သတင်း

ထိန်းချုပ်နယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အပြင် လယ်ယာလုပ်ငန်းတွေမှာပါ AA ဝိုင်းကူလုပ်ပေးနေ

ထိန်းချုပ်နယ်မြေတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးနေတဲ့အပြင် လယ်ယာလုပ်ငန်းတွေမှာပါ AA ဝိုင်းကူလုပ်ပေးနေ

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၂၂ ရက်၊ ၂၀၂၃။

ရက္ခိုင့်တပ်တော် (AA) က သူတို့ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာ ကျန်းမာရေးတွေ စောင့်ရှောက်ပေးနေတဲ့အပြင် လယ်ယာလုပ်ငန်းတွေမှာ ဝိုင်းကူလုပ်ပေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်မှာ မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ ဖျက်အားပြင်း မိုခါမုန်တိုင်းကြောင့် မြို့နယ်အများစုက ရခိုင်ပြည်သူတွေဟာ ဒုက္ခ အကြီးအကျယ် ရောက်ခဲ့ကြပါတယ်။

ဒီလိုမျိုး ဒုက္ခရောက်ပြည်သူများကို ရက္ခိုင့်တပ်တော်က သူတို့ထိန်းချုပ်ထားနိုင်တဲ့ နေရာတွေမှာ ကူညီပေးနေတယ်လို့ ဆိုပါတယ်။

ရသေ့တောင်မြို့နယ်က (ရိုဟင်ဂျာ်)မွတ်ဆလင်တစ်ဦးက “တပ်တော်က ဆန်၊ သွပ်၊ တာပေါ်လိတ်တွေပေးပါတယ်။ နောက်ပြီးတော့ သောက်သုံးရေတွေရအောင်လုပ်ပေးပါတယ်။ မုန်တိုင်းကာလတုန်းက လူတွေကိုလည်း ကယ်ဆယ်ပေးပါတယ်။ ရပ်ရွာတွေကိုလာပြီးတော့ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း လုပ်ပေးပါတယ်”ဟု ပြောပါတယ်။

အဆိုပါ ဒေသမှာနေထိုင်တဲ့ သူတွေဟာ ရက္ခိုင့်တပ်တော်မှ ကူညီဆောင်ရွက်ပေးတဲ့အတွက် အသက်ရှင်နေရခြင်းဖြစ်ပြီး တပ်တော်မှ ဆောင်ရွက်မပေးခဲ့လျှင် အဆင်ပြေလိမ့်မယ်မဟုတ်ဘူးလို့ သူကဆက်ပြောပါတယ်။

” မုန်တိုင်းတိုက်ပြီးနောက်ပိုင်း ရသေ့တောင်မြို့နယ်မှ ရီကောင်းချောင်း၊ အောင်ဆိပ်၊ ဆင်ခုံးတိုင်(မူဆလင်ရွာ)၊ သက်ပြေကျ၊ ခရုချောင်း၊ မင်းဖူး၊ အုန်းချောင်း၊ ဇေယျာမြိုင်၊ အိုးဖောက်၊ အာကာတောင်(မူဆလင်ရွာ)၊ ကံဆိပ်(မူဆလင်ရွာ)၊ ကုန်တန်း၊ သမီးလှ(ရွာသစ်)၊ သမီးလှ(ရွာဟောင်း)၊ ပြိန်းတော ၊ င/စံဘော်၊ ညောင်ပင်လှ၊ ဗောဓိကုန်း၊ ရီမျက်၊ စဖိုကျွန်း၊ အောင်ဇေကုန်း၊ ပြင်ဝန်း၊ ဒိုးဝေချောင်း၊ ကြိမ်တန်း၊ မှန်နီပြင်၊ ကျောက်ရံ၊ မော်ထက်၊ စေတီပြင်၊ အောက်ကျောင်းတောင်၊ ခမောင်တုံး၊ ကညင်ချောင်း၊ ကျွန်းပေါ်ပေါက်တော၊ အောင်သာယာ၊ ကျုံးပြင်၊ ရွှီကံပြင်၊ နေဗီဆိပ်၊ ဆင်အိုး၊ သစ်ကတိုး၊ မီးကျောင်းရီသောက်၊ ကျောက်စာတိုင်၊ ဈီးကုန်တန်း၊ မိညိုထောင့်၊ လုံးတင် အစရှိသော ကျေးရွာပေါင်း (၅၀) ကျော်၌ နေ့စဉ် ရက်ဆက် ဆေးကုသပေးလျက်ရှိသကဲ့သို့ နောက်ထပ်ကျေးရွာများရှိ အာရက္ခပြည်သူများကိုလည်း ဆက်တိုက် ဆေးကုသပေးနေပါသည် ” ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့က Cyclone Mocha ERRCA က ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒေသခံတွေနဲ့အတူ သစ်ပင်စိုက်ခြင်းတွေနဲ့ လယ်ယာလုပ်ငန်းတွေမှာလည်း ဝင်ရောက်လုပ်ကိုင်နေတာတွေကို လူမှုကွန်ရက်တွေမှာ တွေ့ရှိရပါတယ်။

Photo- Cyclone Mocha ERRCA

Related Articles

Back to top button