လောင်းလုံးရှိ မြို့မရဲစခန်းနှင့် စရဖရုံး တိုက်ခိုက်ခံရပြီး စစ်သား ၂ဦးသေဆုံး
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဒီဇင်ဘာ ၈၊ ၂၀၂၃
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးရုံး(စရဖရုံး) တို့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Launglone People Defence Force-LLPDF က ထုတ်ပြန်ထားပါတယ်။
ဒီဇင်ဘာလ ၆ရက် နံနက် ၄ နာရီခွဲ အချိန်ခန့်မှာ လောင်းလုံးမြို့မရဲ့စခန်းနှင့် စရဖရုံးတို့တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေး အင်အားစုတွေမှ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။
တိုက်ပွဲမှာ နာရီဝက်နီးပါးခန့် အပြန်အလှန် ပစ်ခတ်ခဲ့မှုတွေရှိခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ဦးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
” စစ်သားတွေရဲ့ နေရာနှစ်ခုမှာ ၃၀ ကျော်လောက်ရှိတယ်။ အဲ့ဒီမှာ ၂ယောက် သေပြီး ၂ယောက်က အပြင်းအထန် ဒဏ်ရာ ရတယ် ” လို့ ဒေသခံတစ်ဦးမှ ပြောပါတယ်။
အဆိုပါ တိုက်ခိုက်မှုကိုတော့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF နှင့် ထားဝယ်နဂါးတပ်ခွဲ ၅ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။
တိုက်ပွဲ အပြီးမှာတော့ တော်လှန်ရေးအင်အားစုတွေမှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်တယ်လို့ သိရပါတယ်။
ထို့ကဲ့သို့ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရပြီးနောက် လောင်းလုံမြို့ အဝင် အထွက် ဂိတ်များ၌ စစ်ကောင်စီ တပ်သား များက လမ်းသွားလမ်းလာ များကို စစ်ဆေးခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေမှ ပြောပါတယ်။
ဓါတ်ပုံ – LLPDF