ဖယ်ခုံမှာ စစ်တပ်က နင်းမိုင်းအများအပြား ထောင်ထားခဲ့တာကြောင့် အင်းလေး PDF က မိုင်းရှင်းလင်းရေးလုပ်ဆောင်နေ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
အောက်တိုဘာ ၆၊ ၂၀၂၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံဒေသမှာ စကစတပ်က နင်းမိုင်းအများအပြားထောင်ထားခဲ့တာကြောင့် အင်းလေးPDFက မိုင်းရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ အင်းလေးPDF(1009တပ်ရင်း)ထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့သြဂုတ်လက ဖယ်ခုံဒေသမှာ အင်းလေးPDFအပါအဝင် တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စက်တင်ဘာလအစပိုင်းမှာ စစ်ကောင်စီက ဆုတ်ခွာသွားပေမယ့် နင်းမိုင်းအများအပြားထောင်ထားခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့အခြေစိုက်ထားတဲ့ ဒေသမှာ ၇လပိုင်း၊ ၈လပိုင်းတုန်းက တိုက်ပွဲဖြစ်ပွားခဲ့တာရှိတယ်။ ၉လပိုင်းမှာတော့ မရှိဘူး။ အဲဒီတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာတွေကို ၉လပိုင်းတစ်လလုံးရော၊ ဒီလထဲမှာရော နယ်မြေရှင်းလင်းရေးလုပ်နေတယ်။ ရွာတွေကို ပြန်ကူညီနေတာတွေရှိတယ်။ တခြားဒေသမှာတော့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတာတော့ရှိပါတယ်”လို့ အင်းလေးPDFသတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက FJMMကို ပြောပါတယ်။
အင်းလေးPDFအနေနဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ရာမှာ စစ်ကောင်စီတပ်က နင်းမိုင်းအများအပြားထောင်ထားခဲ့တာကို တွေ့ရှိရတာကြောင့် မိုင်းရှင်းရေး လုပ်ဆောင်နေသလို ဒေသခံတွေရဲ့ နေအိမ်ဖောက်ထွင်းခိုးယူခံထားရတာတွေနဲ့ ဒေသခံတွေ စိုက်ပျိုးဖို့ ဝယ်ယူထားတဲ့ မြေဩဇာတွေလည်း စစ်ကောင်စီတပ်က ခံတပ်အဖြစ် အသုံးပြုထားတာတွေကြောင့် ပျက်စီးဆုံးရှူံးနေတာတွေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
“ပြည်သူလူထုတွေကို အားမငယ်ကြဖို့၊ စိတ်ဓာတ်မကျဖို့ပြောချင်တယ်။ ကျနော်တို့တပ်ဖွဲ့သည်လည်း ညီနောင်မဟာမိတ်များနှင့် အတူတူလက်တွဲပြီး တော်လှန်ရေးပြီးဆုံးတိုင်ထိ အသက်ပေးတိုက်ပွဲဝင်သွားပါမယ်လို့ ဓမ္မဘက်တော်သားပြည်သူလူထုကို ကတိပြုပါတယ်”လို့ သူကဆက်ပြောပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးဒေသနဲ့ ကရင်နီပြည်၊ မိုးဗြဲ၊ ဖယ်ခုံဒေသအခြေစိုက် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၉ တပ်ရင်း)ကို NUG ကာကွယ်ရေး ဝန်ကြီးဌာနထံကနေ တရားဝင်တပ်သား ၃၅၀ ဦး၊ အရံတပ်သား ၁၀၀ ဦးနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ရက်က တပ်ရင်း ဖွဲ့စည်းတာ တစ်နှစ်ပြည့်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – Inle People Defense Force-IPDF