သုတေသန

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ စုစည်းတင်ပြခြင်း

နွေဦးတော်လှန်ရေးကာလ တိုင်းရင်းသားဒေသက အခြေအနေများ

သုံးလတာ ကာလအတွင်း စုစည်းတင်ပြခြင်း (၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအထိ)

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာရှင်စနစ် ဆန့်ကျင်ရေးကို အလွှာပေါင်းစုံမှ တိုင်းရင်းသား ပြည်သူများ၏ ပူးပေါင်းပါဝင် လှုပ်ရှားမှုများကို ဖယ်ဒရယ်ဂျာနယ်၊ မြန်မာက လစဉ် လေ့လာပြုစုပေါင်းချုပ်၍ ထုတ်ပြန်လျက်ရှိသည်။

ဤတစ်ကြိမ်တွင် ၂၀၂၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင် (၃) လအတွင်း အာဏာသိမ်းမှုနှင့် ဆက်စပ်သည့် ပဋိပက္ခများကြောင့် တိုင်းရင်းသားဒေသများတွင် နှစ်ဘက် ထိခိုက်သေဆုံးမှု၊ စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ပြည်သူ့အိုးအိမ်ပျက်စီးမှု၊ နေရပ်စွန့်ခွာမှုများကို အောက်ပါအတိုင်း စုစည်းတင်ပြထားပါသည်။

– အပိုင်း (၁)

တိုက်ပွဲဖြစ်ပွားမှု နှင့် နှစ်ဖက်တပ်သားသေဆုံးမှု

၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအထိ (၃)လအတွင်း တိုင်းရင်းသားပြည်နယ်ဒေသများတွင် စစ်ကောင်စီ တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ တို့အကြား တိုက်ပွဲကြီးတိုက်ပွဲငယ် အကြိမ်ပေါင်း (၅၈၆) ကျော်ဖြစ်ပွားခဲ့ရာ ကရင်ပြည်တွင် (၃၉၀) ဝန်းကျင်ဖြင့် တိုက်ပွဲအများဆုံးဖြစ်ပွားခဲ့ပြီး၊ ကရင်နီပြည်နယ်တွင် (၈၆)ကြိမ်ဖြင့် ဒုတိယအများဆုံး တိုက်ပွဲဖြစ်ပွားခဲ့သည်။ ဇွန်လအတွင်း စစ်ကောင်စီတပ်သား‌ ပေါင်း (၉၂၈) ဝန်းကျင် သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်သားသေဆုံးမှု (၁၀၄) ဦးခန့်ရှိခဲ့ပါသည်။

(က) ကချင်ပြည်

ဤသုံးလအတွင်း စစ်ကောင်စီနှင့် ကချင်ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၃၄) ကြိမ်ခန့် ရှိပြီး စစ်ကောင်စီတပ်သား (၃၃) ဦးကျော်သေဆုံးမှုအား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။ ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ များဖြစ်သော KIA နှင့် PDFs တို့၏ ထိခိုက်သေဆုံးမှုအား မှတ်တမ်းတင်နိုင်မှု မရှိခဲ့ပါ။

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုအဖွဲ့အစည်းများသည် ကချင် ဒေသများထဲက ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၊ ပူတာအိုမြို့နယ်၊ ဖားကန့်မြို့နယ်တို့အပြင် ကချင်-စစ်ကိုင်းနယ် စပ်ဒေသများဖြစ်သော ကသာ၊ အင်းတော်၊ ကောလင်း၊ ထီးချိုင့် စသောမြို့နယ်များ နှင့် ကချင်-ရှမ်းမြောက် ဒေသရှိ ကွတ်ခိုင်၊ မူဆယ်၊ ပြင်ဦးလွင်၊ နောင်ချို စသောမြိုနယ်များသို့လည်း KIA တပ်မဟာများ ၏ စစ်ရေးကွပ်ကဲမှုများဖြင့် ပူးပေါင်းစစ်ဆင်လျှက်ရှိပါသည်။

