သတင်း

မြေရှားတူးဖော်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားဖို့ ကချင်ဒေသခံများ လိုလားနေ

ဓါတ်ပုံ – CJ

ဖက်ဒရယ်ဂျာနယ် မြန်မာ

ဧပြီ ၁၁၊ ၂၀၂၃

ဗန်းမော်ခရိုင်တွင် မြေရှားသတ္တုတူးဖော်ခြင်းလုပ်ငန်း လုံး၀ရပ်ဆိုင်းဖို့ ကချင်ဒေသခံများက လိုလားနေတာကြောင့် သက်ဆိုင်ရာ KIO အစိုးရက ပြည်သူ့ဆန္ဒကို အလေးထား ထည့်သွင်းစဉ်းစားလာနိုင်ဖို့ ဆုတောင်းဝတ်ပြုခြင်း အစီအစဉ်တစ်ခုကို ဧပြီလ ၁၀ ရက်နေ့က ဒေသခံနှင့် ဆရာတော်များက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ဆုတောင်းဝတ်ပြုခြင်းအစီစဉ်ကိုတော့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗန်းမော်ဇုံနယ်အတွင်းရှိ အသင်းတော် ၄၅ ပါးအပါအဝင် ကက်သလစ် အသင်းတော်များက ဆရာကတော်များက ပူးပေါင်းပါဝင်ကြပြီး ဧပြီလ ၁၀ ရက်နေ့ ယနေ့ နံနက် ၁၀ နာရီအချိန်မှစပြီး ဝိုင်းဝန်းဆုတောင်းဝတ်ပြုခဲ့တယ်လို့ ဒိန်ဆင်းပါ မြေရှား သတ္တု တူးဖော်ခြင်း ကန့်ကွက်ကော်မတီအဖွဲ့ဝင်တစ်ဦး ကချင်သတင်းဌာန KNG ကိုပြောဆိုထားပါတယ်။

မံစီမြို့နယ် အင်ဘာပါ၊ ဒိန်ဆင်းပါဒေသရှိ ကျိန်းလပ်ပါတွင်ရှိတဲ့ တရုတ်ကုမ္ပဏီတစ်ခု၏ မြေရှားတူးဖော်ရေး လုပ်ငန်းခွင်တစ်ခုကို ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့ ဒေသခံများ သွားရောက်ဆန္ဒပြကာ ဖျက်ဆီးခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီနောက် KIO ဗဟိုဌာနချုပ် ဗိုလ်ချုပ်ကြီးအင်ဘန်လ နှင့် ခရစ်ယာန်အသင်းတော် ၅ ပါးတို့က ဒေသခံများ ကိုယ်စား ခေါင်းဆောင်တို့ကြား KIO ဗဟိုဌာနချူပ် လိုင်ဇာမှာ မြေရှားသတ္တု တူးဖော်ရေး နှင့်ပတ်သက်ပြီး တွေ့ဆုံ ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် မြေရှားတူးဖော်မှုအစီစဉ် ဆက်လက်လုပ်ဆောင်ဖို့ ရှိမရှိကိုတော့ KIO အစိုးရ၏ ဆုံးဖြတ်ချက်ကို မသိရဘူးလို့ ဒေသခံများက ဆိုကြပါတယ်။

မြေရှား သတ္တုတူးဖော်ခြင်းဟာ နည်းပညာ ကုမ္ပဏီများအတွက် အကျိုးပြုမှာ ဖြစ်ပေမယ့် ဒေသအတွင်း သဘာဝပတ်ဝန်း ကျင်ပျက်စီးခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ ထိုဒေသရှိ ဂေဟစနစ်ကို ပျက်စီးအပါအဝင် ဒေသဖွံ့ဖြိုးမှုနှင့် လူမှုဖွံ့ဖြိုးမှု အတွက် အကျိုးယုတ်စေသော တူးဖော်မှုသာ ဖြစ်စေမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူများက ဆိုပါတယ်။

ဒါ့အပြင် ဒေသခံများ၏ မြေနေရာများနှင့်ပတ်သက်ပြီး ဥပဒေလုပ်ထုံးလုပ်နည်းအရ စနစ်တကျ အကာအကွယ် မရရှိသေးတဲ့ ဒေသတွေအတွက် မြေရှား သတ္တုတူးဖော်မှုမယ့် ကုမ္ပဏီများဝင်ရောက်လာတာကြောင့် ဒေသခံများ၏ အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ဥယျာဉ်ခြံမြေများနှင့် သစ်တောမြေများကို ဒေသခံ တို့၏ အလိုဆန္ဒမပါဘဲ အတင်း အဓမ္မသိမ်းယူပြီး သတ္တုတူးဖော်မှုပြုလုပ်ခြင်း ဖြစ်လာနိုင်သလို ဒေသခံတို့ဟာ ၎င်းတို့၏ မြေယာများကို လက်လွတ်ဆုံးရှုံးရပြီး အလုပ်လက်မဲ့ဖြစ်ခြင်း စသည့် အသက် မွေးဝမ်း ကျောင်း ပြဿနာများ ဖြစ်ပေါ် လာစေနိုင်တယ်လို့ မြန်မာ့ သဘာ၀အရင်းအမြစ် စောင့်ကြည့်ရေးအဖွဲ့၏ ဒါရိုက်တာ ကိုရန်နိုင်စိုးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ထောက်ပြ ပြောဆိုပါတယ်။

Related Articles

Back to top button