အင်တာဗျူး

GSCN အလုပ်အမှုဆောင်ကော်မတီဥက္ကဌ Elena နဲ့ မေးမြန်းချက်

GSCN အလုပ်အမှုဆောင်ကော်မတီဥက္ကဌ Elena နဲ့ မေးမြန်းချက်

(၁) GSCN အနေနဲ့ ပထမအကြိမ် အထွေထွေညီလာခံရလဒ်အနေနဲ့ ဘာတွေကို ထုတ်ပြန်နိုင်ခဲ့သလဲ။

ပထမအကြိမ်ညီလာခံရဲ့ ထုတ်ပြန်ချက်မှာကျတော့ အပိုင်းသုံးပိုင်းအနေနဲ့ အဓိကရှိပါတယ်။ ပထမတစ်ပိုင်းကကျတော့ ကျွန်မတို့ ဒီသုံးနှစ်တာကာလ အပြီးမှာ GSCN ရဲ့ စုဖွဲ့မှုသဏ္ဍာန်က ဘယ်လိုမျိုးရှိနေလည်း ဆိုတဲ့ဟာကို ကျွန်မတို့က ထုတ်ပြန်ကြေညာချက်ထဲမှာ ထုတ်ပြန်ခဲ့တယ်။

ပြီးတော့ နောက်တစ်ခုကကျတော့ ကျွန်မတို့ရဲ့မူတွေ အခြေခံမူတွေရယ် ကျွန်မတို့သွားချင်တဲ့ ရည်မှန်းချက်တွေ နိုင်ငံရေးမျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ပြန် ကြေညာခဲ့တယ်ပေါ့နော်။ နောက်နံပါတ်သုံးကကျတော့ ကျွန်မတို့ ရှေ့ဆက်ဘယ်လိုမျိုး သွားမယ်ဆိုတာကို အကျဉ်းချုုံး ထုတ်ပြန်ကြေညာထားတယ်ပေါ့နော်။

အဲ့ဒီအပိုင်းသုံးပိုင်းနဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ နိုင်ငံရေးမျှော်မှန်းချက်တွေနဲ့ ပတ်သက်ပြီးတော့ အကျယ်ပြန်ပြောရမယ်ဆိုရင် ကျွန်မတို့က ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး ဆိုတဲ့ဟာကို ကျွန်မတို့ ပြောတယ်ပေါ့နော် အဲ့ဒီတော့ ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနဲ့ ပတ်သက်ပြီးတော့ အခြေခံ စံတန်ဖိုးအနေနဲ့  နိုင်ငံရေးတန်းတူညီမျှမှု၊ နိုင်ငံရေး၊လူမျိုးစုတွေကြားထဲမှာ အပြန်အလှန်တန်ဖိုးထားမှု၊ (Mutual Respect) ဖိနှိပ်ခွဲခြားမှုမရှိတဲ့ အပြန်အလှန် လေးစားတန်ဖိုးထားမှု တွေပါတဲ့ ဖက်ဒရယ်ဒီမိုကရေစီ စံနှုန်းတွေကို ချမှတ်ထားပါတယ်။

စုပေါင်းခေါင်းဆောင်မှုလို့ ပြောတဲ့အချိန်မှာ ကျွန်မတို့ အခုအခင်းအကျင်းကို သွားတဲ့အချိန်မှာ လူမျိုးတစ်စုတစ်ယောက် တစ်ဦးတစ်ဖွဲ့တည်းကပဲ လွမ်းမိုးကြီးစိုးတာမျိုး မဟုတ်ဘဲနဲ့မှ ကျွန်မတို့ ဒီ ပြည်ထောင်စုထဲမှာရှိတဲ့ လူမျိုးစုအသီးသီးကနေပါဝင်တဲ့ စုပေါင်းတာဝန်ယူမှု တာဝန်ခံမှုနဲ့ သွားတဲ့ စုပေါင်းခေါင်းဆောင်မှုကို ဆိုလိုပါတယ်။

