တိုင်းရင်းသားများသတင်း

အပတ်စဉ် လူမျိုးပေါင်းစုံ သတင်းများစုစည်းတင်ပြခြင်း

(No. 35, April 30, 2024)

၁။ ကျင်ဒွေးမြို့ ရာနှုန်းပြည့် မထိန်းချုပ်နိုင်သေး
 April 30, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျင်ဒွေးမြို့အား တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီဟု သတင်းထွက်ပေါ်နေသော်လည်း အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း ချင်းဒေသကာကွယ်ရေးတပ် (CDF)ထံမှ သိရသည်။ ” မြို့ထဲမှာ စကစတွေ ရှိသေးတယ် ။ ၁၀၀ ရာခိုင်နှုန်း မသိမ်းနိုင်သေးဘူး “ဟု ကန်ပက်လက် CDF တပ်ဖွဲ့ဝင်တဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်မှစ၍ ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ကျင်ဒွေးမြို့ရှိစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ် စစ်ကူဖြည့်နေခဲ့သောကြောင့် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။ စစ်ဆင်ရေး  ၄ လကျော်ကာလအတွင်း စစ်တပ်၏ စစ်ကူစစ်ကြောင်းများကို ပူးပေါင်းတပ်များက ဟန့်တားတိုက်ခိုက်ထားနိုင်ပြီး မြို့နေရာ အများစုကို စိုးမိုးထိန်းချုပ်နိုင်ခဲ့သည်။

လက်ရှိကျင်ဒွေးမြို့၏အခြေအနေမှာ တည်ငြိမ်မှုမရှိသေးဘဲ စစ်ကောင်စီဘက်က လေကြောင်းဖြင့်အချိန်မရွေး အင်အား ထပ်လာဖြည့်နိုင်ကြောင်း  ချင်းဒေသတော်လှန်ရေးပူးပေါင်းအဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။ ကျင်ဒွေးမြို့သည် ချင်းပြည် နယ်နှင့် မကွေးတိုင်းအစပ်မြို့ဖြစ်ပြီး ချင်းပြည်နယ် ပလက်ဝဒေသသို့ တော်လှန်ရေးပူးတပ်များ လမ်းကြောင်း တိုက်ရိုက်ဖောက် ရန် အရေးပါသည့် မြို့ဖြစ်သည်ဟု ကန်ပလက်မြို့ဒေသခံများထံမှ သိရသည်။ အဆိုပါ မြို့သိမ်း တိုက်ပွဲကို ဇိုမီးဖက်ဒရယ် အစည်း အရုံး ၊ ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကောင်စီ(မင်းတပ်)၊ မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်)၊ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့(မတူပီ) တပ်မဟာ ၁ တို့ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ Read ni full

၂။ ကော့ကရိတ်မြို့နယ်တွင် စကစတပ်က ဒေသခံ ၃ ဦးကိုဖမ်းဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လမ်းဘေး စွန့်ပစ်
April 29, 2024
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းနှင့် ကော့ပလိုင်းကျေးရွာမှ ဒေသခံသုံးဦးကို စစ်ကောင်စီတပ်က ဖမ်း ဆီးသတ်ဖြတ်ပြီးနောက် ရုပ်အလောင်းများကို လမ်းဘေးစွန့်ပစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ အရပ်သား သုံးဦး ကို တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းက သတ်ဖြတ်ခဲ့ခြင်းဟု ဒေသခံများကပြောသည်။ အသတ်ခံရသူ သုံးဦးအနက် ကော့ပလိုင်းကျေးရွာ ခံ မင်းအောင်ချမ်း (အသက် ၂၀ ကျော်အရွယ်) ၏ ရုပ်အလောင်းကို ခန္ဓာကိုယ်တွင် သေနတ်ဒဏ်ရာများအပြင် လက် နောက်ပြန် ကြိုးတုပ်ထားသည့် အနေအထားဖြင့် ဧပြီလ ၂၇ ရက်နေ့တွင် တွေ့ရှိခဲ့ကြခြင်းဖြစ်သည်။“မင်းအောင်ချမ်းရဲ့ အလောင်းက ချောင်းဘေးမှာတွေ့ရတယ်။ ကော့ပလိုင်းချောင်းမှာ” ဟု ဒေသခံတဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် တော်လှန်ရေးတပ်ဖွဲ့မှ သိမ်းပိုက်ဖျက်ဆီးခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန် လည်ထိန်းချုပ်ရန် ဧပြီလ ၂၅ ရက်နေ့တွင် စစ်ကြောင်းထိုးလာခဲ့သည်။ ထိုစစ်ကြောင်းသည် ကော့ပလိုင်းကျေးရွာသို့ အရောက် တွင် စစ်ကြောင်းနှင့် တည့်တည့်တိုးသော မင်းအောင်ချမ်းကို စကစတပ်ဖွဲ့ဝင်များက ဖမ်စစ်ဆေးပြီးနောက် သတ်ဖြတ်ခံလိုက်ရ ခြင်းဖြစ်သည်။“(မွန်ပြည်သစ်ပါတီ စစ်အာရှင်တိုက်ဖျက်ရေး) AD ကို သတင်းပေးနေ တယ်ဆိုပြီးတော့ ဖမ်းသွားတာ။ အပြစ်မရှိ အပြစ်ရှာပြီး သတ်တာ” ဟု နောက်ထပ် ဒေသခံအမျိုးသမီးတဦးက ပြောသည်။ ကျန်သတ်ဖြတ်ခံရသူ နှစ်ဦးမှာ လူလတ်ပိုင်း အမျိုးသားများ ဖြစ်ကြပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကော့ပလိုင်းကျေးရွာနှင့် ကပ်လျက်တည်ရှိသည့် ကော့ဘိန်းကျေးရွာ၌ (ဧပြီလ ၂၈ ရက်) နေ့တွင်ဒေသခံများက တွေ့ရှိခဲ့သည်။ သတ်ဖြတ်ခံရသူ နှစ်ဦးအနက် နိုင်စိုက်ဂျီ (အသက် ၃၈ နှစ်) ဖြစ်ပြီး ကျန် အမျိုးသားတဦး၏ ရုပ်အလောင်းမှာ ပျက်စီးနေပြီဖြစ်၍ ကိုယ်ရေး အချက်အလက်များကို ရှင်းရှင်းလင်းလင်း မသိရကြောင်း ဒေသခံများက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် ကော့ဘိန်းနယ်မြေရဲစခန်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်း၏ ပစ်ခတ်မှုကြောင့် သေဆုံးရသည့် အရပ်သားစုစုပေါင်း လေးဦး ရှိနေပြီး မိသားစုနှင့် အဆက်သွယ်ပြတ်ကာ ပျောက်ဆုံးနေသူများလည်းရှိကြောင်း သိရသည်။ Read ni full

၃။ ဆင်ဘိုတပ်ရင်းကို KIA ပူးပေါင်းတပ် အပြီးတိုင်သိမ်းပိုက်
April 29, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် မြစ်ကြီးနားမြို့နယ်တွင်ရှိသည့် ဆင်ဘိုမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA ပူးပေါင်းတပ်က အလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု ရှေ့တန်းသတင်း ရင်းမြစ်များထံက သိရသည်။ လတ်တလောတွင် ဆင်ဘိုမြို့ကို ဖုန်းလိုင်းဆက်သွယ်မှုများ ဖြတ်တောက်ထားသည်ဟုလည်း ကာကွယ်ရေးတပ် ဖွဲ့ဝင် ၁ ဦးက ပြောသည်။ ၎င်းက “စခန်းအပြီးသိမ်းလိုက်တာမှန်တယ်။ အဲ့ဘက်လိုင်းတွေဖြတ်ထားတော့ အခြေအနေအသေးစိတ်မသိရ သေးဘူး” ဟုပြောသည်။  အဆိုပါ စစ်ကောင်စီတပ်ရင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏မိသားစုများနှင့် ကလေးငယ်များလည်းရှိနေပြီး စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့၏ပစ်ခတ်မှုအကြား ၎င်းတို့၏ အခြေအနေအသေးစိတ်ကိုတော့ မသိရှိရ သေးဟု ၎င်းက ဆက်ပြောသည်။

ဆင်ဘိုမြို့တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၁၄၁ တပ်သည် ဆင်ဘိုမြို့၏ အနောက် ဘက်တွင်တည်ရှိပြီး မြို့၏ ၃ မိုင်ခန့်အကွာတွင်တည်ရှိသည်။ အဆိုပါတပ်ရင်းသည်တပ်တွင်း၌ပင် မြို့ ကဲ့သို့ဖြစ်နေပြီး လက်နက် ကြီး နှင့် စခန်းကုန်းကြီး ၄ ခုခန့်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံကသိရသည်။ ဆင်ဘိုမြို့ကို ယခုနှစ်ဖေဖော်ဝါရီလ ဒုတိယ ပတ်ကတည်းက KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ တိုက်ခိုက်နေခြင်းဖြစ် ပြီး လက်ရှိမှာတော့ ဆင်ဘိုမြို့တွင်းရှိ ရဲစခန်းနှင့် ဌာနဆိုင်ရာအဆောက်အအုံများအားလုံးကို သိမ်းပိုက်ထားနိုင် ပြီလည်းဖြစ်သည်။ ဆင်ဘိုမြို့သည် ကချင်ပြည်နယ်၊ မြစ်ကြီးနား ခရိုင်၊ မြစ်ကြီးနားမြို့နယ်တွင်ပါဝင်သည့် မြို့တစ်မြို့ဖြစ်ပြီး ယခင်ကကျေးရွာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်တွင် မြို့အဖြစ် သတ် မှတ်ခံခဲ့ရသည်။ ဆင်ဘိုမြို့၏ အရှေ့ဘက်တွင် KIA ထိန်းချုပ်နယ်မြေဖြစ်သည့် လိုင်ဇာမြို့သို့ဆက်သွယ်ထားသည့် ကားလမ်း ရှိပြီး ဆင်ဘိုမြို့၏အထက် မြောက်ဘက်ပိုင်းတွင်ရှိသည့် မြစ်ကြီးနားမြို့ကို ကားလမ်းဖြင့်လည်းကောင်း ဆင်ဘိုမြို့၏ တောင်ပိုင်း ဗန်းမော်မြို့နယ်ကို စက်လှေများ၊ ရှပ်ပြေးယာဉ်များဖြင့်လည်းကောင်းသွားလာနိုင်သည်။ ထို့ပြင် ဆင်ဘိုမြို့၏ အနောက်ဘက် တွင် မန္တလေး – မြစ်ကြီးနားဆက်သွယ်ထားသည့် မီးရထားလမ်းနှင့် ကားလမ်း များလည်းရှိသည်။ Read ni full

၄။ ကန်ပက်လက်တွင်  လေကြောင်းတိုက်ခိုက်ခံရပြီး ဒေသခံ ၁ ဦး သေ ၊၂ ဦး ဒဏ်ရာရ
April 29, 2024
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံတဦး သေဆုံး ပြီး နှစ်ဦးဒဏ်ရာရရှိသွားကြောင်း ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က (ဧပြီလ ၂၈ ရက် )တွင် ထုတ်ပြန်သည်။ ကန်ပက်လက်မြို့နယ်ရှိ လွန်ဒုံကျေးရွာကို ဧပြီလ၂၈ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် တွင် စစ်ကောင်စီတပ်က လေ ကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။“တိုက်ပွဲဖြစ်တာမရှိဘူး။ အဲဒီနေရာမှာ ကျနော်တို့ နေရာယူတပ်ချထားတာ လည်းမရှိဘူး။ အကြောင်းမဲ့ သက်သက်ပစ်သွားတာ”ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) တပ်မဟာမှူး ဆလိုင်းထွန်းလိန်း ကပြောသည်။ လွန်ဒုံကျေးရွာအတွင်း၌ တကြိမ်နှင့်ရွာအပြင်တွင်နှစ်ကြိမ်ပေါက်ကွဲခဲ့ပြီး အသက်၆၈နှစ် အရွယ် ဦးမနားထင် ခြေထောက်နှစ်ဖက် ပြတ်ကာသေဆုံးခဲ့ပြီး အသက် ၄၅ နှစ်နှင့် ၁၈ နှစ်အရွယ်အမျိုးသမီးနှစ်ဦးဒဏ်ရာရခဲ့သည်ဟုဆို သည်။ ၎င်းအပြင် လက်ရှိအသုံးပြုနိုင်ခြင်းမရှိသည့် ဆေးပေးခန်းနှင့် လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်သည် စစ်ရေးရှုံးနိမ့်နေသောကြောင့် အပြစ်မဲ့ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ပြီး ပြည်သူများအနေဖြင့် မပေါ့ဆကြဘဲ ဗုံးဒဏ်ခံနိုင်မည့် ပုန်းခိုကျင်း၊ ကတုတ်ကျင်းများတွင် နေထိုင်နိုင်ရေး ကြိုးစားပေးပါရန် ဆလိုင်းထွန်းလိန်း က ဆက်ပြောသည်။ လွန်ဒုံကျေးရွာသည် အိမ်ခြေ ၃၀ကျော်ခန့်ရှိသည့် ကျေးရွာငယ်ဖြစ်ပြီး စစ်ဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများမှ အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်း တိုက်ခိုက်ခြင်းများသည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ် ကြောင်း ပြည်သူ့အုပ် ချုပ်ရေးအဖွဲ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြသည်။ ကန်ပက်လက်မြို့နယ်အတွင်း ဧပြီလ ၃ ရက်နေ့က ဖျန်ချောင်းကျေးရွာတွင် တကြိမ်၊ ဧပြီလ ၁၇ ရက်နေ့၌ အုန်ကျေးရွာ၊ လွီးစုံကျေးရွာနှင့် ကောက်ဆောင်းကျေးရွာများတွင် တကြိမ် စီ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ Read ni full

