ပအိုဝ်းဒေသနှင့် ပီအန်အိုရဲ့ စစ်ပြင်ဆင်မှု
- သုဝဏ္ဏခွန် | အတွေးအမြင်
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားမှာ ပြည်သူ့ခုခံတွန်းလှန်ရေး ခေါင်းစဉ်အောက်က လက်နက်ကိုင်တပ်ဖွဲ့တွေ အများအပြား စုဖွဲ့လာကြပါတယ်။ အဲဒီလို များပြားလှတဲ့ ပြည်သူ့ခုခံတွန်းလှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီဟာ အင်အားချိနဲ့သထက် ချိနဲ့လာနေတဲ့အပြင် ထိန်းချုပ်နယ်မြေတွေ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာနေပါတယ်။ ဒါကြောင့် စစ်ကောင်စီဟာ သူတို့ရဲ့ ထိန်းချုပ်နယ်မြေ ထပ်မံလက်မလွှတ်ရရေးအတွက် ဒေသအသီးသီးမှာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ပျူစောထီးအဖွဲ့တွေကို ပိုမိုဖွဲ့စည်းခွင့်ပေးလာပြီး အဆိုပါအဖွဲ့တွေရဲ့ ထုတ်နှုတ်အင်အားကို အသုံးပြုလာပါတယ်။
ဒါ့အပြင် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး စစ်အင်အား စုဆောင်းလာပါတယ်။ ပအိုဝ်းဒေသဟာ ပြည်သူ့ခုတွန်းလှန်စစ်အားကောင်းတဲ့ ကရင်နီ(ကယား) ပြည်နယ်နဲ့ စစ်ရေးအရ အကြီးအကျယ်အောင်မြင်မှုရနေတဲ့ ရှမ်းမြောက်ဒေသနဲ့ ထိစပ်နေပါတယ်။
ဒါကြောင့် ပအိုဝ်းဒေသကို ထိန်းချုပ်ထားတဲ့ ပီအန်အိုအသွင်ပြောင်းပြည်သူ့စစ်ဟာ နယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် စစ်ပြင်ဆင်မှုတွေကို ခပ်စိတ်စိတ် တည်ဆောက်လာပါတယ်။ ဒီစာ “ပအိုဝ်းဒေသနှင့် ပီအန်အိုရဲ့ စစ်ပြင်ဆင်မှု” ကို ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးအရ စိုးရိမ်ချက်နဲ့ အားလုံးဂရုတစိုက် စောင့်ကြည့်လေ့လာသင့်တဲ့ ကိစ္စလို့ ထင်တဲ့ အချက်ကြောင့် ရေးဖြစ်တာဖြစ်ပါတယ်။ စာပါအချက်အလက်တွေဟာ ပီအန်အိုအသွင်ပြောင်း ပြည်သူ့စစ်ရဲ့ လူမူကွန်ရက်စာမျက်နှာတွေဖြစ်တဲ့ Pa-O National Organization နဲ့ Pa-O National Army ကို လေ့လာဆန်းစစ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် တချို့အလက်တွေဟာ လိုအပ်ချက်ရှိနိုင်ပေမယ့် အတတ်နိုင်ဆုံး လွဲမှားမှုနည်းအောင် ဖော်ပြထားပါတယ်။
(၁) နယ်မြေလုံခြုံရေးပထမအဆင့်
ပအိုဝ်းဒေသသည် ပြည်သူ့ခုခံတွန်းလှန်စစ်အားကောင်းတဲ့ ကရင်နီ (ကယား)ပြည်နယ်နဲ့ ထိစပ်နေပေမယ့် ခုခံတော်လှန်ရေးအားမကောင်းတဲ့ ဒေသဖြစ်ပါတယ်။ ပအိုဝ်းဒေသနဲ့ ထိစပ်နေတဲ့ ရှမ်း-ကရင်နီနယ်စပ်က တိုက်ပွဲတွေဟာ ပီအန်အိုအတွက် အမျိုးသားနယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးကိစ္စနဲ့ပတ်သက်ပြီး အထူးအာရုံစိုက်ဖို့ သတိပေးမှုတွေဖြစ်ပါတယ်။
ဒါကြောင့် ပီအန်အိုဟာ ပအိုဝ်းဒေသ စစ်တလင်းမဖြစ်ရေး တနည်း ဒေသတွင်း စစ်မီးမကူးစက်လာရေးအတွက် ဒေသတွင်း လူထုနဲ့ လူငယ်တွေကို အခြေခံသိုင်းပညာသင်တန်းနဲ့ အခြေခံစစ်သင်တန်းပို့ချဖို့ အာရုံစိုက်ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမယ့် ဒေသတွင်း လူထုနဲ့ လူငယ်တွေဟာ ပီအန်အိုရဲ့ စစ်သင်တန်းကို တက်ရောက်လိုတဲ့ စိတ်ဆန္ဒမျိုး မရှိပါဘူး။ ဒါကြောင့် ပီအန်အိုဟာ တိုင်းဒေသအလိုက် အချိုးကျ မဖြစ်မနေ စစ်သင်တန်းတက်ရောက်ဖို့ လူစာရင်းတောင်းခံတဲ့အတွက် ဒေသတွင်းလူငယ်တွေဟာ မဲနှိုက်ခြင်းဖြင့် စစ်သင်တန်းကို တက်ရောက်ခဲ့ကြရပါတယ်။
