သတင်း

အခြေခံပညာစာသင်ကျောင်းများတွင် ပုံနှိပ်စာအုပ်တွေ အစုံအလင်မရရှိသေး

အခြေခံပညာစာသင်ကျောင်းများတွင် ပုံနှိပ်စာအုပ်တွေ အစုံအလင်မရရှိသေး

ဖက်ဒရယ်ဂျာနယ်၊ မြန်မာ
ဇူလိုင် ၁၉ ရက်၊ ၂၀၂၃။
 
ဇွန်လတစ်ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တဲ့ ရခိုင်ပြည်ရှိ အခြေခံပညာစာသင်ကျောင်းတွေမှာ အခုအချိန်ထိ ပုံနှိပ်စာအုပ်တွေ အပြည့်အစုံမရသေးဘူးလို့ ပြောကြပါတယ်။
 
ဒီလိုမျိုး စာအုပ်တွေ မစုံသေးတဲ့အတွက် စာသင်ကြားရာတွေမှာလည်း အခက်အခဲတွေက ရှိနေကြပါတယ်။
 
ဒါ့အပြင် တစ်လကျော် ကြာတဲ့အထိ ဘာသာရပ်တချို့ကို မသင်ကြားနိုင်သေးတဲ့အတွက် လပတ်စာမေးပွဲတွေမှာ မစစ်ဆေးနိုင်သေးတဲ့ ဘာသာရပ်တွေလည်း ရှိသေးတယ်လို့ ကျောက်တော်မြို့နယ်က ဆရာမတစ်ယောက်က ဆိုပါတယ်။
 
” စာအုပ်တွေအစုံအလင် မရသေးဘူး။ စာပြရတာတွေက အခက်အခဲတွေရှိတယ်။ ပုံနှိပ်စာအုပ်တွေ ရုံးကအစုံအလင်မရသေးတာပါ။ ရတဲ့စာအုပ်တွေလည်းရတယ်။ မရတဲ့စာအုပ်တွေကလည်း အများကြီးပါ။ ဒီလ ၂၄ ရက်နေ့ဆိုရင် လပတ်စာမေးပွဲတွေရှိတယ်။ တချို့ဘာသာရပ်တွေက မသင်ကြားရသေးတဲ့အတွက် စာမေးပွဲစစ်ဆေးလို့ အဆင်မပြေဘူး” လို့ ပြောပါတယ်။
 
ပညာရေးဌာနမှ ကျောင်းသားတွေကို ပုံနှိပ်စာအုပ်တွေ ပေးရာတွင် မလောက်ငှတဲ့အတွက် မဲဖောက်ပြီးတော့ ပေးခဲ့ရတယ်လို့ စစ်တွေမြို့နယ်က ဆရာတစ်ယောက်ကလည်း ဆိုပါတယ်။
 
” ဗလာစာအုပ်တွေလည်း မရတာတွေလည်းရှိတယ်။ ရှိတဲ့ကျောင်းသားဦးရေနဲ့ ပညာရေးဌာနက ပေးထားတဲ့ စာအုပ်တွေနဲ့က ကိုက်ညီမှုမရှိဘူး။ စာအုပ်အရေအတွက်က နည်းတယ်။ ကျောင်းသားဦးရေက များတယ်” လို့ ပြောပါတယ်။
 
အခြေခံပညာကျောင်းတွေမှာ ပုံနှိပ်စာအုပ်တွေ အစုံအလင်မရရှိသေးတဲ့ဟာ မှန်ကန်တယ်လို့ ​ပေါက်တောမြို့နယ် ပညာရေးမှူးရုံးက တာဝန်ရှိသူ တစ်ယောက်ကလည်း ဝန်ခံပါတယ်။
 
ဒါ့အပြင် မေ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် မြို့နယ်အများအပြားမှ အခြေခံပညာစာသင်ကျောင်းတွေဟာလည်း ပျက်စီးသွားခဲ့ရပါတယ်။
 
အဲဒီထဲက စာသင်ကျောင်းအများစုကို နှစ်လကျော် ကြာတဲ့အထိ ပြန်မလုပ်နိုင်သေးတဲ့အတွက် ကျောင်းချိန်တွေကို ခွဲပြီးတော့ တက်နေရတယ်လို့ သိရပါတယ်။
 
” ကျောင်းအများစုကတော့ နှစ်သုတ်ခွဲပြီးတော့ တက်ရတယ်။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ကျောင်းဆောင်အများစုက လုပ်လို့မပြီးသေးဘူး။ ဒါကြောင့် မနက်ပိုင်းမှာ တစ်သုတ်ရယ်။ နေ့လယ်ပိုင်းမှာ တစ်သုတ်ရယ်ပေါ့။ အဲလိုတက်နေရတဲ့ ကျောင်းတွေက အများစုပါ။ တချို့ရွာတွေမှာဆိုရင် ကျောင်းတက်ဖို့အတွက် စာသင်ကျောင်းတွေမရှိတော့လို့ လူနေအိမ်တွေနဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ သင်ကြားနေကြရတယ်” လို့ ပညာရေး အသိုင်းအဝိုင်းတွေက ပြောဆိုကြပါတယ်။
 
စာသင်ချိန်တွေကို ပုံမှန်မသင်ကြားရတဲ့အပြင် စာအုပ်တွေလည် လုံလုံလောက်လောက်မရရှိသေးတဲ့အတွက် ပညာသင်ကြားရေးတွေမှာ များစွာထိခိုက်မှုတွေရှိနေကြပါတယ်။

ဓါတ်ပုံ – CJ (Mocha ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ရခိုင်က စာသင်ကျောင်းနဲ့ ပြန်လည်ထူထောင်ရေးလိုအပ်နေဆဲ မြင်ကွင်း)

Related Articles

Back to top button