နောက်ထပ်စံတန်ဖိုးတစ်ခုအနေနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့ဟာလည်း အဲ့ဒါက ကိုယ်ပိုင်ပြဌာန်းခွင့်လို့ ပြောတဲ့အချိန်မှာ ပြည်ထောင်စုမှာ ပေါင်းစည်းထားတဲ့ လူမျိုးစုတွေရဲ့ သမိုင်းဆိုင်ရာ ဖြစ်တည်မှုတွေကို အသိအမှတ်ပြုရမယ် သူတို့တွေရဲ့ တန်းတူညီမျှရေး၊ တရားမျှတရေး နဲ့ ကိုယ့်ကံကြမ္မာ။ ကိုယ်ဖန်တီးနိုင်ရေးကို ကျွန်မတို့က ဆိုလိုတာ ဖြစ်တယ်ပေါ့နော်။ ဒီရည်မှန်းချက်အကျဉ်းချုံးတွေကို ကျွန်မတို့ ထုတ်ပြန်ကြေညာတဲ့ အထဲမှာ ပါပါတယ်။

အဲ့ဒါနဲ့အတူ ကျွန်မတို့က ဒီနိုင်ငံရေးရည်မှန်းချက် လေးချက်ကိုလည်းပဲ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ကြွေးကြော်သံအနေနဲ့ ကျွန်မတို့ သပိတ်တွေ စထွက်ကတည်းက ဒီ ၂၀၂၁ ဖေဖော်ဝါရီထဲက ကြွေးကြော်သံတွေနဲ့ သွားခဲ့တယ်ပေါ့နော် အဲ့ဒီတော့ ဒီကြွေးကြော်သံတွေအပြင် ကျွန်မတို့ ဒီနိုင်ငံရေးရည်မှန်းချက်တွေကို ကျွန်မတို့ ညီလာခံရဲ့ တက်ရောက်လာတဲ့ လူမျိုးစုတွေ ကြားထဲမှာ ဆွေးနွေးပြီးတာနဲ့ ကြွေးကြော်သံလေးချက်ကို ကျွန်မတို့အကုန်လုံး နိုင်ငံရေးရည်မှန်းချက် လေးချက်အဖြင့် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့တော့ ကျွန်မတို့ အာဏာရှင်စနစ်အမြစ်ပြတ်ရေးကတော့ အရေးကြီးတယ်ပေါ့နော်။ အဲ့ဒါအပြင် ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးသည်လည်း ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် သွားမယ်ဆိုရင် အရေးကြီးတဲ့ အခြေခံအကြောင်းတရားတစ်ခုဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းလိုက်ပြီလို့ ကျွန်မတို့ တော်လှန်ရေးအင်အားစုတွေ အားလုံးက ယုံတယ်။ အဲ့ဒီအတိုင်းပဲ အရှေ့မှာသွားမယ့် ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး ဆိုတဲ့ဟာလည်း အရေးကြီးတဲ့အတွက်ကြောင့်မို့ ဒီ နိုင်ငံရေးရည်မှန်းချက်တစ်ခုအနေနဲ့ပါတယ်။

ပြီးတော့ ကျွန်မတို့ ဖိနှိပ်ခံ လူထုတစ်ရပ်လုံး လွတ်မြောက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကျွန်မတို့ ချခဲ့ပါတယ် ပေါ့နော်။ ဒါကိုတော့ ကျွန်မတို့ရဲ့ GSCN ရဲ့ Facebook Page မှာ ပထမအကြိမ်ညီလာခံ ထုတ်ပြန် ကြေညာချက် ဆိုပြီးတော့ ဖော်ပြထားပါတယ်။ ဒါပြန်ပြီးတော့ ပြည်သူတွေကို မျှဝေတာပါ။

(၂) ဖွဲ့စည်းမှုပုံစံအသစ်က ဘယ်လိုပုံစံလဲ။ အလုပ်အမှုဆောင်ကော်မတီကို ဘယ်လို ရွေးချယ်ခဲ့သလဲ။