ဒါ့အပြင် ပီအန်အိုဟာ အခြေခံစစ်သင်တန်း ဖွင့်လှစ်ပို့ချနိုင်ဖို့ ဒေသတွင်းက အိမ်ထောင်စုတွေကို တစ်အိမ်ထောင် ငွေကျပ် ၃ သောင်းကောက်ခံတာမျိုး ရှိသလို ရိက္ခာတွေကိုလည်း တောင်းခံခဲ့ပါတယ်။ ပီအန်အိုရဲ့ နယ်မြေလုံခြုံရေးစီမံချက်တွေအပေါ် ဒေသတွင်း အဖွဲ့အစည်းတွေနဲ့ လူငယ်တွေက ကန့်ကွက်ခဲ့ကြတာမျိုးရှိပေမယ့် ဂျူလိုင်လ ၂၁ ရက် ၂၀၂၂ ခုနှစ်မှာ အခြေခံစစ်သင်တန်း အပတ်စဉ် (၁) ကို လူအင်အား (၅၂၈) ဦးနဲ့ ပို့ချပြီးစီးခဲ့ပါတယ်။
ပီအန်အိုအနေနဲ့ အခြေခံစစ်သင်တန်းကို အပတ်စဉ် (၇) အထိ ပို့ချနိုင်ခဲ့ပြီး စစ်အင်အား (၄,၀၀၀) ကျော်ကို စုဆောင်းနိုင်ခဲ့ပါတယ်။ ၎င်းတို့ရဲ့ စစ်အင်အားစုဆောင်းမှုတွေမှာ အတင်းအကြပ်စုဆောင်းခံခဲ့ရတဲ့ လူငယ်တွေပါဝင်သလို ဒေသတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူနဲ့ မူးယစ်ဆေး စွဲလန်းနေသူတွေလည်း ပါဝင်ပါတယ်။
(၂) နယ်မြေလုံခြုံရေးဒုတိယအဆင့်
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ဟိုပုံးမြို့နယ်၊ မဲနယ်တောင်ဒေသ၊ စံဖူးကျေးရွာမှာ ပီအန်အိုနဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဟာ လက်နက်သယ်ဆောင်လာတဲ့ PNLO ရဲ့ ယာဉ်တန်းကို ပိတ်ဆို့ တားဆီးစစ်ဆေးရာကတဆင့် နှစ်ဘက်အဖွဲ့အစည်းကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၆ ရက်မှာ PNLO/PNLA ဟာ NCA လမ်းကြောင်းအရ နိုင်ငံရေးအဖြေ ရှာလို့မရတော့ဘူးလို့ ထုတ်ပြန်ကြေညာပြီး ဆီဆိုင်မြို့ကို ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ထိန်းချုပ် ခဲ့ပါတယ်။
ဒါကြောင့် PNO ဟာ ဒေသတွင်းလုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ယခင် အခြေခံ စစ်သင်တန်းပြီးစီးခဲ့သူတွေကို ဆင့်ခေါ်ခဲ့တဲ့အပြင် ဒေသတွင်း အသက်အရွယ်ရပြီးသူတိုင်း လာရောက်စစ်မှုထမ်းဖို့ ဇန်နဝါရီလမှာ စာထုတ်ပြန်ခဲ့ပါတယ်။ ပီအန်အိုရဲ့ စစ်မှုထမ်းဆင့်ခေါ်စာ ထုတ်ပြန်ပြီးနောက် ဖေဖော်ဝါရီလမှာပဲ စစ်ကောင်စီလည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို ထုတ်ပြန် အသက်သွင်းခဲ့ပါတယ်။
ပအိုဝ်းလူငယ်တွေဟာ ဒေသတွင်း ပီအန်အိုရဲ့ စစ်သားစုဆောင်းမှုမှာ ပါဝင်ပြီး စစ်ကောင်စီရဲ့ မတရားစစ်မှုထမ်းဥပဒေကို ရှောင်ရှားလိုကြပေမယ့် ရှောင်လွဲလို့ မရနေကြပါဘူး။ ပအိုဝ်း လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ပအိုဝ်းဒေသက လူငယ်တွေဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေအပြင် ဒေသတွင်း ပီအန်အိုရဲ့ စစ်မှုထမ်းဆင့်ခေါ်စာကိုပါ ကြောက်ရွံ့နေကြရပါတယ်။
ဒေသတွင်း လူငယ်တွေဟာ စစ်မှုထမ်းဖို့ မဲနှိုက်ခြင်းဖြင့် မဖြစ်မနေ ပါဝင်နေကြရပြီး စစ်မှုမထမ်းလိုသူတွေဟာ ကိုယ်စားစစ်မှုထမ်းပေးမယ့်သူတွေကို အခကြေးငွေပေး ငှားရမ်းကာ ရှောင်ရှားနေကြရပါတယ်။ ငွေကြေးမတတ်နိုင်တဲ့ လူငယ်အချို့ဟာ ပီအန်အိုရဲ့ ရက်တိုအခြေခံစစ်သင်တန်းပေးပြီး ရှေ့တန်းကို ပို့လွတ်ခံနေရတာမျိုးနဲ့လည်း ကြုံနေရပါတယ်။
