သတင်း

KIO ဌာနချုပ် လိုင်ဇာအနီး စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်လာလို့ ဒေသဆိုင်ရာအသင်းအဖွဲ့များအရေးပေါ် သတိပေးထုတ်ပြန်

KIO ဌာနချုပ် လိုင်ဇာအနီး စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်လာလို့ ဒေသဆိုင်ရာအသင်းအဖွဲ့များအရေးပေါ် သတိပေးထုတ်ပြန်

(နှစ်ဖက်တိုက်ပွဲပြင်းထန်လာလို့ နမ်ဆန်ယန်နဲ့ ဒေါ့ဖုန်းယန်ဒေသခံတွေ ထပ်မံ စစ်ဘေးရှောင်နေရ)

ဖက်ဒရယ်ဂျာနယ် မြန်မာ
ဇူလိုင် ၁၄ရက် ၊ ၂၀၂၃။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲက တရုတ်-မြန်မာနယ်စပ်က ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် တည်ရှိတဲ့ လိုင်ဇာနဲ့ ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်လာပြီး စစ်ကောင်စီက လိုင်ဇာမြို့အဝင်နားထိ လက်နက်ကြီးပစ်ခတ်လာလို့ ဒေသဆိုင်ရာအသင်းအဖွဲ့များအရေးပေါ် သတိပေးထုတ်ပြန်ထားပါတယ်။

ပြီးခဲ့သော ဇူလိုင် (၃) ရက်နေ့က စတင်ပြီး စစ်ကောင်စီဘက်ရဲ့ မိုးတွင်းစစ်ဆင်ရေးဖြင့် နေ့စဉ်ရက်ဆက် ထိုးစစ်ဆင်မှုကြောင့် လိုင်ဇာနဲ့ ထိစပ်ဒေသဖြစ်တဲ့ နမ့်ဆန်ယန်ဒေသအနီးတဝိုက် တိုက်ပွဲများပြင်းထန်လျှက် ရှိနေတာပါ။

လိုင်ဇာဒေသဆိုင်ရာ ဘာသာရေးအသင်းအဖွဲ့တခုရဲ့ ထုတ်ပြန်ချက်အရ အခုလ ဇူလိုင်လဆန်းကနေ ပြန်လည် ဖြစ်ပွားလာတဲ့ နှစ်ဖက်တိုက်ပွဲများကြောင့် နေရပ်ပြန်နမ်ဆန်ယန် ဒေသခံများဟာ နီးစပ်ရာဒေသသို့ ပြန်လည် ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို ဆက်လက် တိုက်ပွဲပြင်းထန်နေတာကြောင့် လိုင်ဇာမြို့တွင်းနေထိုင်တဲ့ ပြည်သူများ လူစုလူဝေးကျင်းပခြင်းရှောင်ရှားရန်၊ နေအိမ်မှပြင်ပသို့မလိုအပ်ပဲမထွက်ရန်၊ အခြေခံအစားသောက်များ စုဆောင်း ထားရန်၊ နယ်စပ်ဈဉ်းမျည်းတလျှောက် လက်နက်ကြီးများ ကျရောက် ပေါက်ကွဲလာနေတာကြောင့် ဗုံးခိုကျဉ်းများ အဆင်သင့်အမြန်ဆုံး တူးဖော်ထားရန်နှင့် အာဏာပိုင်များက ညွန်ကြားလာတဲ့ လုပ်ငန်းတာဝန်များကို လိုက်နာဆောင်ရွက်ရန် ဆိုပြီး အချက် (၆) ချက်ပါတဲ့ ကြေညာချက်တခု ကချင်ဘာသာဖြင့် အရေးပေါ် ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် နမ်ဆန်ယန်​ဒေသသို့ စစ်ကောင်စီတပ်စစ်အင်အား အမြောက်အများဖြည့်တင်းလာပြီးနောက် လမ်းကြောင်း တလျှောက်မှာလည်း ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့(KIA) ရဲ့ ဦးဆောင်မှုနဲ့ ဝိုင်းမော်မြို့အထွက် အောင်မြင်သစ်ကျေးရွာအကျော် ဆမားလမ်းခွဲနဲ့ ဂျာပူကျေးရွာအနီး မဟာပန်းအောင် စစ်ဆင်ရေး ဗျူဟာ စနစ် များဖြင့် ကြားဖြတ် တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီ စစ်ကြောင်း ထိခိုက်သေဆုံးမှုရှိနေတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြနေပါတယ်။

