ထိုင်း – ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီ တပ်စခန်းကုန်းပွိုင့် (၂)ခုသို့ ရိက္ခာဖြည့်တင်းဖို့လာတဲ့ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံခဲ့ရပြီး ထိခိုက်သေဆုံးမှုရှိ
ဖယ်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၂၅ ရက်၊ ၂၀၂၃။
ထိုင်း-ကရင်နီနယ်စပ်ရှိ စစ်ကာင်စီတပ်စခန်း ပွိုင့် (၃၂၂၂) နှင့် ပွိုင့် (၂၈၈၈) တို့ကို ရိက္ခာဖြည့်တင်းဖို့ ကြိုးစားလာတဲ့ စစ်ကြောင်း ယမန်နေ့သြဂုတ်လ( ၂၃ )ရက်နေ့က ကရင်နီတပ်မတော် (KA) ရဲ့ ကြားဖြတ်တိုက်ခိုက်တာ ခံခဲ့ရလို့ စစ်သား (၁၂)ဦးခန့် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီ ရိက္ခာဖြည့်တင်းနိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ရင်းများဟာ ရှမ်းပြည်အခြေစိုက် ရတခမရ(၅၁၉ နှင့် ၃၃၄) တို့ဖြစ်ပြီး စစ်ကြောင်းထိုးလာစဉ် ကြားဖြတ် တိုက်ခိုက်ခံခဲ့ရတာပါ။
တိုက်ပွဲဖြစ်ပြီးနောက် ယမန်နေ့ သြဂုတ်( ၂၄ )ရက်နေ့က ကရင်နီတပ်မတော်(KA) ဘက်က နယ်မြေ ရှင်းလင်းရာမှာတော့ စစ်ကောင်စီ စစ်သား ရုပ်အလောင်း (၁၂)လောင်းတွေ့ရှိခဲ့ရပြီး၊ (၁၉) ဦးခန့် ဒဏ်ရာရရှိကြောင်းလည်း သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီ စစ်ကြောင်းက ယူဆောင်လာတဲ့ ၆၀ မမ ပြောင်းရှည် ၂ လက်၊ ပြောင်းတို ၂ လက်၊ ၂ ငါးကြင်းမြီး ၁ လက်၊ MA4 ၂ လက်၊ MA3 ၅ လက်၊ MA2 ၅ လက်၊ MA1 ၃ လက်၊ 9 mm ၁ လက်၊ ၆ဝ မမ သီး ၂၃ လုံး၊ RPG-7 သီး ၃၀ လုံး၊ 40 mm သီး ၁၄၂ လုံး၊ စွပ်ပုံး ၃၈ လုံး၊ လက်ပစ်ပုံး ၄၇ လုံး၊ ၁၈မိုင်း ၂ လုံး၊ ၁၄မိုင်း ၃ဝ လုံး၊ ကျည်အိမ် ၇၄ ခု၊ ၅.၅၆ ကျည် ၁၂,ဝဝဝ တောင့်၊ ၇.၇၂ ကျည် ၆၀၀ တောင့် နှင့် ဆက်သွယ်ရေးစက်ကြီး ၃ လုံးတို့ကို သိမ်းဆည်းရခဲ့တယ်လို့ ကရင်နီတပ်မတော် (KA) တပ်ရင်း – ၂ ဘက်က ထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ပွဲအတွင်း ကရင်နီတပ်မတော် (KA) ရဲဘော် ( ၃ )ဦးကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရအသေးစား ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – ကရင်နီတပ်မတော် (KA)