုပ်ငန်းရှင် ၂ ဦးပါဝင်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ထုတ်ပြန်ထားတာမရှိပါဘူး။ သတိပေးထားတဲ့ လုပ်ငန်းရှင်တွေဟာ စစ်ကောင်စီကို ငွေကြေးထောက်ပံ့တာ၊ ပူးပေါင်းဆောင် ရွက်တာ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကောင်စီထံ ပေးပို့ တာတွေ လုပ်ဆောင်နေတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF တာဝန်ခံက ပြောပါတယ်။

သတိပေးထားတဲ့ လုပ်ငန်းရှင်တွေအနေနဲ့အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်း ဆောင်ရွက်နေမယ်ဆိုရင် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်သွားမှာဖြစ်ကြောင်းနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို လုံးဝ ရပ်တန်ဖို့ သတိပေးထားပါတယ်။ ဒေသခံတွေအဆိုအရ ကျိုက်ထိုမြို့နယ်အတွင်းက စီးပွားရေးလုပ်ငန်းတချို့ဟာ စစ်ကောင်စီနဲ့ ပူးပေါင်းဆောင်ရွက်နေသလို တချို့လုပ်ငန်းရှင်တွေက စစ်ကောင်စီနဲ့ လုံခြုံရေး ကင်းလှည့် လုပ်ငန်းစဉ်တွေမှာပါ ပါဝင်လာကြတယ်လို့ ဆိုကြပါတယ်။ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း စီးပွားရေးလုပ်ငန်းရှင် အယောက် ၂၀ ထက်မနည်း ဖမ်းဆီးခံ ရထားရပြီး အများစုကတော့ ပြန်မလွတ်သေးပါဘူး။

၈။ သေ့ဘောဘိုးစခန်းအား ပြန်သိမ်းမည့် စစ်ဆင်ရေးလုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာတွင် စစ်ကောင်စီတပ် အင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေ
May 31, 2022

KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ၆ နယ်မြေ သေ့ဘောဘိုးစခန်းအား စစ်ကောင်စီဘက်မှ မြ၀တီအခြေစိုက် နယ်ခြားစောင့်တပ် (BGF) ပူးပေါင်းအဖွဲ့ များအဖြစ် အသွင်ယူတိုက်ခိုက်သိမ်းပိုက်မည့် စစ်ဆင်ရေး လုပ်ဆောင်ရန် ဖလူးကြီး ကျေးရွာ BGF စခန်းတွင် စုဖွဲ့ကာ စစ်သည် အင်အား၊ လက်နက်ခဲယမ်းအင်အား ဖြည့်တင်းမှုများလုပ်ဆောင်နေကြောင်း ဒေသခံ သတင်းအရင်း အမြစ်များက ပြောသည်။ ပြီးခဲ့သည့် မေလ ၁၈ ရက်က KNLA /KNDO ပူးပေါင်းတပ်များ စစ်ကောင်စီ သေ့ဘော ဘိုးစခန်းအား ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် လေးကေကော်-သေ့ဘောဘိုး-ဝေါလေ ဒေသအတွင်း စစ်ကောင်စီ စစ်စခန်းများသို့ စစ်သည်၊ ရိက္ခာ၊ လက်နက်ခဲယမ်း ထောက်ပံ့ရေးလမ်းကြောင်းများ ဖြတ်တောက်ခံထားရသည့်အတွက် စစ်စခန်းများအား KNLA ပူးပေါင်းတပ်များမှ ဆက်လက် တိုက်ခိုက်သိမ်းပိုက် လာနိုင်သည့် အခြေအနေဖြစ်သည်။

ထို့ကြောင့် မြ၀တီအခြေစိုက် BGF တပ်များ ၏ နယ်မြေကျွမ်း ကျင်မှုနှင့် ဦးဆောင် မှုကို ပူးပေါင်း၍ ယခု ရက်ပိုင်းအတွင်း စစ်ကြောင်းထိုး နယ်မြေရှင်းလင်း စခန်းသိမ်းပိုက်မည့် စစ်ဆင်ရေးလုပ်ဆောင်ရန် စစ်အင်အားဖြည့်တင်းလုပ်ဆောင် နေကြောင်း ဒေသတွင်း KNLA သတင်းအရင်းအမြစ်က ပြောသည်။ “သေ့ဘောဘိုး စခန်းသိမ်းပြီး ကတည်းက သူတို့ နယ်ကျော်၀င် စခန်းချ ထားတဲ့ စစ်ကောင်စီတပ်တွေ စိတ်ဓါတ်ကျနေကြတယ်၊ သူတို့စခန်းတွေ ဘယ်နေ့ လာတိုက်ခံ ရမလည်းပေါ့၊ ကျနော်တို့လည်း ပြန်လည် ပြင်ဆင်နေတယ်၊ ဘယ်နေ့ လာပြန်တိုက်မလည်းပေါ့၊ သတိနဲ့ နေနေကြတယ် အဖွဲ့ တွေ အားလုံးစုစည်းထားတယ်၊ အခုက သူတို့က ကရင်ချင်းပြန်တိုက်ကြတဲ့ ပုံစံမျိုး BGF အဖွဲ့တွေ ပုံစံနဲ့ ဖလူးကြီး ၊လေးကေကော်၊ လက်ခပ်တောင်ဘက်မှာ စစ်အင်အား ဖြည့်နေတယ် ဆိုတာမျိုး သတင်းတွေသိထားရတယ်၊ လာတိုက်ကြတဲ့ အခါကျမှပဲ သိနိုင်မယ်၊ ဖလူးကြီးမှာ ပိုပြီး လူစုနေတယ်လို့ သိရတယ်”ဟု KNLA သတင်းအရင်း အမြစ်က ပြောသည်။

KNU တပ်မဟာ ၆ ဒေသ ဒူးပလာယာ ခရိုင်အတွင်း လေးကေကော်၊ ဘလယ်ဒို၊ သေ့ဘောဘိုး ၊ဝေါလေ ၊ဥုကရိထ၊ ဒေသဘက် တွင် ဒေသတွင်း KNLA/ KNDO ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ရေးတင်းမာမှုများဆက်လက်ရှိနေသကဲ့သို့ ကြာအင်းဆိပ်ကြီး၊ ခလယ်တံခွန်တိုင် ကျေးနယ်ဘက်တွင် စစ်ကောင်စီတပ်များနှင့် ယနေ့ မေလ ၃၁ ရက် မနက်ပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်ဟု မြေပြင်သတင်းအရ သိရှိရသည်။

၉။ ဒေါနအရှေ့ခြမ်း စစ်ဘေးရှောင်စခန်းများတွင် ငှက်ဖျားနှင့် ၀မ်းရောဂါအတွက် ဆေးဝါးများလိုအပ်နေ
May 30, 2022

ဒေါနတောင်အရှေ့ဘက်ခြမ်းရှိ လေးကေကော်-ဝေါလေ ဒေသအတွင်း စစ်ဘေးရှောင်နေကြရ သည့်အစု အဖွဲ့များတွင် သောက်သုံးရေ မသန့်ရှင်းသည့် အခြေအနေနောက်ဆက်တွဲအဖြစ် ၀မ်းပျက် ရောဂါနှင့် ငှက်ဖျားရောဂါ ဖြစ်ပွားခံစားနေကြရသူ များအတွက် ဆေးဝါးလုံလောက်မှုမရှိကြောင်း သိရှိရသည်။ “မိုးရွာလိုက်၊ နေပူလိုက် အခြေအနေမှာ တောင်ကျရေမြစ်ရေက သုံးမရ ၊ ရေကြည်ရေသန့်မရတာက တစ် ကြောင်း ၊ မိုးရာသီက သရက်သီး၊ ပိန္နဲသီး၊ တောစာတောသီးတွေ ပေါချိန်၊ စစ်ရှောင် တွေကလည်း တောတိုးပြီး ရှာဖွေခူးယူရတာတွေကိုပဲ အားထားစားသောက်ကြရတာဆိုတော့ ယင်ပေါ၊ ခြင်ပေါပါပဲ၊ ကလေးတွေ ၀မ်းပျက်၊ သွေးလွန်တုပ်ကွေးစဖြစ်တာရှိလာပြီ၊ ဆေးဝါးနဲ့ကျန်းမာရေး အထောက်အကူကတော့ လေးကေကော်သူကြီး စစ်ရှောင်စခန်းမှာပဲရှိတယ်၊ ကျန်တဲ့နေရာတွေမှာ မရှိဘူး၊ သွားရေးလာရေးက ခက်ခဲတော့ နီးစပ်ရာဆေးမြီး တိုနဲ့ပဲနေကြ ရတယ်” ဟု စစ်ဘေးရှောင် အစုအဖွဲ့များတွင် ကျန်းမာရေး စောင့်ရှောက်ပေးနေသူတစ်ဦးက ပြောသည်။