၅။ ဆယ်ဇင်းအနီး သံယောဇဥ်‌မှော်မှာ SNA၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIAKPDF တို့တိုက်ပွဲပြင်းထန်
April 29,  2024
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီး သံယောဇဥ် ရွှေမှော်မှာ တပ်စွဲထားတဲ့ ရှမ်းနီအမျိုးသားများ တပ်မတော် SNA ၊ စစ်ကောင်စီပူးပေါင်းတပ်နဲ့ ကချင်လွတ်လပ်‌ရေးတပ်မတော်  KIA၊ KPDF တပ်တို့ကြားတိုက်ပွဲ ပြင်းထန်နေ တယ်လို့သိရပါတယ်။ ဆယ်ဇင်းကျေးရွာနဲ့ ၃ မိုင်ကျော်ဝေးပြီး ကချင် နဲ့ စစ်ကိုင်းတိုင်းအစပ်မှာရှိတဲ့ သံယောဇဥ်ရွှေမှော် ဒေသ အခေါ်(သံယောဇဥ်ကုန်း)မှာ ဧပြီ ၂၆ ရက်နေ့ည ၈ နာရီလောက်ကနေ ဒီကနေ့ ၂၉ ရက်နေ့အထိနှစ်ဖက်တိုက်ပွဲ ပြင်းထန်နေ တယ်လို့ ဆယ်ဇင်းကျေးရွာနေအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “မနေ့က တစ်ညလုံးပစ်ကြတာပါ့ ဒီနေ့လည်းထပ်ပစ်နေကြ တယ် ဆယ်ဇင်းနဲ့က သုံးမိုင်လောက်ဝေးတော့လက်နက်ကြီးသံတွေပဲ ကြားရတယ် အခုနေ့လည်ပိုင်းတော့နည်းနည်း ငြိမ်နေ တယ်။ မနေ့ကတစ်ညလုံးတစ်မနက်လုံးပစ်နေကြတာ”လို့ သူကပြောပါတယ်။

သံယောဇဥ်မှော်ဟာ ဆယ်ဇင်းနဲ့စစ်ကိုင်းတိုင်း ဟုမ္မလင်းနယ်ထဲက နန့်တောကြားထဲမှာရှိတာဖြစ်ပြီး SNA ရဲ့အထိုင်တပ် ရှိတာဖြစ်တယ်လို့သိရပါတယ်။“သိရသလောက်တော့ သံယောဇဥ်ကုန်းထဲက ရှမ်းနီကုန်းကိုသိမ်းနေတာလို့ပြောတယ် အဲ့မှာ ရှမ်းနီတွေထိုင်ထားတယ်လေး နဂိုကတည်းက”လို့ ဖားကန့် KPDF နဲ့နီးစပ်တဲ့ ဆယ်ဇင်းဒေသခံအခြား အမျိုးသမီးတစ်ဦးက ပြော ပါတယ်။ သံယောဇဥ်ကုန်းမှာ SNA တပ်သားတွေ ပုံမှန်အင်အား ၅၀ ဝန်းကျင်ရှိတာဖြစ်ပြီး ဧပြီ ၂၃ ရက်နေ့ ဆယ်ဇင်းကျေးရွာ တပ်စခန်းကုန်းကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီနဲ့ SNA စစ်သား အင်အား ၅၀ ကျော်လည်းဝင်ရောက်ပူးပေါင်းထားတာ ကြောင့် လက်ရှိအင်အား ၁၀၀ ကျော်လောက် သံယောဇဥ်ကုန်းမှာရှိနေတယ်လို့ဒေသခံတွေကဆိုပါတယ်။ သံယောဇဥ်ကုန်းမှာ တိုက်ပွဲမဖြစ်မှီ ဧပြီလ ၂၄ ရက်  ည ၇နာရီဝန်းကျင်လောက်မှာ ကုဋေမှော်မှာရှိနေတဲ့ KIA ၊ KPDF တပ်တွေကို စစ်ကောင်စီတပ်က ဒရုန်းနဲ့အရင်တိုက်ခိုက်ခဲ့တာကြောင့် သံယောဇဥ်ကုန်းကို ပြန်တိုက်နေတာဖြစ်တယ်လို့ ဖားကန့် KPDF ဘက်ကနေသိရပါတယ်။ Read ni full

၆။ သံတွဲမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ဒေသခံ တစ်သောင်းခန့် ထွက်ပြေးနေရ
April 29, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မြောက်ဘက် သူဌေး ရေအားလျှပ်စစ် စီမံကိန်းအနီးမှာ ဧပြီလ ၂၂ ရက်နေ့ကစပြီး တိုက်ပွဲပြင်း ထန်နေသလို စစ်ကောင်စီတပ်က လက်နက်ကြီးအပြင် လေကြောင်းနဲ့ပါ ဗုံးကြဲနေတာကြောင့် ဒေသခံတစ်သောင်းခန့် ဘေး လွတ်ရာ ထွက်ပြေးနေရတယ်လို့ အဲဒီဒေသခံတွေက ပြောပါတယ်။ သံတွဲမြို့နယ်၊ ပုရစ်ရွာနဲ့ ရေကောက်ရွာအနီးမှာ စစ်ကောင်စီ တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်နေပြီး ဂျက်တိုက် လေယာဥ်တွေနဲ့ပါ ပစ်နေတာလို့ ဆိုပါတယ်။ ရေကောက်၊ ပုရစ်၊ ဒေါ်မြ၊ ရွှေလှေစတဲ့ရွာတွေအပါအဝင် ကျေးရွာဆယ်ရွာ လောက် က ဒေသခံတစ်သောင်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။“ထွက်ပြေးတိမ်း ရှောင်နေရတာ လူတစ်သောင်းခန့်ရှိပါတယ်။ တိုက်ပွဲအနီး အနားက ကျေးရွာတွေပါ။ ရွာပေါင်း ဆယ်ရွာခန့်ရှိပါတယ်။ သံတွဲမြို့ကို ရှောင်လာကြတာလည်း ရှိတယ်။ တောင်ကုတ်ကို ရှောင် လာကြတာလည်းရှိတယ်။ အဓိကတော့ လက်နက်ကြီးနဲ့ လေကြောင်းက ဗုံးကြဲမှာကို ကြောက်လို့ထွက်ပြေးတာပါ” စစ်ကောင်စီ တပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးလာကြဲသလို သံတွဲမြို့ပေါ် တပ်ရင်းတွေနဲ့ စစ်ရေယာဥ်ပေါ်ကနေပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်သေဆုံးမှုကိုတော့ ဒေသခံတွေအနေနဲ့ သေချာမသိရသေးဘူးလို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်တာ ငါးလကျော် ရှိသွားပြီဖြစ်ပြီး ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ရမ်းဗြဲ၊ မြေပုံနဲ့ ချင်းပြည်နယ် ပလက်ဝစတဲ့မြို့နယ် ကိုးမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ လက်ရှိ အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ သံတွဲမြို့နယ်တွေမှာပါ တိုက်ပွဲတွေ ပြင်းထန်နေတာ ဖြစ်ပါတယ်။ Read ni full

၇။ ဆီဆိုင်မြို့အတွက် အရေးပါတဲ့ သဘက်ချောင်းတံတား မိုင်းခွဲဖျက်ဆီးခံရ
 April 29, 2024
ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့အတွက်အရေးပါတဲ့ ဝိန်းကောင်ကျေးရွာက သဘက်ချောင်းတံတားဟာ ဧပြီလ ၂၇ ရက် နေ့ ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။ အဲဒီတံတားဟာ ဆီဆိုင်မြို့နဲ့ ညောင်ရွှေမြို့ အတွက် အဓိကကုန်စည်ကူးသန်းနေရတဲ့ တံတားဖြစ်တာကြောင့် ဒေသခံတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ အမည်မဖော် လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ကျွန်တော်တို့က အဲဒီတံတားကိုပဲ အဓိကအားထားနေရတာ။ ဆီဆိုင်မြို့အတွက် တောင် ကြီး၊ ညောင်ရွှေကို အဲကနေ အဓိကသွားနေရတာ။ အခုတောင် သွားလို့မရတော့ဘူး။ မိုးတွင်းဆို ပိုဆိုးပြီ။ ကုန်ပစ္စည်းတွေပါလာ လို့ မရတော့ဘူးဆိုတော့ ပိုခက်ပြီ” ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PNLA) တပ်ဖွဲ့ကတော့ အဲဒီတံတားကို စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ (PNO) က မိုင်းခွဲဖျက်ဆီးခဲ့တာလို့ သတင်းထုတ်ပြန်ပါတယ်။

ဧပြီလ ၂၈ ရက်နေ့မနေ့နေ ဧပြီလ ၂၉ ရက်ဒီနေ့မနက်ပိုင်းအထိ ဆီဆိုင်မြို့တောင်ဘက်အခြမ်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၈။ လက်နက်ကိုင်အဖွဲ့တခုကဖမ်းသွားတဲ့ ရေဖြူကသားအဖနှစ်ဦး တစ်လကျော်ကြာတဲ့အထိ သတင်းအစအနမရ
April 29, 2024
ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာမှာနေထိုင်တဲ့ သားအဖနှစ်ဦးကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖမ်းဆီးသွားပြီး တစ်လကျော် ကြာတဲ့အထိ သတင်းအစအနမရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကတော့ အသက် ၅၉ နှစ်အရွယ် ဦးအုန်းလွင်နဲ့ သူရဲ့သားဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုထက်လင်းတို့ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ ညပိုင်းက နေအိမ်မှာရှိနေချိန်မှာ လက်နက်ကိုင် ငါးဦးခန့်ရောက်လာပြီး ကားတစ်စီးနဲ့လာရောက်ဖမ်းဆီးသွားတာလို့ မိသားစုဝင် တွေကဆိုပါတယ်။ “ညခြောက်နာရီကျော်လောက် အိမ်ကိုရောက်လာကြတယ်။ ထက်လင်းကို လည်းပြေးရင် နင့်အဖေကို ပစ်သတ်မယ်ဆိုပြီး နှစ်ယောက်စလုံးကိုဖမ်းသွားတာ”လို့ ဖမ်းဆီးခံလိုက်ရတဲ့ ဦးအုန်းလွင်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ ဖမ်းဆီး သွားသူနှစ်ဦးနဲ့အတူ ဆိုင်ကယ်၊ လက်ကိုင်ဖုန်း၊ တန်ဖိုးကြီးနာရီနဲ့ ပိုက်ဆံ သိန်းဆယ်ဂဏန်းလောက်ကိုလည်း ဖမ်းဆီးသွားတဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေက ယူဆောင်သွားတယ်လို့ သမီးဖြစ်သူက ဆိုပါတယ်။

သူတို့ကို ဖမ်းဆီးသွားပြီးနောက် အခုတစ်လကျော်ကြာလာတဲ့အချိန်ထိ မိသားစုကိုအကြောင်းကြားတာ၊ ဆက်သွယ် တာမျိုးမရှိသေးဘူးလို့လည်း ဦးအုန်းလွင်ရဲ့ သမီးဖြစ်သူရဲ့ပြောပြချက်အရ သိရပါတယ်။ ဒေသခံတွေနဲ့ မိသားစုဝင်တွေကတော့ ဦးအုန်းလွင် တို့သားအဖကို ရေဖြူမြို့နယ် (ပကဖ)ရဲ့ ဇင်ယော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ဇင်ယော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ရေဖြူ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)တွေကို တနင်္သာရီတိုင်းမ်က ဆက်သွယ်နေပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။ ဖမ်းဆီး ခံရပြီး တစ်လနီးပါးအကြာ အခုလ ၂၄ ရက်နေ့လောက်ကစလို့ နှစ်ယောက်လုံး အသတ်ဖြတ်ခံလိုက်ရပြီလို့ သတင်းတွေထွက် ပေါ်လာတယ်လို့မိသားစုဝင်တွေကဆိုပါတယ်။ “ကျမတို့မယုံသေးဘူး။ ဘယ်သူ့လိုက်မေးရမှန်းလည်းမသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောပြပေးဖို့ကို မျှော်လင့်တယ်။ ဘာမှလုပ်နေတဲ့သူတွေမဟုတ်ပါဘူးရှင်။ ဒါကြောင့် ဖမ်းသွားရင် ဘာကြောင့်ဖမ်း တယ်ဆိုတာ ကို သက်သေနဲ့အတကွသိချင်တယ်”လို့ ဦးအုန်းလွင်ရဲ့ သမီးဖြစ်သူကပြောပါတယ်။ Read ni full

