အမျိုးသမီးတွေကို ကိုယ်တုံးလုံးချွတ်ပြီး စစ်တာ
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ မတ် ၄၊ ၂၀၂၃
ကျနော့် နာမည်ကတော့ xxxပါ။ အဆင့်က ဗိုလ်ကြီး ပါ။ xxx တိုင်း xxxခရိုင် xxxမှာနေတယ်။ မိသားစုက အစ်မ ၁ယောက်၊ ညီမ ၃ ယောက် ရှိတယ်။ ယောက်ျားလေးက ကျနော်တစ်ယောက်ပဲ ပါတယ်။ မိဘတွေက ကုန်သည်ပွဲစား မျိုးရိုး တွေ။ စစ်တပ် နဲ့ ပတ်သက်တာ သက်ဆိုင်တာ ဘာတစ်ခုမှ မရှိဘူး။
ဒီအတိုင်းပဲ အေးအေးဆေးဆေးပဲ ဖြတ်သန်းလာတာ။ မိသားစုကလဲ စစ်တပ်ထဲ ဝင်ဖို့ ကန့်ကွက်တယ်။ ဆန္ဒမရှိဘူး။ ဒါပေမယ့် ကျနော်ကိုယ်တိုင်က စစ်တပ်ထဲဝင်ချင်လို့ကို ဝင်ခဲ့တာပါ။
ရည်ရွယ်ချက်က ဘယ်လိုလဲ ဆိုတော့ ကျနော်တို့ ဒေသမှာ ကျနော် တို့ ငယ်ငယ် တုန်းက BBC တို့ RFA တို့ အဲ့လိုတွေ ခိုးပြီး နားထောင်ရတာ ရှိတယ်။ စစ်တပ်ရဲ့ ဖိနှိပ်မှု ဦးသန်းရွှေတို့ လက်ထက် ကတည်းက ကျနော် တို့က ကြုံခဲ့ရတယ်။ ဒီလိုကြုံခဲ့ရတော့ ကျနော်စိတ်ထဲ ဒါ လူမကောင်း လို့ပေါ့၊ ကောင်းတဲ့သူ ဖြစ်ရင် ကောင်းတဲ့ association တစ်ခု တည်ဆောက် နိုင်မယ်လို့ ဆိုပြီး ကျနော် ကြိုးစားမယ်ပေါ့။ အဲ့ဒီ ရည်ရွယ်ချက်နဲ့ စစ်သား လုပ်ရတာ ဝါသနာ ပါခဲ့တယ်။
ကျနော် ၁၀တန်း အောင်ပြီးပြီးချင်း ၂၀၀၆ မှာ DSA စတက်ဖြစ်တာ။ ကျနော် စပြီး ရောက်တာက မိခင်တပ်ရင်း ခလရ ၂၃၃ ဘူးသီးတောင်။
သင်တန်းစတက်တာ ၂၀၀၆ မှာ စတက်တာ။ ပြင်ဦးလွင်မှာ တက်တာပေါ့။ ၂၀၀၉ – ၂၀၁၀ မှာ ကျနော်ကျောင်းဆင်းတယ်။ ကျောင်းဆင်းပြီးတော့ ဘူးသီးတောင်၊ မောင်တော ရောက်သွားတာ ပေါ့။ အဲဒီမှာ ကျနော် ၈နှစ် ကြာခဲ့တယ်။
ကျနော် ရခိုင် စရောက်သွားတဲ့ အချိန်မှာ ဒုဗိုလ်ရာထူးပေါ့။ ရှေ့တန်းထွက်တော့ မောင်တော မြောက်ခြမ်း ဒေသ။ အခုလက်ရှိ AA နဲ့ တိုက်ပွဲ ဖြစ်နေတဲ့ ခမောင်းဆိပ် တို့ ဘာတို့။ အဲ့ဒီကို စစ်ဆင်ရေး ထွက် ရတယ်။ ကျနော်တို့ထိုင်တာ ခမောင်းဆိပ် ဗျူဟာကုန်း မှာရှိတဲ့ အရင်တုန်းကတော့ အုပ်ချုပ်ရေးမှူး ထိုင်တဲ့ ရုံးကုန်းပေါ့ အဲ့မှာ ရုံးထိုင်တယ်။ ထိုင်ရင်း ငွေဘယ်လိုရှာရမလဲဆိုတာ သိခဲ့တာရှိတယ်။