ကျွန်မတို့က ဖွဲ့စည်းပုံအသစ်ကကျတော့ ကျွန်မတို့ GSCN စပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁၁ မှာ စစုဖွဲ့ထဲက ဖွဲ့စည်းပုံနဲ့ ကျွန်မတို့သွားခဲ့တယ်။ အဲ့ဒီဖွဲ့စည်းပုံမှာကျတော့ ဒီနိုင်ငံရေး Wings နဲ့ သပိတ် Wings ဆိုပြီးတော့နှစ်ခုရှိတယ်။ အဲ့ဒီဟာမှာ ဒီလိုပဲ အလုပ်မှုဆောင်အဖွဲ့ ရှိတယ်ပေါ့နော်။ အလုပ်မှုဆောင်အဖွဲ့ နည်းပညာ အကြံပေးအဖွဲ့တွေနဲ့ ကျွန်မတို့က အဲ့ဒီဖွဲ့စည်းပုံနဲ့ နှစ်နှစ်ကျော် သွားခဲ့ပါတယ်။

အခုဒီတစ်ခေါက်ဖွဲ့စည်းပုံမှာ အရင်ဖွဲ့စည်းပုံကိုပဲ ပြန်ပြီးတော့အခြေတည်ပြီးတော့ အပြောင်းအလဲအနေနဲ့ အရင်တုန်းကကျတော့ ကျွန်မတို့ အလုပ်မှုဆောင်အဖွဲ့ ဖွဲ့တဲ့အချိန်မှာ အလုပ်မှုဆောင်သက်တမ်းက သုံးလပဲ ရှိပါတယ်။ ကျွန်မတို့ လူမျိုးစုက ၃၂ မျိုးပါဝင်ခဲ့တယ်။

မဲပေးတဲ့အချိန်မှာ လက်ရှိ GSCN အလုပ်မှုဆောင်ကော်မတီရဲ့ သက်တမ်းသည် တစ်နှစ်ဖြစ်ပါတယ်။ အဲ့ဒီတော့ဒီတစ်နှစ်မှာဆိုလို့ရှိရင် အလုပ်မှုဆောင်ကော်မတီမှာ ရွေးချယ်ခံရတဲ့ ၇ ယောက်ရှိတယ်ပေါ့နော်။ အဲ့ဒီ ၇ ယောက်ကနေပြီးတော့ ကျွန်မတို့ ၂၀၂၃-၂၄ GSCN ရဲ့ အလုပ်တွေ မြန်မာနိုင်ငံရဲ့ တော်လှန်ရေးဆိုင်ရာ အရွေ့တွေကို သွားဖို့အတွက်ကို အဓိကဦးဆောင်ပြီး အလုပ်လုပ်ကြမယ့် သူတွေဖြစ်တယ်။