၉။ ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ စာသင်ဆောင်နှင့် နေအိမ်များပျက်စီး
April 29, 2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်ခြင်းကြောင့် စာသင်ဆောင်၊ နေအိမ်နှင့် ဈေးဆိုင်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ ဧပြီလ ၂၈ ရက်နေ့ ည ၁၁ နာရီ ၃၁ မိနစ်မှ ၃၆ မိနစ်ထိ အကြမ်းဖက်စစ်တပ်က ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာထဲကို လေကြောင်း ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ တဂေးလောင်းရွာ စာသင်ကျောင်းဝင်းထဲ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင်အဆောက်အဦး ၃ လုံး ပျက်စီးခဲ့ကြောင်း၊ တဂေးလောင်းရွာရှိ ကိုဇော်လင်း၏ ဓာတ်ဆီဆိုင်၊ ကိုဝဏ္ဏထွန်း၏ ဆိုင်ကယ်ပြင်ဆိုင်၊ နော်ကပေါ်ထူးနှင့် နေဘလုထူးမိုး တို့၏ နေအိမ်တို့လည်း ဗုံးသီး ထိမှန်ကာပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ယခု ရက်ပိုင်းအတွင်း တဂေးလောင်းရွာအနီးရှိ မင်းစောရွာကိုလည်း လေကြောင်းတိုက်ခိုက် မှုပြုလုပ်ခဲ့ပြီး မင်းစောရွာစာသင်ကျောင်းနှင့် နေအိမ် အဆောက်အဦးများ ထိခိုက်မှုရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပြည်သူများ နေထိုင်သည့် ကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။ Read ni full

၁၀။ ဖားဆောင်းမြို့တွင်းမှာ ဓားစားခံအဖြစ်ထိန်းသိမ်းခံရတဲ့ ပြည်သူတချို့ ထွက်ပြေးလွတ်မြောက်လာကြ
 April 29, 2024
ကရင်နီပြည်၊ ဖားဆောင်းမြို့တွင်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ဓားစာခံ အဖြစ် ထိန်းသိမ်းခံထားရတဲ့ ဖားဆောင်းမြို့ခံ ၁၈ ဦးဟာ ဒီကနေ့ (ဧပြီလ ၂၉ ရက်နေ့)မှာ ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။ ဖားဆောင်းမြို့တွင်း တိုက်ပွဲဖြစ် ပွားချိန်ကစပြီး ၃လ နီးပါး စစ်ကောင်စီရဲ့ ထိန်းသိမ်းမှု အောက်မှာရှိနေခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “ဒုက္ခလည်းရောက် တယ်ကော၊ သူတို့ကလည်း ခြိမ်းခြောက်တယ်။ ထွက်ရင်ပစ်သတ်မယ်တဲ့။ သတ်လည်းမထူးတော့ဘူးဆိုပြီးတော့ ဆင်းချလာ လိုက်တာ။”လို့ ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူ ၁၈ ဦးထဲမှာ ကိုယ်ဝန် ဆောင်တွေနဲ့ ကလေးငယ်တွေလည်းပါဝင်တယ်လို့ သိရပါတယ်။ ထွက်ပြေးလွတ်မြောက်လာသူတွေကို တော်လှန်ရေးရဲဘော် များက လုံခြုံတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့ လည်းသိရပါတယ်။

မြို့အတွင်း ပိတ်မိနေစဉ်မှာ အစာရေစာ ရှားပါးတာတွေကြုံတွေ့ခဲ့ရတယ်လို့လည်း ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးက ပြောပါတယ်။“မြို့ထဲမှာနေတုန်း ဆူးပုပ်ရွက်ခူးစားတယ်၊ ကင်မွန်းချဉ်ရွက်တွေခူးစားတယ်။ ပြီးဘေးအိမ်တွေမှာ နည်းနည်းပါးပါး ဟင်းချိုမုန့်တွေဘာတွေလိုက်ယူ ဆီတွေလိုက်ယူတယ်” လို့ ထွက်ပြေးလွတ်မြောက်လာသူ တစ်ဦးကပြောပါ တယ်။ ပိတ်မိနေစဉ်အတွင်း စစ်ကောင်စီဖက်မှ ထွက်မပြေးဖို့ ခြိမ်းခြောက်ပြောဆိုတာ ရှိတယ်လို့ ဖားဆောင်းမြို့တွင်းမှ ထွက် ပြေးလွတ်မြောက်လာသူ တစ်ဦး6က ပြောပါတယ်။ ပိတ်မိနေသူတွေဟာ ဖားဆောင်းမြို့တွင်း ကွက်သစ် ရပ်ကွက်အတွင်း ပိတ်မိ နေကြတာဖြစ်ပါတယ်။ ယနေ့မှာ ၁၈ ဦး ထွက်ပြေးလွတ်မြောက်လာသော်လည်း ကျန်နေရစ်သူ ၁၀ ဦးဝန်းကျင်ရှိနေဆဲဖြစ်ပြီး အဲဒီအထဲမှာ မသန်စွမ်းသူတွေ လဲပါတယ်လို့လဲ သိရပါတယ်။ Read ni full

၁၁။ တနင်္သာရီ၊သကျက်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလေးဆယ်ကျော်ကြဲချ
 April 29, 2024
တနင်္သာရီမြို့နယ် သကျက်ကျေးရွာကို စစ်ကောင်စီတပ်က (ဧပြီ ၂၉) ညနေ ၃ နာရီကျော်တွင်လေကြောင်းဖြင့် ဗုံး ၄၃ လုံးကြဲချ ခဲ့ကြောင်း ဒေသခံတို့ကပြောသည်။ သကျက်ရွာနှင့် ၂၅ မိုင်ခန့်အကွာက သန္ဒောရွာတိုက်ပွဲသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကို ပြည့်သူ့ကာကွယ်ရေးအဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်သဖြင့် လေကြောင်းသုံး၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတို့ ကပြောသည်။ Mi -2 ရဟတ်ယာဉ်နှစ်စီးဖြင့် သကျက်ကျေးရွာအုပ်စု ကျွဲထိန်းကုန်းကျေးရွာ ဘုန်းကြီးကျောင်းအနီးဝန်းကျင်ရှိ ဥယျာဉ်ခြံထဲသို့ ကြဲချသွားခြင်းဖြစ်ကြောင်း‌ ၎င်းတို့ကဆိုသည်။“လယ်တွေနဲ့ ဥယျာဉ်တွေထဲကိုကျတာ။ ရွာထဲကိုတော့မကျဘူး” ဟု ဒေသခံတစ်ဦးကဆိုသည်။ မွန်းလွဲ ၂ နာရီခန့်မှစပြီး သကျက်ကျေးရွာတွင် နှစ်ဖက်ထိတွေ့ပစ်ခတ်မှု အကြိမ်ကြိမ်ဖြစ်ပွားနေပြီး  ၃ နာရီ မိနစ် ၃၀ ခန့်တွင်မူ ရဟတ်ယာဉ်ဖြင့် ဗုံလာကြဲသွားခြင်းဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းရွာအခြေစိုက် ခမရ ၅၆၁ တပ်ရင်းသည် သကျက်၊ ဘန်ကြုတ်၊ သိန္ဒောလမ်းကိုအသုံးပြုပြီး သိန္ဒောစစ်ကောင်စီ ထောက်ပို့တပ်စခန်းသို့ လက်နက်၊ ရိက္ခာများဖြည့်တင်းနေခြင်းဖြစ်သည်။ ပိတ်ဆို့တိုက်ခိုက်ခံနေရသည့် သိန္ဒောစစ်ကောင်စီထောက်ပို့စခန်းအတွက် စစ်ကူလာသည့် ခမရ ၂၆၁ တပ်ရင်းကို တော်လှန်ရေးတပ်များက သကျက်ကျေးရွာ အုပ်စုတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် တပ်ဖွဲ့ဝင်တစ်ဦးကဆိုသည်။“သူတို့ပို့တဲ့စစ်ကူက ရှေ့ကိုတိုးမပေါက်တဲ့အခါကျတော့ လေကြောင်းကနေ တိုက်ခိုက်လာတာ” ဟု ၎င်းတပ်ဖွဲ့ဝင်ကဆိုသည်။ သိန္ဒောစခန်းကို တော်လှန်ရေးတပ်တို့က ပိတ်ဆို့တိုက်ခိုက်နေချိန် စစ်ကောင်စီကလည်း နေ့စဉ်ရက်ဆိုသလို လေကြောင်းသုံး ပစ်ကူပေးလျက်ရှိ ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ထံမှ သိရသည်။ Read ni full

၁၂။ မင်းပြားမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်နှင့် ဗုံးလာကြဲသဖြင့် ထိခိုက် ပျက်စီးမှုများရှိ
 April 30, 2024
အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည့် ရခိုင်ပြည် မင်းပြားမြို့ကို ယနေ့ ဧပြီ ၃၀ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီ က ဂျက်တိုက်လေယာဉ်တစ်စီးနှင့် လာရောက်ဗုံးကြဲသဖြင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း မြို့ခံများကပြောသည်၊ စစ်ကောင်စီ က တိုက်လေယာဉ်တစ်စီးနှင့် ယနေ့ နံနက်ပိုင်း ၁၀ နာရီ ခွဲခန့်က လာရောက် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး မြို့ခံတစ်ချို့ ထိခိုက်မှုနှင့် အဆောက်အဦးများ ပျက်စီးမှုများ ရှိကြောင်း မင်းပြားမြို့ခံများက ပြောသည်။ မင်းပြားမြို့ခံ အမျိုးသားတစ်ဦးက “၁၀ နာရီ ခွဲက တိုက်လေယာဉ်တစ်စီးနဲ့ ဗုံးလာကြဲတာပါ။ သုံးကြိမ် လာကြဲသွားတယ်။ ထိခိုက်မှု အတိအကျတော့ မသိရသေးဘူး။ သေချာတာ ကတော့ ပြည်သူတွေ သေဆုံး ထိခိုက်မှု ရှိတယ်လို့ သိရတယ်။ အခုမီးခိုတွေ တလူလူ တက်နေတယ် “ဟုပြောသည်။
မင်းပြားမြို့ ဈေးဟောင်းပိုင်း ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့မရဲစခန်း၊ ဦးဥတ္တမပန်းခြံ မြို့နယ်စည်ပင်သာယာ ရေးရုံးများကို ဂျက်တိုက်လေယာဉ်နှင့် သုံးကြိမ်းတိုင်တိုင် လာရောက်ဗုံးကြဲသွားကြောင်း ဆိုသည်။ နောက်ထပ် မင်းပြားမြို့ခံ တစ်ဦးက “ဗုံးလာကြဲတဲ့အချိန်မှာ AA ဖက်က ဂျက်တိုက်လေယာဉ်ကို စက်သေနတ်နဲ့ ပစ်တာရှိတယ်။ ဗုံးကြဲတဲ့နေရာမှာ ပျက်စီး မှုရှိတယ်။ လူတွေ သေဆုံးမှု ရှိ၊ မရှိဆိုတာကတော့ လက်တစ်လော မသိရသေးဘူး “ဟုပြောသည်။ https://www.facebook.c om/photo/?fbid=885958340210260&set=a.682731967199566

၁၃။ နောင်ချိုမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် အမျိုးသမီး ၁ ဦး ထိမှန်ဒဏ်ရာရ၊ အိမ် ၂ လုံးပျက်စီး
 April 29, 2024
ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်က သုံးဆယ်ရွာကို စစ်ကောင်စီ က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသမီး ၁ ဦး ထိမှန် ဒဏ်ရာရပြီးနေအိမ် ၂ လုံး ပျက်စီးတယ်လို့ TNLA က ဧပြီလ ၂၉ ရက် မှာ ထုတ်ပြန်ပါတယ်။ နောင်ချိုမြို့နယ် ၊ သုံးဆယ်ကျေးရွာ ကို အုမ္မတီးနဲ့ တန်ဘိုကျေးရွာတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ဧပြီလ ၂၇ ရက်မှာ ၃ ကြိမ်၊ ဧပြီလ ၂၈ ရက်နေ့မှာ ၃ ကြိမ် စုစုပေါင်း ၆ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ယင်း လက်နက်ကြီးတွေ ပစ်ခတ်မှုကြောင့် အသက် ၆၀ အရွယ် အမျိုးသမီး ၁ ဦးရဲ့ မျက်နှာနဲ့ လက်ကို ထိမှန်ဒဏ်ရာရရာ နေအိမ် ၂ လုံးလည်း ပျက်စီးရတယ်လို့ ပြောပါတယ်။
နောင်ချိုမြို့နယ်တွင်လတ်တလော မြေပြင်တိုက်ပွဲမရှိနေဘဲ လေယာဉ်အသုံးပြုပစ်ခတ်တိုက်ခိုက်နေတာ လက်နက်ကြီး နဲ့ ကျေးရွာတွေကို ပစ်ခတ်နေတာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။ လတ်တလောမှာ လားရှိုး၊ မူဆတယ်၊ ကျောက်မဲနဲ့ နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်က စစ်လက်နက်ပစ္စည်းတွေဖြည့်တင်းနေတာ၊ လူအင်အား ဖြည့်တင်းတာတွေလုပ်နေလိုသလို ခရီးသွားပြည်သူတွေနဲ့ ဒေသခံတွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ထုတ် ပြန်ပါတယ်။ Read ni full

