သတင်းဆောင်းပါး

ကချင်လွတ်လပ်ရေးတပ်(KIA)၏ စစ်ဆင်ရေးနှင့် ကချင်ဒေသက စစ်ကောင်စီတပ်

ကချင်လွတ်လပ်ရေးတပ်(KIA)၏ စစ်ဆင်ရေးနှင့် ကချင်ဒေသက စစ်ကောင်စီတပ်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ – ထိန်မောင်နော်တောင် | သတင်းဆောင်းပါး
ဧပြီ ၁၊ ၂၀၂၄

 “ကချင်မြေကိုလာပါ တကယ်ပျော်တယ်နော”

ဆိုသည့်အတိုင်း ကချင်ပြည်နယ်သည် သဘောဝတောတောင်ကြီးများဖုံးလွှမ်းထားသည့် ပြည်နယ်ဖြစ်ကာ ခါကာပိုရာဇီတောင်နှင့် မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီး အစပျိုးရာ ဒေသဖြစ်သည်။ ဆောင်းရာသီအချိန်၌ တောင်တက်သမားများ၏ စိတ်ကို ဆွဲဆောင်မှုအပေးနိုင်ဆုံး ပြည်နယ်တခုလည်း ဖြစ်သည်။ ထို့အပြင် ဖုန်ကန်ရာဇီ ရေခဲတောင်တက်ဖို့ရန် လာရောက်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည် များနှင့် ပြည့်နှက်လျှက်ရှိ၏။

သို့သော် ကချင်ပြည်နယ်သည် ထင်သလောက် ပျော်စရာကောင်းလှသည်တော့မဟုတ်။

အဘယ့်ကြောင့်ဆိုသော် ကချင်ပြည်နယ်၌ ၂၀၁၁ ခုနှစ်မှစ၍ မြန်မာစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တစ်‌ကျော့ပြန်တိုက်ပွဲဖြစ်ပွားလာသည်မှာ လက်ရှိအချိန်ထိပင်ဖြစ်သည်။ ထိုသို့ နှစ်ကြာရှည် စစ်ပွဲကြီး စစ်ပွဲငယ်များစွာ ဖြစ်ပွားသည်နှင့်အမျှ ကချင်ဒေသတွင်း စစ်ဘေးရှောင်ဦးရေနှင့် ပျက်စီးသွားရသော ကျေးရွာများ သည် များတထက် များလာသည်။ ထို့အပြင် KIA သည် ၎င်းတို့၏ တပ်စခန်းမြောက်များစွာကိုလည်း လက်လွှတ် လိုက်ရသည်။ ဤအခြေအနေတွင် အောင်မြင်မှုထက် ဆုံးရှုံးမှုသာများလှသည့် ကချင်ပြည်တွင်းစစ် နှင့် KIA အပေါ် အချို့သော ကချင်လူထုရဲ့အမြင်တွင် သံသယစိတ်ဝင်စပြုလာသည်။ 

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ နိုင်ငံတော် အာဏာကို မြန်စစ်တပ်က မတရား ပြန်လည်သိမ်းယူးပြီးနောက် ပေါ်ပေါက်လာသော တော်လှန်ရေးအင်အားစုများပေါ် ကချင်လွတ်လပ်ရေးတပ် (KIA)သည် လက်တွဲခေါ်၍ ပံ့ပိုးကူညီမှုများစွာပေးခဲ့သည်။ ထို့အပြင် စစ်ရေးအနေဖြင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း တို့တွင် စစ်ကောင်စီနှင့်  ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်များကြား တိုက်ပွဲကို KIA က ဦးစီးဦးဆောင်ပြု၍ ပါဝင်တိုက်ပွဲဝင် လျက်ရှိ သည်။ စစ်ကိုင်းတိုင်းအတွင်း ရွှေပြည်အေး၊ ကောင်လင်း၊ မော်လူး၊ ခမ်းပတ် စသည့် မြို့တို့ကိုလည်း KIA ၏ စစ်ရေး ဦးဆောင်မှုဖြင့် သိမ်းပိုက်နိုင်ခဲ့သည်။ အလားတူ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်လည်း စစ်ကောင်စီနှင့် KIA တို့ တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားနေသည်ကိုတွေ့ရသည်။