ပအိုဝ်းဒေသတွင်းတိုက်ပွဲ အထူးသဖြင့် ဆီဆိုင်မြို့တိုက်ပွဲ စတင်ပြီးနောက် ပီအန်အိုသည် ဆီဆိုင်မြို့ ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် နယ်မြေလုံခြုံရေးအဆင့်မြင့်တင်မှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်လာပါတယ်။ ၎င်းတို့ရဲ့ လုံခြုံရေးအဆင့်မြင့်တင်မှုအတွက် လိုအပ်တဲ့ လက်နက်ခဲယမ်း တပ်ဆင်မှုတွေကိုလည်း စစ်ကောင်စီက တပ်ဆင်ပေးနေပါတယ်။ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး အဆက်မပြတ်ပစ်ခတ်မှုတွေနဲ့အတူ ပီအန်အိုအသွင်ပြောင်းပြည်သူ့စစ်နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ဟာ မေလမှာ ဆီဆိုင်မြို့ကို ပြန်လည်ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ ပြုစုထုတ်ပြန်ထားတဲ့ မှတ်တမ်းအရ ဇန်နဝါရီလ ၂၁ ရက်မှ မေလ ၁၈ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ဒေသတွင်းတိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်ဒဏ်ရာရမှု ၉၉ ဦး၊ အရပ်သားသေဆုံးမှု ၇၅ ဦး ရှိခဲ့ပြီး စစ်ဘေးရှောင်ဦးရေ (၅၉,၀၀၀) ဦးကျော် ရှိခဲ့ပါတယ်။ ရက်ပေါင်း ၁၂၆ ရက်အတွင်းမှာ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှု (၄၆၃) ကြိမ်နဲ့အထက် ပြုလုပ်ခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုလည်း (၃,၄၅၇) ကြိမ်နှင့်အထက် ရှိခဲ့ပါတယ်။ အဲဒီလို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဘာသာရေးအဆောက်အဦအပါအဝင် အဆောက်အဦပေါင်း (၆၉၄) ခု ပျက်ဆီးခဲ့ရပါတယ်။
ပအိုဝ်းဒေသ တနည်း အထူးဒေသ (၆) ကို ခွန်ဖြားဗွာတိုင်း၊ စန္တာတိုင်း၊ သူရိယတိုင်း၊ မြင့်မိုရ်တိုင်း စတဲ့ တိုင်း (၄) တိုင်းနဲ့ စုဖွဲ့ပြီး တိုင်း (၄)တိုင်းကိုလည်း မြို့နယ် (၉) မြို့နယ်နဲ့ ဖွဲ့စည်းပါတယ်။ တိုင်းတွေမှာ “ခမ်းဗွေ”လို့ခေါ်တဲ့ တိုင်းမှူးတွေဟာ အမြင့်ဆုံးအာဏာပိုင်တွေဖြစ်ပြီး မြို့နယ်တွေကို မြို့နယ်ဥက္ကဌတွေက အမြင့်ဆုံးအာဏာပိုင်တွေအဖြစ်နဲ့ တာဝန်ယူအုပ်ချုပ်ပါတယ်။
ဆီဆိုင်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့တဲ့ ပီအန်အိုအသွင်ပြောင်းပြည်သူ့စစ်ဟာ သူတို့ အတင်းအကြပ် စုဆောင်းထားတဲ့ စစ်သည်အသစ်တွေနဲ့ တပ်ဖွဲ့ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဆက်တိုက် လုပ်လာပြီး တပ်ဖွဲ့စည်းပုံကို ပိုပြီးကျစ်လစ်အောင် ပြောင်းလဲဖွဲ့စည်းလာပါတယ်။ ပီအန်အို အသွင်ပြောင်းပြည်သူ့စစ်ရဲ့ တပ်ဖွဲ့စည်းမှုမှာ ဗဟိုစစ်ရေးကော်မတီက အမြင့်ဆုံးအာဏာစုရပ်ဖြစ်ပြီး စစ်ဘက်ဆိုင်ရာအကြံပေးအဖွဲ့ကိုလည်း ထားရှိထားပါတယ်။
ဗဟိုစစ်ရေးကော်မတီ ဥက္ကဌက ခွန်အောင်ခမ်းထီဖြစ်ပြီး ဒုဥက္ကဌက ဗိုလ်မှူးကြီး ခွန်ပီတာထွန်းနိုင်ဖြစ်ပါတယ်။ လက်ရှိပီအန်အိုအသွင်ပြောင်းပြည်သူ့စစ်ရဲ့ စစ်ဦးစီးချုပ်ဟာ ဗိုလ်မှူးကြီးခွန်မြင့်အောင်ဖြစ်ပြီး ဗဟိုစစ်ရေးကော်မတီရဲ့ အထွေထွေအတွင်းရေးမှူးလည်း ဖြစ်ပါတယ်။ ဒုစစ်ဦးစီးချုပ် (၁)နဲ့ ဒုစစ်ဦးစီးချုပ် (၂)ဟာ ခရိုနီသူဌေးကြီးဖြစ်သူ ဗိုလ်မှူးကြီး ခွန်နေဝင်းထွန်းနဲ့ ခွန်အောင်ခမ်းထီရဲ့ သားကြီးဖြစ်သူ ဒုဗိုလ်မှူးကြီးခွန်စိန်မင်းဖြစ်ပြီး ဗဟိုစစ်ရေး ကော်မတီဝင်တွေလည်း ဖြစ်ပါတယ်။
ပီအန်အိုဟာ အထူးဒေသ (၆) မှာ ကျောက်တလုံးကြီး၊ နောင်တရား၊ ပင်လောင်း၊ ဆီဆိုင်၊ လွယ်မောကြီး၊ ဟိုနမ်း၊ တောင်ကြီး၊ လွိုင်လင်စတဲ့ စစ်ဒေသ (၈) ခု ဖွဲ့စည်းထားတဲ့အပြင် ဗိုလ်ချုပ်စံသိန်းဗျူဟာ၊ ခွန်အိုးဗျူဟာ၊ ဗိုလ်ပန္တာဗျူဟာ၊ သူရိယတိုင်းဗျူဟာ၊ စန္တာတိုင်းဗျူဟာ၊ မြင့်မိုရ်တိုင်းဗျူဟာ၊ ခွန်ဖြားဗွာတိုင်းဗျူဟာနဲ့ ဖြားတန်ကောင်ခယ်ဗျူဟာ စတဲ့ ဗျူဟာ (၈) ခုနဲ့ စစ်ရေးစီမံပါတယ်။ ဗဟိုစစ်ရေးကော်မတီဝင်တွေဖြစ်တဲ့ တိုင်းမှူး၊ စစ်ဒေသမှူးနဲ့ ဗျူဟာမှူးတွေရဲ့ အမည်နဲ့ ရာထူးကိုလည်း နောက်ဆက်တွဲပုံတွေမှာ ဖော်ပြထားပါတယ်။