မိုးရာသီအတွင်း နေရပ်ပြန်နေထိုင်ရန် အဆင်မပြေသေးသည့်အခြေအနေတွင် စစ်ဘေးရှောင်မိသားစုများထဲမှ သေ့ဘောဘိုး ၊ မင်းလက်ပံ၊ ရသေ့ဂူ၊ ကျောက်ခက် ကျေးရွာများဘက်တွင် နေထိုင်နေကြသည့် စစ်ဘေးရှောင် မိသားစု ၁,၀၀၀ ၀န်းကျင်မှ လူဦးရေ ၃,၀၀၀ ခန့်မှာ ကိုယ်ထူကိုယ်ထ မိသားစုနေအိမ်များအတွက် အမိုးအကာ နေရာထိုင်ခင်း လုံလောက်မှုမရှိသေး ကြောင်းလည်း စစ်ရှောင်ကူညီပေးနေသူများက ပြောသည်။ ၎င်းအပြင် ရိက္ခာထောက်ပံ့ရေး အကူအညီများအား ထိုင်းနိုင်ငံ နယ်စပ် ကရင်လူမှုအဖွဲ့အစည်းများ၊ မဲဆောက်မြို့ ရှိ အလှူရှင်များ လာရောက်ပေးဝေသည့် စားသောက်စရာကိုသာ အားထား နေကြရသည့်အတွက် မိုးကြီး ၊ ရေကြီး လာချိန် ရိက္ခာပြတ်တောက်၍ ဆေးဝါးလုံလောက်မှုမရှိသည့် အခြေအအနေများ ပိုမိုခက်ခဲ လာမည်ကို စိုးရိမ် နေကြကြောင်းလည်း စစ်ဘေးရှောင် မိသားစုများ ပြောသည်။

၁၀။ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့ရှိ အိမ်တအိမ်တွင် ဗုံးပစ်ခံရပြီး သေနတ်ဖြင့်ပစ်ခံရသဖြင့် လူ ၁ ဦးဒဏ်ရာရ
30 May, 2022

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့မှာ မေ ၂၉ ရက်နေ့လယ်က နေအိမ်တစ်အိမ် အတွင်းကို ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အမျိုးသားတယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ နန်းမွန်းမြို့ ဈေးကွက်သစ်ရပ်ကွက်က ဦးတင်မြင့် ဆိုသူ ရဲ့နေအိမ်အတွင်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဗုံးပစ်သွင်းပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဈေးကွက်သစ် ရပ်ကွက် နေထိုင်သူ တယောက်က ပြောပါတယ်။

“နေ့လယ် ၂ နာရီလောက်က ဖြစ်တာ။ လူသုံးယောက်က အိမ်ထဲ ဗုံးပစ်ထည့်ပြီး သေနတ်နဲ့ ဝင်ပစ်တယ်။ စုစုပေါင်း ခုနှစ်ချက် ရှစ်ချက်လောက်တော့ရှိတယ်။ ဦးတင်မြင့်ကတော့ လက်မောင်းသေနတ်မှန်သွားတယ်။ ဘယ်အဖွဲ့က ဘာကြောင့်ပစ်တာလဲ ဆိုတာတော့မသိဘူး။” သေနတ်မှန်သွားတဲ့ ဦးတင်မြင့်ကို ဟိုပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသမှုပေးထားရပါတယ်။ ဦးတင်မြင့်ဟာ အရောင်းအဝယ်စီးပွားရေးလုပ်တဲ့ သာမန် အရပ်သားတယောက်ဖြစ်ပြီး သူ့ကို ဘယ်အဖွဲ့က ဘာကြောင့်အခုလို ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

၁၁။ တောင်ကြီးမြို့ နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်မှ တပ်သားသစ်စာရင်း နှင့် ငွေကောက်
May 30, 2022

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နှင့်ထိစပ်နေသည့် နမ့်ဆီးကျေးရွာအုပ်စုထိ PNO တပ်ဖွဲ့က တပ်သားသစ် နှင့် ငွေကြေး လိုက်တောင်းခံ နေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် မေလ ၂၀ ရက်နေ့က တောင်ကြီးမြို့နယ် (၄) မိုင် နှင့် (၆) မိုင်ကျေးရွာတွင် နေထိုင်သည့် ပြည်သူများကို PNO တပ်ဖွဲ့က ငွေကြေး နှင့် တပ်သားသစ်များ ကောက်ယူလျက်ရှိကြောင်း သိရသည်။ “ပြီးခဲ့တဲ့ ပတ်တုန်းက ၄ မိုင် ၆ မိုင် တစ်၀ိုက်နားလေးမှာ PNO တပ်ကေန နာမည်စာရင်းတွေ၊ ငွေကြေးတွေ ကောက်သွားတယ် ၃သောင်းခွဲကျပ်ပေးရတယ်လို့ ကြားရတယ်။ ကျောင်းရန်ပုံငွေတွေ ကင်းစောင့်တွေ လုပ်အားပေးခတွေ နဲ့ စစ်သင်တန်းသွားမယ့်သူရဲ့ ခရီးစားရိတ်ဆိုပြီး ကောက်သွားကြတယ်လို့ ကြားရတယ်” ဟု တောင်ကြီးဒေသခံ ပအို၀်းအမျိုးသား တစ်ဦး ကပြောသည်။

ထိုအပြင် ၄ မိုင် မဲတောင်းကျေးရွာ၊ ( ဘုရား ၉ ဆူ) ကျေးရွာတွင်လည်း PNO တပ်ဖွဲ့က စစ်သားလုပ်ရန်အတွက် နာမည် ကောက်ယူထားပြီး ဖြစ်ကြောင်းသိရသည်။ “ ကျမတို့ရွာမှာတော့ နာမည်တွေကောက်ထားတာတော့ရှိနေပါတယ်။ ပြီးတော့ ပိုက်ဆံတွေ လည်းကောက် နေတယ်။ စစ်သားလုပ်ဖို့ ဘယ်လောက်ပါသွားလဲတော့ မသိဘူး။ သူတို့က မဲနှိုက်ခိုင်းတာ” ဟု (၄) မိုင် တွင် နေထိုင်သည့် ‌ဒေသခံအမျိုးသမီးက ပြောသည်။ PNO တပ်ဖွဲ့သည် ယခုလအတွင်း တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်ထဲအထိ တပ်သား အသစ်နှင့် ငွေကြေးများကို အတင်းတောင်းခံနေလျက်ရှိကြောင်းသိရသည်။ ထိုအပြင် တစ်ချို့ ပြည်သူများက စစ်သားမလုပ်ချင်သောကြောင့် ထွက်ပြေး တိမ်းရှောင်နေသူများ လည်း ရှိကြောင်း ဒေသခံများ ပြောပြချက် အရသိရသည်။

၁၂။ ရွှေညောင်ပင်အထက်တန်းကျောင်းတွင် ကျောင်းသားအသစ်လက်ခံရန် နယ်မြေမှူးထောက်ခံစာတောင်းခံ
31 May 2022

မြစ်ကြီးနားမြို့ ၊ ရွှေညောင်ပင်ရပ်ကွက် အမှတ်(၁၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းလာရောက်အပ်နှံ သူများ ကို နယ်မြေမှူးထောက်ခံစာနှင့် မွေးစာရင်းယူဆောင်လာမှသာ ကျောင်းအပ်လက်ခံနေကြောင်း အမည်မဖော်လိုသည့် ရွှေညောင် ပင်ရပ်ကွက်နေသူ တစ်ဦးထံမှ သိရသည်။ “မနှစ်က ကျောင်းမတက်တဲ့သူတွေ ဒီနှစ်ကျောင်းအပ်တော့ ကျောင်းသား အသစ်လို့ ပြောတယ်။ ပြီးတော့ နယ်မြေမှူး ထောက်ခံစာ ယူခိုင်းပါတယ်။ ထောက်ခံစာ တစ်စောင်ကိုလည်း တစ်ထောင်ပေးရတယ်။

ထောက်ခံစာကလည်း လွယ်လွယ်မရပါဘူး တော်တော် ခခယယ ယူရပါတယ်။ အိမ်နံပါတ်လည်း အတိအကျမေးတယ်။ ထောက်ခံစာက အိမ်နံပါတ်ပြောပြမှပဲ ရေးပေးတာပါ။ ကျောင်းအပ်ကလည်း ထောက်ခံစာ ပါမှလက်ခံမှာတဲ့။ တချို့မိဘတွေကို ဆို မွေးစာရင်းတောင် တောင်းတယ်။” ဟု ပြောပါသည်။

အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်သည့် ၂၀၂၂-၂၀၂၃ အခြေခံပညာသင်နှစ်တွင် ကျောင်းအပ်နှံသည့် ကျောင်းသူ ၊ ကျောင်းသားဦးရေ ယခင် ၂၀၂၁-၂၀၂၂ အခြေခံပညာသင်နှစ်ထက် ပိုမိုများလာကြောင်း သိရသည်။ “ရွှေညောင်ပင်ရပ်ကွက်က မြေငှားအိမ်ငှားနေတဲ့သူတွေ အရမ်းများပါတယ်။ အခြေခံလူတန်းစားတွေ ဖြစ်လို့ မြေငှားအိမ်ငှား နေကြတာ အိမ်နံပါတ်တွေ မရှိပါဘူး။ ကျောင်းအပ်တဲ့ချိန် အိမ်နံပါတ်တွေတောင်းတော့ မရှိဘူး ပြောတော့ ကျောင်းအပ်လို့ မရဘူးဆိုပြီး ကျောင်းအပ် လက်ခံတဲ့ ဆရာ ၊ဆရာမတွေ ပြောတယ်။” ဟု KNG ကချင်သတင်းဌာနကို ဆက်လက်ပြောဆိုသည်။