 ဒီပြင် ကျွန်မတို့ ဒီ ၂၀၂၃ – ၂၄ အတွက်ကျတော့ အလုပ်မှုဆောင်အဖွဲ့မှာ ဥက္ကဌ၊ ဒုဥက္ကဌနှစ်ဦးနဲ့ အဖွဲ့ဝင်တွေဆိုတဲ့ ဟာမျိုးကို ရွေးရမယ်ဆိုပြီးတော့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဥက္ကဌ ကတော့ ကျွန်မတို့ GSCN တစ်ခုလုံးရဲ့ သက်ဆိုင်ရာအလုပ်တွေနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်လုပ်ဆောင်သွားမှာ ဖြစ်ပြီးတော့ ဒုဥက္ကဌ နှစ်ဦးမှာ တစ်ဦးကတော့ ကမ်ပိန်းဆိုင်ရာ သပိတ်ဆိုင်ရာ လုပ်ငန်းတွေကို ဦးဆောင်သွားမှာဖြစ်ပြီး နောက်တစ်ဦးကတော့ နိုင်ငံရေးဆိုင်ရာ အလုပ်တွေကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဒါက အလုပ်မှုဆောင်အဖွဲ့ရဲ့ အပြောင်းအလဲတွေပါ ပြီးတော့ နောက်တစ်ခုကျတော့ ကျွန်မတို့ အရင်တုန်းက GSCN မှာ ပြင်ပအကြံပေးနဲ့ ပတ်သက်ပြီးတော့ သီးသန့်ခေါ်တာ မရှိဘူးပေါ့နော်။ ဒီအထဲမှာပဲ ကျွန်မတို့က GSCN မှာ ပါဝင်နေတဲ့ လူမျိုးစုတွေထဲကပဲ သွားတယ်ပေါ့နော် အခုမှာတော့ ကျွန်မတို့က ဒီလူမျိုးစုနိုင်ငံရေးနဲ့ ပတ်သက်ပြီး အလုပ်လုပ်နေတဲ့ ဖက်ဒရယ်အရေးနဲ့ အလုပ်လုပ်နေတဲ့ ပြင်ပအကြံပေး နှစ်ယောက်လည်း ကျွန်မတို့မှာ ရှိပါတယ်ပေါ့နော်။ ဒါတွေက Structure မှာ အပြောင်းအလဲ ဖြစ်တဲ့ဟာတွေပါ။

ပြီးတော့ နောက်တစ်ခုက ဦးဆောင်အဖွဲ့ပါ အရင်တုန်းကကျတော့ ဆုံးဖြတ်ချက်တွေ ချတော့မယ်ဆိုရင် လူမျိုးစုတွေက အားလုံးဝိုင်းပြီး ဆုံးဖြတ်ချက်ချကြတယ်ပေါ့နော်၊ တော်လှန်ရေးကာလမှာ တစ်ချို့ ဆုံးဖြတ်ချက်တွေက မြန်မြန်ဆန်ဆန်ချက်နိုင်ဖို့ အရေးကြီးတယ်။ အချိန်နဲ့တစ်ပြေးညီပေါ့နော် ညီမတို့ ဆုံးဖြတ်ချက်နှေးသွားတယ်ဆိုရင် မြေပြင်ကကိစ္စတွေနဲ့ ကွာဝေးသွားတာမျိုး မဖြစ်ဖို့အတွက် လူမျိုးစု တစ်စုစီကနေပြီးတော့ တစ်ယောက်စီပေးတဲ့ ဦးဆောင်အဖွဲ့က ကျွန်မတို့ရဲ့ GSCN တစ်ခုလုံးရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာနဲ့ အမြင့်ဆုံးမှာ ရှိတဲ့အဖွဲ့ရှိပါတယ်။

(၃) GSCN ရဲ့ ရေတို၊ ရေရှည် ရှေ့လုပ်ငန်းစဉ်တွေက ဘာတွေ ဖြစ်မလဲ။

ရေတိုကတော့ ကျွန်မတို့သေချာတယ် အဓိကကတော့ စစ်ကောင်စီနဲ့ပတ်သက်ပြီးတော့မှ နိုင်ငံတကာမှာ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ ပြီးတော့ ကျွန်မတို့ ပြည်သူလူထုတွေခံစားနေရတဲ့ စစ်တပ်ကနေပြီးတော့ လူထုတွေကို သတ်ဖြတ်နေတဲ့ကိစ္စ ၊ လူထုသေဆုံးနေရတဲ့ကိစ္စတွေ အရပ်သားတွေအများကြီး ဒုက္ခရောက်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ Advocacy သွားနေရတဲ့ အပိုင်းတွေရှိတယ်။

