နိုင်ငံရေးနှင့်နိုင်ငံရေးသမား
သက်ထွန်း
ပြည်သူတွေရဲ့နေ့စဉ်ဘဝနဲ့ပတ်သက်ဆက်နွယ်နေတဲ့ အရေးအရာအားလုံးကို နိုင်ငံရေးလို့ ခေါ်နိုင်ပါတယ်၊ စားဝတ်နေမှုအဆင်ပြေရေးနဲ့ဘဝလုံခြုံမှုရှိရေး၊ လူပီသစွာ အသက်ရှင်ရပ်တည်နိုင်ရေး ဆိုတဲ့ အခြေခံ အကြောင်းအချက်တွေကို အသက်ဝင် ပုံပေါ်လာစေဖို့ သဘောတရားရေးရာ လုပ်ငန်းဆောင်တာ အားလုံးဟာ နိုင်ငံရေးဖြစ်ပါတယ်။
လူတွေဟာတဦးချင်းနေထိုင်ရာကနေ စုပေါင်းနေထိုင်မှုအဆင့်ကိုရောက်ရှိလာတဲ့အခါ၊ သူတို့ဘ၀ လိုအပ်ချက် များစွာကို အတွေ့အကြုံများကတဆင့် သိရှိနားလည်လာတာကြောင့်၊ ဦးစွာ စားမှု၊ ထို့နောက် နေမှုတို့ကို အဆင်ပြေအောင် စတင်စဉ်းစားလာကြပါတယ်၊ အဲဒီကနေ လုံခြုံရေးကို ထည့်သွင်းတွက်ဆ လာကြရပြန်ပါတယ်။
သားရဲတိရိစ္ဆာန်နဲ့သဘာဝဘေး အန္တရာယ် သာမကတော့ဘဲ ၊ လူအစုအဖွဲ့ချင်းက ပေးလာတဲ့ အနိုင်အထက် ပြုမှုနဲ့သတ်ဖြတ်မှုတွေကို ကာကွယ်ဖို့အတွက်ဟာအရေးကြီးလိုအပ်ချက်ဖြစ်လာတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။
ဒီလိုနဲ့လူအစုအဖွဲ့လေးတွေကနေတဖြေးဖြေးကြီးထွားလာသလို အတွေးအခေါ်နဲ့စဉ်းစားဆင်ချင်မှုတွေ ပိုမို တောက်ပ လာပြီး ၊ အုပ်ချုပ်ရေးအဆင့်ကို တက်လှမ်းလာပါတယ်၊ အဲဒီနောက်တပါတည်းမှာ ဘယ်လိုနေရမယ် ဘယ်လိုထိုင်ရမယ် ဆိုတဲ့ အမိန့်ဆန်ဆန် ဥပဒေပြုမှုတွေစတင်ဖြစ်တည်လာပြီး ၊ လက်မခံသူ မလိုက်နာသူတွေကို အရေး ယူမှုအတွက် တရားစီရင်မှုတွေကို ပြုလုပ်လာကြပါတယ်။
လူ့အဖွဲ့အစည်းတခုအတွင်း အဲဒီအဆင့်ကို ရောက်လာတဲ့ အခါ ရှင်းလင်းစွာမြင်တွေ့ရတဲ့ သဘောတရားတွေကတော့ အုပ်ချုပ်ရေး ၊ ဥပဒေပြုရေး၊ တရားစီရင်ရေးနဲ့လုံခြုံရေး စတဲ့အခြေခံအချက် လေးချက်ပဲဖြစ်ပါတယ် ။
လူ့အဖွဲ့အစည်းတခုအတွက် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့တရားစီရင်ရေးဆိုတာတွေဟာ နိုင်ငံရေးအရ မရှိမဖြစ် လိုအပ်တဲ့ အခြေခံသဘောတရားတွေပဲဖြစ်ပါတယ်၊ နိုင်ငံတော်ရဲ့အရေးအရာ အားလုံးကိုလည်း နိုင်ငံရေးလို့ ခေါ်ဆိုနိူင်ပါတယ် ။