၁၃။ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးငယ်တစ်ဦးဒဏ်ရာရ
May 29, 2022

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ် ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ် ကောင်စီတပ်က ယနေ့ မေလ ၂၉ ရက်၊ မွန်းလွဲ ၃ နာရီဝန်းကျင်အချိန်တွင် နန်းသိုင်းထွန်ရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ် မှုကြောင့် အမျိုးသမီးတစ်ဦးကျည်ထိမှန်သေဆုံးပြီး ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟု ရွာသားများထံမှ သိရသည်။ နန်းသိုင်းထွန်ရွာသူ အသက် ၃၃ နှစ်အရွယ် မဇင်ဦးသည် ၎င်းနေအိမ်နောက်ဖေး၌ ထမင်းချက်ပြုတ်နေစဉ် နေအိမ် အနောက်ဘက် ငှက်ပျောခြုံအနီးတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဘယ်ဖက်ခြမ်းမျက်နှာတွင် ကျည်ထိမှန်ကာ နေရာ တွင် ပွဲချင်းပြီးသေဆုံးပြီး အသက် ၇ နှစ်အရွယ်ရှိ သူမ၏သမီးဖြစ်သူလည်း ပါးတွင်ကျည်ထိမှန် ဒဏ်ရာရသွားကြောင်း ရွာသားတစ်ဦးက ပြောသည်။

တံခွန်တိုင်ရွာ ရဲစခန်းဝင်းအတွင်း ခြေကုပ်နေရာယူထားသည့် စစ်ကောင်စီတပ် ခလရ ၂၈၄၊ ၃၂ တပ်ရင်းနှင့် နယ်ခြား စောင့်တပ် -BGF အမှတ် ၁၀၂၁ တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့သည် လက်နက်ကြီးလက်နက်ငယ်များ ညစဉ်ပစ်ခတ်လျက်ရှိပြီး စခန်းရှေ့ အများပြည်သူသွားလာနေသည့် ဝင်းရော်လမ်းမကြီးကိုလည်း ဖြတ်သန်းသွားလာခွင့် ပိတ်ထားကြောင်း ရွာသားများထံမှ သိရသည်။ ခလယ်-တံခွန်တိုင်တိုက်နယ်သည် KNU ဝင်းရေးမြို့နယ်၏ အုပ်ချုပ်မှုနယ်မြေထဲတွင် တည်ရှိပြီး ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့ မှစပြီး စစ်ကောင်စီတပ်နှင့် KNU တို့ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပြီးနောက် ကျေးရွာ ၁ဝ ရွာခန့်မှ ဒေသခံရွာသား တစ်သောင်း နီးပါး အခြားမြို့ ရွာများနှင့် တောတောင်များတွင် စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။

ထို့နောက် ရွာသားအချို့ မှာ ပြန်လည်နေထိုင် ကြသော်လည်း ပစ်ခတ်မှုနေ့စဉ်ရှိလာသည့်အတွက် နီးစပ်ရာနေရာများတွင် ထပ်မံ ၍ စစ်ဘေးရှောင် နေကြရပြီး ကျန်းမာရေးနှင့် စားဝတ်နေရေး အခက်ခဲများရှိလာသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြီးခဲ့သည့် ဧပြီ ၂၃ ရက်နေ့တွင်လည်း တံခွန်တိုင် ရွာမှ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သေးသည်။

၁၄။ ဖယ်ခုံ လွိုင်ပေါကျေးရွာအုပ်စု စစ်ကောင်စီ နှင့် PNO ၀င်မွှေ တန်ဖိုးကြီးပစ္စည်းများယူသွား
May 29, 2022

သျှမ်းတောင် ဖယ်ခုံမြို့နယ် လွိုင်ပေါကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်နှင့် ပအို၀်းပြည်သူ့စစ် (PNO)တို့သည် ပြည်သူ နေအိမ်များကို ၀င်ရောက်မွှေနှောက်ယူ ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ အာဏာ သိမ်းစစ်ကောင်စီ တပ်ဖွဲ့သည် မေ ၁၂ရက် နံနက်ပိုင်းမှ စတင်ကာ ဖယ်ခုံမြို့နယ်အတွင်း တိုက်လေယာဥ်သုံးကာ ပစ်ခတ်ခဲ့ပြီး နောက် ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုထွက်ပြေးတိမ်းရှောင်လာပြီးနောက် လွန်ခဲ့သည့် ရက် တပတ်အတွင်း စစ်ကောင်စီတပ်နှင့် PNO တို့ ပူးပေါင်းက ပြည်သူနေအိမ်များကို ၀င်ရောက်မွှေနှာက်ကာ တန်ဖိုးကြီး ပစ္စည်းများ ကို သယ်ဆောင်သွားကြောင်း ရွာသို့ ပြန်သွားကြည့်သည့် ဒေသခံ လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ကျနော်တို့ မနေ့က (မေ ၂၈)ရက် က ရွာကို ခိုးပြန်ကြည့်တာ။ အိမ်တွေရစရာမရှိအောင်မွှေထားတယ်။ အိမ်ကောင်းတွေထဲက ရှိတဲ့ မီးဖိုးချောင်သုံးပစ္စည်းတွေ၊နောက် စိုက်ပျိုးရေးသုံးပစ္စည်းတွေ၊ TV၊ ဗီဒို၊ ဆိုလာအားလုံးယူသွားတယ်။ အိမ်တွေလည်း မီးရှို့ခံထားရတယ်” ဟု ရွာပြန်ကြည့်သည့် လူငယ် က ပြောသည်။ စစ်ကောင်စီ နှင့် PNO ပူးပေါင်းတပ်တို့သည် လွိုင်ပေါကျေးရွာ အုပ်စုထဲရှိ ရွာပေါင်း (၆)ရွာကို ၀င်ရောက်မွှေပြီး အိမ်ထဲရှိပစ္စည်းအားလုံးနီးပါးယူသွားကာ စိုက်ပျိုးရေးပစ္စည်းဖြစ်သည် ဓာတ်မြေသြဇာ၊ လယ်ထွန်စက်နှင့် စက်သုံးဆီများလည်း ယူဆောင်သွားသည့်အပြင် တဲအိမ် အလုံး (၅၀)ထက် မနည်း မီးရှို့ခံ ထားရကြောင်း ၎င်းလူငယ်က ဆိုသည်။ ဖယ်ခုံမြို့နယ် လွိုင်ပေါကျေးရွာအုပ်စုတွင် အိမ်ခြေ ၈၀၀ မှ ၁၀၀၀ ကြားရှိကာ အများစုနေထိုင်သူများသည် သျှမ်းတိုင်းရင်းသားများ ဖြစ်ကြောင်းသိရသည်။

၁၅။ ကို‌ဗစ်ချေးငွေ တစ်နှစ် ‌ဆိုင်းငံ့ပေးရန် ဆားတောင်သူများ တောင်းဆို
May 30, 2022

မွန်ပြည်နယ်အတွင်း နေလှန်းဆားလုပ်ငန်းများ ဆားဖျက်မိုးကြောင့် သုံးကြိမ်တိုင်တိုင် ပျက်စီးခဲ့သောကြောင့် ကိုဗစ်ချေးငွေကို တစ်နှစ်ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း ဆားတောင်သူများက ပြောသည်။ ပြီးခဲ့သည် ဖေဖော်ဝါရီ၊ မတ်နှင့် ဧပြီလတို့တွင် ဆားဖျက်မိုးရွာသွန်းခဲ့သောကြောင့် ဆားတန်ချိန် ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ ဆားတောင်သူများ အရှုံးနှင့် ရင်ဆိုင်နေရ သောကြောင့် ကိုဗစ်ချေးငွေကို တစ်နှစ် ‌ဆိုင်းငံ့ပေးရန် တောင်းဆိုကြောင်း ၎င်းက ပြောသည်။ “လာမယ့်နှစ် တစ်ချို့ကွင်းတွေက မထွက်နိုင်ဘူးပြောကြတာပေါ့လေ။ အခုချိန်မှာ။ အဲတော့ နိုင်ငံတော်ကိုလည်း ကျွန်တော်တို့က အကြွေးတွေ ပေးဆပ်ရဦးမယ်ဆို တော့ နိုင်ငံတော် မေတ္တာရပ်ခံထားတာက ကိုဗစ်ချေးငွေတွေကို တစ်နှစ်ကို ပြန်ဆိုင်းငံ့ပေးဖို့ပါ”ဟု ၎င်းက ပြောသည်။