ပြီးတော့ ကျွန်မတို့ရဲ့ ယုံကြည်ရာဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီမှာ ကျွန်မတို့က အခုချိန်မှာ လူတိုင်းကတော့ ဖက်ဒရယ်ဒီမိုကရေစီဆိုတဲ့ဟာကို လက်ခံယုံကြည်တယ်ပေါ့နော်၊ အဲ့တော့ အဲ့ဒီဖက်ဒရယ်ဒီမိုကရေစီရဲ့ လက်ခံယုံကြည်မှုမှာ ကျွန်မတို့ရဲ့ တကယ်ရှိရမယ့် စံတန်ဖိုးတွေ ကျွန်မတို့တကယ့်ကို အရှေ့မှာ အရင်တုန်းက ရှိခဲ့တဲ့ နိုင်ငံရေးအကြပ်အတည်း တွေကိုကျော်လွန်ဖို့ဆိုရင် ဒီစံတန်ဖိုးတွေကို ဒီအစုအဖွဲ့တွေကြားထဲမှာ ဘယ်လိုမျိုးထည့်သွင်းစဉ်းစားပြီးတော့ အလုပ်လုပ်ဖို့လိုလည်းဆိုတဲ့ တိုက်တွန်းနှိုးဆော်မှုတွေ လူထုကိုရော သက်ဆိုင်ရာအစုအဖွဲ့တွေကိုရော ကျွန်မတို့ကိုယ်၌ကိုရော ပေါ့နော် ပါဝင်ပြီးတော့ လုပ်ဆောင်နေတဲ့အပိုင်းတွေရှိတယ်။

ပြီးတော့ နောက်တစ်ခါကျတော့ ကျွန်မတို့နိုင်ငံရေးဆွေးနွေးမှုတွေက ကျွန်မတို့ရဲ့ နိုင်ငံရေးအကြပ်အတည်း တွေ ကျော်လွှားဖို့ ကျွန်မတို့ရဲ့ တော်လှန်ရေး အင်အားစုတွေကြားထဲမှာ နိုင်ငံရေးဆွေးနွေး မှုတွေရှိဖို့ ဆိုတဲ့ အကြောင်းအရာတွေကို ကျွန်မတို့ယုံကြည်တဲ့အတွက် ဒီကိစ္စရပ်တွေကိုကျွန်မတို့ ပါဝင်ပြီးတော့ လုပ်ဆောင် နေတယ်။

ကမ်ပိန်းတွေ သပိတ်ဆိုင်ရာတွေကလည်းပဲ လူထုကြားထဲမှာ ကျွန်မတို့က ရှိနေဖို့အတွက် ကျွန်မတို့ ဒီဘက်က မြေပြင်မှာရှိတဲ့ အစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ လုပ်ဆောင်နေတဲ့ ရေတိုလုပ်ငန်းတွေရှိတယ်ပေါ့နော်။

ပြီးတော့ ရေရှည်လုပ်ငန်း ကျတော့ ခုဏတုန်းက ကျွန်မတို့ဆွေးနွေးခဲ့သလိုပါပဲ ရေရှည်က ကျမတို့ ရည်မှန်းထားတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ရပ် ပေါ်ပေါက်ဖို့ အရေးကြီးတယ် အဲ့ဒီ ပေါ်ပေါက်ဖို့ ရေရှည်လုပ်ငန်းစဉ်တွေ ရေးဆွဲပြီးတော့ သွားနေတယ်၊ အဲ့ဒါက ကျွန်မတို့ရဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ပေါ်ဖို့အတွက် အရေးကြီးတဲ့ အချက်ဖြစ်တယ်ပေါ့နော်။