ပီအန်အိုကို အထူးတပ်ရင်း (ကွန်မန်ဒို)၊ နည်းပညာတပ်ရင်း၊ ဗဟိုလုံခြုံရေးတပ်ရင်း၊ ဗဟိုဆေးတပ်ရင်း၊ ဗဟိုဂုဏ်ပြုတပ်ရင်းအပါအဝင် တပ်ရင်း (၃၀) နဲ့ ဖွဲ့စည်းထားပါတယ်။ ဗဟိုစစ်ဌာနချုပ်ကို စစ်ဦးစီးဌာန၊ စစ်ရေးဌာန၊ စစ်ထောက်ဌာန၊ ဘဏ္ဍာရေးဌာန၊ ဆက်ဆံရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန စတဲ့ဌာနတွေနဲ့ စုဖွဲ့ထားပါတယ် (မှားယွင်းမှုအချို့ရှိနိုင်ပြီး ပြန်လည်ဖြည့်စွက်ပါမယ်)။
(၃) အရန်စစ်အင်အား (၄) သိန်း
ဆီဆိုင်တိုက်ပွဲနဲ့ ဒေသတွင်း တိုက်ပွဲစတင်ခဲ့မှုတွေကြောင့် ပီအန်အိုဟာ နယ်မြေလုံခြုံရေး အဆင့်မြင့်တင်မှုတွေနဲ့ တပ်ပိုင်းဆိုင်ရာပြောင်းလဲစုဖွဲ့မှုတွေကို လုပ်လာခဲ့ပါတယ်။ ပီအန်အိုရဲ့ အဲဒီလိုလုပ်ဆောင်နေမှုတွေဟာ ဒေသတွင်း လူထုနဲ့ လူငယ်တွေအတွက် လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာတွေ ပိုပြီးဖြစ်လာစေပါတယ်။
ဩဂုတ်လ ၂၈ ရက် ၂၀၂၄ ခုနှစ် စစ်ကောင်စီရဲ့ ဝါဒဖြန့် လော်ဘီမီဒီယာ NP News မှာ ဖော်ပြတဲ့ သတင်းတပုဒ်အရ ပီအန်အိုဟာ ဒေသတွင်းမှာ အရန်စစ်သည်အင်အား (၄) သိန်းထားရှိနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဆိုပါ အရန်စစ်သည်အင်အား (၄) သိန်းဆိုတဲ့ ကိန်းဂဏန်းဟာ လူဦးရေ (၁၂) သိန်းက နေ (၁၅)သိန်း အကြားရှိတဲ့ ပအိုဝ်းလူဦးရေရဲ့ ၄ပုံ၁ပုံ ဖြစ်ပါတယ်။ ဒါကြောင့် ကိန်းဂဏန်းအရ သုံးသပ်ကြည့်ရင် ဒါဟာ စိုးရိမ်စရာ ပြင်ဆင်မှုဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ သတင်းဟာ ဝါဒဖြန့်မှုသက်သက် ဖြစ်တယ်လို့ ရှုမြင်သုံးသပ်နိုင်ပေမယ့် ပီအန်အိုဟာ အရန်စစ်သည်အင်အား (၄) သိန်း ထားရှိနိုင်ဖို့အတွက် သိသာတဲ့ ပြင်ဆင်မှုတွေကို ခပ်စိတ်စိတ် လုပ်လာနေပါတယ်။ အရင်က ပီအန်အိုရဲ့ အင်အားပြသမှုတွေကို ပြန်ကြည့်ရင် တိုင်း၊ ဒေသအလိုက် အင်အား (၁,၅၀၀) ထက်မပိုခဲ့ပေမယ့် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၂၁ ရက် နောင်တရားမြို့နယ်မှာ လူအင်အား (၁၀,၀၀၀) နဲ့ စတင်အင်အားပြခဲ့ပါတယ်။
တဆက်တည်းမှာပဲ စက်တင်ဘာလ (၃၀) ရက်က မြင့်မိုရ်တိုင်း၊ တောင်ကြီး/ရန်ကင်းစစ်ဒေသမှာ အင်အား (၂၀,၀၀၀) နဲ့ အင်အားပြခဲ့သလို စက်တင်ဘာလ ၃ ရက်နေ့မှာလည်း ခွန်ဖြားဗွာတိုင်း၊ ကျောက်တလုံးကြီးစစ်ဒေသမှာ အင်အား (၇,၀၀၀) နဲ့ စစ်အင်အားပြခဲ့ပါတယ်။ ဒါတွေကို သုံးသပ်ကြည့်ရင် ပီအန်အိုဟာ အရန်စစ်အင်အား (၄) သိန်းကို ပြည့်မှီအောင်ထားရှိနိုင်ဖို့ စနစ်တကျပြင်ဆင်လာနေတယ်လို့ နားလည်ရပါတယ်။
ပီအန်အိုရဲ့ စစ်အင်အားစုဆောင်းမှုတွေဟာ တစ်အိမ်ထောင်စုကို တစ်ယောက်နှုန်းမဖြစ်မနေ စစ်မှုထမ်းကြရပြီး စစ်မှုမထမ်းလိုသူတွေကို ဒဏ်ကြေးများ အဆမတန်တောင်းခံမှုများ ရှိပါတယ်။ ဒါ့အပြင် ပီအန်အိုဟာ လူထုရဲ့ အသက်အိုးစည်းစိမ်များနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ပြီး စစ်အင်အားပြသရာမှာ ပါဝင်ခိုင်းတာတွေလည်း ရှိနေပါတယ်။ ပီအန်အိုအနေနဲ့ လူထုအပေါ် အမျိုးမျိုးသော ခြိမ်းခြောက် အကြပ်ကိုင်မှုတွေနဲ့ စစ်အင်အားပြသနေတာတွေကို ပေါ်ပေါ်ထင်ထင်လုပ်လာနေပေမယ့်လည်း တော်လှန်ရေးအင်အားစုနဲ့ ဒေသတွင်းပအိုဝ်းအဖွဲ့အစည်းတွေဟာ ပီအန်အိုအနေနဲ့ လက်ပူတိုက် ရက်တိုစစ်သင်တန်းပေးပြီး ဟန်ပြသပ်သပ် အင်အားပြနေမှုဖြစ်တယ်လို့ ယူဆနေကြဆဲဖြစ်ပါတယ်။