ဆားဖျက်မိုးကြောင့် တောင်သူများ ဆားတန်ချိန်ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့ရပြီး ယခုနှစ်တွင် ဆားအထွက်နှုန်းလည်း တစ်ဝက်ခန့် လျော့ကျခဲ့ကြောင်း ၎င်းက ပြောသည်။ လာမည့် ဆားရာသီတွင် ဆားလုပ်ငန်းပြန်လုပ်ကိုင်ရန် ငွေကြေးခက်ခဲနိုင်သောကြောင့် ချေးငွေကို ဆိုင်းငံ့ပေးစေလိုကြောင်း ပေါင်မြို့နယ်က ဆားတောင်သူ တစ်ဦးပြောသည်။ “ဒီမှာက ကျွန်တော်တို့တွေ တော်တော် အထိနာပါတယ်။ လာမယ့် နှစ် ဆားရာသီ အစမှာတောင် ကွင်းပြန်စဖို့ မလွယ်ဘူးဖြစ်နေတယ်”ဟု ၎င်းက ပြောသည်။ လက်ရှိ တွင် ဆားကြမ်းတစ်ပိဿာ ၂၅၀ ကျပ်၊ ဆားချော တစ်ပိဿာ ၃၂၀ ကျပ်ထိ ဈေးရှိနေသော်လည်း ပျက်စီးဆုံးရှုံးမှုကို မကာမိ ကြောင်း ၎င်းက ဆက်ပြောသည်။ မွန်ပြည်နယ်တွင် နေလှန်းဆားများကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်နေ တာ ဖြစ်ခြင်း ဖြစ်သည်။ နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ပုံမှန် ထုတ်လုပ်နေသော်လည်း ယခုနှစ်တွင် တန်ချိန် ၂၀၀၀၀ ကျော်သာ ထွက်ရှိခဲ့ကြောင်း သိရသည်။

၁၆။ မူဆယ်မြို့တွင် အလာင်းကစားအဆောင်တန်းလျားတစ်ခု မီးလောင်မှုဖြစ်ပွား
30 May 2022

မူဆယ်မြို့၊ ကောင်းမှုတုံ ရပ်ကွက်၊ Top One အနီးရှိ လောင်းကစားဝန်ထမ်းများနေထိုင်သော ၄ ခန်းတွဲ အ‌ဆောင်တန်းလျား မေလ ၂၉ ရက်ည ၈ နာရီဝန်းကျင်တွင် မီးလောင်မှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ “ကျွန်မသူငယ်ချင်းတောင် ဘာမှ မရလိုက်ဘူး။ နေ့ဆိုင်းဆင်းတဲ့ သူတွေအခန်းထဲ ခြင်ဆေးခွေ ထွန်းခဲ့တာလား၊ ရေနွေးတည်ခဲ့တာလား။ မီးလောင်လာမှ သူတို့ ရေလောင်းတာမနိုင်တော့မှ မီးသတ်ခေါ် လိုက်တာ မီးသတ်ကားလည်းလောင်ကုန်မှ ရောက် လာတယ်”ဟု အဆောင်နေသူနဲ့ နီးစပ်သူတစ်ဦးက ပြောသည်။ အဆိုပါ မီးလောင်သည့် အဆောင်တန်းလျားသည် လောင်းကစားကုမ္ပဏီဝန်ထမ်းများနေထိုင်ရာ အခန်းဖြစ်ပြီး မီးလောင်ပျက်စီးသွားခဲ့သည့်အဆောက်အဦးသည် ကိုဝဏ္ဏဆိုသူ ပိုင်ဆိုင်ကြောင်း သိရသည်။

မီးငြိမ်းသတ်နိုင်းမရှိနိုင်ခြင်းသည် မီးသတ်ဝန်ထမ်းအပြောင်းအလဲကြောင့် မီးငြှိမ်းသတ်ရာမှာ ကျွမ်းကျင်မှုအားနည်းမှုရှိခဲ့ကြောင်း ဖြစ်ကြောင်း မူဆယ်ခရိုင်မီးသတ်ဌာနမှ တာဝန်ရှိသူက ပြောသည်။ ထို့ကြောင့် ဟိုတယ်၊ တည်းခိုခန်း၊ စာသင်ကျောင်းများ အပါ အဝင် ပြည်သူလူထုအား ၃ လလျှင် တကြိမ်ခန့် မီးဘေးအန္တရယ်ကာကွယ်မှုဆိုင်ရာ အသိပညာပေးခြင်း ကွင်းဆင်းပြုလုပ်သင့် ကြောင်းလည်း မူဆယ်ခရိုင် မီးသတ် တာဝန်ကျ ဝန်ထမ်းတစ်ဦးကပြောဆိုသည်။

၁၇။ သူးလေထီ မိတ်ဆက်ပွဲ KNU ခေါင်းဆောင်များ တက်ရောက် ဖွင့်လှစ်ပေး
May 30, 2022

ဒေါကလူကွန်ယက်မှ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် သူးလေထီ (ThooLei Lottery) စတင်မိတ် ဆက်ပွဲအခမ်း အနားကို ယနေ့ မေလ ၃၀ ရက်နေ့တွင် KNU ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ် မြေတစ်နေရာ၌ ပြုလုပ်ခဲ့ရာ KNU ခေါင်းဆောင်များ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ကရင့်အမျိုးသားတော်လှန်ရေးကို ပံ့ပိုးကူညီနိုင်ရန် ရည်ရွယ်ပြီး ဒေါကလူ ကွန်ယက်က ပထမဦးဆုံးအကြိမ် အကောင်အထည် ဖော်ဆောင်ရွက်နေသည့် ၎င်းသူးလေထီ မိတ်ဆက်ခြင်းအခမ်းအနားကို KNU ဗဟိုမှ အထွေထွေအတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုကော်မတီဝင်ပဒိုစောသမိန်ထွန်းနှင့် KNLA ဗဟို စစ်‌ရေးချုပ် ဗိုလ်မှူးချုပ်မန်းရှာထု‌ဝေါနှင့် ခေါင်းဆောင်အချို့ တက်ရောက် မိတ်ဆက်ဖွင့်လှစ်ပေးခြင်းဖြစ်သည်။

အဆိုပါထီကို KNU အစိုးရ၏ လက်အောက်ခံထီတစ်ခုအနေဖြင့် ပေါ်ပေါက်လာရန်နှင့် ထီရောင်းရငွေများမှ တဆင့် ကရင် အမျိုးသားတော်လှန်ရေးအတွက် အကူအညီပေးနိုင်ရေးအပြင် KNU အပေါ် လူထုထောက်ခံမှုပိုမိုရရှိလာရန် ရည်ရွယ်ကြောင်း သူးလေထီကို စတင်အကောင်အထည်ဖော်သည့် ဒေါကလူ ကွန်ယက်မှ ဥက္ကဌဖြစ်သူ စောဝယ်ကိုးက ယခုလို ပြောသည်။ “ သူးလေထီက ကော်သူးလေအစိုးရရဲ့ လက်အောက်က ထီဖြစ်ဖို့အတွက်ဖြစ်တယ်။ ကျနော်တို့ ဒေါကလူကွန် ယက်က ကမကထ ပြုတယ်ဆိုပေမဲ့ ကေအဲန်ယူ ထီဖြစ်ရမယ်။ ဒီထီကရတဲ့ဝင်ငွေကနေ ကျနော်တို့ တော်လှန် ရေးအတွက် အကျိုးဖြစ်စေမယ်၊ ဌာနတွေရဲ့ လည်ပတ်မှု၊ ကျန်းမာရေး၊ ပညာရေးစတာတွေအတွက် ရည်ရွယ်ထားတယ်။ ပြီးရင်တော့ ကျနော်တို့ ကော်သူးလေ ထိန်းချုပ်နယ်မြေအတွင်းမှာ ဒီထီကို ရောင်းချသွားမယ်။ ဒါကလည်းနယ်မြေအတွင်း နိုင်ငံရေးအရ ဩဇာလွှမ်းမိုးမှု ဘယ်လောက် ရှိလဲဆိုတဲ့အတွက်ပါ ရည်ရွယ် ထားတာပါ“ ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ စတင်မိတ်ဆက်သည့် သူးလေထီကို ကော်သူးလေ အစိုးရ၏ ဘဏ္ဍာငွေ ရှာဖွေရေးဌာန တစ်ခုအနေဖြင့် တရားဝင်လည် ပတ်သွားရန် ဒေါကလူကွန်ယက်ဘက်မှ ရည်ရွယ်ထားပြီး လက်ရှိတွင်လည်း KNU တာဝန် ရှိသူများဘက်မှ ဆွေးနွေးသွား ရန်ရှိကြောင်း KNU အထွေထွေတွင်းရေးမှူး(၂) ပဒို စောလှထွန်းက ယခုလို ပြောသည်။ “ သူတို့ စမလုပ်ခင်ကတည်းက ကျနော်တို့ KNU ခေါင်းဆောင်ပိုင်းတချို့ကော၊ KNLA ခေါင်းဆောင်ပိုင်းတချို့နဲ့ ပြောဆို ဆွေးနွေးတာမျိုးလုပ်ခဲ့တယ်။ ဒါ့အပြင် KNU ကနေ သိရှိပြီးတော့ တရားဝင်အသိအမှတ်ပြုနိုင်ဖို့အတွက် အသိပေးစာတင်ထားတာလည်းရှိတယ်။ ဒီအပေါ်မှာ ကျနော်တို့ ကေအဲန်ယူအနေနဲ့ ဒါကို ထီလုပ်ငန်းဆိုင်ရာ ကမ္ဘာ့သတ်မှတ်ချက်၊ စည်းမျဉ်းဥပဒေ စံနှုန်းတွေနဲ့အညီသွားနိုင်ဖို့က ပြန်လည် စိစစ်ဆောင်ရွက်သွား ဖို့ရှိတယ်။ စံချိန်စံညွှန်းစည်းမျဉ်းဥပဒေနဲ့ရှင်းရှင်းလင်းလင်း ရှိဖို့လိုတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