ထိုသို့သော အခြေအနေတွင် ၂၀၂၄ ခုနှစ်၊ မတ်လ (၇)ရက်နေ့မှစပြီး ကချင်လွတ်လပ်ရေးတပ် (KIA)သည် ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်စပြုခဲ့သည်။ ထိုစစ်ဆင်ရေးကို ကချင်လွတ်လပ်ရေးတပ် (KIA) အနေဖြင့် တိတိမတ်မတ် ခေါင်စဉ်ပေးထားခြင်းမရှိသော်လည်း မတ်လ ၇ ရက်နေ့ တွင် စတင်ခဲ့သော​ကြောင့် ၀၃၀၇ စစ်ဆင်​​ရေးဟု စစ်​ရေး​လေ့လာသူတချို့က ​ခေါ်ဆိုကြသည်။

ကချင်လွတ်လပ်ရေး တပ် (KIA) ၏ ဤထိုးစစ်သည် စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်​ကျော်အတွင်း အပြင်းထန်ဆုံး စစ်ဆင်ရေးဟုဆိုရမည် ဖြစ်ပြီး၊ ၎င်းတို့အပေါ် သံသယစိတ်ဝင်နေကြသည့် ကချင်လူထုတွေရဲ့ အမြင်ကို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့သည်။ KIA ၏ ၀၃၀၇ စစ်ဆင်ရေးတွင် မဟာမိတ်တပ်ဖွဲ့များဖြစ်သည့် ရက္ခိုင့်တပ်တော် (AA)၊ ABSDF ကျောင်းသားတပ်၊ KPDF, PDF နှင့် အခြားတော်လှန်ရေးအဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် မြန်မာပြည်သူများ သည်လည်း ကချင် ဘာသာ စကားဖြင့် “အောင်မြင်ပါစေကြောင်း” ဆိုတဲ့ Awng Dang ဆိုပြီး လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထောက်ခံအားပေး စကားဆိုကြသည်။

 ဤသို့ KIA အနေဖြင့် ကာလအတန်ကြာ စစ်ကောင်စီတပ်အား ခံစစ်ဖြင့်သာ ခုခံရာမှ အမှတ်မထင် ထိုးစစ်စတင် ကာ မြို့သိမ်းတိုက်ပွဲသို့ ဦးတည်လာနေပြီ ဖြစ်သောကြောင့် ကချင် လူထုတွေအနေဖြင့် ဒီအတွက် အဆင်သင့်ဖြစ်နေပြီ လားဆိုသည့် မေးခွန်းရှိလာသည်။

ကချင်ဝါရင့် နိုင်ငံရေးသမား တဦးက လက်ရှိ ကချင်လွတ်လပ်ရေးတပ် (KIA) ၏ ၀၃၀၇ စစ်ဆင်ရေးသည် သမိုင်း တွင် ထင်ကျန်စေမည့် စစ်ဆင်ရေးဖြစ်နိုင်သည်ဟု မှတ်ချက်ပြုသည်။

“ကျနော့်အထင်ကတော့ အခု KIA ကဖာ်ဆောင်နေတဲ့ ၀၃၀၇ စစ်ဆင်ရေးက တစ်စုံတစ်ခုကို ပြောင်းလဲစေနိုင်တဲ့ စစ်ဆင်ရေးပဲဖြစ်ပါလိမ့်မယ်။ ပြီးတော့ ကချင်ပြည်သမိုင်း၊ ကချင်လူထုသမိုင်း နောက်ပြီး သူတို့ KIA ရဲ့ သမိုင်း စာမျက်နှာမှာ ဒီစစ်ဆင်ရေးက သမိုင်းမှတ်တိုင်တစ်ခုကို ရေးထိုးပါလိမ့်မယ်”