နိုင်ငံရေးသမားဆိုကတည်းက ကောင်းတဲ့အလုပ်ကို လုပ်တဲ့သူကို ဆိုလိုတာပဲဖြစ်တယ် သို့သော်လည်း နိုင်ငံရေး ဆိုတာက သဘောတရားဖြစ်ပြီး နိုင်ငံရေးသမားဆိုတာက လူဖြစ်နေတာကြောင့် သဘောတရားကို အသက်ဝင် စေနိူင်တဲ့ လူကြောင့်သာ ဆိုးခြင်း ကောင်းခြင်း ဖြစ်လာတာမို့ နိုင်ငံရေးဟာ မွန်မြတ်တဲ့ အလုပ်ဆိုပေမယ် လို့နိုင်ငံရေးကို လုပ်နေတဲ့သူတွေရဲ့အကျိုးအပြစ်ကို လိုက်ပြီး လူအများဟာ နိုင်ငံရေးဆိုတဲ့အပေါ် အဓိပ္ပါယ် အကောက်အယူလွဲတွေဖြစ်တည်လာပါတော့တယ်။
နိုင်ငံရေးဆိုတဲ့အလုပ်ဟာ မထိစပ်သင့်တဲ့အရာ ၊ နိုင်ငံရေးသမားတွေဆိုတာ အာဏာကို အလွဲသုံးစားပြုနေသူတွေ ၊ နိုင်ငံရေး ဘန်းပြပြီးကိုယ်ကျိုးစီးပွားရှာနေသူတွေ၊ ကောက်ကျစ်စဉ်းလဲသူတွေ စသဖြင့် မကောင်းမြင်မှုတွေ ဖြစ်ပေါ်လာပါတယ်။
နိုင်ငံရေးသမားဆိုတာ လှည့်ပတ်ပြောဆိုတတ်တယ်၊ ကလိန်ကကျစ်လုပ်တတ်တဲ့ သဘောရှိ တယ်လို့ လက်ခံထားတဲ့ အနောက်နိုင်ငံတွေနဲ့အမေရိကန်နိုင်ငံရဲ့လူ့အဖွဲ့အစည်းမျိုး မှာတောင် ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့် တရားကို ပေါ်ပေါ်ထင်ထင် ချိုးဖောက်လာရင်တော့ လက်ခံလေ့မရှိကြပါဘူး။ ဒါပေမဲ့ အများစုသော နိုင်ငံရေးသမား ဆိုသူများဟာ ပြည်သူတွေရဲ့အမြင်ကို အတည်ပြုပေးတဲ့ သူတွေဖြစ်ပါတယ် ၊ တကယ်ကတော့ သူတို့ဟာ နိုင်ငံရေး သမားများ မဟုတ်ပါဘူး ၊ နိုင်ငံရေးကို စီးပွားရေး အလုပ်တခုလို သဘောထားပြီး နိုင်ငံရေးလုပ်စား နေသူများ သာဖြစ်တယ်။
နိုင်ငံရေးသမားတယောက်ဟာ အာဏာကို အလွဲသုံးစားပြုခြင်း ၊ နေရာနဲ့လုပ်ငန်းကို အကြောင်း ပြပြီး စီးပွားရှာခြင်း ၊ ဘဏ္ဍာငွေအလွဲသုံးစားပြုခြင်း ၊ ကိုယ်ကျိုးအဖြစ်ခိုးယူခြင်း ၊ ကိုယ်ကျင့်တရားပျက် ပြားစေတဲ့ အပြုအမူများပြုခြင်း စတာတွေကို ရှောင်ရှားလေ့ရှိပါတယ် ။
– နိုင်ငံရေးသမားတယောက်အနေနဲ့ အခြေခံရှိသင့်တဲ့ သဘောတရားများအဖြစ်
