မဏိပူရ်ကဖမ်းဆီးခံမြန်မာတွေ အစာငတ်ခံဆန္ဒပြမှု ယာယီရပ်ဆိုင်း၊ တောင်းဆိုမှုတွေ မရရှိပါက ဆန္ဒပြမှု ပြန်လည်စတင်မယ်
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၆၊ ၂၀၂၄
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေ အစာငတ်ခံဆန္ဒပြမှုယာယီရပ်ဆိုင်းထားပေမယ့် ထောင်တွင်းတောင်းဆိုမှုတွေ မရရှိပါက ဆန္ဒပြမှု ပြန်လည်စတင်သွားမှာဖြစ်တယ်လို့ အိန္ဒိယ- မြန်မာလေ့လာစောင့်ကြည့်ရေးအဖွဲ့ (India For Myanmar)ဆီက သိရပါတယ်။
အင်ဖာထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက စစ်ဘေးဒုက္ခသည်တွေကို မဏိပူရ်အစိုးရက မြန်မာနိုင်ငံထဲ အတင်းအကျပ်ပြန်ပို့ဖို့ စီစဉ်နေတာကြောင့် မြန်မာစစ်ဘေးရှောင် ၁၀၁ဦးက အစာငတ်ခံဆန္ဒပြနေခဲ့တာဖြစ်ပြီး ၁၃ရက်အကြာ ဇွန်လ ၃ရက်နေ့ကစတင်ပြီး ယာယီရပ်ဆိုင်းဖို့ ထောင်အာဏာပိုင်တွေနဲ့ သဘောတူညီခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“ဖမ်းဆီးခံထားရတဲ့သူတွေကိုယ်စား ထောင်တာဝန်ရှိသူတွေက ဗဟိုအစိုးရနဲ့ညှိနှိုင်းပေးနေတာ ရှိတယ်။ အဲဒီလို ညှိနှိုင်းနေတဲ့ကာလအတွင်း ဆန္ဒပြမှုယာယီရပ်နားထားတာပါ။ လူ့အခွင့်အရေးကော်မရှင်ကလည်း ထောင်ထဲအထိ သွားရောက်လေ့လာနေတာ ရှိပါတယ်။ ပြည်တွင်းပြည်ပကနေ ဒီကိစ္စကိုတောင်းဆိုပေးမှုတွေက သိပ်ပြီးတော့ အားရစရာမကောင်းဘူး။ ဒါပေမယ့် ကူညီနေကြတာတွေတော့ ရှိပါတယ်။ စစ်ကောင်စီကတော့ ဘာမှတုန့်ပြန်တာ မရှိသေးဘူး။ ဒါပေမယ့် ပြည်နယ်အစိုးရတာဝန်ရှိသူတွေကတော့ စကစတိုင်းမှူးနဲ့ ညှိနှိုင်းဖို့ တိုက်တွန်းနေတာ ရှိပါတယ်”လို့ ဆလိုင်းဒိုခါရ်က FJMM ကို ပြောပါတယ်။
ဆန္ဒပြမှုယာယီရပ်ဆိုင်းရန် သဘောတူညီချက်တွေကတော့ အကျဉ်းထောင်အာဏာပိုင်တွေက မြန်မာဒုက္ခသည် တွေအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ အကျဉ်းသားတွေရဲ့ ရွေးချယ်မှုအရ မြန်မာနိုင်ငံကို ဘေးကင်းစွာ ပြန်လာခွင့်ပြုဖို့ ဗဟိုအစိုးရကို တောင်းဆိုပေးမှာဖြစ်တယ်လို့ သိရပါတယ်။
ပထမတောင်းဆိုချက်ကိုချက်ချင်းမလိုက်လျောနိုင်ပါက အာဏာပိုင်တွေက မြန်မာဒုက္ခသည်တွေအားလုံးကို Imphal Foreigner Detention Center မှ Churachandpur Foreigner Detention Center သို့မဟုတ် Mizoram Foreigner Detention Centerကို ပြောင်းရွှေ့ပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုပေးမှာဖြစ်ပြီး ဒီတောင်းဆိုမှုတွေကို မလိုက်လျောပါက အစာငတ်ခံဆန္ဒပြမှု ပြန်လည်စတင်မှာဖြစ်တယ်လို့ ဆိုပါတယ်။
အင်ဖာအကျဉ်းထောင်က အစာငတ်ခံဆန္ဒပြတဲ့ အကျဉ်းသားတွေဟာ ထောင်အာဏာပိုင်တွေက ထောက်ပံ့တဲ့ အရာအားလုံးကို ငြင်းပယ်ပြီး ထောင်စိုက်ခင်းမှာရှိတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ စားသောက်ပြီး ရှင်သန်နေရတယ်လို့ India For Myanmar က အသိပေးထုတ်ပြန်ထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကနေ လက်ရှိအချိန်ထိ မဏိပူရ်ပြည်နယ်ထဲကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည် ၂၃၀ ဦးကျော်ကို ဖမ်းဆီးပြီး အင်ဖာအကျဉ်းထောင်မှာထားရှိထားတာဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေဟာ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့ကနေ ထွက်ပြေးတိမ်းရှောင်လာတဲ့ ချင်းနဲ့ ဗမာတိုင်းရင်းသားတွေဖြစ်ပြီး သူတို့တွေထဲက အမျိုးသမီး ၃၈ဦးကို ပြီးခဲ့တဲ့ မေလဆန်းကနဲ့ ဇွန်လထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် ၃၈ဦး စုစုပေါင်း ၇၆ ဦးကို မဏိပူရ်အစိုးရက စစ်ကောင်စီလက်ထဲ ပြန်ပို့လိုက်တယ်လို့လည်း ဆလိုင်းဒိုခါရ်က ဆိုပါတယ်။