၁၄။ ဒီးမော့ဆိုက စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာလိုအပ်နေ
 April 29, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ စစ်ရှောင်‌နေရတဲ့ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာနဲ့ မိုးကာတွေ လိုအပ်နေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ဧပြီလ ၂၈ ရက်နေ့က ပြောပါတယ်။ “အဓိကကတော့ ဆန်နဲ့ ရိက္ခာ တွေလိုအပ်တာပေါ့နော်။ဆီ ဆားတွေပေါ့။ အခုက တအားဈေးတက်တော့ ဝယ်မစားနိုင်ဘူးလေ ကျွန်မတို့က ဝင်ငွေလည်းမရှိဘူး လေ။ ကလေးငယ်နဲ့ဆို အခက်အခဲလည်းရှိတယ်။ အလုပ်မရှိတော့တအားခက်ခဲတာပေါ့။ မိုးကာက အိပ်ဖို့နေရာလုံဖို့လိုတာပေါ့” လို့ စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။ စိမ့်စမ်းရေ စစ်ရှောင်စခန်းမှာ အိမ်ခြေ ၃၆ အိမ်ရှိပြီး လူဦးရေ ၁၃၀ ကျော် နေထိုင်နေကာ သက်ကြီးရွယ်အို၊ကလေးငယ်နဲ့ နို့တိုက်မိခင်တို့ ၆၀ကျော် ပါဝင်နေထိုင်နေတယ်လို့သိရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေက ဒေါငံခါးရပ်ကွက် နဲ့ လွိုင်ကော်မြို့တွေကနေ စစ်ဘေးရှောင်နေကြပြီး စစ်ကောင်စီတပ်နဲ့ နီးကပ်တာကြောင့် ခုလက်ရှိအချိန်အထိ နေရပ်ပြန်ပြီး စီးပွားရေးနဲ့ တောင်ယာ လုပ်ငန်းလုပ်ကိုင်ဖို့ အဆင်မပြေသေးဘူးလို့ ဆို ပါတယ်။ ကရင်နီပြည်နယ် ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ရှောင်စခန်း ၅၀ ကျော်အထိရှိနေပြီး စစ်ဘေးရှောင်ပြည်သူအများစုက စီးပွားရေးလုပ်ကိုင်စားသောက်ဖို့ ခက်ခဲတာကြောင့် ပြည်သူလူထုက လှူဒါန်းမှုကို အားကိုးနေရကာ စစ်ရှောင်ကာလ ကြာလာ တာနဲ့အမျှ စားနပ်ရိက္ခာ ပြတ်တောက်မှုတွေ၊ သောက်သုံးရေနဲ့ မိုးကာလိုအပ်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်ပြည်သူတွေဆီ က သိရပါတယ်။ Read ni full

၁၅။ ရှမ်းနီ SNA တပ်ဖွဲ့ဝင် ၅ ဦး လက်နက်နှင့်အတူ အလင်းဝင်လာဟု ဟုမ္မလင်း ပကဖ အသိပေး
 April 30, 2024
စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ရှမ်းနီတပ်ဖွဲ့(SNA)မှ တပ်စိတ်မှုးအဆင့်ရှိရဲဘော်နှစ်ဦးနှင့် အခြားအဆင့်ရှိ ရဲဘော်သုံးဦး ပြည်သူ့ရင်ခွင်သို့ခိုလှုံလာကြောင်း ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က အသိပေးထုတ်ပြန် သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ် မှ SNAမှ ရဲဘော် ၅ ဦးသည် ဧပြီ ၂၄ ရက် တွင် ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သို့ ချိတ်ဆကိပြီး လက်နက်နှစ်လက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ခိုလှုံခဲ့ခြင်းဖြစ် သည်ဟု ဆို သည်။ SNA ရဲဘော်များမှ လက်နက်အပ်နှံခြင်းနှင့် ဟုမ္မလင်း ပကဖက SNA ရဲဘော်များအား ဂုဏ်ပြုဆုငွေပေးအပ်ခြင်း အခမ်း အနားကို ပြုလုပ်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
” SNA ရဲဘော်များအနေဖြင့် ပြည်သူများဘက်မှရပ်တည်ပြီး ပြည်သူ့ရင်ခွင်သို့ခိုလှုံလိုပါက ကျွန်တော်တို့ ဟုမ္မလင်းမြို့ နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့  သို့ဆက်သွယ်နိုင်ပါသည်။ ဟုမ္မလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှလည်း ဒေသခံတိုင်းရင်း သား SNA ရဲဘော်များကို လှိုက်လှဲစွာဖြင့်ကြိုဆိုပါကြောင်း သတင်းကောင်းပါးလိုက်ရပါသည်”ဟု ဟုမ္မလင်း ပကဖက ဖော်ပြခဲ့ သည်။ အလင်းဝင်လာသည့် ရဲဘော်များသည် HK 33 လက်နက်တစ်လက်၊ AK 1 လက်နက်တစ်လက် နှင့် ကျည်များ ယူဆောင် လာကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။ SNA တပ်သည် စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ် အစပ်ဒေသများ၌ စစ်ကောင်စီနှင့်အတူ ပူးပေါင်း စစ်ဆင်ရေးလုပ်ဆောင်နေသည့် တပ်ဖွဲ့ဖြစ်သည်။ Read ni full

၁၆။ ဒီးမော့ဆိုမှာ မြေမြှုပ်မိုင်းကြောင့် ကလေးတစ်ဦး သေဆုံး
April 29, 2024
ကယားပြည်နယ် (ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပူဖားရွာအနီးမှာ ဧပြီလ ၂၈ ရက် မနက်ပိုင်းက ကလေးတစ်ဦး မြေမြှုပ် မိုင်း နင်းမိတာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သေဆုံးသူဟာ အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးဖြစ်ပြီး ပူဖားရွာအနီးမှာ နွာကျောင်းနေချိန် မိုင်းနင်းမိခဲ့တာလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ဧပြီလ ၂၉ ရက်မနေ့က သတင်းထုတ်ပြန်ထားပါတယ်။ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားကတော့ နေရပ်စွန့်ခွာတဲ့ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ပြီးနေထိုင်ချိန် မိုင်းနင်းမိခဲ့တာလို့ ပြောပါတယ်။
“နေရပ်စွန့်ခွာရာကနေ ၂၀၂၃ နှစ်ကုန်ပိုင်းလောက်မှာ နေရပ်ပြန်လာပြီး နေထိုင်ကြတယ်။ အဲဒီက ဒေသခံတွေပေါ့။ ဒီဒေသတစ်ခွင်မှာ မိုင်းနင်းမိတာ အနည်းဆုံး ဆယ်ယောက်ဝန်းကျင် ရှိတယ်။ အခုတစ်ယောက်တော့ သေဆုံးတာပေါ့” ကယား ပြည်နယ်ထဲက စစ်ကောင်စီတပ်အခြေချ၊ တပ်စွဲခဲ့တဲ့တပ်စခန်း၊ ဘုရားကျောင်းနဲ့ နေအိမ် စုစုပေါင်းနေရာ နှစ်ရာနီးပါးမှာ မြေမြှုပ် မိုင်းတွေ ရှိနေပြီး ဒါတွေကို လက်တလောရှင်းလင်းဖို့ အခက်အခဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကယားပြည်နယ် (ကရင်နီပြည်) ထဲမှာ မြေမြှုပ်မိုင်းအန္တရာယ်က ပိုပြီးမြင့်မားလာနိုင်တယ်လို့လည်း ကိုဗညားက ပြောပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက် နိုင်ငံတစ်ဝန်း လက်နက်ကိုင် ခုခံတော်လှန်မှုတွေနဲ့အတူ မြေမြှုပ်မိုင်းကြောင့် အရပ်သား ထိခိုက်မှုတွေလည်း ပိုပြီးတိုးလာနေပါတယ်။ Read ni full

၁၇။ စစ်ကောင်စီ စစ်ကြောင်းထိုး၍ ရွှေကျင်မြို့နယ်ရှိ ကျေးရွာ(၅)ရွာမှ ဒေသခံ(၆,၀၀၀)ခန့် ရှောင်တိမ်းနေရ
April 29, 2024
ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ ဆောထိ (ရွှေ ကျင်)မြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စစ်ကြောင်းထိုးဝင် ရောက်လာသောကြောင့် ရွာ(၅) ရွာမှာ ဒေသခံ(၆,၀၀၀)နီးပါး တိမ်းရှောင်နေရကြောင်း ကေအဲန်ယူဗဟိုမှသတင်းထုတ်ပြန်သည်။ အာဏာသိမ်း စစ်ကောင်စီတပ် ဖွဲ့ဝင်များသည် ဧပြီလ(၂၆)ရက်နေ့မှစတင်ပြီး ကေအဲန်ယူထိန်းချုပ်ရာ ဆောထိ(ရွှေကျင်)မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လာသောကြောင့် ကျေးရွာ (၅)ရွာမှာ အိမ်ထောင်စု(၁,၁၄၈)စုမှ ဒေသခံစုစုပေါင်း(၅,၈၁၉)ဦးခန့် ထွက်ပြေးတိမ်းရှောင် နေရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ညောင်လေးပင်ခရိုင်၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအဲဖိုးက “လောလောဆယ် ဒေသခံတွေက နီးစပ်ရာရွာတွေမှာ ရှောင် နေတယ်။ တောမှာ ရှိတဲ့စစ်ရှောင်စခန်းတွေမှာ ရှောင်နေကြတာ မျိုးလည်းရှိတယ်။ စစ်ရှောင်နေကြ တာကတော့ နေရာတွေ တော့ မတူကြဘူးပေါ့။ အခုထိ စစ်တပ်ဘက်က စစ်ရေးလှုပ်ရှား မှုတွေရှိတုန်းပဲ။ စစ်ကြောင်းထိုးတဲ့အထဲမှာ တပ်မ(၂၂)တို့ တပ်မ (၄၄)တို့ပါတယ် သိရသလောက်တော့။ စစ်ကောင်စီအင်အားက ခန့်မှန်းခြေအရ အင်အား(၅၀၀)ကျော် လောက်ရှိတယ်။” ဟု ပြောသည်။ အဆိုပါ စစ်ကောင်စီ၏ စစ်ကြောင်းထိုးလာမှုကြောင့် ကျောက်တန်း၊ အင်္ဂနီ၊ သရက်ချောင်း၊ ပဇင်းပင်ကျောက်ပုံစိတ် နှင့် ရုံးဒိုင်း စသည့် ကျေးရွာ(၅)ရွာမှ ဒေသခံများ ထွက်ပြေး တိမ်းရှောက် နေကြရခြင်းဖြစ်သည်ဟု ကေအဲန်ယူ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Read ni full

၁၈။ သိန္နီမှာ ဗမာလူမျိုးသီးသန့်ပါတဲ့ကားကို MNDAA က ဖြတ်သန်းခွင့်မပြု
 April 30, 2024
ကိုးကန့်တပ်မတော်-MNDAA ကထိန်းချုပ်ထားတဲ့ သိန္နီမြို့မှာ ဗမာလူမျိုးသီးသန့်ပါတဲ့ကားကို ကိုးကန့်တပ်က ဖြတ်သန်း ခွင့်မပေးဘူးလို့ စုံစမ်းသိရှိရပါတယ်။ ဗမာလူမျိုးတွေအနေနဲ့ တခြားလူမျိုးစုတွေနဲ့အတူ ကားအတူစီးလာရင် ကိုးကန့်တပ်က တစ်ဦးကို ငွေ ၃၀၀၀ ကျပ်ကောက်ခံပြီး ဖြတ်သန်းခွင့်ပေးတယ်လို့ မန္တလေး-မူဆယ် ပြေးဆွဲနေတဲ့ ကားသမားတစ်ဦးက ပြောပါ တယ်။ “ဗမာသီးသန့်ဆိုရင်တော့ ပေးမဖြတ်ဘူး။ ရိုက်နှက်တာတွေတော့ မရှိဘူး။ ပြန်လှည့်ခိုင်းတာ။ တအာင်း၊ ရှမ်းတို့နဲ့ ပါလာ ရင်တော့ပေးသွားတယ်။ သိန္နီကနေ လားရှိုးသွားရင်တော့ သွားခွင့်ပေးတယ်။ အဝင်ပဲမပေးတာ”လို့ဆိုပါတယ်။ ဒါကြောင့် ဗမာလူ မျိုးသီးသန့်ပါတဲ့ကားတွေက နမ္မတူ-နမ့်ခမ်း-မူဆယ် တောလမ်းကနေ သွားလာနေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ကိုးကန့်တပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ တခြားမြို့နယ်တွေဖြစ်တဲ့ ချင်းရွှေဟော်၊ ကွမ်းလုံနဲ့ လောက်ကိုင်မြို့နယ် တွေမှာလည်း နေရပ်ပြန်လာလိုတဲ့ ဗမာလူမျိုး တွေအနေနဲ့ ထောက်ခံပေးတဲ့သူရှိမှ ကိုးကန့်တပ်က ဝင်ခွင့်ပေးတာလို့ ဒေသခံတွေ က ပြောပါတယ်။ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ  လီကျာဝင်းကတော့ ကိုးကန့်ဒေသမှာ ဗမာလူမျိုးတွေ ဝင်ခွင့်မပေးတဲ့ မူဝါဒချ မှတ်ထားတာ မရှိဘူးလို့ ပြောဆိုထားဖူးပါတယ်။ ဒါ့အပြင် ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကို ပိတ်ထားပြီး လက်ရှိ ရှမ်းမြောက်မှာ တိုက်ပွဲငြိမ်သက်နေပေမယ့် ကုန်သွယ်ရေးလမ်းကြောင့် ပြန်မဖွင့်နိုင်သေးဘဲ တော လမ်းကိုသာ အဓိကအသုံးပြု သွားလာနေကြရပါတယ်။ Read ni full

