ဓါတ်ပုံ – reuters
ဖက်ဒရယ်ဂျာနယ် မြန်မာ
မေ ၁၁ ရက်၊ ၂၀၂၃။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်နေတာကို သည်းမခံနိုင်သလို၊ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ပြီး ပြည်သူကိုကာကွယ်ပေးရမယ်လို့ အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒို က အင်ဒိုနီးရှားနိုင်ငံ လူဘန် ဘာဂျိုမြို့မှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးညီလာခံရဲ့ ဒုတိယနေ့ အာဆီယံ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးမှာ ပြောလိုက်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ နောက်ဆုံးနဲ့ အဆိုးရွားဆုံး လေကြောင်းတိုက် ခိုက်မှုတစ်ခုဖြစ်တဲ့ စစ်ကိုင်းတိုင်း၊ ပဇီးကြီးကျေးရွာ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်ကို အာဆီယံက ပြီးခဲ့တဲ့လက ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် စစ်ကောင်စီ စစ်ဗိုလ်ချုပ်များဟာ အာဆီယံနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက သဘောတူထားတဲ့ ဘုံသဘောတူညီ ချက်ငါးရပ်ကို တိုးတက်အောင် အကောင်အထည်မဖော်ခဲ့ဘူးလို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောလိုက်ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ ကြီးမားတဲ့ တိုးတက်မှုမရှိခဲ့ပါဘူး။ ဒါကြောင့် ရှေ့ခြေလှမ်းတွေအတွက် ဆုံးဖြတ်ဖို့ အာဆီယံအသင်းဝင်တွေ အားလုံးရဲ့ ညီညွတ်မှု လိုအပ်နေပါတယ်” လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြောလိုက်တာပါ။
အာဆီယံ သဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော် လိုက်နာမှုမရှိတဲ့ စစ်ကောင်စီကို အာဆီယံအစည်းအဝေးတွေမှာ ဖိတ်ကြားမှာမဟုတ်ဘူးလို့လည်း အာဆီယံခေါင်းဆောင်တွေကြား အခိုင်အမာ ပြောဆိုထားကြပါတယ်။
ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရေး ပြဿနာနှင့် စပ်လျဉ်းပြီး ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့အပေါ် အာဆီယံ အသင်းဝင် နိုင်ငံတွေကြားမှာ သဘောထားကွဲလွဲတာတွေ ရှိနေပါတယ်။
မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီ အဗ္ဗဒူ ကာဒီရာကတော့ “အာဆီယံအသင်းဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံ အကျပ်အတည်းကို အလေးအနက် ထားကြပါတယ်။ မြန်မာနိုင်ငံငြိမ်းချမ်းမယ့် အဖြေရအောင် ရှာချင်ကြတယ်။ ဒါပေမယ့်၊ အင်အားစုကြီး တစ်ရပ်အနေနဲ့ အတူတူ ဆောင်ရွက်ဖို့ လိုတယ်လို့ ရိုက်တာသတင်းဌာနကို မှတ်ချက်ပေး ပြောထားပါတယ်။