သတင်း

အင်းလေးဒေသရှိ ကျေးရွာပေါင်း၁၇၀ကျော်ရေနစ်မြှုပ်နေပြီး လနဲ့ချီကြာမြုပ်နိုင်တဲ့အခြေအနေမျိုး ဖြစ်ပေါ်နေ

အင်းလေးဒေသရှိ ကျေးရွာပေါင်း၁၇၀ကျော်ရေနစ်မြှုပ်နေပြီး လနဲ့ချီကြာမြုပ်နိုင်တဲ့အခြေအနေမျိုး ဖြစ်ပေါ်နေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

သူရိန်ကျော်၊ စက်တင်ဘာ ၁၅၊ ၂၀၂၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ကျေးရွာပေါင်း၁၇၀ကျော်ဟာ ဒီကနေ့ စက်တင်ဘာလ ၁၅ရက်အထိ ရေနစ်မြှုပ်နေပြီး ရေပြန်ကျတဲ့အခြေအနေမရှိသေးဘဲ လနဲ့ချီကြာမြုပ်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပေါ်နေတယ်လို့ အင်းလေးဒေသမှ ရေဘေးကူညီကယ်ဆယ်ရေးလှုပ်ရှားနေသူတွေထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ပြီး အင်းလေးကန်အတွင်းသို့ ရေများ တဖြည်းဖြည်းတိုးဝင်လာပြီး ရေမျက်နှာပြင် မြင့်တက်လာခဲ့ရာကနေ လက်ရှိ စက်တင်ဘာလ ၁၅ရက်အထိ အင်းလေးကန်အတွင်းရှိ တစ်ထပ်အိမ်မှန်သမျှ အားလုံး အကုန်နစ်မြုပ်သွားသလို နှစ်ထပ်ခြေတံရှည်အိမ်တွေဟာလည်း အိမ်အောက်ထပ်တွေ နစ်မြှုပ်သွားကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

“အင်းလေးမှာရှိတဲ့ ကျေးရွာ ၁၇၁ရွာက ရေမြုပ်သွားပါပြီရှင့်။ တချို့သောအမြင့်ပိုင်းမှာရှိတဲ့ရွာတွေကတော့ အထိုက်အလျောက်ရေကြီးပေမယ့် အနိမ့်ပိုင်း အင်းထဲကရွာတွေရဲ့အခြေအနေက အခြေအနေ‌အတော် ဆိုးပါတယ်။ နှစ်ထပ်ခြေတံရှည်အိမ်တွေက အောက်ထပ်မြုပ်သွားပြီဖြစ်ပါတယ်။ တချိူ့သောအိမ်တွေက အပေါ်ထပ်ပါထပ်‌မြုပ်နိုင်ခြေရှိတဲ့ အခြေအနေမျိုးဖြစ်နေပါပြီ”လို့ ရေဘေးကူညီကယ်ဆယ်ရေးဦးဆောင် လှုပ်ရှားနေသူတစ်ဦးက FJMMကို ပြောပါတယ်။

လက်ရှိအချိန်မှာ ရေဘေးကြောင့်တိမ်းရှောင်နေသူတွေအနေနဲ့ အဝတ်အစားတွေမလိုအပ်ပေမယ့် လျှပ်စစ်မီး မရတာကြောင့် ချက်ပြုတ်စားသောက်ဖို့ အခက်အခဲရှိနေတဲ့အတွပ် အလွယ်တကူစားလို့ရတဲ့ စားစရာတွေ၊ သောက်သုံးရေနဲ့ အခြေခံဆေးဝါး၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အရေးပေါ် လိုအပ်နေတယ်လို့ သိရပါတယ်။

ရေနစ်မြှုပ်နေတဲ့ကျေးရွာတွေက ပြည်သူတွေအနေနဲ့ ဘုန်းကြီးကျောင်းတွေနဲ့ အထပ်မြင့် အဆောက်အအုံ တွေမှာ သွားရောက်ခိုလှုံနေရပြီး ကူညီလှူဒါန်းကြသူတွေနည်းပါးနေသေးတဲ့အတွက် တတ်အားသရွေ့ ပါဝင်လှူဒါန်းပေးကြဖို့ အင်းလေးဒေသပြည်သူတွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ မေတ္တာရပ်ခံထား ကြပါတယ်။

အင်းလေးကန်အတွင်းရှိ နာမည်ကြီးထင်ရှားတဲ့ ဖောင်တော်ဦးဘုရားပါ ရေမြုပ်နေပြီး နန်းပန်စျေးမှာလည်း ရေမြုပ်နေကြောင်း၊ သာလေးကျေးရွာအုပ်စု၊ ရွာမကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာအုပ်စု၊ တောင်ပို့နီ၊ ကေလာ၊ နန်းပန်၊ မိုင်းသောက်၊ နောင်တော၊ ရွာကြီး၊ အင်းပေါခုံစတဲ့ ကျေးရွာအုပ်စုတွေက ကျေးရွာ ၁၇၁ရွာဟာ ရေကြီးရေနစ်မြှုပ်မှုကြောင့် အကူအညီတွေ လိုအပ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

Related Articles

Back to top button