၁၉။ ဒရုန်းဖြင့် တိုက်ခိုက်ခံရ၍ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင် ၃ ဦးကျ
 April 30, 2024
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မိုင်နွဲကျေးရွာအနီး ဖြစ်ပွားနေသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲတွင် ချင်းတော်လှန် ရေးတပ် CDF–Zophai မှ တပ်ဖွဲ့ဝင်နှစ်ဦးနှင့် အခြားတပ်ပူးပေါင်းတပ်မှတပ်ဖွဲ့ဝင်တဦး ကျဆုံးသွားကြောင်း တပ်ရင်းမှူး ဒေးဗစ် က ပြောသည်။ ကျဆုံးသူ သုံးဦးမှာ ရဲဘော် လားလ်ချန့်သန်ဒန်မာ ၊ ရဲဘော် ဗန်လားလ်းရင်းငါနှင့်  SR6 တပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တဦး ဖြစ်ပြီး ဧပြီလ ၂၇ ရက်နေ့တွင် ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။“စစ်ကောင်စီတပ်ကချတဲ့ ဒရုန်းကြောင့် ရဲဘော်သုံးဦး ကျဆုံးခဲ့ရတာပါ ၊ ကတုတ်ကျင်း တူးနေတဲ့အချိန်မှာ ထိသွားတာ” ဟု CDF – Zophai မှ တပ်ရင်းမှူး ဒေးဗစ် က ပြောသည်။
စစ်ကိုင်းတိုင်း ၊ ကလေးမြို့နယ်နှင့် ထိစပ်နေသော မိုင်နွဲကျေးရွာအနီးကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက် လာ၍ ယင်းနေရာတဝိုက်တွင် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။ တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဘက်ကလည်း ထိခိုက်ကျဆုံးမှုများရှိပြီး အသေးစိတ်ကို မသိရကြောင်း တပ်ရင်းမှူးဒေးဗစ်က ပြောသည်။ မိုင်နွဲကျေးရွာနှင့် ထိစပ်နေသော ကလေးမြို့နယ်ဘက်ခြမ်းရှိ ယောက်ချိုကွင်း၊ နန်းချောင်း၊ ပျဥ်းခုံးကြီးတို့တွင်လည်း စစ်ကောင်စီတပ်ဖွဲ့နှင့် ‌ကာကွယ်ရေး ပူးပေါင်းတပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ရှိနေသည်။ Read ni full

၂၀။ အာဏာသိမ်းပြီး ၃ နှစ်အတွင်း ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ NUG ထုတ်ပြန်
 April 29, 2024
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ၃ နှစ်အတွင်း စစ်ကောင်စီရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ဆေးရုံဆေး ခန်းပေါင်း ၃၄၃ ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်း ၂၀၀ ကျော်ထိခိုက်သေဆုံးတာရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်ထားပါတယ်။ အဲဒီထဲက ကျန်းမာရေးဝန်ထမ်း ၁၀၄ ဦးသေဆုံးခဲ့ရပြီး နောက်ထပ် ကျန်းမာရေးဝန်ထမ်း ၁၃၁ ဦးထိ ခိုက်ဒဏ် ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မနေ့ကပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။ စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်တဲ့ ရပ်ရွာ၊ ဆေးရုံဆေးခန်းတွေနဲ့ အရပ်သားပြည်သူတွေကို တမင်ရည်ရွယ်ပြီး လေကြောင်းတိုက် ခိုက်မှုတွေလုပ်သလို လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ကျူးလွန်လျှက် ရှိတယ်လို့ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
ဒါ့အပြင် အခုလို ဆေးရုံးဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်မှုတွေဟာ ဂျီနီဗာ ကွန်ဗန်းရှင်း ( Geneva Conventions ) ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေကောင်စီဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထား ရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်တယ်လို့ ထောက်ပြထားပါ တယ်။ အခုလို ဖြစ်ရပ်တွေကြောင့် သေဆုံးထိခိုက်ခဲ့ရတဲ့ အရပ်သားတွေ၊ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း တရားမျှတမှု ကို ဆောင်ကျဥ်းသွားမှာဖြစ်ပြီးတော့ စစ်ကောင်စီနဲ့ သူ့ရဲ့လက်အောက်ခံအဖွဲ့အစည်းတွေကိုလည်း တရားဥပဒေအရ အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ဝန်ကြီးဌာနက ဆိုပါတယ်။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့ နောက် ပိုင်းကစလို့ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ ကျန်းမာရေးကဏ္ဍတွေနဲ့ အရပ်သားတွေအပေါ် အကြမ်း ဖက်တိုက်ခိုက်မှုတွေကို နိုင်ငံ တကာအနေနဲ့လည်း လစ်လျူမရှု ထားဘဲ အမြန်ဆုံးထိရောက်စွာအရေးယူပေးဖို့ အထူးလိုအပ်နေတယ်လို့လည်း နိုင်ငံတကာကို တောင်းဆို ထားပါသေးတယ်။ Read ni full

၂၁။ ထင်းကောက်သွားတဲ့ သားအမိနှစ်ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရ
 April 29, 2024
တနင်္သာရီမြို့နယ်၊ ရေခမ်းချောင်းရွာက ထင်းကောက်သွားတဲ့ သားအမိနှစ်ဦး ဒီကနေ့မနက်အစောပိုင်းမှာ စစ်ကောင်စီ ကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်စမှန်ပြီး ထိခိုက်ဒဏ်ရာအသီးသီးရခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။  ထိခိုက် ဒဏ်ရာရသူတွေဟာ အသက် ၃၀ ဝန်းကျင်အရွယ် နော်ကီတုတ် နဲ့ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် နော်ဝေဖာ တို့ဖြစ်ပြီး သမီး ဖြစ်သူမှာ လက်ချောင်းနှစ်ချောင်းနဲ့ ခြေမျက်စိအောက်ကနေ ခြေဖဝါးတစ်ခုလုံး ပြတ်တောက်သွားသလို မိခင်ဖြစ်သူမှာတော့ ဦးခေါင်း၊ ပေါင်၊ လက်မောင်းတွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ ကျည်စတွေထိမှန်ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။“သူတို့သားအမိနှစ်ယောက် လဲနေတဲ့နား အဝိုင်းပုံနဲ့အတွင်းကြီးတစ်တွင်းရှိနေတယ်။ မိန်းမငယ်မှာဆို ခြေထောက်တစ်ဖက် တခါ တည်းပြတ်သွားတာ။” လို့ ရေခမ်းချောင်းရွာခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတဲ့နေရာဟာ ရွာရဲ့အဖျားပိုင်းဖြစ်ပြီး ပုံမှန် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ရင် အနည်းဆုံးသုံးလုံးကနေ ငါးလုံးအထိ ပစ်လေ့ရှိပေမယ့် ဒီနေ့မနက်မှာတော့ တစ်လုံးပဲပစ်တယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။“လူမှန်းသူမှန်းကိုမသိတော့ဘူး။ အမိမှာဆို ခေါင်းထိပြီးမေ့နေတာ။ မိန်းမငယ်ပဲသတိနည်းနည်းရှိနေတယ်။  သူ လည်း အဘနာမည် မေးတာတောင်မဖြေနိုင်ဘူး။”လို့ ဒေသတွင်း ပရဟိအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အသားအမိနှစ်ဦးကို ဇဝဲရွာအခြေစိုက် ခမရ(၅၅၆)တပ်ရင်းရှေ့မှာရှိတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သား တွေရဲ့ အမိန့်အရ မြိတ်မြို့က တပ်ဆေးရုံကို ပို့ဆောင်ပေးခဲ့ရပြီး ကုသမှုခံယူနေရတယ်လို့ သိရပါတယ်။ ရေခမ်းချောင်းရွာက မြိတ်မြို့ဘက်ကိုသွားမယ်ဆိုရင် ဇဝဲရွာအခြေစိုက်ခမရ (၅၅၆)တပ်ရင်းရှေ့က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို မဖြစ်မနေဖြတ်ရ တာဖြစ်ပါတယ်။ Read ni full

၂၂။ နမ့်စန်က ရွာတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် စစ်မှုထမ်းဖို့ လူသစ်စု
 April 29, 2024
ရှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီတပ်နဲ့ မက်ကျန်ပြည်သူ့စစ် အဖွဲ့တွေဟာ စစ်မှုထမ်းဖို့ လူသစ်စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ ဧပြီလ ပထမအပတ်အတွင်းမှာ မက်ကျန်းပြည်သူ့စစ် တပ်ဖွဲအတွက် ရွာတစ်ရွာကို လူတစ်ဦးစစ်မှုထမ်းဖို့ သွားရမယ်လို့ ကျေးရွာသူကြီးတွေကို လာပြောသွားခဲ့ပါတယ်။“နောက်လ ထဲ စစ်မှုထမ်းဖို့ သွားပေးရမယ်တဲ့။ ပြည်သူစစ်တွေလည်း ဒီနှစ်မှတစ်ရွာကို တစ်ယောက် မဖြစ်မနေသွားရမယ်တဲ့ အရင်နှစ်တွေ က စစ်မှုထမ်းချင်တဲ့သူတွေကိုပဲခေါ်တယ်။ အခုစစ်ကောင်စီတပ်ဖွဲ့အတွက်လည်း စစ်မှုထမ်းရမယ်။ ရွာမှာရှိနေတဲ့ အမျိုးသား တွေတစ်ချို့က ၁၈ နှစ်မပြည့်တဲ့ ကလေးတွေပဲ ကျန်ရှိနေတယ် “ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရွာတစ်ရွာ ၂ ယောက်စစ်မှုထမ်းရမှာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ သူကြီးတွေကို စစ်ကောင်စီက စစ်မှုထမ်းမယ့်သူတွေကို အသင့်ပြင်ခိုင်းထားတယ်လို့ ဆိုပါတယ်။ စစ်ကောင်စီစစ်မှုထမ်းခေါ်ပြီးနောက်မှာ ပြည်သူစစ်တပ်ဖွဲ့ကလည်း စစ်မှုထမ်း ခေါ်တာကြောင့် ရွာခံအမျိုးသားအများစုဟာ ပြည်ပကိုထွက်ခွာ အလုပ်လုပ်ကိုင်နေကြပါတယ်။ အဆိုပါနမ့်စန်မြို့မှာ ပြီးခဲ့တဲ့ ဧပြီဒုတိယအပတ်မှာ စစ်ကောင်စီတပ်ဖွဲ့က မူးယစ်ဆေးဝါးသုံးစွဲ နေတဲ့သူ အယောက် ၃၀ ကျော်ကို စစ်မှုထမ်းဖို့ အဓမ္မခေါ် ဆောင်ခဲ့ပါသေးတယ်။ Read ni full

