သတင်း

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေက ဖြစ်စဉ်အမှန်တွေကို လိုရာဇာတ်သွင်းပြီး တော်လှန်ရေး ပုံဖျက်ဖို့ ကြိုးစားနေ

စစ်ကောင်စီ ဝါဒဖြန့် ချန်နယ်တွေက ဖြစ်စဉ်အမှန်တွေကို လိုရာဇာတ်သွင်းပြီး တော်လှန်ရေး ပုံဖျက်ဖို့ ကြိုးစားနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
စက်တင်ဘာ ၁၈ ၊ ၂၀၂၃။

၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေတဆင့် ဖြစ်စဉ်အမှန်တွေကို လိုရာ ဇာတ်သွင်းပြီး တော်လှန်ရေး ဘက်တော်သားတွေကို ပုံဖျက်တိုက်ခိုက်ဖို့ ပိုမိုကြိုးစား လှုပ်ဆောင်နေတယ်လို့  စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကို လစဉ်လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာတွေ ထုတ်ဝေလျက်ရှိတဲ့ ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က ဆိုပါတယ်။

အခု BACS ဘက်က ထုတ်ဝေထားတဲ့ ဩဂုတ်လ တယ်လီဂရမ် လေ့လာစောင့်ကြည့်မှု အစီရင်ခံစာအပေါ်အခြေခံပြီး၊ စစ်ကောင်စီ ဝါဒဖြန့်သတင်းချန်နယ်တွေနဲ့ လော်ဘီချန်နယ်တွေက ၂၀၂၃ ခုနှစ် ဩဂုတ်အတွင်း စစ်ကောင်စီရဲ့ သတင်းဖြန့်ဝေရေး ယန္တယားတွေဟာ တော်လှန်ရေး နဲ့ တော်လှန်ရေး ဘက်တော်သား တွေကို ပုံဖျက် တိုက်ခိုက်ဖို့ ကြိုးစားကြတဲ့အခါ တခါတရံမှာ လုပ်ကြံသတင်းတွေကို အသုံးပြပြီး ဝါဒဖြန့်တာမျိုးတွေ့ရသလို၊ ဖြစ်စဉ်အမှန်တွေ၊ သတင်းအမှန်တွေကို အသုံးပြုပြီး သူတို့လိုချင်တဲ့ ဇာတ်ကြောင်းတွေဆီရောက်အောင် တွန်းပို့ပုံဖော်တာမျိုးတွေကို အာရုံစိုက် ဝါဒဖြန့်ချိခဲ့ကြတာ တွေ့ရတယ်လို့ ဖော်ပြပါတယ်။
 
ဒီလို ဖြစ်စဉ်အမှန်တွေကို လိုရာဇာတ်သွင်းဖော်ပြနေတဲ့ထဲက ဩဂုတ်လအတွင်း စစ်ကောင်စီက ဝါဒဖြန့်ချိခဲ့တဲ့ ယေဘုယျ ဇာတ်ကြောင်းတွေကို ကြည့်မယ်ဆိုရင် NUG ခေါင်းဆောင်တွေနဲ့ သူတို့မိသားစုတွေက နိုင်ငံရပ်ခြားမှာ တော်လှန်ရေးရံပုံငွေတွေသုံးပြီး သာယာတဲ့ဘဝတွေကို ပိုင်ဆိုင်နေုပြီး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ PDF တွေကတော့ တောထဲမှာ ငတ်ပြတ် ဆင်းရဲ နေကြတယ်ဆိုပြီး ဝါဒဖြန့်ချိခဲ့တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
 
နောက်တခုကတော့ အချက်အလက်တွေကို အမှန် နဲ့ အမှား ရောယှက်ပြီး တယ်လီဂရမ်သုံးစွဲသူတွေ အကြား ဖြစ်စဉ်တွေကို ဝေဝါးအောင်လုပ်နေတာမျိုးတွေလည်း ရှိနေသလို တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေကို ပြည်သူကို ထိခိုက်အောင်လုပ်နေတဲ့ အဖွဲ့အစည်းတွေ အဖြစ်ပုံဖော်တာ၊ စစ်တပ်က ထိတွေ့တိုက်ပွဲတွေမှာ အနိုင်ရနေ၊ အသာရနေပြီး တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ လူနဲ့လက်နက်တွေ နေ့စဉ် ဖမ်းမိရရှိနေကြောင်း ဝါဒဖြန့်နေတာတွေ ရှိနေပါတယ်။
ဒါ့အပြင် နောက်ထပ် တခုကတော့ NUG လက်အောက်ခံ PDF တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ ရရှိထားပြီဖြစ်လို့ ကျန်ရစ်တဲ့ မိသား စုတွေ ဒုက္ခမရောက် စေချင်ရင် PDF တွေကို အမြန်ဆုံး အလင်းဝင်လာကြဖို့ ခြိမ်းခြောက်တာနဲ့ စစ် ခေါင်းဆောင်မင်းအောင်လှိုင်ကို သာသနာပြု မင်းကောင်းမင်းမြတ်သဖွယ် ဖော်ပြပြီး တော်လှန်ရေး လက်နက်ကိုင်တပ် ဖွဲ့တွေကိုတော့ ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတဲ့ သူပုန်တွေအဖြစ် ပုံဖော်ဝါဒဖြန့်တာ စသဖြင့် ဒီလို ဇာတ်ကြောင်းတွေကို အာရုံစိုက် ဝါဒဖြန့်ခဲ့တာ တွေ့ရှိခဲ့ရတယ်လို့ BACS ဘက်က တွေ့ရှိချက်ကို ထုတ်ပြန်ထားပါတယ်။

ထုတ်ပြန်ချက် – Burma Affairs & Conflict Study

Related Articles

Back to top button