(ခ) ချင်းပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် ချင်းပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၃၅) ကြိမ်ခန့်ရှိရာ စစ်ကောင်စီတပ်သားသေဆုံးမှု (၁၃၈) ဦးကျော်နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၈) ဦးကျော်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ချင်းပြည်နယ်တွင် ချင်းအမျိုးသားတပ်ဉီး (CNF/A) နှင့် မြို့နယ်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (CDFs) များ ပူးပေါင်း စစ်ဆင်မှုသည် အဓိကကျပါသည်။ ချင်းလဲန်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည် ချင်းပြည်နယ်နှင့်ထိစပ်နေသည့် မကွေးတိုင်းဒေသရှိ ကန့်ကော ဒေသတစ်ဝိုက်နှင့် စစ်ကိုင်းတိုင်းမြောက်ဖက် ကလေးကဘော်ဒေသများတွင်လည်း စစ်ရေးလှုပ်ရှားမှုရှိသည်။

(ဂ) ရှမ်းပြည်

သုံးလအတွင်း ရှမ်းပြည်နယ်အတွင်း ထိတွေ့ပစ်ခတ်မှုပေါင်း (၃၃) ကြိမ်ကျော်ရှိရာ၊ စစ်ကောင်စီ တပ်သား သေဆုံးမှု (၃၆) ဦးခန့်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ ကျဆုံးမှု (၅) ဦးအား မှတ်တမ်း တင်နိုင်ခဲ့ပါသည်။

ရှမ်းပြည်နယ်တွင် ကိုးကန့်(MNDAA)၊ တအောင်း(TNLA)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား ထိတွေ့ပစ်ခတ်မှုများနှင့် ရှမ်းလူမျိုးအခြေခံ လက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် RCSS/SSA နှင့် SSPP/SSA တို့အကြား ထိတွေ့ပစ်ခတ်မှုများ ရှိသည်။

(ဃ) ကယား(ကရင်နီ)ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၈၆) ကြိမ် ခန့်ရှိရာ စစ်ကောင်စီ တပ်သားသေဆုံးမှု (၂၀၇) ဦးကျော် နှင့် ပြည်သူ့ပူးပေါင်းတပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၃၈) ဦးကျော်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

ကရင်နီပြည်နယ်နှင့် ထိစပ်ဒေသများတွင် စစ်ကောင်စီနှင့် ကရင်နီတပ်မတော်(KA)တို့ကြား တိုက်ပွဲ ဖြစ်ပွား မှုရှိသကဲ့သို့ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ အခြားကရင်နီ ဒေသအခြေစိုက် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် စစ်ကောင်စီတပ်တို့ကြား နှစ်ဘက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည်။

ကရင်နီပူးပေါင်းတပ်ဖွဲ့ များသည် ကရင်နီအပြင် ကရင်နီ-ရှမ်း ထိစပ်ဒေသ များဖြစ်သော ဖယ်ခုံမြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်းမြို့နယ်တို့မှာလည်း စစ်မျက်နှာဖွင့်ကာ ရှမ်းပြည်နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ချို့နှင့်အတူ ပူးပေါင်းစစ်ဆင်ရေးများ လုပ်ဆောင်လျှက်ရှိသည်။

(င) ကရင်ပြည်

သုံးလအတွင်း စစ်ကောင်စီတပ်နှင့် ကော်သူးလေအုပ်ချုပ်နယ်မြေရှိ ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု(၃၉၀) ကြိမ်ခန့်ရှိပြီး စစ်ကောင်စီတပ်သားသေဆုံးမှု (၅၀၄) ဦးကျော် နှင့် ပြည်သူ့ပူးပေါင်း တပ်ဖွဲ့ဖက်မှ တပ်သားကျဆုံးမှု (၂၆) ဦးကျော်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

(စ) မွန်ပြည်

သုံးလအတွင်း စစ်ကောင်စီနှင့် မွန်တော်လှန်ရေးတပ်ဖွဲ့များအကြား ထိတွေ့ပစ်ခတ်မှု (၈)ကြိမ်ခန့်ရှိပြီး စစ်ကောင်စီတပ်သားသေဆုံးမှု (၁၀) ဦးထက်မနည်းနှင့် တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက် ကျဆုံးမှု (၇) ဦးခန့်အား မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