၁၈။ ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်မည်၊ ကျောင်းအပ်နှံသူ ကျောင်းသား/သူ တစ်သောင်းခွဲခန့်ရှိဟုဆို
May 31, 2022

စစ်ကောင်စီလက်အောက် ပြန်လည်စတင်မည့် ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်တွင် ချင်းပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် အခြေခံ ပညာကျောင်းများဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံသူ ကျောင်းသား/သူ တစ်သောင်းခွဲခန့်ရှိသည်ဟု ချင်း ပြည်နယ် ပညာရေး ဌာနမှစုံစမ်းသိရှိရသည်။ “ ကန်ပက်လက်နဲ့ ထန်တလန်တော့ မဖွင့်ဘူး၊ လုံခြုံရေး လိုအပ်တာလေး တွေလည်း ရှိရင်ရှိမှာပေါ့။ ကျန်တဲ့မြို့ နယ်မြို့နယ်တွေတော့ ဖွင့်ဖို့ရှိတယ်။ ကျွန်တော်တို့ ၇ မြို့ နယ်က လူဦးရေ တစ်သောင်းငါးထောင်ခုနှစ်ရာလောက် လက်ခံထားပြီးပါပြီ။” ဟု ချင်းပြည်နယ် ပညာရေးဌာမှ အမည်မဖော်လိုသူ တစ်ဦးကပြောသည်။

မြို့နယ် ၉ မြို့နယ်ရှိသည့် ချင်းပြည်နယ်တွင် ဟားခါး၊ ဖလမ်း၊ တီးတိန်၊ တွန်းဇံ၊ မင်းတပ်၊ မတူပီ၊ ပလက်ဝ စသည့် မြို့နယ် ၇ မြို့နယ်တို့တွင်အခြေံပညာကျောင်းများဖွင့်လှစ်နိုင်မည်ဖြစ်ပြီး ထန်တလန်မြို့နှင့် ကန်ပက်လက်မြို့တို့တွင် ကျောင်းများဖွင့် နိုင်မည်မဟုတ်ပေ။ ယခုကဲ့သို့ စစ်ကောင်စီဘက်မှ အခြေခံပညာကျောင်းများပြန်လည် ဖွင့်လှစ်ရန်စီစဉ်နေသည့် တချိန်တည်း မှာဘဲ ချင်းပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များကမူ မိဘပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများအား စစ်ကောင်စီ လက်အောက် ကျောင်းများ တွင် ကျောင်းအပ်နှံခြင်းမပြုကြရန် တောင်းဆိုမှုများလည်းရှိနေသည်။

ချင်းပြည်နယ်တဝှမ်းတွင်ရှိသော မိဘပြည်သူများအနေဖြင့် စစ်ကျွန်ပညာရေးနှင့် စစ်အုပ်ချုပ်ရေးယန္တရားလည်ပ တ်မှု မရှိစေ ရန်နှင့် တားဆီးတွန်းလှန်ကြရန် ချင်းပြည်ထောင်အုပ်ချုပ်ရေးအဖွဲ့များမှ ဖွင့်လှစ်သည့် ကျောင်းများ တွင်သာ မိမိတို့၏ သားသမီး များကို ပညာဆည်းပူးစေသင့်ကြောင်း Chinland Joint Defense Committee (CJDC) မှ အထွေထွေ အတွင်းရေးမှုး Salai Timmy ကပြောသည်။ “ ပြည်သူတွေအားလုံးအနေနဲ့ တော်လှန်ရေးကာလဖြစ်လို့ ဒီတော်လှန်ရေးဆို တာကလည်း ပြည်သူတွေ စီကပဲလာတဲ့ တော်လှန်ရေးဖြစ်တဲ့အတွက်ကြောင့် စစ်ကျွန်အောက်မှာပဲ ဖွင့်တဲ့ကျောင်းမှ ပညာရေး မဟုတ်ပါဘူး။ အွန်လိုင်းနဲ့ လည်း သင်ယူနိုင်တယ်၊ ဘာသာရေးကျောင်း၊ ZOOM နဲ့လုပ်တဲ့ကျောင်း၊ ပုဂ္ဂလိက ကျောင်းတွေအများကြီးရှိတယ်။ တော်လှန် ရေးကာလဖြစ်တဲ့အတွက်ကြောင့် အားလုံးပူးပေါင်းပြီးတော့ စစ်ကောင်စီကဖွင့်တဲ့ကျောင်းမှာမတက်ပဲနဲ့ တခြားနေရာမှာ ပညာသင်ယူနိုင်တဲ့အရာတွေရှိပါတယ်၊ နောက်ပြီးတော့ ချင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မြို့နယ်၊ ဒေသအသီးသီးက ဖွင့်ထားတဲ့ ကျောင်းတွေမှာ တက်ပြီးတော့ ဒီတော်လှန်ရေးကို အဆုံးထိအာလုံးလက်တွဲညီညီလုပ်ဆောင်ကြဖို့လိုပါတယ်” ဟု Salai Timmy ကပြောသည်။

၁၉။ စစ်ကောင်စီမှတဆင့်သွားမည့် အာဆီယံနှင့် UN ၏ လူသားချင်းစာနာထောက်ထားမှု အစီအစဉ်အပေါ် NUG နှင့် EAO သုံးဖွဲ့ လက်မခံ
May 31, 2022

ကမ္ဘောဒီးယားနိုင်ငံတွင် ဆုံးဖြတ်ခဲ့သော အာဆီယံနှင့် ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံအပေါ် လူသားချင်း စာနာ ထောက်ထားမှု အကူအညီကို စစ်ကောင်စီမှတဆင့် ကူညီပေးသွားမည့်အပေါ် လက်မခံနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်း (EAO) ၃ ဖွဲ့က ယမန်နေ့ မေလ ၃၀ ရက်နေ့စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

မေလ ၅ ရက်မှ ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံသို့ လူသားချင်း စာနာမှု အကူအညီများပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေးတွင် စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်ကို တက်ရောက်ခွင့်ပြုပြီး အကူအညီ ပေးရေးကို စစ်ကောင်စီ၏ လုပ်ငန်းအဖွဲ့ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်သွားရန် အာဆီယံ၏ လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေးစင်တာ (ASEAN AHA Centre)နှင့် ကုလသမဂ္ဂလူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ညှိနှိုင်းမှုရုံး (UNOCHA)တို့က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဆုံးဖြတ်ခဲ့ခြင်း သည် ဒေသတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီ အမှန်တကယ် လိုအပ်နေသည့် ပြည်သူများအပေါ် အကူအညီမ ရောက်ရှိနိုင်ဘဲ အပစ်မဲ့အရပ်သားများအပေါ် အကြမ်းဖက်မှု လုပ်ရပ်များ ကျူးလွန်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ် များကို ဆက်လက်အားပေးရာ ရောက်စေကြောင်း ပူးတွဲထုတ်ပြန်ချက်၏ ပြောခွင့်ရ ပဒိုစောတောနီးက ယခုလိုပြောသည်။

