သတင်း

ကွတ်ခိုင်နဲ့ သိန္နီမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေ

ကွတ်ခိုင်နဲ့ သိန္နီမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အသုံးပြု တိုက်ခိုက်နေ

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
ဇန်နဝါရီ ၂၊ ၂၀၂၄
 
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်နဲ့ သိနန္နီမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ ဒီကနေ့ မနက်ပိုင်းအချိန်ကနေ လက်ရှိအချိန်ထိ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း သတင်း ရင်းမြစ်တွေထံကနေ သိရပါတယ်။
 
အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြောင့် မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေအတွင်း ကျရောက် ပေါက်ကွဲတာတွေ ရှိနေတယ်လို့ သိရပါတယ်။
 
“ဖုန်းလိုင်းတွေလည်း လုံးဝပြတ်သွားပြီ။ ကွတ်ခိုင်က တိုက်သစ်ရွာရှေ့ကို လက်နက်ကြီးကျည်ကျတယ်။ ခိုတင်၊ မန်ဂျတ်၊ ရပ်ကွက် ၃နဲ့ ကောင်းခမ်းရွာဖက်ကို လေယာဉ်နဲ့ ပစ်နေတာ။ ကုန်းပေါ်ဖက်မှာတော့ မြေပြင်တိုက်ပွဲဖြစ်နေတယ်”လို့ သတင်းရင်းမြစ်တစ်ဦးက FJMM ကို ပြောပါတယ်။
 
စစ်ကောင်စီတပ်က Y-12လေယာဉ် ၂စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားနေအိမ် အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့သလို လူထိခိုက်ဒဏ်ရာရတာရှိနိုင်တယ်လို့ သူက ဆက်ပြော ပါတယ်။
 
မနေ့ဇန်နဝါရီလ ၁ရက်ကလည်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကွတ်ခိုင် မြို့နယ်မှာ အရပ်သား ၂ဦးသေဆုံးပြီး ၄ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
 
ကွတ်ခိုင်မြို့နယ်၊ မိုင်းငေါ့မြို့ကိုတော့ TNLA တပ်ဖွဲ့က ဒီဇင်ဘာလ ၃၁ရက်ကတည်းက မြို့သိမ်း တိုက်ပွဲဆင်နွှဲကာ အပြီးသတ်ထိန်းချုပ်ထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဓာတ်ပုံ- CJ

Related Articles

Back to top button