– ရိုးသားရမယ် ၊
– စိတ်ရှည်ရမယ် ၊
– ဇွဲရှိမယ် ၊
– ကိုယ်ကျင့်တရားကောင်းရမယ် ၊
– ကိုယ့်အကျိုးနဲ့အဖွဲ့အစည်းအကျိုးယှဉ်လာရင် အဖွဲ့အစည်းအကျိုးကိုဦးစားပေးရမယ် ၊ အဖွဲ့အစည်း အကျိုးနဲ့နိုင်ငံအကျိုးယှဉ်လာရင် နိုင်ငံအကျိုးကို ဦးစားပေးရမယ် ။
ရိုးသားမှုရှိရမယ်ဆိုတာ ထုံထိုင်းအန ဖို့ပြောတာမဟုတ်သလို၊ ပါးရည်းနပ်ရည်ရှိဖို့လိုတယ်ဆိုတာဟာ လူလည် လုပ်ဖို့ ကလိမ်ကကျစ်တတ်ဖို့ပြောမဟုတ်ဘူးဆိုတာ နားလည်ဖို့လိုလိမ့်မယ်။ စိတ်ရှည်ဖို့ဆိုတာ အလုပ်လုပ် တဲ့ အခါ အောင်မြင်တဲ့အထိလုပ်ကိုင်နိူင်ဖို့အခက်အခဲတွေ့တဲ့အခါတိုင်း ထားရှိသင့်တဲ့ စိတ်မျိုးဖြစ်တယ် ၊ ပြည်သူ အပေါ် စိတ်ရှည်ရမယ် သီးခံရမယ်။ ဇွဲရှိတာနဲ့ ခေါင်းမာတာ အစွန်းရောက်တာမတူဘူး။
နိုင်ငံရေးကိုယ်ကျင့်တရား မရှိမှုဟာ အင်မတန်ကြောက်စရာကောင်းတဲ့ အားနည်းချက်ပဲ ဖြစ်တယ်၊ နိုင်ငံရေး ကိုယ်ကျင့်တရားအပေါ်ဘယ်လောက်တန်ဘိုးထားတယ် မထားဘူးဆိုတာကို အလုပ်တွေအပေါ်ကတဆင့် မြင်နိုင်ပါတယ်။
နိုင်ငံရေးသမားတယောက်ရဲ့ နေမှု ၊ ထိုင်မှု သွားလာလှုပ်ရှားမှုတင်မက သူတို့ရဲ့ဂတိ ၊ စကားနဲ့ လက်တွေ့အလုပ်တွေကို ကြည့်မယ်ဆိုရင် ထင်သာမြင်သာရှိလွန်းပါတယ် နိုင်ငံရေးအရ ကိုယ်ကျင့်တရားကို တန်ဘိုးထားသူဟာ ပြည်သူကိုတင်မက ၊ သူတို့ရဲ့အသိုင်းအဝိုင်း ( သို့ ) အဖွဲ့အစည်း ( သို့) ပါတီ ကို လေးလေးစားစားနဲ့ ပြောဆိုဆက်ဆံမှုလေ့ရှိသလို၊ ဆိုခဲစေ မြဲစေဆိုတဲ့ သဘောသဘာဝကိုတွေ့ရမှာဖြစ်တယ်။
အလုပ်နဲ့ပတ်သက်လာရင် စကားလုံး ကြီးကြီးတွေ စကားလှ စကားခန့်တွေနဲ့လူကြားကောင်းယုံ ပြောတာမျိုးကို ရှောင်လေ့ရှိပါတယ် ၊ သူတို့ရဲ့ဆန့် ကျင်ဘက် ( အတိုက်အခံ ) ကိုတောင် ယုတ်မာကောက်ကျစ်တဲ့ နည်းမျိုး အသုံးပြုလေ့ မရှိကြပါဘူး ၊ ကိုယ့်ရဲ့မူ ၊ ယုံကြည်ချက်နဲ့အင်အားကို ခိုင်မာအောင်လုပ်ပြီး ၊ ရည်ရွယ်ချက်ကို အထမြောက်အောင်မြင်အောင်လုပ်ကြပါတယ် ။