ဒီနေရာမှာ အထက် ဌာန က ညွှန် ကြားတဲ့ ကိစ္စတွေလည်း လုပ်တယ်၊ အပြင်ပိုက်ဆံလည်း ရှာတယ်။ ပိုက်ဆံ ရှာတယ် ဆိုတာက အဲ့ဒီ ဒေသမှာ တစ်ယောက် နဲ့ တစ်ယောက် အမှု ဖြစ်ပြီ ဆိုတာနဲ့ စစ်တပ်ပဲ လာတိုင်တာ၊ စစ်တပ်က ဖြေရှင်းပေးရတယ်။ ဖြေရှင်းတဲ့ အတွက် အခကြေးငွေ ယူတယ်ပေါ့ ။ အဲဒီလိုနည်းနဲ့ ငွေရှာကြတာ ။
၂၀၁၂ ဖြစ်စဉ်မှာ စစ်တွေက စဖြစ်တာ။ စစ်တွေမှာ အများအားဖြင့် ဖြစ်ခဲ့တာပေါ့။ အဲဒီအချိန်မှာကျနော်က နယ်စပ် မှတ်တိုင် ၄၆ မှာ ရှိတဲ့ ရိက္ခာစခန်းမှာ တာဝန်ကျနေတာ။ အဲ့ဒီအချိန်တုန်းက ဆိုးဆိုးဝါးဝါးပဲ။ ၂၀၁၂ ခု၊ ၅လ ပိုင်း၊ ၆လပိုင်း လောက် ဖြစ်မယ် ထင်တယ်။ အဓိကရုဏ်း ဖြစ်တဲ့ အချိန်မှာ အဓိက အစ္စလာမ် တွေ ကနေပြီး ပတ်ဝန်းကျင်မှာ ရှိတဲ့ ရခိုင် ရွာတွေကို ဝင်စီးတယ်။ စခန်းထိပါ ဝင်စီးဖို့ လုပ်ကြတယ်။
ဒါပေမယ့် သွားလို့ လာလို့ ရတယ်၊ ကျနော် တို့က လက်နက် ကိုင်ထားတာကိုး။ ရွာသူရွာသားတွေကျ သွားလို့ လာလို့ မရဘူး။ ဈေးဝယ်ချင်တာတို့ ကြိမ်ချောင်းဘက် ဆင်းချင်တာတို့ နယ်စပ် မှတ်တိုင် ၄၆ ကနေ ခမောင်းဆိပ် ဘက် ဆင်းချင်တာတို့ဆို အဆင်မပြေဘူး။ မဆင်းရဲကြဘူး။ အဲဒီလောက်ထိ ကြီးကြီးမားမား ဖြစ်တယ်၊ ဖြစ်ပြီးတော့ အဲ့ဒီကနေ တပ်ပြန်ရုတ်တယ်။ ရုတ်ပြီးတော့ တပ်ရင်းမှာ ၂ရက် လောက် နေရတယ်။
၂ရက်လောက် နေတော့ ရခိုင်ပြည်နယ် ပေါက်တောဘက် ရောက် သွား တယ်။ အဲဒီ အချိန်က ပေါက်တော ဘက်မှာ မီးတွေ တအား ရှို့နေတဲ့ အချိန်လေ။ အဓိကရုဏ်း ဖြစ်ပြီး မီး ရှို့နေတဲ့ အချိန် ပေါက်တောကို ရောက်ပြီးတော့မှ တစ်ဖွဲ့ထဲ ခွဲထွက်ပြီး အနောက်ဖရုံကာကျွန်း ကို တာဝန်ကျတယ်။
တာဝန်ကျတဲ့ အချိန်မှာ အကြမ်းဖက်ကို လိုက် နှိမ်နင်း ခိုင်းတာပေါ့။ အဆင်ပြေပါတယ် နှိမ်နင်းစရာမလိုဘူး ရွာတွေကို သွားတယ် လှည့်တယ် ပြီးရင် နားလည်အောင် ပြောပြတယ်။ ပြောပြပြီး ရင် သေနတ်တွေ အပ်ခိုင်းတယ်။ အဲ့ဒီမှာ သူတို့ဆီက သေနတ် ၁၂လက် လောက် ရခဲ့တယ်။