“စစ်ကောင်စီက အာဆီယံရဲ့ အားနည်းချက်၊ UN ရဲ့ အားနည်းချက်ကို သိထားတဲ့အတွက် အဲ့အပေါ်မှာ အခွင့်အရေးယူပြီး ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လက်နက်သဖွယ် ပြန်အသုံးချပြီး ကျနော်တို့အပေါ် ပြန်တိုက်မှာဖြစ်တဲ့ အတွက် ဒါကိုကျနော်တို့ လက်မခံနိုင် တာဖြစ်တဲ့အတွက် ဒါကို နိုင်ငံတကာ တိုင်းပြည်တွေအနေနဲ့ကော ပြည်တွင်းပြည်ပ အဖွဲ့ အစည်း တွေအနေနဲ့ကော သေသေချာချာ စဉ်းစားသုံးသပ်ဖို့ လိုတယ်။” ဟုကေအိုင်စီသို့ ပြောသည်။ ထို့အပြင် လက်ရှိပဋိပက္ခ ဖြစ်စဉ်အတွင်း ပါဝင်နေသူ အားလုံးမပါဝင်ဘဲ တစ်ဖက် သတ်ဆုံးဖြတ်ချက်အ တိုင်း ဆက်သွားမည်ဆိုပါက အမှန်တကယ် အကူအညီလိုအပ်နေသူများထံသို့ အကူအညီရောက်ရှိနိုင် မည်မဟုတ်ကြောင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးနေသည့် အရပ်ဖက်အဖွဲ့ အစည်းများမှတဆင့် ပေးပို့ကူညီမှသာ အကူအညီများ ရောက်ရှိနိုင်မည်ဖြစ်ကြောင်းလည်း ပဒိုစောတောနီးက ဆက်ပြောသည်။ နိုင်ငံတကာအသိုင်းအဝိုင်းအများစုအနေဖြင့် ၎င်းတို့၏ တောင်းဆိုချက်အပေါ် တုံ့ပြန်မှုမရှိ သည့်အတွက် စိတ်ပျက်မိကြောင်း၊ အကူအညီ အမှန်တကယ်လိုအပ်သူများအတွက် အကူအညီပေးရေး အစီအစဉ်များကို ကြိုဆိုလက်ခံသွားမည်ဖြစ်သော်လည်း စစ်ကောင်စီကို အကြမ်းဖက် ဆက်လက် ကျူးလွန်စေမည့် လတ်တလော အစီအစဉ် များအပေါ် ကန့်ကွက်ကြောင်းနှင့် ဘက်မျှသည့် လူသားချင်း စာနာထောက်ထားမှု ဖြစ်စေရန်အတွက် လုပ်ဆောင်သင့်သည့် အချက်များကိုပါ ယနေ့ ပူးတွဲ ထုတ်ပြန် ချက်တွင် ဖော်ပြတောင်းဆိုထားသည်။

၂၀။ မူဆယ်မြို့ အသက် ၃ နှစ် အရွယ်ကလေးတစ်ဦး လျှပ်စစ်ဓာတ်လိုက် သေဆုံး
May 31, 2022

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ဟိုမွန်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ပျက်စီး နေသည့် ဝါယာကြိုးကိုကိုင်မိပြီး ဓာတ်လိုက်ကာ ချက်ချင်းသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၃၀) ရက် ညနေ (၅) နာရီဝန်းကျင်တွင် ဓာတ်လိုက်သေဆုံးသွားသည့် ကလေးငယ်၏ မိခင်သည် အိမ်ရှေ့၌ ဈေးရောင်းနေချိန် ခဏလေး အတွင်း ကလေးငယ်က ပျက်စီးနေသည့် ဝါယာကြိုးကို ကိုင်မိပြီး ဓာတ်လိုက်သေဆုံးသွားကြောင်း နီးစပ်သည့် ဆွေမျိုးတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သူ့အမေက အိမ်ရှေ့မှာ ဈေးရောင်းနေပြီး သူ့ကလေးက အနောက်မှာဆော့နေတာ။ သူတို့ ဝါယာကြိုးက ပျက်စီးနေပြီ။ သူ့ကလေးက သွားကိုင်မိတော့ ချက်ချင်းသေသွားတယ်။ သူတို့ကလေးက ၃ နှစ်ပဲရှိသေးတယ်” ဟု ၎င်း၏ ဆွေမျိုးတစ်ဦး က ပြောသည်။

အဆိုပါ လျှပ်စစ်ဝါယာကြိုးကို ပျက်စီးသွားပါက ဆက်လက်အသုံးမပြုသင့်ကြောင်း၊ ကလေးငယ်များ နှင့် အဝေးတစ်နေရာမှာ ထားသင့်ကြောင်း ၊ မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ “ သူတို့ကလေး ဒီလိုဖြစ်သွားတဲ့အတွက်လည်း ကျနော်တို့ စိတ်မကောင်းဖြစ်ရတယ်။ နောက်နောင် ဒီလိုမျိုးမဖြစ်အောင် မိဘတွေကလည်း ဝါယာကြိုးတွေ၊ လျှပ်စစ်ကြိုးတွေကို ကလေး နဲ့ အနီးမထားသင့်ဘူး။ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ကလေးနဲ့ အနီးမထားတာကောင်းတယ်။ ဝါယာကြိုးတွေလည်း ပျက်စီးနေ ပြီဆိုရင်လည်း တစ်ခါထဲအသစ်လှဲသင့်တယ်” ဟု မူဆယ်မြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ စစ်အာဏာသိမ်းပြီး နောက်ပိုင်း လျှပ်စစ်မီးများ မကြာခဏပြတ်တောက်ခြင်း၊ ဝါယာလျော့ဖြစ်ပြီး နေအိမ်များ မီးလောင်မှုများ မကြာခဏ ဖြစ်ပေါ်ခဲ့သည်။

၂၁။ နွေရာသီမွန်စာပေသင်တန်းဆင်းပွဲမှ မွန်သမိုင်းတန်း အောင်မြင်သူများကို ဂုဏ်ပြုပွဲကျင်းပ
May 30, 2022

မွန်ဒေသလုံးဆိုင်ရာ (၂၃) ကြိမ်မြောက် နွေရာသီမွန်စာပေသင်တန်းဆင်းပွဲမှ အထူးအစီအစဉ်အနေဖြင့် မွန်သမိုင်းတန်းအားလုံး ပြီးမြောက် အောင်မြင်သူများကို ချောင်းဆုံမြို့နယ် ဒေါင်ဥကျေးရွာ တိုက်ဗုကျောင်းတွင် မေ ၂၉ ရက်က ဂုဏ်ပြုပွဲ ကျင်းပခဲ့ ကြောင်း သိရသည်။ အဆိုပါဂုဏ်ပြုပွဲတွင် ကောဇာသက္ကရာဇ် ၁၃၆၂ ခုနှစ်မှ ၁၃၈၄ ခုနှစ်အထိ မွန်ဒေသလုံးဆိုင်ရာ နွေရာသီမွန်စာပေတွင် မွန်သမိုင်း တန်းအားလုံး အောင်မြင်ခဲ့သူများကို အသိမှတ်ပြု ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ခဲ့ကြောင်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင် သံဖြူဇရပ်မြို့ ဟံသာထောကျောင်း ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသီလဝန္တက မိန့်ကြားသည်။ “ မွန်လူငယ်တွေ သူတို့လုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာ မွန်စာပေတတ်မြောက်ကြောင်း သက်သေအထာက်အထား တစ်ခုအဖြစ် ကျန်ရှိစေချင်တယ် အဲဒါကြောင့် လာမယ့်နှစ်တွေမှာလည်း မွန်သမိုင်းဘာသာရပ်အားလုံး အောင်မြင်သူတွေကို ဆက်လက် ဂုဏ်ပြုသွာ ဖို့လည်း စီစဉ်ထားတယ်” ဟု မိန့်ကြားသည်။

မွန်သမိုင်းတန်းတွင် အဘိဓမ္မာတန်း၊ ဟံသာဝတီတန်း၊ မုတ္တမသမိုင်းတန်း၊ သုဝဏ္ဏဘူမိသမိုင်းတန်း၊ မွန်စာပေသမိုင်းတန်းနှင့် မွန်ယဉ်ကျေးမှုသမိုင်းတန်း များပါဝင်ပြီး ဂုဏ်ပြုပွဲသို့ သင်တန်းသား ၁၆၀ ဦး တက်ရောက်ဂုဏ်ပြုခံခဲ့ကြောင်း သိရသည်။ မွန်သမိုင်းတန်းအောင်မြင်သူ ချောင်းဆုံမြို့နယ် တော်ကနာရွာမှ မိကီအာစွမ်းက မွန်လူငယ်များအနေဖြင့် အနည်းဆုံး မွန်သမိုင်း တန်းများ အောင်သည်အထိ မွန်စာပေများကို လေ့လာစေလိုကြောင်း ပြောသည်။ “ကျွန်မက မွန်သမိုင်တန်း ၆ တန်းလုံးကို ၁၃၇၉ ခုနှစ်ကပြီးမြောက်အောင်မြင်ခဲ့တယ် ၊ အခုလို မွန်ဒေသလုံးဆိုင်ရာအဆင့်အနေနဲ့ ဂုဏ်ပြုခံရာတာ ပြောပြမတတ်ဝမ်းသာမိတယ် နောင်လူငယ်တွေ အနေနဲ့ကလည်း အနည်းဆုံး မွန်သမိုင်းတန်းတွေ အောင်တဲ့အထိ မွန်စာပေတွေကို လေ့လာကြဖို့လည်း တိုက်တွန်းချင်ပါတယ်” လို့ ဆိုသည်။

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးစီးသည့် ယခု မွန်ဒေသလုံးဆိုင်ရာ မွန်စာပေစာမေးပွဲကို မော်လမြိုင်မြို့ သာသနာ ၂၅၀၀ ကျောင်းမှာ ဖြေဆိုခဲ့ပြီး အထူးဆုရရှိသူတွေကိုလည်း ယင်းဂုဏ်ပြုပွဲတွင် ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။ မွန်ပြည်နယ် မွန်ဒေသ လုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွက် အစိုးရမှ နှစ်စဉ် သိန်း ၅၀၀ ချပေးနေသော်လည်း ယခုနှစ်အတွက် သိန်း ၃၀၀ သာ ထောက်ပံ့ပေးခြင်းကြောင့် ငွေကြေးဆိုင်ရာ အခက်ခဲရှိကြောင်းလည်း မွန်ဒေသလုံးဆိုင်ရာ မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီမှ သိရသည်။