နိုင်ငံရေး ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ နိုင်ငံရေးသမား ( သို့တည်းမဟုတ် )နိုင်ငံရေး ကိုယ်ကျင့်တရား လုံးဝမရှိတဲ့ နိုင်ငံရေးသမား မျိုးဟာ သူတို့အကျိုးစီးပွားအတွက် ( အဓိက အားဖြင့် နေရာ၊အာဏာနဲ့လုပ်ပိုင်ခွင့် ရဖို့အတွက် ) ကောက်ကျစ်ယုတ်မာတဲ့ ဘယ်လိုနည်းလမ်းမျိုးကိုမဆို အသုံးပြုပြီး ရယူလေ့ရှိတာကို တွေ့ရမှာ ဖြစ်တယ်။
တခါတရံမှာ ကိုယ်ကျင့်တရားနဲ့သက်ဆိုင်ခြင်းမရှိသလို ထင်ရပေမဲ့ တိုက်ရိုက်ကို သက်ဆိုင် နေတဲ့ အသွင်သဏ္ဍာန် တွေဖြစ်တဲ့၊ ဆက်ဆံတဲ့အခါ ရိုင်းပြစွာပြုမှုခြင်း၊ စကားကို အခုတမျိုး တော်ကြာ တမျိးနဲ့ပြောချင်သလို ပြောလိုက်မယ်၊ ဂတိကို ပေးချင်သလိုပေးလိုက်မယ်၊ လုပ်ဖက်ကိုင်ဖက်ချင်း အပြန်အလှန် လေးစားမှုမထားခြင်း၊ ပြည်သူကိုလေးစားမှုမရှိပဲ ကိုယ့်လက်အောက်ငယ်သားဆိုသည့်စိတ်မျိုးထားရှိခြင်း ၊ အထင်သေးခြင်း ၊ ( ပြည်သူကို အော်ငေါက်ပြောဆို နေခြင်းမျိုး၊ အမိန့်ပေးသလို ပြောဆိုနေခြင်းမျိုး ၊ ဆူပူ ကျိန်းမောင်းနေသလို ပြောဆိုနေခြင်းမျိုး – ) စတာတွေကိုလည်း တွေ့ရမှာဖြစ်ပါတယ် ။
ကိုယ်ကျင့်တရားရှိတဲ့ နိုင်ငံရေးသမားနဲ့ ကိုယ်ကျင့်တရားမဲ့တဲ့ နိုင်ငံရေးသမားဆိုပြီး နှစ်မျိုးတွေ့နိုင်ပါတယ်၊ နိုင်ငံရေးသမား မှန်ရင် ကိုယ်ကျင့်တရားရှိရမယ် ၊ ကိုယ်ကျင့်တရားကို တန် ဘိုးထားရမယ် ၊ ကိုယ်ကျင့်တရားမရှိသူ ၊ တန်ဘိုးမထားသူဟာ နိုင်ငံရေးသမားမဟုတ်ပါဘူး ၊ နိုင်ငံရေးကို နားလည်ပြီး လုပ်နိုင်ကိုင်နိုင်စွမ်းရှိသော်လည်း တကယ်ကတော့ အဲဒီလို နိုင်ငံရေးသမားဆိုသူတွေဟာ နိုင်ငံရေးကို စီးပွားရေးအလုပ်တခုလို ( ပုဂ္ဂလိက အကျိုး စီးပွားပေါ်အခြေခံပြီး ) လုပ်စားနေသူမျိုးသာဖြစ်ပါတယ် ။
ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ပြီး တည်ငြိမ်တဲ့ နိုင်ငံရေးဝန်းကျင်ရှိနေပြီးသားဖြစ်တဲ့ အမေရိကန်နိုင်ငံနဲ့အနောက် ဥရောပနိုင်ငံတွေမှာတောင် နိုင်ငံရေးသမား လို့ဆိုရင် လေးစားအားကျမှုရှိတာကို တွေ့ရမှာဖြစ်သလို တဖက်မှာလည်း နိုင်ငံရေးသမား ဖြစ်သွားပြီဆိုတာနဲ့လိမ်တတ် ညာတတ် လုပ်စားတတ်သလို ၊ သူတို့ဖြစ်ချင်တာ ဖြစ်ဖို့ နိုင်ငံရေး ကစားတတ် ၊ ညစ်ပတ်တတ် စတဲ့ သဘောသဘာဝ တွေရှိတယ်လို့ သတ်မှတ်ထားတဲ့ အထင်အမြင်သေးမှုတို့ကို တပြိုင်နက်တည်း ခံရမှာဖြစ်ပါတယ် ။
အဲဒါတွေဟာ ပြည်သူလူထုရဲ့အမြင်မှားခြင်းမဟုတ်ဘဲ၊ နိုင်ငံရေးသမားတွေဟာ ပြည်သူကိုကိုယ်စားပြုမှု မရှိတော့ဘဲ ၊ ရေပေါ်ဆီလူတန်းစားတရပ်အဖြစ် အသွင်ပြောင်းလဲလာမှုနဲ့ ကိုယ်ကျိုးစီးပွားကိုသာ အဓိကထား တွက်ချက်လုပ်ဆောင်လာမှုတွေကြောင့်ပဲဖြစ်ပါတယ် ၊ တကယ်က နိုင်ငံရေးဆိုတာ လူအများအကျိုးစီးပွားအတွက် ( လူ့အဖွဲ့အစည်းအတွက် ) ဆိုတဲ့ မူလရှိရင်းစွဲ သဘောကနေသွေခွာလာပြီး ၊ တဦးချင်းအကျိုးစီးပွားကို ရှေ့ရူလာ တဲ့အခါ နိုင်ငံရေးဆိုတာ မကောင်းတဲ့အလုပ်၊ နိုင်ငံရေးသမားဆိုတာ အင်မတန်မကောင်းတာလုပ်တဲ့ သူများအဖြစ် အမြင်ခံလာရတာပါဘဲ။
တဆက်တည်းသတိချပ်သင့်တာကတော့ နိုင်ငံရေးလောကမှာ အပြန်အလှန်အသိအမှတ်ပြုမှုမရှိခြင်းဟာ ထောက်ခံမှုကို ကျဆင်းစေပြီး ဆန့်ကျင်ဖက်အင်အားကိုသာ တိုးပွားစေတယ်ဆိုတာ ပါပဲ၊ ဒါအပြင် လောကဓံ ရှစ်ပါးကို ခံနိုင်ရည်မရှိခြင်းဟာလည်း ဆုံးရူံးမှုကို လက်ယပ်ခေါ်တာနဲ့တူပေတယ် ။
နောက်တချက်ကတော့ နိုင်ငံရေးသမားက နိုင်ငံရေးအလုပ်ကို မလုပ်ရင် ရထားပြီးသား အဆင့်ကနေ လျှောကျတတ်တယ်၊ ဆိုလိုတာက နိုင်ငံရေးရဲ့သဘောသဘာဝကို နားမလည်တဲ့အခါ အရာရာ ကိုရောထွေး ပစ်တတ်တယ် ၊ ဒီကနေ့ခေတ်မှာ အဖြစ်အများဆုံးနဲ့အတွေ့ရဆုံးအနေအထားတွေကတော့ နိုင်ငံရေးသမားလိုလို ၊ နိုင်ငံရေးကိစ္စတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားသူလိုလို ၊ အင်ဂျီအို( ခ ) အရပ်ဖက်လူ့အဖွဲ့အစည်းအလုပ် လုပ်နေသူလိုလို နဲ့ဘာမှန်းမသိတော့တဲ့ ၊ ရပ်တည်ချက်တွေနဲ့ဖြစ်တည်နေကျတာပါပဲဖြစ်ပါတယ်။