တဖက်တွင် ထိုသို့ ကချင်ပြည်တွင်း စစ်ပွဲများပြင်းထန်လာခြင်းနှင့်အတူ ပြည်သူလူထု၏ စားဝတ်နေရေး၊ ကုန်ဈေးနှုန်းမြင့်မားမှု စတဲ့ အခက်အခဲများစွာလည်း ကြုံတွေ့လာနိုင်သည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် KIA ၏ စစ်ဆင်ရေးသည် တစ်လရှိလာပြီဖြစ်ပြီး KIA ဌာနချုပ် လိုင်ဇာအနီးရှိ စစ်ကောင်စီ တပ်စခန်း အားလုံး ကင်းစင်အောင် တိုက်ထုတ်နိုင်ခဲ့ကာ မြစ်ကြီးနား – ဗန်းမော်လမ်း တလျှောက် ဝိုင်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းများ တပ်ရင်းဌာနချုပ်အများအပြား သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်သည်။ အလားတူ တနိုင်း၊ ဖားကန့်၊ ပူတာအို၊ ဆွမ်ပရာဘွမ်မြို့နယ်တို့တွင်လည်း စစ်ကောင်စီတပ်စခန်းများကို ဆက်တိုက် ထိုးစစ်ဆင် သိမ်းပိုက်နေသည်ကိုတွေ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်အတွင်း လက်ရှိ ထပ်တိုးလာသည့် စစ်ဘေးရှောင် အရေအတွက်နှင့် ဆိုလျှင် စစ်ဘေးဒုက္ခသည်စုစုပေါင်း  ၁၆၀,၀၀၀ ဝန်းကျင်ထိရှိကြောင်း RFA က ပြုစုထားသည့် စာရင်းအရသိ ရသည်။

ကချင်ပြည်၊ မချမ်းဘော့မြို့တွင် နေထိုင်သော အမျိုးသမီးကြီးတဦးက “လက်ရှိ ကျမတို့ မချမ်းဘော့မှာဆိုရင် ခရမ်းချဉ်သီး အလုံးကြီးဆို သုံးလုံး နှစ်ထောင် တောင်ရှိတယ်” ဟု ပြောသည်။

 “ကျမတို့ ပူတာအိုမြို့မှာဆိုရင် အခု မြစ်ကြီးနား ကားလမ်းပိတ်လိုက်တာ ကုန်‌ဈေးနှုန်းက တစ်ဟုန်ထိုးတက် သွားတယ်။ ရေရှည်မှာ ဘယ်လိုနေမလဲ မတွေးရဲဘူး”ဟု ပူတာအိုမြို့ လုံးစွက်ရပ်တွင် နေထိုင်သော ဒေသခံ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပြသည်။

သို့သော် ၎င်းက ကချင်လူထုတွေလိုချင်တဲ့ Awng Dawm (အောင်တောမ်) တာ ရမယ်ဆိုရင် ခံစားရမဲ့ ဒုက္ခဆင်းရဲ မှုက ခဏသာဖြစ်လိမ့်ဟုဆိုသည်။

“မြန်မာစစ်တပ်ရဲ့ လက်အောက်မှာ နေရမဲ့အစားတော့ သူတို့လက်ထဲက လွတ်မြောက်ဖို့ ဘယ်လို ဒုက္ခမျိုးမဆို ရင်ဆိုင်ရုံပါပဲ ကျမတို့ပဲ ဒုက္ခရောက်နေတာမှမဟုတ်တာ တစ်နိုင်ငံလုံး ဒုက္ခ ရောက်နေတာပဲ”

လက်ရှိတွင် ၀၃၀၇ စစ်ဆင်ရေးစတင်ပြီးချိန်မှစပြီး KIA ၏ စစ်မျက်နှာများဖြစ်သည့် တပ်မဟာ(၁)နယ်မြေ ဆွမ်ပရာဘွမ်မြို့နယ်က ဆွမ်ပရာဘွမ်ရဲစခန်း၊ မလိယာန်တပ်စခန်းတို့ သိမ်းပိုက်နိုင်ခဲ့သလို ဆွမ်ပရာဘွမ် စစ်ကောင်စီ ဗျူဟာစခန်းရရှိရေး ကြိုးပမ်းနေသည်။ ထို့အပြင် စစ်ကောင်စီ ၎င်းတို့ နှစ်ရှည်လများစွာ အထိုင်ချ တပ်စွဲထားသော မချမ်းဘော့မြို့နယ်ရှိ အင်ခါဂါးရွာတပ်စခန်း နှင့် အလန်းဂါးရွာရှိ တပ်စခန်းတို့ကိုလည်း စွန့်ခွာသွား လေသည်။