၂၂။ စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန်
31 May, 2022

ကေအန်ယူ တပ်မဟာ ၆ တည်ရှိရာ ဒူးပလာယာခရိုင်၊ တောင်ပိုင်းစစ်ဒေသမှာ တော်လှန်ရေး ပူးပေါင်းအဖွဲ့ တွေဟာ ခုခံတွန်း လှန်စစ်ပွဲတွေဆင်နွှဲခဲ့ကြရာမှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် လေးကေ့ကော်တိုက်ပွဲကစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီ ရဲ့ တပ်စခန်း ၃ ခုနဲ့ လက်နက် အမြောက်အများကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြောပါ တယ်။ သိပ်မကြာခင်က သေ့ဘောဘိုးစခန်းအား သိမ်းယူနိုင်ခဲ့တဲ့ KNU/KNLA၊ KNDO၊ PDF နဲ့ တခြားမဟာ မိတ်အင်အားစုတွေ ပါဝင်တဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေဆီ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ပေးပို့တဲ့ ဂုဏ်ပြုသဝဏ်လွှာ ထဲမှာ ခုလိုဖော်ပြလိုက်တာ ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ တိုက်ပွဲတွေအတွင်း ပြီးခဲ့တဲ့ မေ ၁၈ ရက်မှာ ရန်သူ့ဘက်က အနှစ် ၃၀ ကျော် သိမ်းပိုက်ထားခဲ့တဲ့ သေ့ဘောဘိုးစခန်းကို ပြန်လည်သိမ်းယူနိုင်ခဲ့နိုင်ရုံမက ရန်သူလက်နက်မျိုးစုံ ၁၅ လက်၊ ကျည်မျိုးစုံ ၇,၀၀၀ ကျော်ကိုပါ လက်ရ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံး၊ ၄ ဦးအရှင်ဖမ်းဆီးရမိ၊ ၂ ဦး မြေမြှုပ်မိုင်းနင်းမိခဲ့ကာ လက်နက် ကျည်ဆန်အကြီးအငယ် အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNLA ဘက်က ပြောပါ တယ်။ တိုက်ပွဲမှာ စစ်ကောင်စီလေတပ်က တိုက်လေယာဉ်နဲ့ လာရောက်ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့လို့ KNLA ဘက်ကလည်း တပ်သား ၂ ယောက် ကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေတာ ဖြစ်ပါတယ်။ ပြည်သူ့ခုခံတော်လှန်စစ်အတွင်း အကြမ်းဖက်စစ်အုပ်စုဘက်က စစ်ကောင်စီတပ်သား ၁၄,၈၉၀ ယောက် သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက် ကတော့ ၄,၈၁၄ ယောက်ထိ ရှိခဲ့တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ အကြမ်းဖက်စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထား တာ မရှိပါဘူး။

၂၃။ တောင်ကြီးဆေးတက္ကသိုလ်အနီး အမျိုးသားတစ်ဦး အလောင်းတွေ့
May 31, 2022

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ဆေးတက္ကသိုလ် အနီးတွင် အသက် (၄၀)အရွယ်ရှိ အမျိုးသား၏ အလောင်း တစ်လောင်း တွေ့ရှိကြောင်းစုံစမ်းသိရသည်။ ယမန်နေ့ (မေ ၃၀)ရက် မနက်ပိုင်းတွင် တောင်ကြီး ဆေးတက္ကသိုလ် အမျိုးသမီးအဆောင်၏ တောင်တက်လမ်း အနီးတဝိုက်တွင် အသက် ၄၀ ကျော် အမျိုးသားတစ်ဦး အလောင်းကိုတွေ့ရှိခဲ့ကြောင်း တောင်ကြီးတွင် နေထိုင်သည့် လူငယ် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အလောင်းကို တွေ့တယ် အသက်က ၄၀ ကျော်လောက်ရှိမယ် အလောင်းကို ရှာတွေ့တာနဲ့ ရဲနဲ့စစ်သားတွေ လာသယ် သွား တယ် “ ဟုဒေသခံ လူငယ်တစ်ဦးက ပြောသည်။

၂၄။ မော်လမြိုင် Woozy Bar ဗုံးခွဲ သတိပေးခံရ
31 May, 2022

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ငန်းတေးဂေါက်ကွင်းထဲက Woozy Bar မှာ မေ ၃၀ ရက် ည ၁၀ နာရီလောက်က ဗုံးပေါက် ကွဲခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီ Woozy Bar ဟာ တော်လှန်ရေးကို မျက်ကွယ်ပြုတာနဲ့ ပြည်သူတွေ တိုင်ကြား မှုများ လာတဲ့အတွက်ကြောင့် သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲရတာလို့ မော်လမြိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

Woozy Bar ဗုံးဖောက်ခွဲ သတိပေးခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးသွားသလို မြို့အဝင် အထွက် ဂိတ်တွေမှာလည်း ပိတ်ဆို့ ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ Woozy Bar ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပေမယ့် အဆောက်အဦးနဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ပြီးခဲ့တဲ့ မေ ၁၂ ရက်နေ့ကလည်း မော်လမြိုင်မြို့ ကမ်းနားလမ်း၊ ရာမညစင်တာရှိ Glow Bar ကို မော်လမြိုင်ပြည်သူ့ကာကွယ် ရေးအဖွဲ့က အသံဗုံး ဖောက်ခွဲ သတိပေးခဲ့ပါတယ်။

၂၅။ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးထုတ်လုပ်ဖြန့်ချိမှုအလွန်မြင့်တက်ခဲ့ကြောင်း UNODC ပြော
May 30, 2022

အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ တစ်နှစ်အတွင်း ဖမ်းမိတဲ့ မက်သာဖက်တမင်းစိတ်ကြွမူးယစ်ဆေး အလုံးရေ သန်းတစ်ထောင်ကျော်ရှိတယ်လို့ ကုလသမဂ္ဂ UNODC က မနေ့က တနင်္လာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ မူးယစ်မှောင်ခိုမှုတွေ ကြောင့် နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထိုင်း-မြန်မာ-လာအို သုံးပွင့်ဆိုင် ရွှေတြိဂံနယ်မြေကနေ ရောင်းဝယ်ဖောက်ကားကြတယ်လို့ ဆိုပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့်ရော၊ စစ်အာဏာသိမ်းမှုကြောင့်ပါ မတည်ငြိမ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ရာဇဝတ် ဂိုဏ်းတွေက အခွင့်ကောင်းယူခဲ့ကြတာလို့ ဆိုပါတယ်။

စုစုပေါင်း ၁၇၂ တန်ဖမ်းမိတဲ့အတွက် ဒါဟာ ဆယ်စုနှစ်အတွင်း ဖမ်းမိတဲ့ ပမာဏရဲ့ ခုနစ်ဆကျော်ဖြစ်တယ်လို့လည်း UNODC ကပြောပါတယ်။ ဒီပမာဏဟာ မယုံကြည်လောက်စရာ ပမာဏဖြစ်တယ်လို့ အရှေ့တောင်အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ UNODC အကြီးအကဲ Jeremy Douglas က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဟာ စိတ်ကြွမူးယစ်ဆေး အဓိကထုတ်တဲ့နေရာ ဖြစ်နေပြီး အဲဒီကနေ လာအို၊ လာအိုကနေ ထိုင်း၊ ထိုင်းကနေ မလေးရှားကို ဖြန့်ဖြူးတယ်လို့လည်း UNODC ကပြောပါတယ်။

၂၆။ အင်းလေးဒေသ ကွာရန်တင်းစင်တာမှ မီးစက်နှင့် ဆက်စပ်ပစ္စည်းများ ခိုးယူ ဖျက်ဆီးခံရ
May 30, 2022

သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသရှိ ဟဲယာရွာမကျေးရွာမြောက်ပိုင်းရှိ ကွာရန်တင်းစင်တာတစ်ခုမှ မီးစက်နှင့်ဆက်စပ် ပစ္စည်းများ ခိုးယူခြင်းခံရကြောင်း သတင်းသိရသည်။ ဟဲယာရွာမကျေးရွာရှိ အောင်ပင်လယ် အိမ်ဝန်းအတွင်းမှ ကွာရန်တင်းစင် တာ 10kv မီးစက် ဘထ္ထရီများအပါအဝင် စုစုပေါင်းသိန်း ၅၀ ကျော် တန်ဖိုးရှိသည့် ပစ္စည်းများ ခိုးယူခြင်းခံလိုက်ရကြောင်း သိရသည်။

