Social Media, Entertainment, and Revolution!
Lakher | အတွေးအမြင်
Information Technology (IT) သည် ယနေ့တော်လှန်ရေးအတွက် ကောင်းကျိုးများစွာ ယူဆောင်လာသလို၊ ဆိုးကျိုးများစွာလည်း ယူဆောင်လာပါသည်။ ဒီကနေ့ မြန်မာ့တော်လှန်ရေးကို ဦးဆောင်နေကြသော ခေါင်းဆောင်းများနှင့် တော်လှန်ရေးအပေါ် ထောက်ခံအပေးကြသူများ၊ လေ့လာသုံးသပ်သူများသည် ယနေ့နွေဦး တော်လှန်ရေး၏ အဓိကအားသာချက်မှာ IT ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ထားကြသည်။
အရင်က IT ဟာ ဒီကနေ့လောက် အားမကောင်းခဲ့ပေ။ ထို့ကြောင့် IT သည် ယနေ့ တော်လှန်ရေးကို အောင်မြင်မှုသို့ ရောက်အောင်ပံ့ပိုးကူညီပေး မည်ဟု ယုံကြည်ထားကြသည်။
IT ကြောင့် တော်လှန်ရေးအင်အားစုများအကြား အလွယ်တကူဆက်သွယ်လာနိုင်ခြင်း (Communication)၊ ထောက်ပို့လုပ်ငန်းဆောင်ရွက်ခြင်း (Logistics)၊ ရံပုံငွေများ ရှာဖွေခြင်း (Fundrasing) ၊ သတင်းအချက်အလက်များ မျှဝေခြင်း (Information Sharing) စသဖြင့် နွေဦးတော်လှန်ရေးအပေါ် ကောင်းကျိုးများစွာ ယူဆောင်လာသည်မှာ အားလုံးမျက်မြင်ဖြစ်ပါသည်။ သို့သော် နွေဦးတော်လှန်ရေးအပေါ် IT ၏ အကျိုးသက်ရောက်မှု ကောင်းကျိုးများကိုသာ မြင်ပြီး မကောင်းသော အကျိုးသက်ရောက်မှု အပိုင်း (Dark side) တွေကို လစ်လျူမရှုသင့်ပါ။
ယနေ့ တော်လှန်ရေးကို Social Media (SM) နှင့် Entertainment (E) တို့မှ တဖြည်းဖြည်း ဝါးမြိုလာကာ၊ အင်အားလျော့နည်းစေလာသည်ကို တော်လှန်ရေးခေါင်းဆောင်များ၊ လေ့လာသုံးသပ်သူများ၊ ပညာရှင်များ နှင့် မူဝါဒရေးဆွဲသူများ အားလုံး သတိထားသင့်ပါသည်။ နွေဦးတော်လှန်ရေး အစကို ပြန်ကြည့်ရင် Celebrities ထင်ပေါ်ကျော်ကြားသူများအားလုံးနီးပါး တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။
တော်လှန်ရေးတွင် မပါဝင်သော ထင်ပေါ်ကျော်ကြားသူများကို လူမှုရေးအပြစ်ဒဏ်ခတ်ခြင်း (Social Punishment) ပေးတဲ့ထိ တော်လှန်ရေး အင်အားကောင်း ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ ပြည်သူလူထု တစ်ရပ်လုံး၏ အာရုံသည် တော်လှန်ရေးအပေါ် ရှိခဲ့သည်။ ဖျော်ဖြေရေး (Entertainment) များတိတ်ဆိတ် နေခဲ့ပြီး တော်လှန်ရေး၏ အငွေ့အသက်များဖြင့် လူမှုကွန်ယက်တစ်ခုလုံး ပြည့်နှက်နေခဲ့သည်။ လူမှုကွန်ယက်ပေါ်တွင် တော်လှန်ရေးသည် အကြီးမားဆုံးခေတ်ရေစီးကြောင်း Trend တစ်ခုအဖြစ် ရှိနေခဲ့သည်။
သို့သော် ယနေ့တွင် လူမှုကွန်ယက်များနှင့် ဖျော်ဖြေရေးများသည် တော်လှန်ရေးထက် ပြည်သူ လူထုအပေါ် လွမ်းမိုးမှု အင်အားကောင်းလာပြီး၊ ပြည်သူလူထု၏ စိတ်အာရုံ (psychology Focus) သည် တော်လှန်ရေးဘက်မှ ဖျော်ဖြေရေးဘက်သို့ ရွေ့နေသည်ကို တွေ့ရ မည်ဖြစ်သည်။ ဤသို့ဖြင့် တော်လှန်ရေးကို အင်အားနည်းရာသို့ မသိမသာ တွင်းပို့သွားနိုင်ကို သတိထားသင့်သည်။
