သတင်း

ကရင်နီစစ်ရှောင်များ၏ ကနဦးလိုအပ်ချက်အတွက် ကျပ်သိန်း ၅၀၀ကျော် NUG ထောက်ပံ့ပေး

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၈၊ ၂၀၂၂

ကရင်နီစစ်ရှောင်များ၏ အရေးပေါ်လိုအပ်ချက်အတွက် စားနပ်ရိက္ခာ၊ အသုံးအဆောင်ပစ္စည်းနှင့် ငွေသား အပါအဝင် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၅၀၀ကျော် ထောက်ပံ့ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

“ကရင်နီပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာမှုကြောင့် တိုက်ပွဲရှောင်ပြည်သူများအတွက် အရေးပေါ် စားနပ်ရိက္ခာများကို အလျင်အမြန် ပံ့ပိုးကူညီပေးလျက်ရှိပြီး တိုက်ပွဲရှောင်သူဦးရေများပြားလာသည့်အတွက် အရေးပေါ်အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ၊ အရေးပေါ် လိုအပ်ချက်များအတွက် အသုံးပြုနိုင်ရေး ကနဦးထောက်ပံ့ငွေများကို ပေးပို့ထားသည်”ဟု ဆိုသည်။

လိုအပ်ချက်အရ ညှိနှိုင်းဆွေးနွေး၍ ဆက်လက်ထောက်ပံ့ရန်လည်း စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်းလည်း NUG က ထုတ်ပြန်သည်။

“စဉ်ဆက်မပြတ် ဆက်လက်ထောက်ပံ့ပေးနိုင်ရေး ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ၊ Coordination Team for Emergency Relief (CTER) ၊ ကယား(ကရင်နီ) ပြည်နယ် လွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့များ စသည့်သက်ဆိုင်ရာမိတ်ဖတ်အဖွဲ့များ၊ နယ်မြေခံ ကူညီပံ့ပိုးသူများနှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း” ဟု အသိပေးထားသည်။

ကရင်နီပြည်နယ် လွိုင်ကော်နှင့် ဒီးမော့ဆိုတွင် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းတို့ကြောင့် ကရင်နီဒေသခံများ သေဆုံးဒဏ်ရာရမှု ဖြစ်ပေါ်သူများရှိသကဲ့သို့ လွိုင်ကော်မြို့ခံ အများအပြားလည်း စစ်ဘေး တိမ်းရှောင်နေကြရပြီ ဖြစ်ကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

Related Articles

Back to top button