“ခိုးယူခံလိုက်ရတယ်ဆိုတာ မနေ့ကမှ သိလိုက်ရတာပါ၊ ခိုးသွားတာတော့ တစ်ပတ်လောက်ရှိနေပြီ၊ 10 KV မီးစက်ထဲက ဘက်ထရီနှစ်လုံး၊ KL 20 ဒိုင်နမိုထဲက ကွိုင် နဲ့ မီးအားမြင့် စက်က ကွိုင်ပစ္စည်းတွေ၊ မီးကြိုးတွေ ခိုးယူသွားပါတယ်၊ စုစုပေါင်း သိန်း ၅၀ ကျော်တန်ဖိုးရှိတယ်” ဟု အောင်ပင်လယ် အိမ်ဝန်းနှင့် နီးစပ်သည့် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ဟဲယာရွာမကျေးရွာအတွင်း ကိုဗစ်ဖြစ်ပွားမှုနှုန်း လျှော့ကျလာသည့်အတွက် ကွာရန်တင်းစင်တာမှာလည်း လူမရှိသည့် အချိန် တွင် ခိုးယူခြင်းခံလိုက်ရကြောင်း သိရသည်။ လက်ရှိ ဟဲယာရွာမကျေးရွာအတွင်းတွင် စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သားများ သွားလာလှုပ်ရှားမှု ရှိနေပြီး ခိုးယူပျောက်ဆုံးမှုများလည်း မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သတင်းသိရသည်။

၂၇။ ရခိုင်တွင် ကျောင်းသား ၃ သိန်း ၂ သောင်းကျော် ကျောင်းအပ်နှံပြီးစီး
May 31, 2022

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်က အခြေခံပညာစာသင်ကျောင်းများမှာ မေလ ၂၆ မှစပြီး ကျောင်းသား ကျောင်းသူများအား ကျောင်းအပ်လက်ခံနေပြီး ယနေ့ မေလ ၃၀ ရက်နေ့အထိ လာရောက်ကျောင်းအပ်နှံသူ ၃ သိန်း ၂ သောင်း ကျော်ရှိသည်ဟုရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။ ရခိုင်က အခြေခံပညာကျောင်းများမှာ ကျောင်းအပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူ ၃၂၇၇၂၃ ဦးထဲမှာ မူလတန်းကျောင်းသား ၂၁၃၇၉၃ ဦး၊ အလယ်တန်းကျောင်းသား ၈၀၁၈၈ ဦး နှင့် အထက်တန်းကျောင်းသား ၃၃၇၃၂ ဦး ပါဝင်သည်။

ယခုပညာသင်နှစ်အတွက် ရခိုင်တွင် ကျောင်းသား ၅ သိန်းခွဲ ကျော် ကျောင်းအပ်နှံရန်မျှော်မှန်းထားသည်ဟု ရခိုင်ပြည်နယ် ပညာရေးမှုးရုံးမှ ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်မှ Western News ကိုပြောသည်။ “ရခိုင်မှာ ဒီပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူ ၅ သိန်းခွဲ ကျောင်းနှံမယ်လို့ ခန့်မှန်းထားတယ်။ ၂၆ ရက်နေ့ကနေ ဒီနေ့အထိဆို ကျောင်းသား၊ ကျောင်းသူ ၃၂၇၇၂၃ ဦး ကျောင်းအပ်ထားပြီ။ ကျွန်တော်တို့ ခန့်မှန်းထားတဲ့ ကျောင်းသားဦးရေရဲ့ ၃ ပုံ ၂ ပုံနီးပါး ကျောင်းအပ် နှံပြီးပြီလို့ ပြောလို့ရတယ်”ဟုပြောသည်။ ယခုပညာသင်နှစ်မှာ ကျောင်းများဖွင့်လှစ်နိုင်ရန်အတွက် အခြေခံပညာစာသင်ကျောင်း များမှာ မေလ ၂၆ ရက်နေ့မှဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံ‌ရေးသီတင်း ပတ်သတ်မှတ်ပြီး ကျောင်းအပ်လက်ခံပေးနေ ခြင်းဖြစ်သည်။

ယခုလို သတ်မှတ်ထားသည့် ရက်အတွင်းမှာ ကျောင်းလာရောက်မအပ်နှံသည့် ကျောင်းသားများအား ကျောင်းဖွင့်ချိန်အတွင်းမှာ လည်း ကျောင်းအပ်လက်ခံပေးသွားမည်ဟု ဦးဘထွီးစိန်မှ ဆက်ပြောသည်။ ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်တွင် အစိုးရသင်အခြေခံပညာစာသင်ကျောင်း ၃၁၈၈ ကျောင်း ၊ ဘုန်းတော်ကြီးသင်စာသင်ကျောင်း ၈၀ ကျောင်း နှင့် ကိုယ်ပိုင်စာသင်ကျောင်း ၅၀ ကျောင်း ဖွင့်လှစ် ပညာသင်ကြားသွားမည် ဖြစ်သည်။

၂၈။ ပင်းတယမြို့နယ်ထွက် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ စစ်ဘေးရှောင်များအတွက် အခမဲ့သယ်ယူနိုင်
May 31, 2022

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်တွင် စိုက်ပျိုးထာသည့် ပန်းဂေါ်ဖီ နှင့် ဂေါ်ဖီထုတ် များ ဝယ်ယူသူ မရှိသဖြင့် စိုက်ပျိုးသည့် တောင်သူများ ကိုယ်တိုင် ဖျက်ဆီး ရှင်းလင်း နေရကြောင်း ရှမ်း – ကယားနယ်စပ်မှ စစ်ဘေးရှောင်များ အတွက် အခမဲ့ လာရောက် သယ်ယူနိုင်ကြောင်း ဒေသခံ တောင်သူများထံက သိရသည်။ စက်သုံးဆီ ဈေးနှုန်း အပြင် ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည့် အတွက် ပန်းဂေါ်ဖီနှင့် ဂေါ်ဖီထုပ်များ သယ်ယူပို့ဆောင် ရောင်းချရန် အခက်အခဲများ ဖြစ်ပေါ်နေပြီး ဝယ်သူ မရှိသည့် အတွက် တောင်သူများ ကိုယ်တိုင် ပြန်လည် ဖျက်ဆီး နေကြရခြင်း ဖြစ်သည်။ ”ခုထွက်နေတာ ရေသွင်းပြီး စိုက်ကြတဲ့ ရေမုန်လာတွေပါ။ တစ်ဧကကို ကုန်ကျစရိတ်က ၁၈ သိန်း ဝန်းကျင်ရှိတယ်။ တစ်ဧကကို ပန်းဂေါ်ဖီနဲ့ မုန်လာထုပ်(ဂေါ်ဖီထုပ်) ၁၃,၀၀၀ ဝန်းကျင်ထွက်တယ်။ ခုချိန်မှာ စိတ်ကြိုက် ရွေးခုတ်ရင် ၁၀၀ ဈေး၊ ခြံပြတ်ဆိုရင် ၅၀ ဈေးပဲ ရှိပါတယ်။ ရေမုန်လာ အဲ့ဈေးဆိုရင် အရမ်းရှုံးပါတယ်။ အာဏာသိမ်းပြီးတော့ ငွေဈေးတက်၊ မြေသြဇာဈေးတက်၊ ပိုးသတ်ဆေးဈေးတက် ဆိုတော့ တောင်သူတွေ သီးနှံဈေး မရရင် ဘယ်လိုမှ ကြွေး မကြေတော့ဘူး” ဟု ပင်းတယ ဒေသခံ စိုက်ပျိုးရေး လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

လက်ရှိ ပန်းဂေါ်ဖီနှင့် မုန်လာထုပ် အများဆုံး ထွက် ဟဲဟိုးနှင့် အောင်ပန်း တွင်လည်း စိတ်ကြိုက် ရွေးခုတ်လျှင် တစ်ထုပ်လျှင် ၁၀၀ကျပ်နှုန်း ဈေးနှင့် ခြံပြတ်ဆိုလျှင် ကျပ် ၅၀ ဈေးသာရှိကြောင်း ၊ စက်သုံးဆီ ဈေးနှုန်း အဆမတန် မြင့်တက်နေသည့် အတွက် ဝယ်ပြီး တစ်ဆင့် ပြန်ရောင်းသူများက အမြတ်မကျန်၍ မဝယ်ကြကြောင်း ၊ စိုက်ခင်းများ ပိုးကျသောကြောင့် ကိုယ်တိုင် ဖျက်ဆီးနေရကြောင်း၊ ရှမ်း – ကယားနယ်စပ် စစ်ဘေးရှောင်များအား အတွက် အခမဲ့ လာရောက် ယူဆောင်နိုင်ကြောင်း ၊ ပင်းတယ – တောင်သူများက ဖိတ်ခေါ်ထားကြောင်း သိရသည်။ စစ်အာဏာ မသိမ်းမီ ယခင်နှစ်များက တောင်သူများ အနေဖြင့် ၎င်းတို့၏ စိုက်ခင်းများအား ပြန်လည် ဖျက်ဆီးရသည့် အဖြစ်မျိုး မကြုံခဲ့ကြောင်း ဒေသခံများထံက သိရသည်။

မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

** ပြီး **

Related Articles

Back to top button