သတင်း

KIA/K-PDFထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် သုံးဦးကို ဆုငွေချီးမြှင့်ပေးပြီး လုံခြုံတဲ့နေရပ်ထံ ပြန်ခွင့်ပြု

KIA/K-PDFထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ဆုငွေချီးမြှင့်ပေးပြီး လုံခြုံတဲ့နေရပ်ထံ ပြန်ခွင့်ပြု

ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ

စက်တင်ဘာ ၁၁၊ ၂၀၂၃။

ကချင်လွတ်မြောက်ရေးတပ်မတော် KIAတပ်မဟာ (၈)၊ အမှတ်(၅)တပ်ရင်း၊ မြို့လှ K-PDFတပ်ရင်းထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးကို ဆုငွေချီးမြှင့်ပေးပြီး လုံခြုံတဲ့နေရပ်ထံ ပြန်ခွင့်ပြုခဲ့တယ်လို့ KPDFထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်မ (၈၈) လက်အောက်ခံ ခလရ (၇၈)တပ်ရင်းမှ တပ်သား ရဝေအောင်၊ နိုင်လင်းဦး နဲ့ ခလရ(၄၃၇)က ဇော်မင်းထွေးတို့ ၃ဦးက ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)တပ်မဟာ (၈)၊ အမှတ်(၅)တပ်ရင်း၊ မြို့လှ KPDFတပ်ရင်းသို့ ခိုလှုံလာတာဖြစ်တယ်လို့ သိရပါတယ်။

“စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ဒီတိုင်းလက်နက်မပါဘဲ CDM လာတာ။ ကျွန်တော်တို့ တပ်ရင်းကနေ တစ်ယောက်ကို ငွေသားနှစ်သိန်းစီ ချီးမြှင့်ပေးတယ်။ ပြီးတော့ လုံခြုံတဲ့ သူတို့နယ်မြေ၊ သူတို့မိသားစုဆီကို ပြန်ခွင့်ပေးလိုက်ပါတယ်”လို့ မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးက FJMMကို ပြောပါတယ်။

အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးဟာ ဗန်းမော်မြို့နယ်အတွင်းရှိ မံမလင်းကျေးရွာအုပ်စုနဲ့ ပါပေါင်းကျေးရွာအုပ်စုတွေမှာ လှုပ်ရှားနေတဲ့စစ်ကြောင်းတွေကနေ ထွက်ပြေး လာပြီး CDM ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁ ရက်ကလည်း ရွှေကူမြို့နယ်၊ ကျောက်ကြီးကျေးရွာရဲစခန်းနဲ့ စစ်ကောင်စီစခန်းကို မြို့လှ KPDF တပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာမှာ ဖမ်းဆီး ရမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်းတစ်ဦးကိုလည်း ထောက်ပံ့ငွေတွေပေးအပ်ပြီး နေရပ်ကို ပြန်ခွင့်ပေးလိုက်တယ်လို့ သိရပါတယ်။

ပြည်သူ့မျက်နှာကို ရှေ့ရှု့ထောက်ထား၍ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကို ဝင်​ရောက်လာကြဖို့နဲ့ သူတို့အတွက်အပြည့်အဝ အစစအရာရာ တာဝန်ယူ ကြောင်း Myohla K-PDFက ဖိတ်ခေါ်ထားပြီး လက်နက်နဲ့ (CDM) ဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြုဆုချီးမြှင့်သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

ဓါတ်ပုံ – Myo Hla K-PDF

Related Articles

Back to top button