သတင်း

ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး၊ ဗိုလ်အဆင့် ရှိသူတွေအပါအဝင် စစ်သား(၄၀)ခန့် သေဆုံးမှု ရှိတယ်လို့ KNDF ထုတ်ပြန်

ဓါတ်ပုံ – KNDF

ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၂၄ ရက်၊ ၂၀၂၃။

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ ဒေါလျားခူ နှင့် တနီးလာလဲ တောင်ပေါ်တစ်ကြော ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီ ဗိုလ်ကြီး(၁)ဦး၊ ဗိုလ်အဆင့်(၂)ဦး အပါအဝင် စစ်သား(၄၀)ခန့် သေဆုံးမှု ရှိခဲ့သလို ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်း များခဲ့တယ်လို့ KNDF ထုတ်ပြန်ပါတယ်။

တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့များနဲ့ ကရင်နီပူးပေါင်းတပ်များတို့ကြား မေလ (၁၄)ရက်နေ့က စတင်ပြီး မေလ(၂၃)ရက်နေ့ အထိ (၁၀) ရက်တာ နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာပါ။

ဒေါလျားခူကျေးရွာ၏ အရှေ့ဖက်တောင်ပေါ်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ၏ ခမရ(၄၂၅)၊ ခမရ(၅၁၇)၊ ခလရ(၂၈၇) တပ်ရင်းများကို မေလ(၁၄)ရက်နေ့က စပြီး ကရင်နီတပ်မတော်(KA)၊ KNDF စစ်ဗျူဟာအမှတ်(၆)၊ KNDF စစ်ဗျူ ဟာအမှတ်(၄)၊ KNDF-ETD၊ KNDF-UAV နှင့် Loikaw PDF တို့ ပူးပေါင်း၍ တန်ပြန်ထိုးစစ်ဆင် တန်ပြန်တိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လွိုင်ကော်၊ ငွေတောင် နှင့် ဖရူဆိုအခြေစိုက်တပ်များမှ နေ့စဉ် လက် နက်ကြီးများ အလွန်အကျွံအသုံးပြု၍ ပစ်ကူပေးခဲ့ပြီး ဂျက်ဖိုက်တာ(Jet Fighter) များဖြင့် အကြိမ် ရေ စုစုပေါင်း (၆၀) ထက်မနည်းဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုတိုက်ပွဲများအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ရဲ့ MA-1 (၈)လက်၊ MA-2(၁)လက်၊ MA-3 (၃)လက်၊ MA-4 (၁)လက်၊ 9mm Pistol (၁)လက်၊ RPG (၂)လက် နှင့် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် စစ်အသုံးအဆောင်အမြောက်အများ သိမ်းစည်းရရှိခဲ့ပြီး စစ်သား (၂)ဦး ကိုလည်း အရှင်ဖမ်းဆီး နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ကရင်နီကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း တိုက်ပွဲများအတွင်း KNDF/B01 မှရဲဘော်(၁)ဦး ၊ KNDF/B07 မှ ရဲဘော် (၂) ဦး၊ KNDF/B09 မှ ရဲဘော်(၃)ဦး၊ KNDF/B10 မှ ရဲဘော်(၁)ဦး နှင့် ကရင်နီတပ်မတော်(KA) မှ ရဲဘော် (၁)ဦး စုစုပေါင်း (၈) ဦး ကျဆုံးမှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

KNDF ရဲ့ ထုတ်ပြန်ချက်အရ အခု တိုက်ပွဲအတွင်း ဦးဆောင်နေတဲ့ တပ်ရင်းမှူး နှင့် ယာယီ တပ်ရင်းမှူး တစ်ဦးတို့ဟာ တိုက်ပွဲများအတွင်း ထိခိုက်ဒဏ်ရာများဖြင့် အနောက်သို့ပြန်လည် ဆုတ်ခွာလာကြတဲ့ တပ်ဖွဲ့ဝင်များ ကို လုံးဝဆုတ်ခွာခွင့်မပေးဘဲ ဆက်လက်တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒီးမော့ဆိုအရှေ့ဖက်ခြမ်းရှိ ဒေါစဲ၊ ဒေါတငူး နှင့် တနီးလာလဲ ကျေးရွာများဖက်သို့ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့များနှင့် ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်များကြား ၂၀၂၃ခုနှစ်၊ မတ်လမှစတင်ပြီး ထိတွေ့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေသလို ယနေ့ မတ်လ(၂၄)ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဆက်၍ ဖြစ်ပွား နေတာကြောင့် အဆိုပါနေရာများအနီးသို့ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ KNDF က အထူးအလေးပေး တိုက်တွန်းထားပါတယ်။

Related Articles

Back to top button