ဖက်ဒရယ်လို့ပြောလို့ရှိရင် ဖက်ဒရယ်မှာ ပြည်ထောင်စုကပေးလို့ အာဏာရတာလည်းမဟုတ်ဘူး ပြည်နယ် တွေကနေ ပေးလို့ အာဏာရတာလည်းမဟုတ်ဘူးပေါ့နော် ဒီလုပ်ပိုင်ခွင့်အာဏာတွေကို ကျွန်မတို့အချင်းချင်း ကြားထဲမှာ ဘယ်လိုမျိုးအုပ်ချုပ်ရမယ် ဘယ်လိုမျိုးသွားရမလဲ ဆိုတဲ့ကိစ္စရပ်တွေကို ဖွဲ့စည်းပုံထဲမှာ ရေးထား ရမှာ ဖြစ်တယ်၊ အဲ့ဒါကြောင့် ဒီဟာတွေနဲ့ပတ်သက်ပြီး ဖွဲ့စည်းပုံကပဲ အာဏာခွဲဝေတဲ့ ဟာဖြစ်ရမှာ ဖြစ်တဲ့ အတွက်နဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံ ပေါ်ပေါက်ရေးဆိုတဲ့ဟာကို ကျွန်မတို့ ရေရှည်လုပ်ငန်းစဉ်ထဲက တစ်ခုအနေနဲ့ ပါပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ပေါ်ထွန်းရေးအတွက် လုပ်ငန်းစဉ်တစ်ခုပါ ပြီးတော့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ကျွန်မတို့ လူထုလွတ်မြောက်ရေးဆိုတဲ့ ရေရှည်လုပ်ငန်းစဉ်တွေကို ကျွန်မတို့ လုပ်ဆောင် နေတာရှိပါတယ်။

(၄) ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး GSCN အနေနဲ့ ဘယ်လို ရပ်တည်ချက်တွေ၊ မူဝါဒတွေ ရှိပါသလဲ။

ကျွန်မတို့ GSCN မှာပေါ့နော် လူမျိုးစု ၃၂ မျိုးထိပါဝင်တယ်။ အဲ့ဒီမှာဆိုလို့ရှိရင် တကယ့် Sub National ဖြစ်တဲ့ လူမျိုးစုတွေ (ဥပမာ – ကချင်၊ကယား၊ကရင်၊ချင်း … ) အဲ့ဟာတွေအပြင် ကျွန်မတို့က အဲ့ထဲမှာရှိတဲ့ လူနည်းစု လူမျိုးစုတွေလည်း ပါတယ်ပေါ့နော်။ လူနည်းစုလူမျိုးစုမှာဆိုလို့ရှိရင် ကဒူးတို့ ၊ ဓနုတို့ ၊ သက်တို့ နောက်ပြီး မြန်မာမူဆလင် ဒါတွေက ကျွန်မတို့ GSCN ထဲမှာပါဝင်နေတဲ့ လူမျိုးစုတွေဖြစ်တယ်ပေါ့။

အဲ့ဒီတော့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်ရေးနဲ့ပတ်သက်ပြီး ကျွန်မတို့ရဲ့ ယုံကြည်ချက်တွေ မူတွေ အခြေခံမူတွေ ကကျတော့ နံပါတ် ၁ က ကျွန်မတို့သည် နိုင်ငံရေးတန်းတူညီမျှမှု ရှိရမယ်။ အဲ့ဒီနိုင်ငံရေးတန်းတူညီမျှမှုနဲ့ အတူ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ကို အာမခံတဲ့ အချင်းချင်း လေးစားမှုရှိတဲ့ နိုင်ငံရေးအလေ့အထတွေက ကျွန်မတို့ဒီ မူထဲမှာပါတယ် ပြီးတော့မှ နောက်တစ်လက်စထဲမှာပဲ ကျွန်မတို့ ဒီမိုကရေစီစံနှုန်းတွေ လူ့အခွင့်အရေးစံနှုန်းတွေကို အခြေခံတဲ့ တန်းတူညီမျှမှုတွေ တရားမျှတမှုတွေ ဆိုတဲ့ဟာကလည်းပဲ အရေးကြီးတယ်၊ ပြီးတော့ စုပေါင်းခေါင်းဆောင်မှု ပေါ့နော် လူတစ်ဦး ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် အစုအဖွဲ့တစ်ခုတည်းကပဲ ကြီးစိုးလွှမ်းမိုးတာမျိုး မဟုတ်ဘဲနဲ့ လူတိုင်း နိုင်ငံရေးတန်းတူညီမျှရှိပြီးတော့မှ ကျွန်မတို့သွားချင်တဲ့ အခင်းအကျင်းကို အတူတူ တာဝန်ယူတာဝန်ခံပြီးတော့ အဖြေရှာတဲ့ စုပေါင်းခေါင်းဆောင်မှုဆိုတဲ့ဟာက ကျွန်မတို့ရဲ့ အခြေခံမူတွေထဲမှာ ပါပါတယ်ရှင့်။