၂၃။ တော်လှန်ရေး သုံးနှစ်အတွင်း CDF-Thantlang ရဲဘော် ၄၀ ကျော်ကျဆုံးခဲ့
 April 30, 2024
ချင်းပြည်နယ် ထန်တလန်မြို့နယ်အတွင်းမှာ အခြေချကာ တော်လှန်ရေးလုပ်နေတဲ့ ချင်းလဲန်းကာကွယ်ရေးတပ် ထန်တလန် (Chinland Defense Force – Thantlang ) မှ တော်လှန်ရေး သုံးနှစ်တာကာလအတွင်း တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးသူ ၄၂ ဦးရှိပြီလို့ သိရပါတယ်။ တော်လှန်ရေး သုံးနှစ်အတွင်း CDF-Thantlang အနေနဲ့ ကြီးမားတဲ့ တိုက်ပွဲပေါင်း ၄၀ ကျော်ဆင်နွဲခဲ့ရာ အသက်ပေး သွားတဲ့ ရဲဘော်များအပြင် တိုင်းပြည်နဲ့လူမျိုးအတွက်တိုက်ပွဲဝင်ရင်း ခြေလက်အင်္ဂါဆုံးရှုံးသွားသူ တွေလည်း အများအပြားရှိနေပါတယ်။ ဒါ့အပြင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူအသက်ဆုံးရှုံးသူ ၂၀ နီးပါး ရှိခဲ့တယ်လို့သိရပါတယ်။
“သုံးနှစ်တာအတွင်း မှာ CDF-Thantlang အနေနဲ့ ကြီးမားတဲ့တိုက်ပွဲ ၄၀ ကျော်ဖော်ဆောင်ခဲ့ရာမှာ ရဲဘော် ၄၂ ဦးက အသက်ပေးသွားပြီး ဒဏ်ရာရသူတွေလည်းရှိတယ်။ စစ်ကောင်စီရဲ့ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကြောင့် CDF-Thantlang နယ်မြေအတွင်း ပြည်သူ ၁၇ ဦးသေဆုံးခဲ့ရတယ်” လို့ CDF-Thantlang ဥက္ကဋ္ဌ ဦးအုပ်နွန်ဘွေး (Pu Uk Nun Bawi ) က အွန်လိုင်းကနေတစ်ဆင့် ဧပြီလ ၂၈ ရက်မှာပြောကြားထားပါတယ်။ “မနှစ်တုန်းက Tilim 1 စစ်ဆင်ရေးအနေနဲ့ ထန်တလန် မြို့ ရဲစခန်းကိုသိမ်းယူနိုင်ခဲ့တယ်၊Tilim 2 စစ်ဆင်ရေးအနေနဲ့ တပ်ကုန်း အောက်နားက စစ်ကောင်စီစခန်းချထားတဲ့ Haukabung စခန်း နဲ့ Tilim 3 စစ်ဆင်ရေး အနေ နဲ့ ထန်တလန်မြို့တွင်းရှိ စစ်ကောင်စီစခန်းအားလုံးကို တစ်ပြိုင်တည်းတိုက် ခိုက်ခဲ့တယ်”လို့ ဥက္ကဋ္ဌ က ဆိုပါတယ်။ CDF-Thantlang ဟာ တော်လှန်ရေးကာလ အတွင်း စစ်ရေးအပြင် ဒေသန္တရအုပ်ချုပ်ရေးကိုလည်း ဖော် ဆောင်လျက်ရှိရာ တောင်ကြော ၅ ကြောအတွင်းရှိ ကျေးရွာပေါင်း ၅၁ ရွာမှာ အုပ်ချုပ်ရေးများ ဖော်ဆောင်နိုင်ဖို့ ဌာနဆိုင်ရာ ၉ ခု ဖွဲ့စည်းကာ အုပ်ချုပ်ရေးစနစ်ဖော်ဆောင်လျက်ရှိတယ်လို့သိရပါတယ်။ Read ni full

၂၄။ အေနောင်ပုလဲ ကျေးရွာတွင်း ရေကျောက်ရောဂါဖြစ်ပွားမှု ၃ လကြာမြင့်လာသည်ထိ ပျောက်ကင်းမှု မရှိသေး
 April 29, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းက အေနောင်ပုလဲကျေးရွာမှာ ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့တဲ့ ရေကျောက်ရောဂါဟာ လက်ရှိအချိန်ထိပြန့် ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ ၎င်းကျေးရွာတွင်း ပထမဆုံးအကြိမ် ရေကျောက် ရောဂါ ဖြစ်ပွားတာဖြစ်ပြီး အချိန်တော်ကြာသည်ထိ ပြန့်ပွားနေဆဲဖြစ်တယ်လို့ ကျေးရွာအတွင်းရှိ ကျောင်းဆရာမ တစ်ဦးက ‌ပြော ပါတယ်။“ကျောင်းမှာကလေးတစ်ယောက်က စဖြစ်ပြီဆိုရင်လေး ကိုယ်ပူတယ်ပေါ့နော။ ပြီးလို့ရှိရင် အယားဖုတွေက ပွဦးလာ တယ်။ ပွားလာပြီးတော့မှ တစ်ခြားကလေးတွေ ကူးတယ်။ အဲခါကျတော့ တစ်ခါတစ်လေဆို တစ်တန်းလုံးပိတ်လိုက်ရတဲ့ အခန်း တွေလည်းရှိတယ်ပေါ့နော။ ကျောငါးလည်းပြီးသွားရော ဒီလိုကိစ္စတွေကလည်းပြီးသွားပြီလို့ထင်ပေမဲ့ ဒီချိန်ထိ ကွက်ကြိုကွက် ကြား တစ်ယောက်စ နှစ်ယောက်စ အဲလိုပေါ့နောမွေးကင်းစအရွယ်ပြောရမလား တစ်နှစ်ကျော် ဝန်းကျင်တောင်မှ အဲလိုမျိုးရှိလာ တယ်ပေါ့”လို့ ကျောင်းဆရာမတစ်ဦးကပြောပါတယ်။
ကျေးရွာရဲ့ဆေးပေးခန်းမှာ ရေကျောက်ရောဂါအတွက် လိုအပ်တဲ့ဆေးမရှိတာကြောင့် ပါရာစီတမော၊ စီဘစ် စတဲ့ အခြေ ခံဆေးဝါးကိုသာ တိုက်နေကြရတယ်လို့ ဒေသခံတွေက  ပြောပါတယ်။ တစ်မိသားစုလုံးကူးစက်နေတာကြောင့် သားသမီးတွေရဲ့ နာကျင်မှုအပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ မိခင်တစ်ဦးကပြောပါတယ်။“သူတို့ဖြစ်နေတဲ့အချိန်ဆိုသနားတယ်။ နောက် ဆေး ဘယ်နားမှာသွားဝယ်ရမလဲ ဆေးရုံဆေးခန်းဘယ်နားမှာရှိလဲဆို အဲမျိုးစိုးရိမ်ရတာပေါ့။ နောက်သားကြီးကကျတော့ နှာလည်းနာ နေတဲ့ ချိန်သူက ညညချိန်သူထပြီးငိုတယ်လေး။အမေရေ အမေရေ နာတယ် သူပြောတဲ့ချိန်ကိုယ်ကတော့ စိတ်ထဲမှာတစ်မျိုး ခံစားရတယ်ပေါ့နော”လို့ မိခင်တစ်ဦးကပြောပါတယ်။ “ စိုးရိမ်ရလားဆိုတော့ စိုးရိမ်ရတယ်ပေါ့နော။ ဘာလို့ဆို ကလေးတွေက ကျောင်းမတက်တော့ပဲနဲ့ ဒီလိုမျိုးနေတောင်မှ ကူးစက်မှုပြန်ဖြစ်တယ်ဆိုတော့ အကြောင်းရင်းတစ်ခုတော့ ရှာရမှာပေါ့”လို့ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။  Read ni full

၂၅။ RCSS  ဖမ်းသွားတဲ့ ရပ်စောက်မှ လူငယ် ၆၀ ဒီနေ့ထိ အဆက်သွယ်မရ
  April 30, 2024
ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ဆပ်သေ-ပင်ဖြစ်လမ်းမှာ ဧပြီလ ၂၆ ရက်နေ့ကတည်းက လူငယ်အယောက် ၆၀ ဖမ်းဆီးခံခဲ့ပြီး ဒီနေ့ (ဧပြီ ၃၀)အထိ မိသားစုဝင်တွေနဲ့ အဆက်အသွယ် မရသေးဘူးလို့ ရွာခံတွေက ပြောပါတယ်။ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ တပ်မတော် (RCSS/SSA) က အသက် ၂၀ ကနေ ၃၀ ဝန်းကျင်ကြားအရွယ် အမျိုးသား တွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။ ရွာခံ တစ်ဦးက “ရှမ်းအဖွဲ့က ခဏခဏလာပြီး ခြိမ်းခြောက်တယ်။ ရှမ်းရွာတွေ ပြော တော့ RC ကဘာမှ မလုပ်ဘူးတဲ့။ ဘယ်လိုလဲ အခုတော့ မြင်ပြီမဟုတ်လား။ အဲလိုဝင်ဆွဲခံရမှ သူတို့ သိမယ်လေ” လို့ ပြောပါ တယ်။ ဖမ်းဆီးခံရသူတွေဟာ ရတနာပုံကျေးရွာနဲ့ လွယ်ဟောင်ပလောင်ရွာတို့မှာ နေထိုင်သူတွေဖြစ်ပြီး ရှမ်းတိုင်းရင်းသားတွေ အပြင် တခြားလူမျိုးတွေလည်း ပါဝင်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူ တစ်ဦးက “ဖမ်းထားတဲ့ လူတွေကို ပိုက်ဆံနဲ့ ရွေးခိုင်းမယ် ပြောနေတာ။ ရှမ်းဆို ပြန်မလွှတ်ဘူး တဲ့။ ကျမတို့က ဘေကုန်ခံပြီး တခြားရွာက အသိတွေကို ဖုန်းဆက်ပြောပြတာ အလကားပဲ၊ ဖုန်းတောင်မကိုင်ကြတော့ဘူး၊ သူတို့ ကမကြားချင်တဲ့ သဘော၊ လက်တွေ့လာခေါ်မှ ယုံမယ်လေ” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းကလည်း ရပ်စောက်မြို့နယ် တွင်းက ကျေးရွာတွေမှာ RCSS က အဓမ္မဖမ်းဆီးခေါ်ဆောင်မှုတွေ ကြုံခဲ့ရပြီး မိသားစုဝင်တွေဘက်က တစ်ဦးကို ငွေကျပ်သိန်း ၂၀ နဲ့ ပြန်ရွေးခဲ့ရတယ်လို့ ရွာခံတွေက ပြောပါတယ်။ ဒါ့အပြင် အဲဒီ ဖမ်းဆီးခံရတဲ့ရက်က ပင်ဖြစ်ကျေးရွာအုပ်စုမှာလည်း RCSS က လူသစ်စုဆောင်းခဲ့ပေမယ့် ရွာခံတွေက ဆန်အိတ်အလုံးရေ ၁၅၀၀ နဲ့ ငွေကျပ်သိန်း ၁၀၀၀ ဆက်ကြေးပေးလိုက်တာကြောင့် လွတ်မြောက်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ Read ni full

၂၆။ တိုက်ပွဲကြောင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း ရပ်တန့်
 April 29, 2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်လာတာကြောင့် သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မှု ရပ်တန့်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ သံတွဲမြို့အတွင်းမှာ ဧပြီ ၁၃ ရက်ကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲဧရိယာမှာ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအထိ ရောက်ရှိလာတာကြောင့် စီမံကိန်းရပ်တန့်သွားတာလို့ ဒေသခံတွေ ပြောပါတယ်။ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းအနီး ရေကောက်နဲ့ ပုရစ်ကျေးရွာတွေ အနီးမှာ ဧပြီ ၂၄ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သလို ၂၆ ရက်မှာလည်း ရွှေလှေတံတားအနီးမှာ တိုက်ပွဲဖြစ်လာတဲ့အတွက် စီမံကိန်းကဝန်ထမ်းတွေလည်း သံတွဲမြို့ကို ရွှေ့ပြောင်းသွားကြပြီလို့ သံတွဲမြို့ နယ် ရေကောက်ကျေးရွာသားတဦးက ပြောပါတယ်။
“ဧပြီလ ၂၆ ရက်နေ့ ရွှေလှေတံတားအနီးမှာ တိုက်ပွဲစဖြစ်တဲ့နေ့မှာ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းက ဝန်ထမ်း တွေ သံတွေကို ကားတွေနဲ့ ရွှေ့ပြောင်းသွားတာ တွေ့လိုက်တယ်။ စီမံကိန်းက တရုတ်လူမျိုးတွေလည်း အဲနေ့မှာ အကုန်ရွှေ့ ပြောင်းသွားကြတာ။ လက်ရှိမှာ စီမံကိန်းက ရပ်တန့်သွားပြီလို့ ပြောလို့ရတယ်။” ဧပြီ ၂၈ ရက်ကလည်း သူဌေးချောင်း ရေအား လျှပ်စစ်စီမံကိန်းအတွင်းမှာ နှစ်ဖက် ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းကနေ တိုက်ခိုက်ခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သံတွဲမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် ရွှေလှေ၊ ရေကောက်၊ ပုရစ်၊ ဒေါ်မြ ကျေးရွာ အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာနီးပါးက ဒေသခံ ၁၀,၀၀၀ နီးပါးဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါ တယ်။ သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၀၈ ခုနှစ်ကတည်းက စတင်တည်ဆောက်နေတာဖြစ်ပြီး ၈၀ ရာခိုင်နှုန်းပြီးနေပြီလို့ ဒေသခံတွေကပြောပါတယ်။ Read ni full