(၄) ပီအန်အိုနဲ့ ပအိုဝ်း
ဒေသတွင်းပအိုဝ်းအဖွဲ့အစည်းတွေအပါအဝင် သတင်းမီဒီယာတွေနဲ့ တော်လှန်ရေး အင်အားစုတွေဟာ ပီအန်အိုကို ပအိုဝ်းလူထုတွေက မထောက်ခံကြဘူးလို့ပဲ သုံးသပ်ပြောဆိုနေ ကြပါတယ်။ ပီအန်အိုကို မထောက်ခံတဲ့ ပအိုဝ်းလူထုတွေရှိနေပေမယ့် ဆန့်ကျင်နေတဲ့လူထုက နည်းပါတယ်။ ဒါဟာ ပီအန်အိုရဲ့ ဗဟိုထိန်းချုပ်မှုလွန်ကဲတဲ့ ဒေသတွင်းအုပ်ချုပ်ရေး ယတ္တရားကြောင့် ဖြစ်ပါတယ်။ ပီအန်အိုဟာ အထူးဒေသ (၆)မှာ အထက်အောက် အမိန့်စီးဆင်းမှုမြန်ဆန်တဲ့ အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်ထားပါတယ်။
အဲဒီအုပ်ချုပ်ရေးယန္တရားတွေကို ခွဲခြမ်းစိပ်ဖြာပြီး ကြည့်ရင် အောက်ခြေအဆင့် ရွာသူကြီး၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အမြင့်ဆုံးအဆင့် နိုင်ငံရေးကော်မတီဆိုပြီး အဆင့်ဆင့်ဖွဲ့စည်းထားရှိပါတယ်။ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ပအိုဝ်းကျေးရွာတိုင်းလိုလိုမှာ ပီအန်အိုအသွင်ပြောင်းပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးနဲ့အထက် ရှိတတ်ကြပါတယ်။
ဒါကြောင့် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပီအန်အို ပြင်ဆင်လာတဲ့ နယ်မြေလုံခြုံရေး စီမံချက်တွေကြောင့် ကျေးရွာတိုင်းလိုလိုမှာ ပြည်သူ့စစ်အဖွဲ့ဝင်တွေ ပိုများလာပါတယ်။ ပီအန်အိုဟာ အထက်အောက် အမိန့်စီးဆင်းမှုမြန်ဆန်တဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လူထုအပေါ် အခွန်အခတွေကို ကောက်ခံနေတာမျိုးရှိနေသလို သူတို့အပေါ် ဆန့်ကျင်လို့မရအောင်နဲ့ နွေဦးတော်လှန်ရေးကို လူငယ်တွေ မပါဝင်နိုင်အောင် ကျေးရွာတိုင်းက ပြည်သူ့စစ်ယန္တရားနဲ့ စောင့်ကြည့်ထိန်းချုပ် ထားပါတယ်။ ဒါကြောင့် ပီအန်အိုနဲ့ ပတ်သက်ပြီး လူထုက ထောက်ခံခြင်း၊ မထောက်ခံခြင်းကိစ္စကို ပြောမယ်ဆိုရင် အုပ်စုသုံးစုခွဲမြင်လို့ ရပါတယ်။
ပထမအုပ်စုသည် ပီအန်အိုကို လိုလိုလားလားနဲ့ ထောက်ခံတဲ့အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုဟာ တိုက်ပွဲတွေကြောင့် ဒေသတွင်း နှစ်ရှည်လများ တည်ဆောက်ထားရတဲ့ ရုပ်ဝတ္တုပျက်စီးရေးကို မလိုလားတာကြောင့် ပီအန်အိုရဲ့ ပအိုဝ်းဒေသ စစ်တလင်းမဖြစ်ရေးအတွက် ပြင်ဆင်တဲ့ အမျိုးသားနယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးစီမံချက်တွေမှာ လိုလိုလားလားနဲ့ ပါဝင်နေကြပါတယ်။ ဆိုရရင် ဒီအုပ်စုဟာ ပီအန်အိုရဲ့ လူမျိုးရေးနဲ့ ဘာသာရေးဝါဒမှိုင်းတွေကြောင့် (အစွန်းရောက်) အမျိုးသားရေးစိတ် တနည်း မျက်ကန်းမျိုးချစ်စိတ်တွေရှိသူတွေ ဖြစ်ပါတယ်။
ဒုတိယအုပ်စုသည် ပီအန်အိုကို မထောက်ခံပေမယ့် ဒေသစစ်တလင်းမဖြစ်ရေးကို မလိုလားတဲ့ အုပ်စုဖြစ်ပါတယ်။ ဒီအုပ်စုဟာ ပီအန်အိုကို မထောက်ခံပေမယ့် ပီအန်အိုရဲ့ ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာစက်ကို လွန်ဆန် မဆန့်ကျင့်ဝံသူတွေ ဖြစ်ပါတယ်။ ပအိုဝ်းလူ့အဖွဲ့အစည်းမှာ “ငါတို့မှ သူတို့ကို မနိုင်တာ” ဆိုတဲ့ စကားသံတွေကို မကြာခဏပြောဆိုကြတာရှိပါတယ်။
