သဗြုချောင်ကျေးရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ
ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၉ ရက်၊ ၂၀၂၃။
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ သဗြုချောင်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးတစ်ဦးမှာ ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်း အနီးတွင် သြဂုတ်လ (၂၈)ရက်နေ့ ညနေ (၅) နာရီလောက်က ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သဗြုချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း(ခ) အတူးဟာ နေအိမ်ကနေ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ရင်းငြိမ်မြောက်ကျေးရွာဘက်သို့ ထွက်လာရင်း ဘောလုံးကွင်းအနီးမှာ သေနတ် သမားများက ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
ထိုသေနတ်သမားတွေက ဆိုင်ကယ်ဘေးမှ ကပ်ကာ အနီးကပ် နှစ်ချက် ပစ်ခတ်ခဲ့တာကြောင့် ဦးငွေထွန်း(ခ)အတူးရဲ့ ယာဘက်ဝမ်းဗိုက်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ နှစ်ချက်ရရှိခဲ့ပြီး စိုးရိမ် ရတဲ့အခြေအနေဖြစ်တဲ့အတွက် ပေါင်မြို့နယ် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားတယ် လို့ သိရပါတယ်။
” ကြားတာတော့ (၄) ချက် ပစ်ခံရတယ်လို့ကြားတယ်။ ထိတာတော့ (၂)ချက်ပဲ ထိသွားတယ်။ သေတော့ မသေသေးဘူး။ အခုထိတော့ ဆေးရုံမှာပဲ ရှိသေးတယ်။ ” လို့ ဒေသခံ တစ်ဦးက FJMM ကို ပြောပါတယ်။
ပစ်ခတ်ပြီးနောက် သေနတ်သမား နှစ်ဦးက အဆိုပါ လမ်းမကြီးအတိုင်း ရင်းငြိမ်မြောက်ကျေးရွာမှ ဇင်းကျိုက်မြို့ ဘက်သို့ ဆက်လက်မောင်းနှင်း ထွက်ခွာသွားတယ်လို့ သိရပါတယ်။
ဦးငွေထွန်း(ခ) အတူးမှာ စစ်ကောင်စီမှ ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတာဝန်မှ အနားယူချင် သော်လည်း အခွင့်အရေး မရတာကြောင့် ဆက်လက် တာဝန် ထမ်းဆောင်နေရတဲ့သူလို့လည်း သဗြုချောင်ကျေးရွာ ဒေသခံတစ်ဦးက မှတ်ချက်ပြုပါတယ်။
ဒါပေမယ့် ဦးငွေထွန်း(ခ) အတူးကို သေနတ်သမားတွေက ဘာကြောင့် ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးသလို FJMM အနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဆက်လက် စုံစမ်းလျှက်ရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၂ ရက်နေ့က ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ဦးကရင်ထမင်းဆိုင်နားမှာ သထုံကနေ ဆိုင်ကယ်နဲ့ပြန်လာတဲ့ ဇင်းကျိူက်နယ်မြေရဲစခန်းက ရဲတပ်သား ၁ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့ပါတယ်။