၂၇။ မူဆယ် SSPP/SSA က ဒုစရိုက်မှုလုပ်ကိုင်နေသူများကို သတိပေး၊ လူမျိုးဘာသာမရွေး တားဆီးနှိမ်နှင်းမည်ဟုဆို
 April 29, 2024
သျှမ်းပြည် မူဆယ်မြို့နယ်တွင် ဒုစရိုက်လုပ်ငန်းလုပ်ကိုင်နေသူများကို ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၂၈ ရက်တွင် မူဆယ်မြို့နယ်ရှိ SSPP/SSA တပ်ဖွဲ့၏ ရွှေလီဒေသ ကွပ်ကဲရေးတပ်မ (၉၈၉) မှ ပြန်ပေးဆွဲခြင်း၊ လူသတ်လုယက်မှုနှင့် ခိုးဆိုးလုနှိုက် ဓါးပြတိုက်မှု စသည့် မကောင်းမှု ဒုစရိုက်လုပ်ငန်း လုပ်ကိုင်နေသူများကို လူမျိုးဘာသာမရွေး ထိရောက်စွာ တားဆီးနှိမ်နှင်းသွားမည်ဟု ထုတ်ပြန်လာ ကြောင်း မူဆယ်ဒေသခံများကပြောသည်။“လူထုကလည်း သူတို့အပေါ်ယုံကြည်မှုရှိလာအောင် စာထုတ်တဲ့အတိုင်းလုပ်ဆောင် ချက်တွေ တစ်ထပ်တည်း ကျဖို့လိုတာပေါ့။ ဒုစရိုက်မှု လုပ်နေတဲ့လူတွေက မြို့ထဲမှာ၊ စစ်ကောင်စီကလည်း မြို့ထဲမှာ ရှိနေသေး တာပဲ။ SSPP အနေနဲ့ကတော့ မြို့ပတ်လည်မှာ ရှိတာမှန်ပေမယ့် မြို့ပေါ်မှာ တကယ်ကော လှုပ်ရှားနိုင်မလားဆိုတာ မေးစရာရှိ တာပေါ့”ဟု မူဆယ်မြို့မှ ကုန်သည်တစ်ဦးက ပြောသည်။ “လူမျိုးဘာသာမရွေးလို့ ပြောထားတော့ ပြန်ပေးဆွဲ၊ ဓားပြတိုက် လုပ်စားနေတာက ပြည်သူ့စစ်နဲ့ စစ်ကောင်စီ လက်အောက်ခံဆိုရင် SSPP က ဘယ်လိုအရေးယူမလဲပေါ့၊ တကယ်ဆိုရင် ဒီလို ထုတ်ပြန်ချက်မျိုးက လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ထွက်ခဲ့သင့်တယ်။ ဒီလုပ်စားနေတဲ့အဖွဲ့တွေ ဘယ်လိုလှုပ်ရှားဦးမလဲဆို တာ အခြေအနေကို စောင့်ကြည့်ရဦးမှာပေါ့”ဟု မူဆယ်မြို့မှ ၎င်းကုန်သည် အမျိုးသားက ဆက်ပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၂၂ ရက်ကလည်း မူဆယ်မြို့ရှိ ဓားပြတိုက် ပြန်ပေးဆွဲအဖွဲ့တစ်ခုမှ လူငယ် ၉ ယောက်ကို စစ်ကောင်စီ တပ်နဲ့ ပြည်သူ့စစ်များက ဖမ်းဆီးခဲ့ပြီး မူဆယ်စစ်ဗျူဟာတွင် စစ်မေးပြီးနောက် ၎င်းတို့အထဲမှ ၈ ဦးကို သတ်ဖြတ်ခဲ့ကြောင်း မူဆယ်ဒေသခံများက ပြောသည်။“မူဆယ်မှာက စစ်ကောင်စီကိုယ်တိုင်လည်း သူ့အတွက်တောင် လုံခြုံရေးမယူတော့ဘူး။ သေနတ်ကိုင်ထားတဲ့ ပြည်သူ့စစ်တွေလည်း အဖွဲ့ ၂၀ ကျော်ရှိတာ။ မြို့ပတ်လည်မှာ မဟာမိတ်တွေ ဝိုင်းထားတော့ အရင်လို အပြင်ထွက်ပြီး ငွေရှာလို့ မရတော့ဘူး၊ အဲ့တော့ မြို့ထဲရှိတဲ့ ပြည်သူဆီကနေပဲ ရတဲ့နည်းနဲ့ ငွေရှာနေတာ။ တရားဥပဒေစိုးမိုးမှုက လုံးဝ ပျက်စီးသွားပြီ”ဟု သျှမ်းပြည်အရေး လေ့လာသုံးသပ်သည့် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ လက်ရှိ တွင် မူဆယ်မြို့နယ်အတွင်း သွားလာလှုပ်ရှားနေသည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့များမှာ ကောင်းခါး၊ မြို့မ၊ ပန်းဆေး၊ လုံထန်၊ ပိန်းဆာ၊ မန်ဂျယ်၊ စိန်ကျော့၊ မန်ပြိန်း၊ ရှောက်ဟော်၊ တာမိုးညဲ၊ မုံးပေါ် စသည်ဖြင့် ၁၅ ဖွဲ့ထက်မနည်း ရှိနေ သည်။ Read ni full

၂၈။ စစ်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ၄၀ ရာခိုင်နှုန်း လျော့ကျနိုင်
 April 29, 2024
မြန်မာစစ်အစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေအကြား လက်နက်ကိုင်ပဋိပက္ခကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပမာဏ ၄၀ ရာခိုင်နှုန်းလောက် လျော့ကျသွားနိုင်တယ်လို့ Federation of Thai Industries (FTI) ရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ် သတင်းစာက ဖော်ပြပါတယ်။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ကနေ မြန်မာနိုင်ငံ မြဝတီမြို့ကို လူသုံးကုန် ပစ္စည်းတွေနဲ့ လျှပ်စစ်ဓာတ်အားကို အဓိကတင်သွင်းတာ ဖြစ်ပါတယ်။ အာရှအမြန်လမ်းမကြီးဟာလည်း မြဝတီကိုဖြတ်ပြီး တာ့ခ် ခရိုင်နဲ့ ရန်ကုန်ကို ချိတ်ဆက်ပေးထားတာပါ။“ထိုင်းနဲ့ မြန်မာအကြား စုစုပေါင်း နယ်စပ်ကုန်သွယ်မှုက တနှစ်ကို ဘတ် ၁၀၀ ဘီလီယံအထိရှိပါတယ်”လို့ FTI အောက်က နယ်စပ်ကုန်သွယ်ရေးဆပ်ကော်မတီဥက္ကဋ္ဌ ဆူရီယွန်တူချင်ဒါက သုံးသပ်ပါတယ်။
စီးပွားရေးအတွက် စစ်အစိုးရနဲ့ ကရင်တိုင်းရင်းသားအဖွဲ့တွေအကြား အဖြေရှာနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း တူချင်ဒါက ဆိုပါတယ်။ ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း ထိုင်းကနေ မြန်မာကို တင်သွင်းတဲ့ ထိပ်ဆုံးပစ္စည်း ၁၀ မျိုးဟာ ဘတ် ၂၇ ဒသမ ၅ ဘီလီယံ ရှိခဲ့ပြီး ဒါတောင်မှ နှစ်အလိုက်ယှဉ်ရင် ၀ ဒသမ ၉ ရာခိုင်နှုန်း လျော့သွားတာဖြစ်ပါတယ်။ ဒီဇယ်၊ အဖျော်ယမကာ၊ ရော်ဘာနဲ့ သကြားတင်သွင်းမှုတွေ တက်လာပေမဲ့ ကွန်ပျူတာနဲ့ ကွန်ပျူတာ အစိတ်အပိုင်းတွေ တင်သွင်းမှု ကျသွားသလို တခြားစက်မှုထုတ်ကုန်တွေ တင်သွင်းမှုလည်း ကျသွားတယ်လို့ ဆိုပါတယ်။ အတွင်းလောင်အင်ဂျင်သုံးယာဉ်တွေ တင်သွင်းမှုက ၁၈ ရာခိုင်နှုန်းကျော် ကျသွားပေမဲ့ အစိတ်အပိုင်းတွေ တင်သွင်းမှုကတော့ ၆ ဒသမ ၆၁ ရာခိုင်နှုန်း တက်လာတယ် လို့ ဆိုပါတယ်။ FTI ရဲ့ အချက်အလက်တွေအရ ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနဲ့ ကုန်သွယ်မှုဟာ ၂၄ ရာခိုင်နှုန်းရှိပြီး မလေးရှားနဲ့ ၃၁ ရာခိုင်နှုန်း၊ လာအိုနဲ့ ၂၈ ရာခိုင်နှုန်း၊ ကမ္ဘောဒီးယားနဲ့ ၁၇ ရာခိုင်နှုန်း ရှိပါတယ်။ Read ni full

၂၉။ ဖားကန့်သွားမယ့် မြေသယ်ကား ၇ စီးကိုဖမ်းဆီးပြီး စစ်ကောင်စီ မီးရှို့ဖျက်ဆီး
 April 29, 2024
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန်းခွင်တံတားအကျော် ပွင့်ဖြူစစ်ကောင်စီဂိတ်စခန်းမှာ ဖားကန့်သွားမယ့် မြေသယ် ကား ၇ စီးကို စစ်တပ်ကဖမ်းဆီးခဲ့ပြီး မြန်မာကျပ်ငွေ သိန်း ၂ ထောင်အခွန်ဆောင်ပြီးရွေးရမယ်လို့ဆိုကာ ငွေမပေးလို့ ကားတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲ့ဒီ မြေသယ်ကား ၇ စီးဟာ တရုတ်ပြည်နယ်ကနေဝင်လာတဲ့ မြေ သယ် ကားကြီးတွေဖြစ်ပြီး ဖားကန့်မြို့ကကျောက်စိမ်း လုပ်ကွက်တွေမှာအသုံးပြုဖို့ ဖားကန့်ကိုသွားတဲ့အချိန် မနေ့က မနက်ပိုင်း မှာ ပဲဖမ်းဆီးခံရကာ ၁၀ နာရီဝန်း ကျင်လောက်မှာ မီးရှို့ဖျက်ဆီးခံခဲ့ရတာလို့ ဒေသခံတစ်ယောက်ကပြောပါတယ်။“တရုတ်ပြည် က ဝင်လာတဲ့မြေသယ်ကားအကြီးကြီးတွေပေါ့ ၇ စီးတဲ့ဗျ စစ်ကောင်စီနဲ့ပြည်သူ့စစ်တွေပေါင်း ပြီး မီးရှို့လိုက်တာတဲ့ သူတို့က သိန်းထောင်ချီတောင်းတယ်တဲ့ အဖွဲ့တွေလည်းများတယ်ဗျအဲ့လမ်းက ပေးရကမ်းရတာ အဆင်မပြေဘူးလား ဘယ်လိုလည်း တော့မသိဘူး ပွင့်ဖြူဂိတ်နဲ့အဲ့နားကရွာကြားပေါ့”လို့ပြောပါတယ်။

မြေသယ်ကားတွေကို ဖမ်းဆီးမီးရှို့ခဲ့တာကတော့ ဟိုပင်မြို့နယ်က ခလရ ၄၀ ၊ မိုးညှင်းမြို့နယ်အခြေစိုက် ခလရ ၁၅ နဲ့ ဟိုပင်ဒေသတစ်ဝှိုက်က ပြည်သူ့စစ်တွေပေါင်းပြီး အခုလိုလုပ်ခဲ့တာလို့ ဒေသခံတွေကပြောပါ တယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း ဒီကနေ့ မနက်ပိုင်း ၇ နာရီဝန်းကျင်လောက်မှာ ဟိုပင်မြို့နယ်အခြေစိုက် ခလရ ၄၀ တပ်ရင်းကနေ လက်နက်ကြီးတွေဆက်တိုက် ပစ်ခတ်တာတွေလုပ်နေတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။ မိုးကောင်း၊ဟိုပင်နဲ့ မိုးညှင်းဒေသတစ်ဝှိုက်မှာ ပြီးခဲ့တဲ့ ဧပြီလ ပထမအပတ်လောက်ကတည်းကစတင်ပြီးတော့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေပူးပေါင်းပြီး ဂိတ်တွေအထိုင်ချကာ ငွေ ကြေး ကောက်ခံတာတွေ ဆက်တိုက်လုပ်လာတယ်လို့ ဒေသခံတွေကပြောပါတယ်။ Read ni full

