သတင်း

သီပေါမြို့ကို ၂လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့

သီပေါမြို့ကို ၂လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၁၄၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ကို တအာင်း(ပလောင်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLAနဲ့ ပူးပေါင်းတပ်ဖွဲ့တွေမှ အောက်တိုဘာလ ၁၃ရက်၊ နေ့လည်ပိုင်းအချိန်က စတင်ပြီး အလုံးစုံ ထိန်းချုပ်သိမ်းပိုက် လိုက်ပြီဖြစ်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

သီပေါမြို့မှာ စစ်ကောင်စီတပ်နဲ့ TNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက လနဲ့ချီ တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပြီး အောက်တိုဘာလ ၁၃ရက်က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ခြေလျင်တပ်ရင်း ခလရ – ၂၃ တပ်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြို့ကိုအလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မြို့ကိုတော့ အားလုံး ထိန်းချုပ်ထားလိုက်ပြီ။ လေကြောင်းကနေ လာပစ်မှာတော့ ကြောက်နေရတာပေါ့။ ခလရ – ၂၃ တပ်ကို စစ်ကောင်စီတပ်သားတွေက စွန့်ခွာထွက်ပြေးသွားကြတာ။ မနေ့ကတော့ ဂျက်ဖိုက်တာနဲ့ ၂ခါလာပစ်သေးတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက ဖက်ဒရယ်ဂျာနယ်၊ မြန်မာကို ပြောပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းအများအပြားကို TNLA က သိမ်းဆည်းရမိထားပြီး သီပေါမြို့မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ-၅၀၃၊ ၅၀၄နဲ့ ခြေလျင်တပ်ရင်း ခလရ-၂၃ တပ်တို့ အခြေစိုက်ထားပေမယ့် TNLA က ၂ လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက်မှာတော့ မြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သီပေါမြို့ကို စစ်ကောင်စီတပ်ဖွဲ့က လက်လွှတ်လိုက်ရတာကြောင့် သီပေါမြို့အနီးရှိ တောင်ခမ်းဘက် တိုက်ပွဲ ပိုမိုပြင်းထန်လာနိုင်ပြီး ဒေသခံတွေအနေနဲ့ စစ်ဘေးရှောင်စခန်းတွေ၊ နီးစပ်ရာဒေသတွေကို ပြောင်းရွေ့ခိုလှုံနေ ကြပြီဖြစ်တယ်လို့ သိရပါတယ်။

သီပေါမြို့သိမ်းတိုက်ပွဲအတွင်း အရပ်သား ၃၀ ကျော်သေဆုံးကာ ၆၀ ကျော် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသတွင်းအခြေစိုက် ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပြီး သီပေါမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအတွင်း တအာင်းတပ် TNLA က ၅ မြို့မြောက်အဖြစ် သိမ်းပိုက်နိုင်ခဲ့ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ-SPM

Related Articles

Back to top button