အဲဒီ ဘက် ပြီးသွားမှ ကျနော်တို့ စစ်တွေ ဘက် ရောက်တယ်။ စစ်တွေကို ၂၀၁၂ခုဦ ၁၂လပိုင်းလောက် ပြန်ရောက်တယ်။ စစ်တွေမြို့မှာ လုံခြုံရေး ယူပေးရတာပေါ့။ ကုလား (မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်) နဲ့ ရခိုင်နဲ့ စပ်ကြားနေရာတွေမှာ ကျနော်တို့ သွားနေပေးရတယ်။ အဲဒီမှာလဲ တော်တော်ကြာတယ်။ အဲဒါ ပြီးတော့ စစ်တွေမှာ ဆန္ဒပြပွဲတွေ တောက်လျောက်ဖြစ်တာ။ ကွပ်ကဲမှုဌာန၊ စစ်တွေကနေ သတင်းလိုက်ပါဆိုတော့ သတင်း လိုက်တာပေါ့။
သေနတ် လေး ခါးထိုးပြီး လူမမြင်အောင် အရပ်ဝတ် နဲ့ သွားရတယ်။ သွားတဲ့ အချိန်မှာ ရက်စွဲတော့ မမှတ်မိတော့ဘူး ဆန္ဒပြတဲ့ လူအုပ်ကြားထဲမှာတင် ကျနော့်ကို စစ်သားမှန်း သိသွားပြီး ဝိုင်းပြီး သမ ခံရသေးတယ် ။ သေနတ်တွေ ဘာတွေ ဝင်လုတာ ပေါ့။
စစ်တွေကနေ တဆင့်မှ ကျနော် သင်တန်းတွေ တက်တာ ရှိတယ်။ UFL သင်တန်းတွေ တက်တာရှိတယ်။ UFL အင်္ဂလိပ်စာ သင်တန်းတွေ တက် တာ ရှိတယ် ။ ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ လာတက်ရတယ်။ ၂၀၁၃-၂၀၁၄ မှာ ကပ္ပတိန် ဖြစ်နေပြီ ။
၂၀၁၆ ဖြစ်စဉ်က ဘာလဲ ဆိုတော့ တပ်နဲ့ အစ္စလာမ် လူမျိုးတွေ ငြိတာပေါ့။ ရိုဟင်ဂျာ ဘင်္ဂါလီတွေနဲ့ ငြိတာပေါ့။ (မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်)၂၀၁၆ ၉လပိုင်း ၉ရက်နေ့မှာ ကျီးကန်းပြင်ဌာနချုပ်ကို ဝင်စီးပြီး သေနတ်တွေ ယူသွားတာ။ ကျနော်တို့ကို xxx မှာ တပ်ရင်းတိုက်ပွဲ မွမ်းမံ ဆိုပြီး တက်ခိုင်းထားတဲ့ အချိန်၊ အဲဒီအချိန်မှာ ကျနော်တို့ ကို ရဟတ်ယာဉ်နဲ့ လာခေါ်တာ ၉လပိုင်း ၁၀ရက်နေ့မှာ။
လာခေါ်တော့ ကျနော်က လေ့ကျင့်ရေး တပ်ရေး တာဝန်ယူထားရတာ။ အဲဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကျနော်နဲ့ စာရေး တစ်ယောက် နဲ့ သွားပြီးတော့ ဈေးသွားဝယ်နေတဲ့အချိန်၊ တပ်ရင်းတစ်ရင်းလုံးက ရဟတ်ယာဉ် ပေါ် ရောက်နေပြီ။ ကျနော် နဲ့ စာရေးနဲ့ ကျန်လို့ ဆိုပြီး သူတို့ စောင့်နေကြလို့ ကျနော်က အရပ်ဝတ်နဲ့ တက်လိုက်သွားတာ။ အဲ့ကနေ ကျီးကန်းပြင်ဌာနချုပ်ကို ပို့ပြီး တောက်လျောက် ရွာတွေကို ဝင်ရှင်းခိုင်းတာ။
ရွာတွေကို ဝင်ရှင်းတော့ အမျိုးသားတွေ မရှိတော့ဘူး အမျိုးသမီးနဲ့ ကလေးတွေ ဒါတွေပဲ ရှိတော့တယ်။ ဝင်ရှင်းတယ် သေနတ် လိုက်ရှာတယ်ပေါ့။ အဲဒီလို အခြေအနေ မျိုးမှာ ဘာဖြစ်လဲ ဆိုတော့ ဆိုင်တွေ ဘာတွေဖောက်တာရှိတယ်။ ကျွန်တော် တို့လဲ တချို့ဟာတွေကျ မပြောဘူး လွှတ်ထားပေးလိုက်တယ်။
တချို့ဟာတွေကျ အုပ်ချုပ်တဲ့ နည်းစနစ်အရ ကိုယ့်အထက် လူကြီးက မပြောဘူးဆို ကျနော်တို့လဲ တော်ရုံတန်ရုံကျ ပြောလို့မရဘူး စစ်ကြောင်း တပ်ခွဲ ၁ မှာ တပ်ခွဲမှူးက ကျွန်တော်။ လုပ်နေတာ တစ်ရက် နှစ်ရက် အတောအတွင်းလေးမှာ တပ်ခွဲမှူး ဆိုပြီး ကျနော့်ကို ခန့်လိုက်တာ လေ့ကျင့်ရေး တပ်ရင်းကနေ ပြောင်းပြီး ခန့်လိုက်တာ။
သွားပြီး ဝင်ရှင်းတာတွေ ရှိတယ် ဈေးဆိုင် တွေ ဖုန်းဆိုင်တွေ ရွှေငွေရတနာဆိုင်တော့ မရှိဘူး အဲ့ဒီ ပြဿနာ က တော်တော် နဲ့ မပြီးဘူး ၂၀၁၇/၂၀၁၈ လောက်ထိ သွားနေတာ ဖြစ်တာ ၂၀၁၆ မှာ စဖြစ်တာ ရက်စွဲ မှတ်မိတာက အဲ့ဒီနေ့က ထူးထူးခြားခြား ဖြစ်နေလို့ မှတ်မိတာ။ ပြီးတော့ နောက်တစ်ခုက စစ်ကြောင်း ဝင်လာပြီ ဆိုတာနဲ့ တိုက်ခိုက်တာတွေလဲ ရှိတယ်။ အမျိုးသမီးတွေကနေ ငရုတ်ရည်နဲ့ ပက်တာမျိုးတို့။
၁၃ ၊ ၁၄ နှစ် လောက်ရှိတဲ့ ကုလားလေးတွေက (မူရင်းအသုံးအနှုန်းအတိုင်း ဖော်ပြခြင်းဖြစ်ပါသည်) ဓားတွေနဲ့ ဝင်ခုတ်တာမျိုးတို့ အဲသလိုမျိုး တွေ ကြုံဖူးတယ်။ အိမ်ထဲမှာ ဝင်ပြီး ရှာရင် ဓာတ်မီး တစ်ဖက် သေနတ် တစ်ဖက် ကိုင်ပြီး ဝင်ရှာရတယ်။ အဓိက ကတော့ ရွာရောက်ပြီ ဆိုတာနဲ့ အုပ်ချုပ်ရေးမှူးကို ပြောပြီး ငါတို့ လိုချင်တာ သေနတ်ပဲ ဘယ်သူ့ ကိုမှ ဒုက္ခမပေးဘူး တို့ ဆီက ယူထားတဲ့ သေနတ်ကို ပြန်ပေးဖို့ အဲ့လို စည်းရုံးရတယ်။ စည်းရုံးလို့ မရဘူးဆို ဝင်ရှာတယ်။
ဝင်ရှာတဲ့ အချိန်ကျ ဘာဖြစ်လဲ ဆိုတော့ တွေ့သမျှ အကုန်ယူတယ်။ လက်ရှိ စစ်ကိုင်း ဖြစ်စဉ် ဖြစ်သလို တွေ့သမျှ အကုန်ယူတယ်။ နောက်မှ ပြန်သိရတာ ဘယ်သူကတော့ ဘာတွေ ယူလာတယ်၊ ဘယ်သူကတော့ ရွေတွေ မ လာတယ်၊ ဘယ်သူကတော့ ငွေတွေ မ လာတယ်။ အဲ့လိုတွေ ရှိတယ်။