၃၀။ ရေဖြူမြို့နယ်၊ ဇာဒီရွာနဲ့ခေါင်ပြန်ရွာကြားက ကားလမ်းပိုင်းကိုစစ်ကောင်စီက ဖျက်ဆီး
 April 30, 2024
ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာနဲ့ခေါင်ပြန်ကျေးရွာကြားက ရွာချင်းဆက်ကားလမ်းကို စစ်ကောင်စီတပ်သားတွေက မြေတူး ပြီးဖျက်ဆီးလိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့ကမွန်းလွဲ ၂ နာရီလောက်မှာ မောရဝတီရေတပ်က စစ်ကောင်စီ ကား တွေနဲ့ ဘက်ဖိုးကားတစ်စီးတို့ရောက်လာပြီး ကွန်ကရစ်လမ်းပိုင်းနှစ်နေရာကို ကန့်လန့်ဖြတ်တူးချပြီးလမ်းပိုင်းကို ဖျက်ဆီးလိုက်တာပါ။ “ကွန်ကရစ်လမ်းကြီးကို တူးဖြိုလိုက်တာဗျာ။ အကုန်ဒုက္ခရောက်ပြီ။ ဘာကားမှကို သွားလို့မရတာ့ဘူး” လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ အဲဒီလမ်းပိုင်းဟာ ဇာဒီရွာနဲ့ ခေါင်ပြန်၊ ဒိုက်တကော်ရွာချင်းဆက်လမ်းဖြစ်ပေမဲ့ ကံပေါက် ဒေသနဲ့ နဘုလယ်ဒေသကိုလည်း ဆက်သွယ်ထားတဲ့ လမ်းပိုင်းဖြစ်ပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ ဇာဒီရွာအထွက်လမ်းဆုံအနီးမှာ တစ်နေရာနဲ့ နောက်ထပ်တစ်ဖာလုံခန့် အကွာမှာ တစ်နေရာ လူတစ်ရပ်စာလောက်အနက်ရှိတဲ့ကျင်းတွေတူးပြီး ဖျက်ဆီးလိုက်တာဖြစ်ပါတယ်။ ဒါ့အပြင်ဇာဒီရွာရဲ့ အရှေ့ဘက်က ဥယျာဥ်ခြံထဲကိုဝင်တဲ့ မြေသားလမ်းမှာလည်း အလားတူမြေတူးပြီးဖျက်ဆီးထားတယ်လို့ ဒေသခံကဆိုပါတယ်။ အဲဒီလိုလမ်းတွေ ကို မဖြတ်ဆီးခင် မနေ့ကနလယ်ပိုင်းမှာလည်း ဇာဒီရွာတဝိုက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက လမ်းသွား လမ်းလာနဲ့ ခြံတွေထဲကအမျိုးသား ခြောက်ဦးခန့်ကိုအရင်ဆုံး ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။ ရေဖြူမြို့နယ်က ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကတော့ စစ်ကောင်စီတပ်ဟာ မောရဝတီရေတပ်စခန်းဌာနချုပ်နဲ့ ခလရ (၂၇၃) တပ်ရင်းတွေ ကို လာရောက်တိုက်ခိုက်မှာကို စိုးရိမ်ပြီး အခုလို ကားလမ်းကိုဖြတ်တောက်တာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုပါတယ်။ Read ni full

၃၁။ မိုးမိတ်-တွင်းငယ်လမ်းကို နံနက် ၆ မှ ည​နေ ၆ နာရီအတွင်းသာအသုံးပြုရန် ABSDF ထုတ်ပြန်
 April 30, 2024
ရှမ်းပြည်နယ်မြောက်ပိုင်း၌ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့နေ​သော​ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF) ကမိုးမိတ်-တွင်းငယ် လမ်းမကြီးအသုံးပြုခွင့်အချိန်ကို ကန့်သတ်လိုက်သည်။ မိုးမိတ်- တွင်းငယ်လမ်းမသည် ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နှင့်မန္တလေးတိုင်း သပိတ်ကျင်းမြို့ကို ချိတ်ဆက်ထားသည့် လမ်းပိုင်း ဖြစ်ပြီး နံနက် (၆) နာရီ မှ ညနေ (၆) နာရီ အထိသာ ဖြတ်သန်းသွားလာရန် နှင့် မဖြစ်မနေသွားရမည်ဆိုပါက သက်ဆိုင်ရာနယ် မြေ တာဝန်ရှိသူများထံ သတင်းပေးပို့ရန် ABSDF က အသိပေးထားသည်။ ကုန်တင်ကားများ၊ လိုင်းကားများနှင့် အိမ်စီးကားများ အနေဖြင့် မိုးကာဖုံးအုပ်၍မောင်းနှင်ခြင်း၊ မှန်ပိတ်မောင်း နှင်ခြင်းများနှင့် အရှိန်ပြင်းစွာမောင်းနှင်ခြင်းများမပြုလုပ်ရန်၊ လုံခြုံရေး အရတားဆီး၍ စစ်ဆေးမေးမြန်းမှုများကို ကြည်ဖြူစွာ လက်ခံရန် တိုက်တွန်းထားသည်။ လိုက်နာဆောင်ရွက်မှု မရှိပါက ဖြစ်ပေါ် လာမည့် အကျိုးဆက်များအားလုံးဝတာဝန်ယူဖြေရှင်းပေးမည် မဟုတ်ကြောင်း ABSDFက အသိပေးထုတ်ပြန်ထားသည်။

“တွင်းငယ်လမ်းက မိုးမိတ်ကနေ သပိတ်ကျင်းလည်းသွားလို့ရသလို မန္တလေးအထိလည်းသွားလို့ရပြီးတော့ စစ်ကောင်စီ က ဒီလမ်းကိုအသုံးပြုပြီး အင်အားတိုးနေတာတွေ့တယ်။ အဓိကက အရပ်သားလုံခြုံရေးပဲ” ဟု မိုးမိတ်မြို့မှ ဒေသခံတဦးကပြော သည်။ စစ်ကောင်စီသည် နည်းမျိုးစုံသုံး၍ ABSDF အမှတ်(၂) စစ်ကြောင်း လှုပ်ရှားနယ်မြေများကို ဖြတ်သန်းသွားလာခြင်း၊ စစ်အင်အားပေးပို့ခြင်းများ နှင့် လက်နက်ခဲယမ်း၊ ရိက္ခာပို့ ဆောင်ခြင်းများကို အရပ်သားပြည်သူများအသွင်ဆောင်၍ လည်း ကောင်း၊ ပြည်သူပိုင် နှင့် ပရဟိတအသင်းပိုင် မော်တော်ယာဉ်များကို အသုံးပြု၍လည်းကောင်း ဖြတ်သန်းသွားလာရန် ကြိုးစား လျက်ရှိနေကြောင်းလည်း အသိပေးထားသည်။ လမ်းအသုံးပြုခွင့်အချိန်အားကန့်သတ်ခြင်းသည် အများပြည်သူ ထိခိုက်နစ်နာမှု မရှိစေရန်နှင့် စစ်ကောင်စီတပ်များကို ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်နိုင်ရန် ထုတ်ပြန်ခြင်းဟုရှင်းလင်းအသိပေးထားသည်။ မိုးမိတ်မြို့မှ စစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ABSDF၊ PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဇန်နဝါရီလတွင် တိုက်ခိုက်ခဲ့သော်လည်း ဒေသတွင်းစစ်ရေးနှင့်နိုင်ငံရေးအခြေအနေများကြောင့် ပြန်လည်ဆုတ်ခွာခဲ့သည်။  Read ni full

၃၂။ AA တိုက်ခိုက်မည်ကို စိုးရိမ်၍ စစ်ကောင်စီက စစ်တွေမြို့ ပတ်ပတ်လည်တွင်  မြေမြှုပ်မိုင်းများ ထောင်ထား
 April 30, 2024
ရခိုင်ပြည်၊ စစ်တွေမြို့ အဝင်အထွက်နှင့် စစ်ကောင်စီ၏ တပ်အနီးတစ်ဝိုက်တွင် မြို့ခံများထွက်သွား၍ မရအောင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း မြို့ပေါ်မှ ထွက်ပြေးလွတ်မြောက်လာသူနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူများက ပြော သည်။ တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်တွင် စစ်ကောင်စီ လက်ရှိစိုးမိုးထားသည့် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲနှင့် တောင်ကုတ်၊ အမ်းတို့တွင် စစ်ကောင်စီက မြေမြှုပ်မိုင်းများ ထောင်ထားမှုများ ရှိကြောင်း တပ်အတွင်း နေထိုင်သူများက ပြော သည်။ ယင်း အထဲတွင် စစ်တွေမြို့အဝင်အထွက် တပ်ထိန်းဂိတ်၊ စက်ရုံစုရပ်ကွက်မှ အမှတ် ၁၂ ရဲတပ်ရင်း၊ ဆပ်ရိုးကျ တံတားအနီး ကျေးတော ပိုက်ဆိပ်နှင့် ရွှေပြည်သာရပ်ကွက်၊ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်း အနီးတစ်ဝိုက်များတွင် မြေမြှုပ်မိုင်းများထောင်ထားခြင်း ဖြစ်သည်။
စစ်တွေဒေသခံတစ်ဦးက “စစ်တွေမြို့ကို အဝင်အထွက်ကို စစ်ကောင်စီက ပိတ်ထားတာဗျ။ မြို့ပတ်ပတ်လည်မှာလည်း မြေမြှုပ်မိုင်းတွေ ထောင်ထားတယ်။ ဘယ်ကနေ သွားသွား အဖမ်းမခံရရင် မိုင်းထိတယ်။ လုံးဝကို ထွက်လို့ မရဘူး။ တကယ်လို့ ထွက်လို့ မိသွားရင်တော့ အဖမ်းခံရတာပဲ။ အဖမ်းခံနေရာတာလည်း အများကြီး၊ တစ်ခု ရှိတာက စစ်တွေမြို့က ထွက်ချင်ရင် အပြင်ပေါက် ဈေး ၃ သိန်းကနေ ၄ သိန်း အထိ ရှိတယ်” ဟု ပြောဆိုသည်။ ကျောက်ဖြူမြို့ ဧရိယာ အတွင်းစစ်ကောင်စီက ထောင် ထားသည့် မိုင်းကြောင့် သေဆုံးသူ ၅ ဦးထက်ရှိပြီး ဒဏ်ရာရရှိသူ ၂၀ ဝန်းအထိ ရှိကြောင်း စစ်တွေမြို့အတွင်းလည်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိသူများရှိကြောင်းပြောသည်။ ထို့အပြင် စစ်တွေမြို့လက်ရှိအခြေနေမှာ ဒေသခံများအနေဖြင့် ဝမ်းရေးအလုပ် ကိုင်များကိုလည်း လုပ်ကိုင်ခွင့်မရတော့ခြင်း၊ ကုန်စျေးနှုန်းလည်း အဆမတန်မြင့်လာခြင်းများဖြစ်နေသည်ဟု စစ်တွေမြို့ခံ တစ်ဦးကပြောသည်။ Read ni full

၃၃။ လူ ၅ ဦး သေဆုံးခဲ့သည့် ဝမ္မသူးဆေးရုံကို စကစတပ်က လေကြောင်းမှ ထပ်မံတိုက်ခိုက်
 April 29, 2024
ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် လူငါးဦးသေဆုံးခဲ့သည့် ချင်းပြည်နယ်၊ မင်းတပ် မြို့နယ်ရှိ ဝမ္မသူးဆေးရုံ ကို (ဧပြီလ ၂ ၈ရက်) မွန်းလွဲ ၂ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခဲ့သည်။ ယခုတိုက်ခိုက်မှုတွင် ယခင်ကဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့်ဝမ္မသူးဆေးရုံ ထပ်မံထိခိုက်ပျက်စီးခဲ့ပြီး ဆေးရုံး အနီး နားကျေးရွာရှိ လူနေအိမ်အချို့လည်းထိမှန်ပျက်စီးခဲ့ကြောင်း မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ ဆလိုင်းယောမန် က ပြောသည်။“နောက်ထပ်ဗုံးထပ်ကြဲသွားပြန်ပါတယ်၊ ထိခိုက်မှုကတော့ ဆေးရုံပါပဲ၊ ပြီး တော့ ဒေသခံနေအိမ်တွေပါ့” ဟု ဆလိုင်း ယောမန်က ပြောသည်။
ဧပြီလ ၂၅ ရက်နေ့ညက ဖြစ်ပွားခဲ့သည့် ဝမ္မသူးတိုက်နယ်ဆေးရုံ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံရမှုတွင် ဆေးရုံ တက်ဆေးကုသမှု ခံယူနေသည့် လူနာ လေးဦးနှင့် လူနာစောင့်တဦး စုစုပေါင်း ငါးဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဝန်း ကျင်ခန့်ရှိခဲ့သည်။ ထို့ပြင် ဆေးရုံသုံး ကိရိယာများ အပါအဝင် အသုံးဆောင်ပစ္စည်းများလည်း ပျက်စီးခဲ့ရာ ဆုံးရှုံးမှု ကာလတန်ဖိုး ကျပ်သိန်း ၁၀,၀၀၀ ခန့် ရှိကြောင်း ပြည်သူ့ အုပ်ချုပ်အရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဝမ္မသူးဆေးရုံ ဗုံးကြဲခံရမှုနှင့် ပတ်သက် ပြီး လူသားစာနာထောက်ထားမှု အကူအညီများကို ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များကိုလည်း ပြင်းပြင်းထန်ထန်အရေးယူ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ချင်းပြည် (Chinland) အစိုးရက ထုတ်ပြန်ထားသည်။ Read ni full

မှတ်ချက်။          သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။

Related Articles

Back to top button