(၅) လက်ရှိ NUCC မှာ ဘယ်လိုအခန်းကဏ္ဍ မှာ ပါဝင်နေပါသလဲ။

အဲ့ဒီတော့ ကျွန်မတို့ လက်ရှိ GSCN အနေနဲ့ NUCC မှာ ကျွန်မတို့ NUCC မှာကျတော့ Main Body ရှိတယ်ပေါ့နော်၊ အဓိက NUCC ရဲ့ ပင်မအစုအဖွဲ့မှာ GSCN အနေနဲ့ ပါဝင်နေပါတယ်။ NUCC မှာ GSCN ရဲ့ ပါဝင်မှုကို ပြန်ပြောရမယ်ဆိုရင် GSCN က နိုင်ငံရေးအစုအဖွဲ့တွေ အစုအဖွဲ့တွေပါဝင်ပြီးတော့ တိုက်တွန်းခဲ့တဲ့ အကြောင်းအရာလေးလည်း တစ်ချက်ပြန်ပြောချင်ပါတယ်၊ ကျွန်မတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအရွေ့ နိုင်ငံရေးအဖြေကို ပေါ့နော် သေချာတယ် မတူညီတဲ့အစုအဖွဲ့တွေ ကိုယ်စားပြုမှုတွေနဲ့ ပါဝင်ပြီးတော့မှသာလျှင် အဖြေရှာလို့ အဆင်ပြေမယ်ဆိုတာကို ကျွန်မတို့ဒီ သပိတ်တွေစထွက်ထဲက ၂၀၂၁ ထဲကကို ဒီထဲမှာပါဝင်တဲ့ လူမျိုးစုတွေက လက်ခံယုံကြည်တယ်။

ဒါက လုပ်ရမယ်ဆိုတဲ့အချက်ကိုလည်းပဲ သိခဲ့တယ်ပေါ့နော် ဒါကြောင့်မို့လို့ ဒီ ၂၀၂၁ မတ်လ ၂၄ မှာ GSCN က နေ ထုတ်ပြန်ကြေညာချက် တစ်ခုကို ထုတ်ပြန်ကြေညာခဲ့ပါတယ်၊ အဲ့ဒါက ပထမတစ်ခုကတော့ မြန်မာနိုင်ငံအနေနဲ့ ဘယ်လိုမျိုး နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်သင့်တယ်ဆိုတဲ့ နိုင်ငံရေးလမ်းပြ‌မြေပုံတစ်ခုကို ကျွန်မတို့ တိုက်တွန်းခဲ့တယ်၊ အဲ့ဒီဟာနဲ့အတူ ဒီနိုင်ငံရေးလမ်းပြမြေပုံအတွက် အရေးပေါ်ပေါ့နော် အကုန်လုံး ယုံကြည်တဲ့ လွတ်လပ်ရေးကြေညာစာတမ်း လိုမျိုး ပဋိညာဉ် တစ်ခုရှိရမယ် ဆိုတဲ့ဟာနဲ့ ပဋိညာဉ်မှာ ဘာတွေပါဝင် ရမလဲဆိုတဲ့ အကြောင်းအရာတွေကိုလည်း ကျွန်မတို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အဲ့ဒီတော့ အခုဒီမှာ ကျွန်မတို့ရဲ့ NUCC စုဖွဲ့မှုသည် ကျွန်မတို့ရဲ့ ဒီဘက်ကတိုက်တွန်းခဲ့တဲ့ စုပေါင်း ညွန့်ပေါင်း အစုအဖွဲ့လိုမျိုးပေါရမယ်၊ အဲ့ထဲမှာ ပါဝင်သင့်ပါဝင်ထိုက်တဲ့ လူမျိုုးစု တော်လှန်ရေး အစုအဖွဲ့တွေ ပြည်နယ်တွေမှာရှိတဲ့ အုပ်ချုပ်ရေးကောင်စီတွေ အရပ်ဖက်အဖွဲ့အစည်းတွေ ပါတီနိုင်ငံရေး အစုအဖွဲ့တွေ သပိတ်အစုအဖွဲ့တွေ ဒါတွေပါရမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်အတိုင်း တိုက်တွန်းခဲ့တယ်ပေါ့နော်။ တိုက်တွန်းခဲ့တဲ့ဟာ NUCC စတင်ပြီးတော့ လူထုကြားထဲမှာ ထုတ်ပြန်ကြေညာမှု မရှိခင်ထဲက ဒီဟာတွေကို ဖြစ်တည်ဖို့အတွက် ကျွန်မတို့က GSCN သည် အစုအဖွဲ့ တစ်ခုအနေနဲ့ ပါဝင်ဆွေးနွေးခဲ့တယ်၊ ပြီးတော့ အခု ဖက်ဒရယ်ချာတာ ၁ , ၂ ပေါ်ပေါက်ဖို့အတွက်ကိုလည်း ပါဝင်ရေးဆွဲခဲ့တဲ့ အစုအဖွဲ့တစ်ခုဖြစ်ပါတယ်။