တိကျသော အချက်အလက် အထောက်ထားများဖြင့် ထောက်ပြရန်မဖြစ်နိုင်သော်လည်း မိမိသည် လူမှုကွန်ယက်ကို ပုံမှန်သုံးစွဲသူဖြစ်ပါက သတိထားမိမည် ဖြစ်သည်။ လူမှုကွန်ယက်သုံးစွဲသူများ၏ activities ( likes, views, follows, Shares) ကို လေ့လာကြည့်ပါက သိနိုင်ပါသည်။ အထူးသဖြင့်လူငယ်များ၏ လူမှုကွန်ယက်သုံးစွဲမှုပုံစံကို လေ့လာကြည့်လျှင် သိနိုင်မည်ဖြစ်သည်။ ဥပမာ တစ်ခုအနေဖြင့် ယနေ့ Chin Stars ပေါ်လာခြင်းကို ကြည့်ပါ။ Chin Stars သည် ချင်းလူငယ်များကို သီချင်းဆိုပြိုင်ပွဲ ကျင်းပေးသည်။
ဤသို့ဖြင့် ချင်းတော်လှန်ရေး အတွက် အင်မတန် အရေးကြီးသော Chin Land Council ဖွဲ့စည်းမှုအပေါ် ချင်းလူငယ်များ၏ စိတ်အာရုံ မရောက်ပဲ Chin Stars အပေါ်တွင် ရောက်နေကြသည်။ Chin Stars ကို ဝေဖန်နေခြင်း မဟုတ်ပါ။ ချင်းလူငယ်များ၏အာရုံ သည် တော်လှန်ရေးမှ ဖျော်ဖြေရေးသို့ ရွေ့သွားကြောင်း မီးမှောင်းထိုးပြလိုခြင်းသာ ဖြစ်သည်။
ထို့အပြင် တချို့တော်လှန်ခေါင်းဆောင်များနှင့် တော်လှန်လှန်ရေးတွင်ပါဝင်နေကြသူများ ကိုယ်တိုင်ပင်လျှင် လူမှုကွန်ယက်နှင့် ဖျော်ဖြေရေးတို့၏ လွမ်းမိုးမှုတွေကို အနည်း နှင့်အများ ခံနေရကြသည်။ ဤသို့ဖြင့် တော်လှန်ရေး ဆင်နွဲနေသူများ၏ အာရုံစုစိုက်မှု (Focus Power) သည် တော်လှန်ရေးမှ ဖျော်ဖြေရေး ဘက်သို့ ကိုယ်တိုင်သတိမထားမိခင်မှာပင် ရောက်သွားနိုင်သည်။ ဤသည်မှာ လူမှုကွန်ယက်နှင့် ဖျော်ဖြေရေးတို့၏ လွမ်းမိုးနိုင်မှုစွမ်းအား ပင်ဖြစ်သည်။
တဖက်မှကြည့်လျှင် တော်လှန်ရေး ကြန့်ကြာနေရခြင်း၏ အကြောင်းအရင်းကြောင့်လည်း ဖြစ်သည်။ တော်လှန်ရေးသည် ကြာလို့မရပေ။ ကြာလေလေ အားအင်လျော့လေလေသာဖြစ်မည်။ ကျနော် သည် ဖျော်ဖြေရေးနှင့် ထင်ပေါ်ကျော်ကြားသူတွေအပေါ် အပြစ်တင်နေခြင်း မဟုတ်ပါ။ ထိုအရာသည် သူတို့အမှား မဟုတ်ပေ။ သူတို့၏ လုပ်ပိုင်ခွင့် (Human Rights) တစ်ခုဖြစ်သည်။ သူတို့၏ profession တစ်ခုကို လုပ်နေကြခြင်းဖြစ်သည်။
ထို့ကြောင့် Social Media, Celebrities နှင့် Entertainment အပေါ် တွင် အပြစ်တင်စရာ မရှိပါ။ သို့သော် လူမှုကွန်ယက်နှင့် ဖျော်ဖြေရေးသည် တော်လှန်ရေးအပေါ် ကြီးကြီးမားမား အကျိုးတက်ရောက်နေသည်မှာ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် လူမှုကွန်ယက်နှင့် ဖျော်ဖြေရေးကြောင့် ယနေ့ ဆင်နွဲနေသော နွေဦးတော်လှန်ရေး အရှိန်လျော့သွားခြင်းမျိုးကို မဖြစ်သင့်ပါ။ သို့သော် Social Media နှင့် Entertainment တို့သည် အရှိတိုင်း ရှိနေမည်ဖြစ်သည်။
တော်လှန်ရေး ခေါင်းဆောင်များနှင့် မူဝါဒ ရေးစွဲသူများအနေဖြင့် တော်လှန်ရေးအပေါ် Social Media ၏ အကျိုးတက်ရောက်မှုများကို ကာကွယ်ထိန်းချုပ်ရန် နည်းလမ်းများ ရှာသင့်ပါသည်။ သို့သော် လူမှုကွန်ယက်နှင့် ဖျော်ဖြေရေးကို ထိန်း ချုပ်ရန် အင်မတန်ခက်ခဲ့မည်မှာ သေချာသည်။ ထို့ကြောင့် အသေချာဆုံးနည်းလမ်းမှာ တော်လှန်ရေး အင်အားစုအားလုံးစည်းလုံးပြီး အမြန်ဆုံးနည်းလမ်းဖြင့် တော်လှန်ရေးကို အဆုံးသတ် ရန်ကြိုးစားသင့်ပါသည်။