KIA အထူးစစ်ဆင်ရေး လှုပ်ရှားတပ်ဖွဲ့နှင့် KPDF ၊ မဟာမိတ် ပူးပေါင်း အဖွဲ့တွေရဲ့ ကြားဖြတ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှု များလာတဲ့ စစ်ကောင်စီတပ်က လိုင်ဇာဘက်သို့ ဦးတည်ပြီး လက်နက်ကြီးများ ရမ်းသမ်း ပစ်ခတ် လာတာလို့ ဒေသခံတွေက သုံးသပ်နေကြပါတယ်။

သတင်းရင်းမြစ် အချို့အရ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်နေ့ ည (၁၀:၃၀) နာရီ အချိန်ခန့်ကလည်း လိုင်ဇာ ဒေသ စစ်မျက်နှာပြင် လဂျားယာန်အနီး ဘွမ်ရယ်ဘွမ် (Bum Re Bum) စစ်ကောင်စီ စခန်းကို KIA မှ လက်နက်ကြီးနဲ့ ဒရုန်း တို့ဖြင့် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်မမှူး အိပ်တဲ့ အဆောင်ပေါ် သို့ တည့်တည့် ထိမှန်မှု ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဘက်က တန်ပြန် လိုင်ဇာ ဘက်သို့ ဦးတည်ကာ လက်နက်ကြီးများဖြင့် ရမ်းတမ်း ပစ်ခတ် နေခဲ့ တယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြနေပါတယ်။  

ဒါ့အပြင် အတည်မပြုနိုင်တဲ့ သတင်းတွေအရ အခုလ ဇူလိုင်လဆန်းကနေ စတင်တဲ့ စစ်ကောင်စီရဲ့ လေကြောင်း ၊ ကုန်းကြောင်းများ အသုံးပြုပြီး တိုက်ခိုက်မှု ပြုလုပ်လာတဲ့ မိုးတွင်းထိုးစစ်ဆင်ရေး တိုက်ပွဲဟာ ရက်သတ္တပတ် ၂ ပတ်ကျော်လာခဲ့ပေမယ့် ထိရောက်မှု တစုံတရာမရှိခဲ့တာကြောင့် ယမန်နေ့ ဇူလိုင် (၁၃)ရက် ညနေပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ မပခ တိုင်းမှူးကို နေပြည်တော် စစ်ဌာနချုပ်ကနေ လာရောက်တွေ့ဆုံခဲ့ပြီး ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေတာလို့ သိရပါတယ်။  

အခုတော့ မြစ်ကြီးနား-ဗန်းမော် ကားလမ်းတလျှောက်မှာ တည်ရှိတဲ့ ဒေါ့ဖုန်းယန်မြို့နယ်ခွဲထဲက ဘုတ်ထန်းယန်၊ ခလားယန်၊ ဒိန်ဂါဇွပ်ရာနဲ့ ဒိန်ခွမ်းကျေးရွာတွေက ဒေသခံပြည်သူများဟာ ဘေးလွတ်ရာသို့ နောက်ထပ်တဖန် စစ်ဘေး တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

မြစ်ကြီးနားနှင့် ဗန်းမော်လမ်း‌ကြောင်းဟာ ပိတ်ပင်ထားလျှက်ရှိပြီး စစ်ကောင်စီကတော့ KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာနဲ့ ထိစပ်ဒေသ နမ့်ဆန်ယန်သို့ စစ်အင်အားဖြည့်တင်းမှု ဆက်လက် လုပ်ဆောင်နေတယ်လို့ KIO သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း ကချင်သတင်းဌာနတွေမှာ ဖြေကြားထား ပါတယ်။

ဓါတ်ပုံ – CJ (ပုံဟောင်း)

Related Articles

Back to top button