KIA တပ်မဟာ(၅)နယ်မြေ လိုင်ဇာအနီးဝန်းကျင်ရှိ ခရာဘွမ်၊ ဘွမ်ရယ်ဘွမ်၊ ဖွန်ပြန်ဘွမ်၊ အင်တပ်ဘွမ်၊ မလိ၊ အင်လုံခ၊ လီဆူပါဂျောင် နဲ့ ဒေါ့ဖုန်းယန်အခြေစိုက် ခလရ(၁၄၂) တပ်ရင်း  အပါအဝင် တပ်စခန်း ၁၀ ခုကျော်နဲ့ ကာကင်းစခန်းတွေကို KIA က သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။ ထို တပ်စခန်းများသည် KIA ဌာနချုပ် လိုင်ဇာမြို့နှင့် ဒေသတွင်းကို အမြဲလိုလို လက်နက်ကြီးများဖြင့် ခြိမ်းခြောက် ပစ်ခတ်နိုင်သော တပ်စခန်းများဖြစ်သည်ဟု ဆိုသည်။

မြစ်ကြီးနား- ဗန်းမော်လမ်း မိုးမောက်မြို့နယ်ထဲမှ ခမရ(၄၃၈) တပ်ရင်း၊ အမှတ်(၆၁၆) ဒုံးတပ်ရင်း၊ KIA ဌာနချုပ် ဟောင်းနေရာအပါအဝင် နားဖော့တောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စစ်ကောင်စီစခန်းအားလုံး မတ်လ ၂၁ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီး မိုးမောက်မြို့နယ်ထဲ၌ နောက်ဆုံးကျန်ရှိနေသော ကုန်းလော၊ မြို့သစ်၊ လုံဂျာဘွမ့် နှင့် စလောင်းကုန်း(တာဝါတိုင်ကုန်း)တပ်စခန်းတို့အား မတ်လ ၂၆ ရက်နေ့တွင် သိမ်းရရှိခဲ့ပြီး နောက်  လက်ရှိတွင် မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ် ဒေါ့ဖုန်းယန်နှင့် မိုးမောက်မြို့နယ်ထဲတွင် စစ်ကောင်စီ တပ်စခန်း ကင်းစင်သွားပြီ ဖြစ်ကြောင်း KIA ရှေ့တန်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အပြင် ကချင်လွတ်လပ်ရေးတပ် (KIA) တပ်မဟာ(၃)နယ်မြေရှိ ဒါဆိုင်းရွာအခြေစိုက် စစ်ကောင်စီ ခလရ(၂၃၇) တပ်ရင်း အပါအဝင် တပ်စခန်း ၉ ခုထက်မနည်း သိမ်းပိုက်နိုင်ခဲ့ပြီး ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရှိရဒေသ တပ်မဟာ(၉)နယ်မြေ ဖားကန့်မြို့နယ်တွင်လည်း တာမခန်တပ်စခန်း၊ ကသိုင်းတောင်၊ တန်သုံးထောင်  စစ်ကောင်စီတပ်စခန်းများကို KIA မှ သိမ်းပိုက်နိုင်ခဲ့သည်။

ကချင်စစ်​ရေး​သတင်းရင်းမြစ်အချို့၏ ပြောအဆိုမှုအရ ကချင်လွတ်လပ်ရေးတပ် (KIA)သည် စစ်ကောင်စီထံမှ သိမ်းပိုက်ရရှိခဲ့သော တပ်စခန်းပေါင်း အကြီးအ​သေး ၆၀ ​ကျော်ရှိ​နေပြီဟုဆိုသည်။ ထို့အပြင် လက်ရှိတွင် ဗန်မော်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်ကောင်စီတပ်စခန်းများအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်လျှက်ရှိသည်။

