သတင်း

NCA ကနေ ပေါက်ဖွားလာတဲ့ လုပ်ငန်းစဉ်မှာ မပါဝင်တော့ဘူးလို့ PNLO စစ်ဦးစီးချုပ်ပြော

NCA ကနေ ပေါက်ဖွားလာတဲ့ လုပ်ငန်းစဉ်မှာ မပါဝင်တော့ဘူးလို့ PNLO စစ်ဦးစီးချုပ်ပြော

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
မတ် ၁၉၊ ၂၀၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ စစ်ကောင်စီနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေသလို စစ်ကောင်စီတပ်က လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေကို အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်နေတဲ့ လက်ရှိအချိန်မှာ NCA ကနေ ပေါက်ဖွားလာတဲ့ လုပ်ငန်းစဉ်မှာ မပါဝင်တော့ဘူးလို့ PNLO/PNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခွန်သူရိန်က ပြောကြားလိုက်ပါတယ်။

မတ်လ ၁၇ရက်နဲ့ ၁၈ရက်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ (NCA)လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့တွေရဲ့ မျက်နှာစုံညီအစည်းအဝေးကျင်းပခဲ့ပြီး NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က မဟာမိတ်စုဖွဲ့မှုပုံစံသစ်အနေနဲ့ 7 EAO Alliance ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာပါတယ်။

ဒီအစည်းအဝေးကို PNLOရဲ့ နာယကဖြစ်တဲ့ ဗိုလ်မှူးကြီးခွန်ဥက္ကာနဲ့အဖွဲ့သွားရောက်တက်ရောက်ခဲ့ပြီး 7 EAO Alliance ဖွဲ့စည်းလိုက်ကြောင်း ထုတ်ပြန်ကြေညာခဲ့တဲ့ အဲဒီ ၇ ဖွဲ့ထဲမှာ PNLO အဖွဲ့အမည်လည်း ပါဝင်ခဲ့တာပါ။

အဲဒီအစည်းအဝေးကို သွားရောက်တက်ရောက်တာဟာ PNLOရဲ့ ဗဟိုကော်မတီသဘောထားမပါသလို သွားရောက်တက်ရောက်သူတွေရဲ့ ပုဂ္ဂိုလ်ရေးသာဖြစ်ပြီး 7 EAO Allianceမှာ PNLOနာမည်ပါဝင်လာတာဟာလည်း ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်မပါဝင်ဘူးလို့ ဗိုလ်ချုပ်ခွန်သူရိန်က ရှင်းလင်းပြောကြားလိုက်ပါတယ်။

“အခုဖွဲ့လိုက်တဲ့ ၇ဖွဲ့ကိစ္စနဲ့ပါတ်သက်ပြီး ကျွန်တော်တို့ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်မပါတဲ့အတွက် ကြောင့် PNLOအနေနဲ့ ပါဝင်ခြင်းမရှိပါဘူး။ ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ ဒီကာလမှာတော့ အဲဒီကိစ္စရပ်တွေကို ယာယီခဏရပ်တန့်ထားပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်ကောင်စီတပ်အနေနဲ့ ကျွန်တော်တို့ဒေသမှာ တိုက်ပွဲတွေအကြီးအကျယ်ဖော်ဆောင်တယ်။ ဒီဒေသသေးသေးလေးထဲကိုပဲ လေကြောင်းတိုက်ခိုက်မှုတွေအကြိမ်ပေါင်း ရာချီလုပ်တယ်။ ပေါင် ၅၀၀ဗုံးတွေလည်း မြောက်များစွာ ကျဲတယ်၊ ဟောင်ဝှစ်စာအမြောက်တွေပစ်တာ အကြိမ်ပေါင်း ၂၀၀၀ကျော်ထက်မနည်းကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ပြည်သူ ၅၀ထက်မနည်း ထိခိုက်သေဆုံးတယ်”လို့ သူကပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီးရန်ကြောင့် ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်မှာ တိမ်းရှောင်နေတဲ့ပြည်သူ တစ်သိန်းကျော်ရှိနေပြီး စစ်ကောင်စီရဲ့ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုတွေကြောင့် ဆီဆိုင်မြို့ဟာလည်း ပြာပုံနီးပါးအခြေအနေရောက်ရှိနေတာကြောင့် ဒီကာလမှာ NCAလမ်းကြောင်းအရသွားမယ်ဆိုပါက အလုပ်မဖြစ်နိုင်တဲ့ကာလဖြစ်တယ်လို့ ဗိုလ်ချုပ်ခွန်သူရိန်က ဆက်ပြောပါတယ်။

“NCAကနေ ပေါက်ဖွားလာတဲ့ ဘယ်လုပ်ငန်းစဉ်ကိုမဆို ဒီကာလမှာ ပါဝင်သွားရောက်ပြီး လုပ်ဆောင်မယ့်သဘောထားဆန္ဒကတော့ ကျွန်တော်တို့မှာ မရှိပါဘူး။ အကြောင်းရင်းကတော့ ထိခိုက်နစ်နာသွားတဲ့ပြည်သူတွေအပေါ်ကို သစ္စာစောင့်သိလို့ပဲ ဖြစ်ပါတယ်”လို့ သူက ပြောပါတယ်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLO/ PNLA)အနေနဲ့ စစ်အာဏာရှင်ကို တခြားညီနောင် တိုင်းရင်းသား တွေနဲ့ အတူ လက်တွဲတိုက်ခိုက်သွားမယ်လို့ ၂၀၂၄ ဇန်န၀ါရီလ ၂၆ ရက်နေ့က အဖွဲ့ဗဟိုကော်မတီက ထုတ်ပြန်ထားတာဖြစ်သလို ဆီဆိုင်မြို့နယ်က စစ်ကောင်စီတပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးတွေကို သိမ်းပိုက်ထားပါတယ်။

Related Articles

Back to top button