တကယ်ကတော့ နိုင်ငံရေးသမားနဲ့တက်ကြွလှုပ်ရှားသူအဆင့်တောင် အင်မတန်ကွာခြားနေပါ တယ် ၊ တက်ကြွ လှုပ်ရှားသူ တယောက်အနေနဲ့ ဆန္ဒပြဖော်ထုတ်မှုတွေ ၊ စည်းရုံး လှုံ့ဆော်မှုတွေနဲ့ လှုပ်ရှားမှုတွေမှာ အင်အားပြည့် ပါဝင်နိုင်ပေမဲ့ နိုင်ငံရေးဖြစ်စဉ်အဆင့်တိုင်းမှာတော့ ပါဝင်ပတ်သက်ရမှု မရှိပါဘူး ၊ ဘာကြောင့်ဆို နိုင်ငံရေး သမားနဲ့တက်ကြွလှုပ်ရှားသူဆိုတဲ့ကြားက ကွာဟနေတဲ့ ထိစပ်နိုင်မှုနယ်ပယ် အပိုင်းအခြားကြောင့်ပါပဲ ။
နိုင်ငံရေးသမား တယောက်ရဲ့ ရပ်တည်ချက်နဲ့ အရပ်ဖက်လူ့အဖွဲ့အစည်း လုပ်သူတယောက်ရဲ့ ရပ်တည်ချက် ဟာလည်း အင်မတန်ကွာခြားတာကိုတွေ့ရလိမ့်မယ်၊ အရပ်ဖက်လူ့အဖွဲ့အစည်းတွေမှာ လုပ်နေသူတယောက်ရဲ့ အလုပ်ဟာ နိုင်ငံရေးသမားရဲ့အလုပ် မဟုတ်သလို၊ အလုပ်ရဲ့သဘောတရားအရ နိုင်ငံရေးအလုပ် ( တနည်း ) နိုင်ငံရေးလုပ်နေတာမဟုတ်ပါဘူး။
အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့အာရုံစိုက်မှုဟာ လုပ်ငန်းအတွက်ထောက်ပံ့ ငွေရရှိရေးနဲ့ သူတို့ဦးတည်ရည်ရွယ် ထားတဲ့ အဖွဲ့ရဲ့လုပ်ငန်းအောင်မြင်ရေးကလွဲလို့တခြားဘာကိုမှ ဂရုစိုက်ခြင်းမရှိ ၊ လုပ်စရာ ပြောစရာလည်း မလိုသလို ( လုပ်ငန်းအဆင်ပြေမှုနဲ့လုပ်ကိုင်နိုင်မှုအခွင့်အရေးအတွက် မည်သည့် အစိုးရ မျိုးကိုမဆို ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဆက်ဆံရတယ် ၊ အဲဒီအဖွဲ့အစည်းတွေမှာလုပ်နေတဲ့ အများစုဟာ အသက်မွေးဝမ်း ကြောင်းအတွက် အလုပ်အကိုင်တခုအဖြစ်သာလုပ်ကိုင်ကျတာဖြစ်တယ်။)
နိုင်ငံရေးသမားတွေလို ယုံကြည်ချက်တို့ ရပ်တည်ချက်တို့ဘာကိုမှ ဆုပ်ကိုင်ထားစရာမလိုအပ်သလို အလေးထား စရာလည်းမလိုပါဘူး ၊ ပြည်သူလူထုရဲ့တစုံလုံးအကျိုးစီးပွားနဲ့တိုက်ရိုက်ပတ်သက်ခြင်းမရှိ သလို ( ကိစ္စတခုခြင်းသာ သက်ဆိုင်လေ့ရှိတယ် ၊ ဥပမာအားဖြင့် အထောက်အပံ့ပေးခြင်း လုပ်ငန်းမျိုးသာအဓိကဖြစ်)၊ အဓိကအားဖြင့် နိုင်ငံရေးနဲ့ပတ်သက်တဲ့အနေအထားတွေမှာ ဝင်ရောက်စွက်ဖက် ပိုင်ခွင့်မရှိပါဘူး၊ သက်ဆိုင်ရာ အစိုးရတွေကလည်း ခွင့်ပြုလေ့မရှိပါဘူး၊ ဒါကြောင့် အရပ်ဖက်လူ့အ ဖွဲ ့အစည်းအလုပ်ကို လုပ်ပြီး နိုင်ငံရေးလို့ပြောနေတာမျိုးဟာ အင်မတန်ရှက်ဖို့ကောင်းပြီး၊ အရပ် ဖက်လူ့အဖွဲ့အစည်းအသွင်ယူထားပြီး နိုင်ငံရေးလုပ်မယ်ဆိုရင်လည်း ကလိမ်ကကျစ် လုပ်နေသလို ဖြစ်နေပေလိမ့်မယ် ၊ နိုင်ငံရေးလုပ်ချင်ရင် နိုင်ငံရေးပါတီ ( သို့တည်းမဟုတ် ) နိုင်ငံရေးအဖွဲ့အစည်း မျိုးသာဖြစ်သင့်ပေတယ်။
တကယ်ကတော့ သူ့သဘောသဘာဝနဲ့သူ ကောင်းမွန်တဲ့ အလုပ်တွေချည်း ဖြစ်လို့ ရှင်းရှင်း လင်းလင်း လုပ်ကိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်။
နိုင်ငံရေးရဲ့အခြေခံဟာ ပြည်သူလူထုဖြစ်တာမို့ နိူင်ငံရေးသမားတိုင်းဟာ ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆိုတာကို မမေ့မလျော့ နဲ့အမြဲ သတိရှိသင့်တယ်၊ ဒီနေရာမှာ ပြည်သူဟာအမြဲ တမ်းမှန်တယ်ဆိုပေမဲ့ နိုင်ငံရေး သမားဟာ ပြည်သူ့နောက်ဆွဲမဖြစ်သင့်၊ ပြည်သူကို ဦးဆောင်လမ်း ပြ သူသာဖြစ်ရမှာဖြစ်တယ်။
နိုင်ငံရေးသမားတယောက်အနေနဲ့ယုံကြည်ချက်ဟာ အရေးကြီးတယ်၊ ဘာကြောင့်ဆို လူတယောက်ချင်းစီရဲ့ အရွှေ့ဟာ သူတို့ဘာကို ယုံကြည်တယ်ဆိုတဲ့အပေါ်မှာ အခြေခံနေလို့ဘဲဖြစ်တယ်၊ နိုင်ငံရေးသမားတွေရဲ့ အခြေခံမူနဲ့ ရပ်တည်ချက်ဆိုတာဟာ သူတို့ရဲ့ယုံကြည်ချက်မှာ မြစ်ဖျားခံလာတာဖြစ်တယ်၊ ယုံကြည်ချက်မရှိမှု ( သို့တည်းမဟုတ်) ယုံကြည်ချက်ပျက်ပြားမှုနဲ့ယုံ ကြည်ချက် ပြောင်းလဲသွားမှုတွေဟာ အခြေခံမူနဲ့ ရပ်တည်ချက် ဆိုတာကိုပါ ပြောင်းလဲသွားစေပါတယ်
အဲဒီလိုအခါတွေမှာ နိူင်ငံရေးသမားတယောက်ဟာ အသွင်ပြောင်းလဲမှု ဒါမှမဟုတ် ဘက်ပြောင်းလဲမှု ကို ပြုလုပ် လေ့ရှိပါတယ် ၊ တချို့ကတော့ နဂိုအတိုင်း ( မူ နဲ့ ရပ်တည်ချက် ) ရှိဟန်ဆောင်နေပြီး ၊ သူတို့ရဲ့ဖက် ( သို့ ) အသိုင်းအဝိုင်းကို လိမ်လည်တတ်ပါတယ်၊ သို့သော်လည်း အဲဒီလိုအခြေအနေမျိုးကို ရှင်းလင်းအောင်ဖြစ်စေတဲ့ အချက်အလက်တွေကတော့ ဆွေးနွေးပြောဆိုမှု ၊ လုပ်ပုံကိုင်ပုံ နဲ့ရပ်တည်လှုပ်ရှားဟန်တွေကို အကဲခတ်ရင် သိသာနိုင်ပါတယ်၊ နည်းပရိယာယ်အရ လုပ်ငန်းအကောင်အထည်ဖော်ပုံ ကွဲလွဲမှုနှင့် ရပ်တည်ချက်အ ရပြောင်း လဲပြီး ပြောဆိုလုပ်ကိုင်ဟန် ကွဲလွဲမှုဟာ လုံးဝမတူညီနိုင်ပါဘူး။