ဤသို့ စစ်ဆင်ရေးစတင်ပြီး အချိန်တိုအတွင်း စခန်းပေါင်းများစွာသိမ်းပိုက်ရရှိခဲ့ပြီး KIA ဌာနချုပ် လိုင်ဇာမြို့ကို လေကြောင်းမှလွဲ၍ ခြိမ်းခြောက်ရန်စပြုနေသော စစ်ကောင်စီတပ်စခန်းများလည်း မရှိတော့ပြီဖြစ်သည်။ ထို့ကြောင့် ကချင်လွတ်လပ်ရေးတပ်(KIA) သည် ကချင်ပြည်သူလူထု နှစ်ပေါင်းမြောက်များစွာ မျှော်လင့်တောင့်တ နေသော Awng Dawm (အောင်တောမ်)ဆီ ခြေလှမ်းဖို့ရန် ၎င်းတို့၏ သွေးချင်းများရှိရာ မြို့ကြီးများဆီသို့ ဦးတည် လာရန်သာရှိတော့သည်။

ကချင်လွတ်လပ်ရေးတပ်(KIA) ရဲ့ မြို့သိမ်းတိုက်ပွဲများ ဖြစ်ပေါ်လာနိုင်တဲ့အပေါ် မြစ်ကြီးနားမြို့တွင် နေထိုင်သော ကချင်လူငယ် တဦးက အခုလိုပြောသည်။

“တစ်နေ့တော့ ဒီလိုအခြေအနေရောက်လာမယ်ဆိုတာ ကျနော်တို့က မျှော်လင့်ပြီးသားပါပဲ ဘာလို့ဆို သူတို့ KIA ရဲဘော်တွေရဲ့ မိသားစုတွေက ဒီဖက်မှာပဲရှိတာလေ အဲ့တော့ သူတို့လည်း အိမ်ပြန်ချင်မှာပဲလေ၊ ဒီတိုင်းရိုးရိုးပြန်လို့ မရရင် တိုက်ယူပြီး ပြန်ရုံကလွဲရင် တခြားမရှိတော့ဘူးလေ” ဟု အသက် ၂၆ နှစ်အရွယ် မာဆိုင်း (အမည်လွှဲ) က ပြောသည်။

အကယ်၍ မြို့သိမ်းတိုက်ပွဲများဖြစ်လာပါက ပြည်သူလူထု ထိခိုက်မှုနှင့် အိုးအိမ်ပျက်စီးမှုများသည် မလွှဲမရှောင် ဖြစ်ပေါ်လာမည်ဖြစ်သည်။

“တကယ်လို့ ဖြစ်လာပြီးဆိုရင်လည်း ဘယ်တတ်နိုင်မလဲ တိုက်ပွဲဖြစ်ပြီဆိုရင် မြို့မှာပဲဖြစ်ဖြစ် ရွာမှာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် အသေအကျေ၊ အပျက်အစီးကတော့ ရှိမှာပဲ၊ ဒါကို ဘယ်လိုနဲ့ ထိခိုက်ပျက်စီးမှုအနည်းဆုံး ဖြစ်အောင်လုပ်မလဲဆိုတာပဲ ရှိတယ်” ဟု အမည်မဖော်လိုသည့် ဝါရင့် ကချင်နိုင်ငံရေးသမား တဦးက ပြောသည်။

၎င်းက “အဓိကကတော့ စစ်ကောင်စီပေါ့ သူတို့လုပ်နေကျအတိုင်း ပြည်သူတွေကို လူသားဒိုင်းလုပ်မယ်၊ လေယာဉ်၊ လက်နက်ကြီးသုံးမယ် ရန်သူ ပြည်သူ စစ်ဖက် အရပ်ဖက် မခွဲခြားတော့ဘူး အဲ့ဒါက အဓိက စိုးရိမ်စရာဖြစ်တယ်”ဟု ဆိုသည်။

ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့တို့၏ စစ်ဆင်ရေးသည် လေကြောင်းရန်မှလွှဲ၍ စစ်ကောင်စီတပ် ၏ အဓိက အားကိုးအားထားပြုသည့် ထောက်ပို့လမ်းကြောင်းကြီးများကို ဦးစွာဖြတ်တောက် တိုက်ခိုက်နေသည်ကို မြင်တွေ့ရသည်။ မြစ်ကြီးနား-ဗန်မော်လမ်း၊ မြစ်ကြီးနား-မန္တလေးလမ်း၊ မြစ်ကြီးနား-ပူတာအိုလမ်း၊ မြစ်ကြီးနား-တနိုင်းလမ်းပိုင်းတို့အား ဖြတ်တောက် တိုက်ခိုက်နိုင်သော စစ်ရေးလှုပ်ရှားမှုများ မြင်တွေ့နိုင်ကာ နောက်ထပ် စစ်ကောင်စီတပ်၏ အားကိုးအာထားရာ ထောက်ပို့လမ်းကြောင်းဖြစ်သော ရေလမ်း ဧရာဝတီမြစ်ကြောင်း တလျှောက် စစ်ကိုင်းတိုင်း ထီးချိုင့် – ကသာ မှ ကချင်ပြည် ရွှေကူ – ဗန်မော်မြို့အထိ KIA နှင့် ပူးပေါင်းတပ်ဖွဲ့များမှ တပ်ဖြန့်ထားနိုင်ခဲ့သည်။

ဤသို့ ထောက်ပို့လမ်းကြောင်းများ ဖြတ်တောက်ထားနိုင်သည်နှင့် ကချင်ပြည်ရှိမြို့ကြီးများ တိုက်ခိုက်သိမ်းပိုက် ရရှိအရေးအတွက် အဓိက အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ သာဓကအနေဖြင့် ဗန်မော်-လွယ်ဂျယ် လမ်းပိုင်းရှိ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ခန့်က ကချင်လွတ်လပ်ရေးတပ် (KIA) နှင့် ဗမာပြည်ကွန်မြူနစ် (ဗကပ) ပူးပေါင်းတပ်တို့ မအောင်မြင်ခဲ့သည့် “ယောယုံမြင်တိုင်းမျက်ရည်ဝိုင်းတယ်” “ပြောမကုန်တဲ့ ယောယုံ” ဆိုသည့် ပြောစမှတ် ရာဇဝင်တွင်ကျန်ရစ်ခဲ့သော စစ်ကောင်စီ၏ သက်တမ်းရင့် ယောယုံ (Yaw Yung) စခန်းကြီး အား မတ်လ ၂၈ ရက်နေ့၌ KIA ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်လိုက်သည်နှင့် တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မြို့ရှိ စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်အောက်ခံ ဌာနဆိုင်ရာများအားလုံး ကစဉ့်ကလျားဖြစ်လာသည်ကို တွေ့မြင်နိုင် သည်။

ထို့အပြင် နှစ်ပေါင်း ၇၀ ခန့် မြန်မာစစ်တပ် ထိန်းချုပ်ထား၍ စစ်ကောင်စီတပ်ဗျူဟာမှူးကွပ်ကဲမှုအောက်ရှိ စိန်လုံ (Sinlum) ဗျူဟာစခန်းကြီးအား KIA နှင့် မဟာမိတ် ပူးပေါင်းတပ်မှ အပြီးပိုင်သိမ်းရရှိပြီးဖြစ်သည်။ စိန်လုံကဘာ (Sinlum)သည် ကချင်လူမျိုးများ၏ သမိုင်းဝင် နယ်မြေတစ်ခုလည်းဖြစ်သည်။ မြေပြန့်တွင် ဖက်ဆစ် ဂျပန် တော်လှန်ရေးမစတင်မှီချိန်တွင်ပင် အမေရိကန်ရိန်းဂျားတပ်ဖွဲ့ဝင် ကချင်လူမျိုးတို့သည် ဖက်ဆစ်ဂျပန်အား တိုက်ခိုက်အောင်နိုင်၍ ၁၉၄၅ ခုနှစ် မတ်လ ၂၄ မှ ၂၆ ရက်နေ့ထိ Padang Manau စစ်အောင်နိုင် မနောင် (ပဒန်မနောင်) ကခဲ့ကြသည့် မြေနေရာဖြစ်ပြီး ထင်ရှားသည့် ပညာတတ် ကချင်ခေါင်းဆောင်များစွာ ထွက်ပေါ်ခဲ့ သော ဒေသလည်းဖြစ်သည်။ ထို့ကြောင့် စိန်လုံ (Sin Lum)သည် ကချင်လူမျိုးများ၏ စိတ်နှလုံးထဲ၌ အမြဲတည် ရှိသည်။

