သတင်း

NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်တဲ့ KNU ရဲ့ ရပ်တည်ချက်ကို ကြိုဆိုကြောင်း LAN ထုတ်ပြန်

NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်တဲ့ KNU ရဲ့ ရပ်တည်ချက်ကို ကြိုဆိုကြောင်း LAN ထုတ်ပြန်

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ

ဩဂုတ် ၂၃ ရက်၊ ၂၀၂၃။ 

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းကို စွန့်လွှတ်လိုက်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ရပ်တည်ချက်အား ကြိုဆိုကြောင်း ဥပဒေ အထောက်အကူပြုကွန်ရက် (LAN) က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

LAN ရဲ့ ထုတ်ပြန်ချက်အရ KNU ဟာ တော်လှန်ရေးအရှိန်အဝါနှင့် နိုင်ငံရေးအစဉ်အလာ ကြီးမားသည့် တိုင်းရင်းသားခုခံစစ်ဆင် အဖွဲ့အစည်းကြီးတရပ်ဖြစ်သည်နှင့်အညီ ၂၀၂၁ ခုနှစ် စစ်တပ်က တိုင်းပြည်အာဏာထပ်မံသိမ်းယူခဲ့ပြီးနောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ရင်း KNU ထိန်းချုပ်နယ်မြေအတွင်းသို့ ရောက်ရှိလာခဲ့ကြတဲ့ Generation-Z လူငယ်များနှင့် နွေးဦးတော်လှန်ရေးအင်အားစု အသီးသီးကို လက်ခံကူညီ ပံ့ပိုးပေးခဲ့ပြီး ဖွဲ့စည်းလှုပ်ရှား ခွင့်ပြုခဲ့ပေမယ့် စစ်အာဏာရှင်စနစ်ကို အခိုင်အမာအုတ်မြစ်ချထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်တွင်သာ နိဂုံးချုပ်သွားမည့် NCA အပစ်ရပ်စာချုပ်အခြေပြု ဆွေးနွေးရေး လမ်းကြောင်းကို ပြတ်ပြတ်သားသား စွန့်လွှတ်ခြင်းမရှိဘဲ စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးရေးမူကို တနည်းတဖုံစွဲကိုင်ထားခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါပေမယ့် အထက်ပါမူနှင့်ဆန့်ကျင်လျက် (၁၇) ကြိမ်မြောက် KNU ကွန်ဂရက်မှ ရွေးချယ်တင်မြောက်လိုက်သည့် ခေါင်းဆောင်သစ်များ အနေဖြင့် “NCA ပတ်သက်လို့ ကျနော်တို့ လိုက်နာစရာအကြောင်းမရှိတော့ပါဘူး…။ ” ဟူ၍ အတိအလင်း ထုတ်ဖော်ပြောကြားလိုက်ခြင်းဟာ မှန်ကန်သည့် နိုင်ငံရေးမူဝါဒ အပြောင်းအလဲတခုဖြစ်၍ ဥပဒေအထောက်အကူပြုကွန်ရက်(LAN)အနေဖြင့် တန်းဖိုးထားကြိုဆိုတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

အခုလို ပြောဆိုလိုက်တာဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်၊ နေ့လယ်ပိုင်းမှာ ကျင်းပတဲ့ KNU ဗဟိုအလုပ်အမှုဆောင် အဖွဲ့သစ်ရဲ့ ပထမရက် ၁၀၀ ကာလ သတင်းစာရှင်းလင်းပွဲကနေတဆင့် KNU ခေါင်းဆောင်တွေက “NCA မရှိတော့ဘူး၊ လိုက်နာစရာ အကြောင်းမရှိတော့ဘူး” လို့ ပြောဆိုလိုက်တာပါ။ 

NCA နဲ့ ပတ်သက်ပြီး KNU ခေါင်းဆောင်တွေဘက်က အဲဒီလို ပြောဆိုလိုက်ပြီးနောက် NCA လက်မှတ်ရေးထိုးထားပြီး စစ်ကောင်စီနဲ့ မကြာခဏ တွေ့ဆုံနေတဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ကတော့ NCA ကို စွဲကိုင်ထားဆဲ ဖြစ်တယ်လို့ ဩဂုတ် ၂၁ ရက်နေ့က သူတို့ရဲ့ ၆ လပတ် အစည်းအဝေး ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုလိုက်သလို ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီးခွန်ဥက္ကာကလည်း NCA ပျက်ပြယ်စရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီ အာဘော် သတင်းဌာန တစ်ခုကို ပြောထားပါတယ်။ 

တိုင်းရင်းသားအရေး လေ့လာသူတွေဘက်ကတော့ NCA နဲ့ ပတ်သက်ပြီး စစ်ကောင်စီက အာဏာသိမ်းလိုက်ပြီးနောက် ဥပဒေကြောင်းအရ လက်တွေ့အရ ပျက်ပြယ်သွားပြီဖြစ်ပေမယ့် စစ်ကောင်စီနဲ့ မကြာမကြာ တွေ့ဆုံနေတဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ ခေါင်းဆောင်တချို့ကတော့ သူတို့ထိန်းချုပ်တဲ့ နယ်မြေတွေမှာ စစ်ရေးအရ ရှောင်ရှားနိုင်ဖို့ NCA ကို ကိုင်စွဲနေဆဲ ဖြစ်တယ်လို့ ထောက်ပြပါတယ်။ 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်(NCA) စာချုပ်ကိုတော့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ RCSS နဲ့ KNU အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့နဲ့ အဲဒီကာလ ဦးသိန်းစိန် အစိုးရတို့ကြား ပထမဆုံး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။ 

၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးချိန်မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/ KNLA-PC)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ပါဝင်ခဲ့ပါတယ်။ 

အဲဒီနောက် NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး တို့က NCA လက်မှတ်ရေးထိုးခဲ့ကြတာပါ။

KNU ရဲ့ ရပ်တည်ချက်ကို ကြိုဆိုကြောင်း ထုတ်ပြန်ထားတဲ့ ဥပဒေ အထောက်အကူပြုကွန်ရက်(LAN) ဟာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းနဲ့ပတ်သက်ပြီး ဥပဒေကြောင်းအရ အစဉ်တစိုက် တိုက်တွန်းအကြံပြုခဲ့တဲ့ အဖွဲ့ဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများစုဖွဲ့ခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ရဲ့ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့အနေဖြင့်လည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။  

ဓါတ်ပုံ – Getty Images (ပုံဟောင်း)

Related Articles

Back to top button