ဆိုရရင် ဒီအုပ်စုဟာ ပီအန်အိုကို မထောက်ခံပေမယ့် ဒေသတွင်း စစ်ဖြစ်ပွားရေးကို မလိုလားတဲ့အတွက် ပီအန်အိုကို ထောက်ခံနေပြီး ပီအန်အိုရဲ့ အတင်းအကြပ် ဖိနှိပ်အုပ်ချုပ်မှုကြောင့် အကြောက်တရားနဲ့ ထောက်ခံနေ ကြရပါတယ်။ တတိယအုပ်စုသည် ပီအန်အိုနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး ပြောင်းလဲရေးကို လိုလားတဲ့အုပ်စုဖြစ်ပါတယ်။ ဒါပေမယ့် ဒီအုပ်စုဟာ ပအိုဝ်းလူထုအကြား ကျယ်ပြန့်တဲ့ စည်းရုံးမှုတွေကို မလုပ်ဆောင်နိုင်သေးသလို လူထုရဲ့ ထောက်ခံပါဝင်မှုလည်း အားမကောင်းပါဘူး။
အထူးသဖြင့် အဖိတ်အစင် အပျက်အစီးများတဲ့ စစ်ရေးနည်းနာ တနည်း တော်လှန်ရေးလမ်းစဉ်ကြောင့် ပအိုဝ်းလူထုရဲ့ ထောက်ခံမှုကို မရရှိတာဖြစ်ပါတယ်။ ဒါကြောင့် ပီအန်အိုကို ပအိုဝ်းလူထုအားလုံးက မထောက်ခံတာမျိုးမဟုတ်ပဲ လိုလိုလားလားနဲ့ ထောက်ခံတဲ့ အုပ်စုရှိနေသလို ပီအန်အိုရဲ့ အာဏာစက်နဲ့ ဒေသစစ်တလင်း မဖြစ်ရေးဆိုတဲ့အချက်တွေကြောင့် ထောက်ခံနေတဲ့ အုပ်စုလည်းရှိနေပါတယ်။
ပီအန်အိုရဲ့ စစ်အင်အားစုဆောင်းနေတာတွေဟာ ဒေသတွင်းစစ်တလင်း မဖြစ်ရေးမူအရ အမျိုးသားနယ်မြေလုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် စစ်ပြင်ဆင်တာလို့ အပေါ်ယံအားဖြင့် နားလည်လို့ရပါတယ်။ ဒါပေမယ့် ပီအန်အိုရဲ့ စစ်သားစုဆောင်းနေမှုနဲ့ ပို့ချနေတဲ့ စစ်သင်တန်း အရည်အသွေးကို သုံးသပ်ကြည့်ရင် စစ်ရေးအရ ခုခံကာကွယ်ခြင်းဆိုတာထက် လူမျိုးရေးအရ နယ်မြေကာကွယ်ရေးကို ပိုပြီးအသားပေးပါတယ်။
ပီအန်အိုဟာ တိုက်ရည်ခိုက်ရည်ရှိတဲ့ တပ်သားကို စုဆောင်းလိုတာ မဟုတ်ဘူးဆိုတာကို ဆိုလိုတာဖြစ်ပါတယ်။ ပီအန်အိုဟာ စစ်သားစုဆောင်းတဲ့နေရာမှာ ဒေသတွင်း တစ်အိမ်ထောင်စု တစ်ယောက်နှုန်းနဲ့ မဖြစ်မနေ စုဆောင်းတာမျိုးဖြစ်ပါတယ်။ ပုံစံအမျိုးမျိုးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေကြောင့် လူထုတွေဟာ ရွေးချယ်စရာမရှိပဲ စစ်သားစုဆောင်းမှုမှာ မဖြစ်မနေ ပါဝင်နေကြရပြီး စစ်ယူနီဖောင်းတွေကိုလည်း ကိုယ်တိုင်ဝယ်ယူ ဝတ်ဆင်နေကြရပါတယ်။
ဒါကြောင့် ဘယ်လိုပဲဆိုပါစေ လက်ရှိအထိစုဆောင်းပြီး စစ်အင်အားအရဆိုရင် အိမ်ထောင်စုပေါင်း (၄) သောင်းနီးပါးဟာ ပီအန်အိုနဲ့ ဆက်နွယ်မှု ရှိနေပြီလို့ ယူဆနားလည်လို့ ရပါတယ်။ ပီအန်အိုဟာ ပအိုဝ်းလူမျိုးနဲ့ ပီအန်အိုအဖွဲ့အစည်းကို ခွဲထုတ်မရအောင် လုပ်လိုတဲ့ သဘောရှိပါတယ်။ ဆိုရရင် ပအိုဝ်းလူမျိုးတိုင်းသည် ပီအန်အိုအဖွဲ့ဝင်ဖြစ်ပြီး ပီအန်အို အဖွဲ့ဝင်တိုင်းသည် ပအိုဝ်းလူမျိုးဖြစ်တယ်လို့ လူအများကို ပြသလိုတာဖြစ်သလို ဒီလိုနည်းနဲ့ ပီအန်အိုဟာ ပအိုဝ်းလူထုရဲ့ ထောက်ခံမှုကို ရရှိထားကြောင်း ပြသနေတာဖြစ်ပါတယ်။ ပီအန်အိုရဲ့ “လူမျိုးနဲ့ အဖွဲ့အစည်း ခွဲထုတ်မရအောင် ရောယှက်ဖွဲ့စည်းမှု” ရည်ရွယ်ချက်သာ တကယ်တမ်း အောင်မြင်လာမယ်ဆိုရင် ပအိုဝ်းဒေသတွင်းမှာ ထိလွယ်ရှလွယ်ပြီး ကိုင်တွယ်ရခက်တဲ့ ကြီးမားတဲ့ လူမျိုးရေး ပဋိပက္ခအသွင်သဏ္ဍာန်တွေ ဖြစ်လာနိုင်ပါတယ်။
(၅) ပအိုဝ်းဒေသနှင့် အရေးပါမှု
ပအိုဝ်းဒေသဟာ ပထဝီတည်နေရာ အနေအထားအရ စစ်ရေးအတွက် အရေးပါတဲ့ နေရာမှာရှိနေပါတယ်။ ပအိုဝ်းဒေသရဲ့ တောင်ဘက် ကရင်နီပြည်နယ်မှာ ပြည်သူ့ခုခံတော်လှန်ရေး အားကောင်းနေသလို မြောက်ဘက်ခြမ်းမှာလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲပြီး ခုခံတော်လှန်ရေး အင်အားစုတွေက စစ်ရေးအရ အကြီးအကျယ် အောင်ပွဲခံနေပါတယ်။ တောင်ဘက် ရှမ်း-ကရင်နီ နယ်စပ်မှာ ကာလရှည်တိုက်ပွဲတွေ ဖြစ်ပွားနေပေမယ့် ပအိုဝ်းဒေသရဲ့ အတွင်းပိုင်းထိ ထိုးဖောက် သိမ်းယူနိုင်နေတာမျိုး မရှိသေးတာဟာ ရှမ်း-ကရင်နီနယ်စပ်အခြေစိုက် ခုခံတော်လှန်ရေး အင်အားစုအတွက် အရေးကြီးတဲ့ လက်နက်ခဲယမ်း အကန့်အသတ်ရှိမှုတွေကြောင့် ဖြစ်ပါတယ်။ တောင်ဘက်က ခုခံတော်လှန်အင်အားစုတွေရဲ့ အလုံးအရင်းနဲ့ ရနိုင်တဲ့ လက်နက်ခဲယမ်း အရင်းအမြစ်ဟာ ရှမ်းမြောက်ဒေသဖြစ်ပါတယ်။