မွန်ပြည်နယ်မြို့နယ်များထဲတွင် ကရင်ပြည်နယ်နှင့်ထိစပ်လျက်ရှိသော သထုံ၊ ဘီးလင်း နှင့် ကျိုက်ထိုစသောမြို့နယ်များသည် ကော်သူးလေအုပ်ချုပ်နယ်မြေ (ခေါ်) KNU/KNLA ထိန်းချုပ်နယ်မြေများဖြစ်သည့်အလျောက် ၎င်းမြို့နယ်အခြေခံသော ကာကွယ်ရေးတပ်ဖွဲ့များသည် KNLA ၏ စစ်ရေးကွပ်ကဲမှုဖြင့် ပူးပေါင်းစစ်ဆင်လျက် ရှိသည်။

– အပိုင်း (၂)

အရပ်သားပြည်သူအပေါ်တိုက်ပွဲ၏ အကျိုးဆက်များ

(က) အရပ်သားပြည်သူ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု

၂၀၂၃ ခုနှစ် မေလမှ ဇူလိုင်လအထိ သုံးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှု၊ မြေမြုပ်မိုင်းထိခိုက်မှုနှင့် တိုက်ပွဲအတွင်း ပစ်ခတ်သတ်ဖြတ်မှုကြောင့် တိုင်းရင်းသား ဒေသအတွင်း အရပ်သား ပြည်သူများ သေဆုံးမှု စုစုပေါင်း (၂၂၁)ဉီး ဝန်းကျင်ရှိပြီး ထိခိုက်ဒဏ်ရာရရှိသူ (၃၃၅)ဉီးကျော် ရှိသည်။

ကရင်ပြည်တွင် အရပ်သားသေဆုံးမှုအများဆုံးဖြစ်ပြီး (၁၀၇) ဦးခန့်သေဆုံးမှုအား မှတ်တမ်းတင် နိုင်ခဲ့ပါသည်။ ကရင်နီပြည်တွင် အရပ်သားသေဆုံးမှု ဒုတိယအများဆုံး ဖြစ်ကာ (၅၄) ဉီးကျော်သေဆုံးခဲ့ပြီး၊ ရှမ်းပြည်တွင် (၂၈) ဉီး၊ ကချင်ပြည်တွင် (၁၆) ဉီး၊ မွန်ပြည်တွင် (၁၁)ဉီး၊ ချင်းပြည်တွင် (၅) ဉီး စသည်ဖြင့် အရပ်သားသေဆုံးမှု အသီးသီးရှိပါသည်။

(ခ) အိုးအိမ်ပျက်စီးမှု

ဤသုံးလအတွင်း တိုင်းရင်းသားဒေသအသီးသီး၌ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှု၊ တိုက်ပွဲ အတွင်း လက်နက်ကြီးထိခိုက်ခံရမှုတို့ကြောင့် အရပ်သားနေအိမ်များ အိမ်ခြေ (၄၄၅) ကျော် ပျက်စီး ခဲ့ရသည်။

ကရင်ပြည်တွင် (၂၃၉) ကျော်နှင့် ကရင်နီပြည်တွင်(၁၃၂)ကျော်ဖြင့် ပထမနှင့် ဒုတိယအများဆုံး နေအိမ်ပျက်စီး မှုအသီးသီး ဖြစ်ပွားပြီး အလားတူ ချင်းပြည်တွင် (၄၂)ကျော်ခန့် ၊ ရှမ်းပြည်တွင် (၂၂) ဝန်းကျင်၊ ကချင်ပြည်တွင် (၆) အိမ်၊ မွန်ပြည်တွင်(၄) အိမ်ခန့် အသီးသီး ပျက်စီးရှုံးဆုံးမှုရှိပါသည်။

ကိုးကားချက်များ –

၁) လွတ်လပ်သော သတင်းမီဒီယာများ
၂) အမျိုးသားညီညွတ်ရေး အစိုးရ (NUG)
၃) ကြားကာလ ပြည်နယ်အတိုင်ပင်ခံ ကောင်စီများ
၄) တိုင်းရင်းသား လူ့အခွင့်အရေးအဖွဲ့များ နှင့် လူမှုအဖွဲ့အစည်းများ
၅) ဖက်ဒရယ်ဂျာနယ်၊ မြန်မာမှ သီးသန့်မေးမြန်းချက်၊ စုဆောင်းချက်များ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ စုစည်းတင်ပြသည်။
——၀၀၀——- 

Related Articles

Back to top button