လက်ရှိတွင် မိုးမောက်-လွယ်ဂျယ်လမ်းနှင့် KIA တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ ပတ်ဝန်းကျင်တွင် စစ်တပ်စခန်း တစ်ခုမှ မရှိတော့ဘဲ လွယ်ဂျယ်မြို့နှင့် နယ်စပ်ဂိတ်ကိုပါ KIA ဦးဆောင်သော မဟာမိတ်တပ်များမှ ဝိုင်းဝန်းပိတ်ဆို့ ထားပြီးဖြစ်သည်။

ထိုအခြေအနေများအား ကြည့်ခြင်းအားဖြင့် စစ်ကောင်စီတပ်သည် လက်ရှိတွင် ထိုးစစ်ထက် ၎င်းတို့၏ တပ်စခန်းကြီး များနှင့် မြို့ကြီးများ မကျဆုံးရေးအတွက် ခံစစ်ကိုသာ အဓိကအားထား၍ ပြင်ဆင်နေမည်မှာ အမှန်ပင်ဖြစ်သည်။ အခုပင် အချို့သော ၎င်းတို့၏ ရှေ့တန်း ကာကင်းစခန်းငယ်များရုပ်သိမ်းပြီး အခြားစခန်းများထံ ပူးပေါင်းလာမှုများ ရှိသကဲ့သို့ အချို့စခန်းများအား ရေကုန်ရေခမ်း ခုခံကာကွယ်ခြင်းမပြုတော့ဘဲ အချိန်တိုအတွင်း တပ်စခန်းစွန့်ခွာ ထွက်ပြေးသွားသည်ကို တွေ့ရှိရသည်။

ကချင်ပြည်တွင်း ကချင်လွတ်လပ်ရေးတပ် KIA ၏ တပ်မဟာအသီးသီး နယ်မြေများတွင် ဖော်ဆောင်နေသော စစ်ဆင်ရေးသည် ဆက်လက် အရှိန်မြှင့် ချီတက်နေမည်ဖြစ်ကြောင်း KIA နှင့် နီးစပ်သော စစ်ရေးသတင်းရင်းမြစ် ထံမှသိရသည်။

“ဗိုလ်ချုပ် ဂွမ်မော် ပြောခဲ့တဲ့ စကားရှိတယ်လေ ၂၀၂၅ နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေက တမျိုးတဖုံ ဖြစ်သွား နိုင်တယ်ဆိုပြီး ဒါကို ကြည့်လိုက်ရင် အခုအခြေအနေအရတော့ KIA က စစ်မျက်နှာအားလုံးဖွင့်လိုက်ပြီလို့ ပြောလို့ရ တယ်၊ ပြန်ဆုတ်ဖို့တော့ မရှိလောက်ဘူး”ဟု ၎င်း စစ်ရေးသတင်းရင်းမြစ် က သုံးသပ်ပြောဆိုသည်။

ထို့အပြင် ယနေ့အချိန်တွင် ကချင်လွတ်လပ်ရေးတပ် (KIA) အပေါ် ထားရှိသော ကချင်လူထုများ၏ သံသယစိတ် သည်လည်း ပြောင်းလဲသွားလိမ့်မည်ဟု ယူဆမိပါသည်။

ထို့အတွက်ကြောင့် ကချင်ပြည်ရှိ ပြည်သူလူထုများအနေဖြင့် အကောင်းဆုံးသော နေ့ရက်များဆီသို့ ရောက်လာ မည့်အချိန်အတွက် အဆိုးဆုံးသော အချိန်များကို ကျော်ဖြတ်နိုင်ရန် မိမိကိုယ်ကိုယ် အသင့်အနေအထားတွင်ရှိ၍ စောင့်ကြိုနေဖို့ရန် တိုက်တွန်းလိုပါသည်။

Related Articles

Back to top button