သတင်း

ကျောင်း‌သားခေါင်းဆောင်များကို ဖမ်းဆီးရမိမှ ဒေါ်ညိုအေးအမှုအား စီရင်ချက်ချမည်ဟု ပြောဆိုခြင်းမှာ ပျက်လုံးတစ်ခုသာဖြစ်ဟု ရက္ခိုင်ပြည်ကျောင်းသား များထုတ်ပြန်

ကျောင်း‌သားခေါင်းဆောင်များကို ဖမ်းဆီးရမိမှ ဒေါ်ညိုအေးအမှုအား စီရင်ချက်ချမည်ဟု ပြောဆိုခြင်းမှာ ပျက်လုံးတစ်ခုသာဖြစ်ဟု ရက္ခိုင်ပြည်ကျောင်းသားများထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဩဂုတ် ၃၁ ရက်၊ ၂၀၂၃။

၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကျင်းပတဲ့အတွက် ဖမ်းဆီးခံခဲ့ရတဲ့ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးရဲ့ အမှုကို စစ်ကောင်စီတရားရုံးမှ စစ်ဆေးမှုတွေ မလုပ်ဘဲ ဆိုင်းငံ့ထားခြင်းမှာ ဟာသတစ်ခုသာ ဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံတော် အကြည်အညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ)နဲ့ တရားစွဲဆိုခံထားရတဲ့ ဒေါ်ညိုအေးအား ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့တဲ့ ဩဂုတ် ၂၉ ရက်နေ့တွင် စစ်တွေမြို့နယ် တွဲဖက်တရားရုံးမှ ကျောင်းသားခေါင်းဆောင်တွေကို တရားခံပြေးအဖြစ်သတ်မှတ်ပြီးမှ အမှုအား စစ်ဆေးမယ့်အကြောင်းကို ပြေဆိုခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဝိုင်းရံသူတွေက ပြောကြပါတယ်။

စစ်ကောင်စီတရားရုံးမှ ထိုသို့ပြောဆိုတာဟာ အာချောင်ပြောဆိုခြင်းသာဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

” စစ်ကောင်စီ၏ တရားသူကြီးမှ ပြည်သူ့ရှေ့မှောက်တွင် အခမ်းအနားဦးဆောင်ကျင်းပသည့် ကျောင်းသားခေါင်းဆောင်များအား ဖမ်းဆီးပြီးမှ ဆရာမကြီး ဒေါ်ညိုအေးအမှုအား စီရင်ချက်ချမည်ဟု အာချောင်ပြောဆိုခြင်းသည် ဟာသပျက်လုံးတစ်ခုဖြစ်ပြီး ရခိုင်ပြည်သူလူထုနှင့် ကျောင်းသားထုအား အကြောက်အလန့်မရှိ ခြိမ်းခြောက်စော်ကားခြင်း” လို့ ရေးသားထားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တရားဟာ စစ်တွေမြို့တစ်ခုတည်းတွင်သာ လည်ပတ်မှုရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီမှ အခုလိုမျိုး တရားစွဲဆိုခြင်းဟာ ဖက်ဒရယ်၊ ဒီမိုကရေစီတည်ဆောက်မယ်လို့ ကြွားလုံးထုတ် ကြွေးကြော်တာဟာ အတုအယောင်သာ ဖြစ်ပြီးတော့ စစ်ကောင်စီရဲ့ တရားစီရင်ရေးအပေါ်မှာလည်း အယုံမကြည်မရှိတဲ့အတွက် သပိတ်မှောက်ကြဖို့အတွက်လည်း ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ ၁၃ ရက်နေ့က ၆၅ နှစ်မြောက် စစ်‌တွေဆန်ပြဿနာနေ့ ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို ရက္ခိုင်ပြည်ကျောင်းသား သမဂ္ဂက ဦးဆောင်ပြီးတော့ ကျောင်းသား၊ ကျောင်းသူ ၂၅ ယောက်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဒီအခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ ဒေါ်ညိုအေးအား ဩဂုတ်လ ၁၅ ရက်နေ့တွင် သူမရဲ့ ရုံးခန်းမှ ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးပြီးတော့ ၅၀၅ (ခ) နဲ့ အမှုဖွင့် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ဒေါ်ညိုအေးအား လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့ကို ဒုတိယအကြိမ်မြောက် ထပ်မံ ချိန်းဆိုထားပါတယ်။

ဓါတ်ပုံ – Arakan Students’ Union

Related Articles

Back to top button