သတင်း

ဘီးလင်းရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ထောင်နဲ့ချီရှိ

ဘီးလင်းရေကြီးမှုကြောင့် ရေဘေးသင့်ပြည်သူ ထောင်နဲ့ချီရှိ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
သြဂုတ် ၄ ရက်၊ ၂၀၂၃။
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေတာကြောင့် ရေဘေးသင့်ပြည်သူတွေ ထောင်ဂဏန်းနဲ့ ရှိကြောင်း ဒေသခံတွေ ထံမှ သိရပါတယ်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘီးလင်းမြစ်ရေဟာ သြဂုတ် ၂ ရက်နေ့ကစပြီး စိုးရိမ်ရေမှတ်ထက် ၃၀ စင်တီမီတာ ကျော်လွန်ရောက်ရှိလာပြီး မြေနိမ့်ပိုင်းကျေးရွာတွေနဲ့ မြို့ပေါ်ရပ်ကွက်တချို့မှာ စတင် ရေကြီးရေလျှံမှု ဖြစ်ပွားရတာပါ။
အဆိုပါရေကြီးရေလျှံမှုကြောင့် ဘီးလင်းမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ကန်သာယာ၊ ဘိုးရာဇာ၊ ဘိုးလှကြီး၊ ဆရာစံရပ်ကွက်တွေအပြင် သပြေနီ၊ အလူးလေး၊ ကြီးပင်၊ ကြိမ်ဖန်၊ တောင်စွန်း၊ ရွှေလှေ၊ နှင်းပုလဲကျေးရွာက ဒေသခံထောင်ချီ ရေဘေးဒုက္ခနဲ့ ကြုံတွေ့နေရကြောင်း သိရပါတယ်။
ထိုရေဘေးသင့် ပြည်သူတွေအတွက် လက်ရှိမှာ ယာယီကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေကထံနေ သိရပါတယ်။
ဘီးလင်းမြို့ပေါ် ရပ်ကွက် ၅ ခုမှာရှိတဲ့ စာသင်ကျောင်းနဲ့ဘုန်းကြီးကျောင်းတွေမှာ ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်ထားပြီး လာရောက်နေထိုင်သူ ၅၀၀ နီးပါး ရှိနေတယ်လို့ သိရပါတယ်။
ရေဘေးသင့်ပြည်သူတွေကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေကသာ ကိုယ်ထူကိုယ်ထ လှူဒါန်းပေးတာတွေ ရှိပြီး စစ်ကောင်စီရဲ့ အကူအညီရရှိမှုမှာ အလွန်နည်းပါးနေကြောင်း သိရပါတယ်။
သို့သော် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ကတော့ ရေဘေးကယ်ဆယ်ရေးစခန်းတွေကို သြဂုတ် ၄ ရက်နေ့မှာ ပြန်လည်ပိတ်သိမ်းဖို့ ညွှန်ကြားထားကြောင်းရေဘေးသင့်ပြည်သူတွေရဲ့ ပြောဆိုမှုတွေအရ သိရပါတယ်။
ဘီးလင်းမြစ်ရေဟာ သြဂုတ် ၃ ရက်နေ့ ညနေ ၃ နာရီအချိန် တိုင်းတာချက်အရ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၁၀၂၂ စင်တီမီတာထက် ၂၆ စင်တီမီတာ ကျော်လွန်နေသေးကြောင်း သိရပါတယ်။

Photo – CJ

Related Articles

Back to top button