ဒါပေမယ့် ရှမ်းမြောက်ဒေသကနေ တောင်ဘက်ကို လက်နက်တွေ သယ်ယူဖို့ ပီအန်အိုထိန်းချုပ်တဲ့ ပအိုဝ်းဒေသကို မဖြစ်မနေ ဖြတ်ကျော်ရပါတယ်။ ဒါကြောင့် ပအိုဝ်းဒေသကို ဖြတ်ကျော်သယ်ယူရင်း လက်နက်ပေါင်း ထောင်နဲ့ချီ ပိတ်ဆို့ဖမ်းဆီးခံရတာမျိုးတွေ ရှိနေတာပါ။ ဆိုရရင် ပအိုဝ်းဒေသဟာ တော်လှန်ရေးအင်အားစုတွေရဲ့ အရေးကြီးတဲ့ လက်နက်လမ်းကြောင်းကို ဖြတ်တောက်ပေးထားပြီး စစ်ကောင်စီ သက်ဆိုးရှည်ရေးကို ကျားကန်ပေးနေတဲ့ ဒေသဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ ပအိုဝ်းဒေသကို အလေးထား အာရုံစိုက်နေတာဖြစ်ပြီး ပီအန်အိုနဲ့လည်း ဆက်ဆံရေးမပြတ် ထူထောင်ထားတာပါ။ စစ်ကောင်စီဟာ ကရင်နီနဲ့ ရှမ်းမြောက်က သူတို့လက်လွတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်တဲ့အခါ ပအိုဝ်းဒေသမှာ အကြီးအကျယ် စစ်ပြင်ဆင်လေ့ရှိပါတယ်။ ပအိုဝ်းဒေသကတဆင့် လွိုင်ကော်မြို့ကို စစ်ကောင်စီ ပြန်လည်ဝင်ရောက်ထိန်းချုပ်နိုင်ခဲ့တာကို ကြည့်ရင် စစ်ကောင်စီအတွက် ပအိုဝ်းဒေသရဲ့ အရေးပါမှုကို နားလည်နိုင်ပါလိမ့်မယ်။
ပအိုဝ်းဒေသဟာ လက်နက်သယ်ယူရေး လမ်းကြောင်းဖြစ်တဲ့အတွက် တောင်ပိုင်စခုခံတော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိန်းချုပ်နိုင်ဖို့ အရေးကြီးသလို စစ်ကောင်စီအတွက်လည်း သူတို့သက်ဆိုးရှည်ရေးအတွက် လက်လွတ်ခံလို့မရတဲ့ အရေးပါတဲ့ ဒေသဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ ပအိုဝ်းဒေသကိုသာ လက်လွတ်ရမယ်ဆိုရင် တော်လှန်ရေးအင်အားစုတွေအတွက် လက်နက်လမ်းကြောင်းပွင့်သွားမှာဖြစ်ပြီး တော်လှန်ရေးရဲ့ ကြီးမားတဲ့အပြောင်းအလဲကို ဖြစ်စေမှာပါ။ အထူးသဖြင့် စစ်ကောင်စီရဲ့ ပအိုဝ်းဒေသခံစစ်လိုင်းသာ ကျိုးပေါက်သွားရင် နေပြည်တော်ဟာ မလုံခြုံတော့တဲ့ ဒေသဖြစ်လာမှာဖြစ်ပါတယ်။
(၆) ပအိုဝ်းဒေသနှင့် ရှေ့အလားအလာ
ပီအန်အိုဟာ စစ်ကောင်စီရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အသွင်ပြောင်း ပြည်သူ့စစ်ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့ ကင်းကွာပြီး ရပ်တည်နိုင်တဲ့ အခြေအနေမရှိပါဘူး။ အထူးသဖြင့် ပီအန်အိုဟာ ခေတ်အဆက်ဆက်စစ်အစိုးရအကြား ဆက်နွယ်နေတဲ့ သူတို့ရဲ့ အဖွဲ့အစည်းအကျိုးစီးပွားနဲ့ ကိုယ်ကျိုးစီးပွားတွေကြောင့် စစ်ကောင်စီနဲ့ ဆက်ဆံရေးဖြတ်တောက်ဖို့ စဉ်းစားထားချက်မရှိပါဘူး။
ပီအန်အိုအနေနဲ့ “ရန်သူမရှိ မိတ်ဆွေသာရှိ၏” မူကို လက်ကိုင်ထားပေမယ့် သူတို့ရဲ့ အကျိုးစီးပွားတွေအတွက် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်ဆံရေးထူထောင်ဖို့ အလားအလာမရှိပါဘူး။ ပီအန်အိုဟာ စစ်ကောင်စီကို မပြိုလှဲနိုင်တဲ့ အင်စတီကျူးရှင်းအဖြစ် လက်ရှိအချိန်ထိ လက်ခံထားဆဲလို့ နားလည်ရပါတယ်။ ဒါကြောင့် စစ်ကောင်စီမပြိုလဲသမျှ အကျိုးအမြတ်ရနေမှာဖြစ်တဲ့အတွက် ပီအန်အိုဟာ သေချာတဲ့ အပေးအယူကို မပေးနေနိုင်တဲ့ အန်ယူဂျီနဲ့ ဆက်ဆံရေးထူထောင်ဖို့ ရှိလာဦးမှာမဟုတ်ပါဘူး။
