သတင်း

စစ်ကောင်စီကျဆုံးခန်း နီးလာပြီလို့ KIO ဥက္ကဌပြော

စစ်ကောင်စီကျဆုံးခန်း နီးလာပြီလို့ KIO ဥက္ကဌပြော

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဖေဖော်ဝါရီ ၅၊ ၂၀၂၄

နွေဦးတော်လှန်ရေးနှင့်အတူ ကချင်လွတ်မြောက်အဖွဲ့(KIO) ကလည်း စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာရှင် များကို အမြစ်ဖြုတ်ချနိုင်ရေးမှာ တစိုက်မတ်မတ်ပါဝင်နေသလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(EAOs / EROs) တွေကလည်း တိုက်ခိုက်တွန်းလှန်နေတာကြောင့် စစ်ကောင်စီကျဆုံးခန်းဟာ တဖြေးဖြေး ပိုနီးလာပြီလို့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်တဲ့ (၆၃)နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားလိုက်ပါတယ်။

အရင်ခေတ်အဆက်ဆက်က အစိုးရတိုင်းဟာ မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တို့ကို ကျင့်သုံးပြီး ဖိနှိပ် အုပ်ချုပ်မှုကို ရယူခဲ့ကြတာ ဖြစ်သလို ဒီကနေ့ ခေတ်ကာလကို ပြန်ကြည့်မယ်ဆိုရင်တော့ ဒီအုပ်ချုပ် သူတို့ရဲ့ ဖိနှိပ်မှုမျိုးစုံဖြင့် အုပ်ချုပ်မှုကို တော်တန်းဒေသ တွေတာမက မြေပြန့်ဒေသက လူမျိုးစုအားလုံးတို့က တသားတည်း ခံနေရပြီဆိုတာကို မြေပြန့်ဒေသက လူမျိုးစုတွေကလည်း နားလည်နေပြီ ဖြစ်တယ်လို့ KIO ဥက္ကဌ ဆက်ပြော ပါတယ်။

ဒါ့အပြင်၂၀၂၁ ခုနှစ်က စတင်တဲ့ နွေဦးတော်လှန်ရေးကို ပြန်ကြည့်မယ်ဆိုရင် အဲဒီတသားတည်း မတရားဖိနှိပ်မှု တို့ကို နားလည်လာပြီဖြစ်လို့ အရင်ခေတ်အဆက်ဆက်က စစ်အာဏာရှင်များရဲ့ ဖိနှိပ်အုပ်ချုပ်မှုကို တွန်းလှန် ဆန့်ကျင်တိုက်ခိုက်ခဲ့တဲ့ အခြေအနေများထက် သာလွန်ပြီး အင်မတန်အားကြီးတဲ့ လူထုလှုပ်ရှားမှုကြီးက တဟုန်ထိုး မြင့်တက်လာနေခဲ့တာ ၃ နှစ် ကာလကို ဖြတ်ကျော် လာပြီဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီနွေဦးတော်လှန်ရေးနှင့် တနိုင်ငံလုံးက စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကြီးနှင့်အတူ တက်ညီလက်ညီ ဖြင့် အင်တိုက်အားတိုက် တွန်းလှန်ကြတာဖြစ်လို့ စစ်ကောင်စီဟာ ကျဆုံးခန်း တဖြေးဖြေး ပိုနီးလာပြီသလို စစ်ကောင်စီရဲ့ စစ်ဗိုလ်၊ စစ်သားတွေကလည်း စိတ်ဓါတ်ရေးရာ ပျက်ပြား ပျက်စီးနေပြီဆိုတာကို လူထုကြီးအားလုံးလည်း မြင်တွေ့နေရပြီဖြစ်လို့ လူထုအားဖြင့် စစ်အာဏာရှင်စနစ် လုံး၀ကျဆုံးစေရမယ်ဆိုတာ ယုံကြည်ကြောင်း KIO ဥက္ကဌ ပြောလိုက်ပါတယ်။

 KIO / KIA တပ်ဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာထဲက စတင်ပြီး စစ်ကောင်စီရဲ့ အဓိက တပ်စခန်းဖြစ်တဲ့ အောင်ဂျာတပ်စခန်းကို သိမ်းပိုက်ခဲ့ပြီးနောက် ဒီကနေ့ထိဆိုရင် ၄ လအတွင်း စစ်တပ်စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီလို့ သိရပါတယ်။

ဓါတ်ပုံ – KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

Related Articles

Back to top button