နည်းပရိယာယ်အရ လုပ်ကိုင်ရာမှာ မူလ အခြေခံမူမပျောက်ပျက်ပဲ ရွှေ့ရှားမှုပြုလုပ်လေ့ရှိပြီး ၊ ရပ်တည်ချက် ပြောင်းလဲမှုအရ လုပ်ကိုင်ရာမှာတော့ အခြေခံမူ ကိုဖောက်ပြီး လုပ်လေ့ရှိတာ ကိုတွေ့ရမှာဖြစ်ပါတယ် ၊ အပြင်ဘန်းအသွင်သဏ္ဍာန်အားဖြင့် ဟန်ဆောင်လိမ်ညာမှု ပြုနိုင်ပေမယ်လို့( ပြည်သူအတွက် အလုပ်လုပ် နေသလိုမျိုး ၊ ပြည်သူဖက်မှအမြဲရပ်တည်နေသလိုမျိုး ပြောဆိုနေသော်လည်း ) အလုပ်ရဲ့ အကျိုးသက်ရောက်မှု ( ပြည်သူအတွက်ကောင်းကျိုးဖြစ်မှုရှိခြင်း မရှိခြင်း ၊ နစ်နာမှုရှိခြင်း မရှိခြင်း ) တွေကို တိုင်းတာကြည့်ခြင်းအားဖြင့် ( အာဏာရသူများနဲ့ပြည်သူလူထု ) ဘယ်ဖက်မှာ ရပ်တည်တယ်ဆိုတာ ထင်ထင်ရှားရှား သိမြင်နိူင်ပါတယ် ။
အချောင်သမား၊ ကိုယ်ကျိုးစီးပွားသမား နဲ့အတ္တကိုအခြေခံထားတဲ့သူတွေအဖို့တော့ ယုံကြည်ချက်ဆိုတာ ခိုင်ခိုင် မာမာ မတည်ရှိနိုင်တာ အဆန်းတော့မဟုတ်ပါဘူး ၊ အချောင်သမားနဲ့ကိုယ် ကျိုးသမားတွေရဲ့ ယုံကြည်ချက် ဆိုတာဟာ အခွင့်အရေး ( နေရာ ၊ ငွေကြေး ၊ လုပ်ပိုင်ခွင့် ၊ နာမည်ရမှုစသဖြင့် – – ) အပေါ်မှာ အမြဲတည်မှီ နေလေ့ရှိပြီး ၊ အရှက်တရား မဲ့စွာနဲ့ပြောင်းလွယ်ပြင်လွယ် ရှိနေတတ်ပါတယ် ၊ အတ္တကို အခြေခံသူတွေကတော့ ရဲဘော်ရဲဘက်စိတ် ( တနည်း ) လုပ်ဖော်ကိုင်ဖက်စိတ်ထားရှိမှုအလွန်အားနည်းတတ်ပါတယ် ၊ တခါတရံ အစွန်းရောက်တဲ့ ယုံကြည်မှုမျိုးရှိနေတတ်တာကိုလည်းတွေ့ရလေ့ရှိပါတယ် ။
ဒီနေရာမှာ သတိချပ်သင့်တာကတော့ နိုင်ငံရေးဆိုတာ ကိုယ်ကျိုးစီးပွားအတွက်လုပ်ကိုင်တဲ့ အလုပ်မျိုးမဟုတ်သလို ၊ အတ္တဝါဒ ကိုအခြေမခံဘဲ ပရဝါဒကို အခြေခံရတဲ့အလုပ်မျိုးဆိုတာပါပဲ ။ ။
သက်ထွန်း