အထက်မှာပြောခဲ့သလို ပအိုဝ်းဒေသဟာ တော်လှန်ရေးအတွက် အလှည့်အပြောင်း ကြီးကြီးမားမား ဖြစ်စေနိုင်တဲ့ဒေသဖြစ်သလို စစ်ကောင်စီရဲ့ သက်ဆိုးရှည်ရေးအတွက် အရေးကြီးတဲ့ ခံစစ်လိုင်းဖြစ်ပါတယ်။ ဒါကြောင့် ပီအန်အိုရဲ့ ပြောင်းလဲဦးမှာမဟုတ်တဲ့ နိုင်ငံရေးရပ်တည်ချက်နဲ့ ပအိုဝ်းဒေသရဲ့ အရေးပါမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေနဲ့ မလွဲမသွေ စစ်ရေးအရ ထိပ်တိုက်တွေ့ကြရဖို့ရှိပါတယ်။ ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ ပီအန်အို ပြင်ဆင်ထားတဲ့ လုံခြုံရေးစီမံချက် တနည်း လူမျိုးရေးပဋိပက္ခထောင်ခြောက်တွေကို အဖြေရှာနိုင်ဖို့ လိုပါတယ်။ ရှမ်း-ကရင်နီနယ်စပ်မှာဖြစ်နေတဲ့ ရှည်ကြာတဲ့တိုက်ပွဲတွေဟာ ပအိုဝ်းလူထုတွေရဲ့ တော်လှန်ရေးအပေါ် ထားရှိတဲ့ အမြင်ကို ပြောင်းလဲစေပါတယ်။
နယ်စပ်က ရှည်ကြာတဲ့ တိုက်ပွဲတွေကြောင့် ပအိုဝ်းလူထုဟာ ပီအန်အိုရဲ့ “ပအိုဝ်း အမျိုးသားနယ်မြေကို ကယန်း (ပဒေါင်)တွေ လာရောက်ကျူးကျော်နေတယ်၊ ခရစ်ယာန်တွေက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေကို ဖျက်ဆီးနေတယ်” စတဲ့ လူမျိုးရေး၊ ဘာသာရေးဝါဒ ဖြန့်မှုတွေကြောင့် တော်လှန်ရေးအပေါ် မကောင်းမြင်မှုတွေဟာ တနေ့တခြား မြင့်မားလာနေပါတယ်။ ဆိုရရင် ပအိုဝ်းဒေသဟာ ရေရှည်တိုက်ပွဲဆင်နွဲဖို့ မသင့်တော်တဲ့ ဒေသဖြစ်ပါတယ်။
ခုခံတော်လှန်ရေး အင်အားစုတွေအနေနဲ့ ပအိုဝ်းဒေသကို သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့အတွက် စစ်ရေးမဟာဗျူဟာလည်း လိုအပ်သလို စစ်ရေးမျှော်မှန်းချက်အောင်မြင်ဖို့အတွက် လုံလောက်တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ပြင်ဆင်စုဆောင်းဖို့ လိုအပ်ပါတယ်။ လက်နက်ခဲယမ်းမလုံလောက်မှုတွေကြောင့် တိုက်ပွဲဟာ ရေရှည်တိုက်ပွဲအသွင်သဏ္ဍာန်ကို ပြောင်းသွားမယ်ဆိုရင် ပီအန်အိုရဲ့ လူမျိုးရေးပဋိပက္ခ ထောင်ခြောက်ထဲကနေ ရုန်းထွက်ဖို့ ခက်ခဲပါတယ်။ ဒါတွေဟာ တော်လှန်ရေးအင်အားစုတွေအတွက် သတိထားဆင်ခြင်စရာအချက် ဖြစ်ပါတယ်။
ပအိုဝ်းဒေသမှာ စစ်ရေးအရ အဖြေရှာတဲ့နည်းလမ်းတခုပဲရှိပေမယ့် ပီအန်အိုပြင်ဆင်ထားတဲ့ ထိလွယ်ရှလွယ်တဲ့ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခထောင်ခြောက်တွေဟာ သတိထားဆင်ခြင်စရာ အချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် ပအိုဝ်းဒေသဟာ ခုခံတော်လှန်ရေးအားကောင်းနေတဲ့ တောင်ဘက်စစ်မျက်နှာနဲ့ စစ်ရေးအရ အောင်မြင်မှု အကြီးအကျယ် ရနေတဲ့ မြောက်ဘက်စစ်မျက်နှာ အကြား ရှိနေတဲ့အတွက် ဘေးကြပ်နံကြပ်ဖြစ်နေပါတယ်။ ဒီအချက်ကို တော်လှန်ရေးအင်အားစုတွေ အနေနဲ့ သေချာသုံးသပ်ပြီး တောင်နဲ့ မြောက်စစ်မျက်နှာကိုသာ ဟန်ချက်ညီ စစ်ရေးလှုပ်ရှားနိုင်မယ် ဆိုရင် ပီအန်အိုအနေနဲ့ ပိုပြီး ဘေးကြပ်နံကြပ် ဖြစ်လာနိုင်ပါတယ်။
ဆိုရရင် စစ်ရေးအရ ဖိအားပေးပြီး ပီအန်အိုရဲ့ နိုင်ငံရေးရပ်တည်ချက်ကို ပြောင်းလို့ ရနိုင်လေမလားဆိုတဲ့ စဉ်းစားချက်ဖြစ်ပါတယ်။ ဒါပေမယ့် ပီအန်အိုဟာ သူတို့ရဲ့ အကျိုးစီးပွားတွေကို ရှေ့တန်းတင်ပြီး စစ်ရေးဖိအားတွေကြောင့် ဒေသတွင်း လုံခြုံရေးကို ပိုပြီးအာရုံစိုက်ပြင်ဆင်လာမှာ ဖြစ်သလို ခုခံတဲ့လမ်းစဉ်ကိုသာ ဆက်ပြီးရွေးချယ်ဖွယ်ရှိပါတယ်။
သုဝဏ္ဏခွန်