အဲ့ဒီတော့ ပြန်ပြီးတော့ပြောရမယ်ဆိုရင် ကျွန်မတို့တိုက်တွန်းတဲ့ ပြည်ထောင်စုစံတန်ဖိုးတွေနဲ့ ကိုက်ညီတဲ့ ချာတာတွေဖြစ်ဖို့ကတော့ လိုအပ်နေသေးတယ်၊ ချာတာအပိုင်း (၂) မှာဆိုလို့ရှိရင်လည်းပဲ ပြည်ထောင်စုစံတန်ဖိုးတွေ ကျွန်မတို့ပြောနေတဲ့ စံတန်ဖိုးတွေ အပြည့်အဝ မပါဝင်နေသေးဘူးပေါ့နော်။

ဒါတွေကိုလည်းပဲ ဆက်လက်ပြီးတော့ ကျွန်မတို့ပြောနေတဲ့ စံတန်ဖိုးတွေပါဝင်ဖို့ နိုင်ငံရေးတန်းတူညီမျှမှုတွေ ရှိဖို့အတွက်ကိုတော့ ကျွန်မတို့ ဆက်လုပ်နေပါတယ်၊ အဲ့ဒါနဲ့တစ်လက်စထဲမှာပဲ NUCC ရဲ့ အခု ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ့နော် ကျွန်မတို့ GSCN ကပြောနေတဲ့ ကြားကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာက အခုတော်လှန်ရေး အစုအဖွဲ့တွေပြောနေတဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ တူပါတယ်ပေါ့နော် ဒါတွေပေါ်ပေါက်ဖို့အတွက်ကိုလည်းပဲ ကျွန်မတို့က ပါဝင်ဆွေးနွေးနေတာ အလုပ်လုပ်နေတာတွေ ရှိပါတယ်။

အဲ့ဒါအပြင် NUCC မှာ JCC ကော်မတီတွေရှိပါတယ် အဲ့ဒီ JCC ကော်မတီတွေမှာ GSNC အနေနဲ့ ပါဝင်ပြီးတော့ ဆွေးနွေးနေတဲ့အပိုင်းတွေ ကျွန်မတို့ဒီ လူထုအသံ ကျွန်မတို့ လူမျိုးစုတွေရဲ့ အသံတွေပါဝင်နိုင်ဖို့အတွက် ပြီးတော့ နောက်တစ်ခါ တော်လှန်ရေးအရွေ့တစ်ခုကို ရောက်နိုင်ဖို့အတွက် ပါဝင်လုပ်ဆောင်နေတဲ့ဟာတွေ ရှိပါတယ်။ 

Related Articles

Back to top button