ပြီးရင် တခြားတပ်တွေမှာတော့ အဓမ္မကျင့်တဲ့ ဖြစ်စဉ်တွေ ဘာတွေ ရှိတယ်။ တပ်မ၉၉ တို့ဘာတို့ကတော့ အဲလိုဖြစ်စဉ်တွေရှိတယ်လို့ ကျနော်ကြားတယ်။ ကျနော့် တပ်မှာတော့ မရှိခဲ့ဘူး ။ ကျနော်က အဲ့ဒီ ကိစ္စတော့ လုံးဝ လက်မခံဘူး၊ တော်တော်ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ခဲ့တယ်။
ရွာနာမည်တော့ မမှတ်မိဘူး ကျားခေါင်းတောင် လား မသိဘူး မွတ်စလင် ရွာပေါ့။ အဲ့ဒီရွာကို တပ်ရင်းမှူးက ဝင်ရှင်း ခိုင်းတုန်းက ကျနော်တို့က ဝင်ရှင်း လို့ ပြောတော့ ကျနော် တို့ အကုန် ဝင်ရှင်းတာပေါ့။ မနက်ခင်းရောက်လို့ ညကဝင်ရှင်းတာ သေဆုံး”မ”ဘယ်နှယောက် “ကျား”ဘယ်နှယောက် “ကလေး”ဘယ်နှယောက်ဆိုပြီး စာရင်းတင်တဲ့အခါမှာ အဲ့ဒီမှာ မနက်ခင်းကျရင် မင်းတို့ကို ဘယ်သူက ဘာလုပ်ခိုင်းလို့လဲ၊ ပစ်ခိုင်းလို့လား၊ သတ်ခိုင်းလို့လား ဆိုတဲ့ ပုံစံမျိုး ပြန်ပြီးတော့ မေးတာ။
ညဘက်ဆို တပ်ရင်းမှူးက အရက်မူးပြီး အမိန့်ပေးတာပေါ့ မနက်ကျရင် သူမလုပ်ခိုင်းဘူးဆိုတာမျိုးပြောတယ်။ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိဘူးပေါ့။ အဲ့ဒီအချိန်က အဲ့ဒီနေရာမှာ အညိုရောင် ဖြစ် သွားပြီ။ ကျနော်တို့က မပစ်ဘူး မခတ်ဘူးဆိုရင် ကျနော်တို့ အပစ်အခတ် ခံရတော့မှာ။ သေတော့မှာ။ သူတို့ ဝင်ရှင်းဆိုတဲ့ အနေအထားမျိုးက ရှင်းဆိုတော့ ရှင်းရတာပေါ့။
ရှင်းလိုက်တဲ့ အချိန်မှာ ကျနော်တို့ ပစ်တာတွေ ခတ်တာတွေ သတ်တာတွေ ရှိတယ် ကျနော်တို့ကို သတ်မှတ်ပေး ထားတယ်၊ အပေါ်ပိုင်း မပစ်နဲ့ပေါ့တဲ့။ အပေါ်ပိုင်း မပစ်နဲ့ ဆိုတော့ အောက်ပိုင်းပစ်တာပေါ့။ အောက်ပိုင်း ပစ် တော့ သေတာပဲ။ အဲဒီ အချိန်တုန်းက ကျနော် တို့ကို ကိုင်တွယ်ပြီး အမိန့်ပေးတာက ဒုတိယ ဗိုလ်မှူးကြီး ကျော်မိုးဝင်းပါ။ သူက ကျနော် တို့ရဲ့ တပ်ရင်းမှူးပေါ့။ ကျနော်တို့တပ် အင်အားကတော့ ၁၄၀ လောက် ရှိတယ် ။
ဝင်ရှင်းခိုင်းတာ နေ့လဲ ရှိတယ် ညလဲ ရှိတယ်။ နေ့နေ့ညညပေါ့ သတင်းပေါ်ရင်ပေါ်သလိုပဲ။ အဲဒီ အချိန်မှာ ကစထ မှူး၊ တိုင်းမှူးက ဗိုလ်ချုပ် အောင်လင်းဒွေး ဖြစ်မယ်။ သူတို့က ကျီးကန်းပြင် ဌာနချုပ်မှာ လာထိုင်တယ်။ ထောက်လှမ်းရေး သတင်း တစ်ခု ရပြီဆို မင်းတို့ ဘယ်သွား ဆို ကျွန်တော် တို့ သွားရတယ်။
နောက်ကျ သူတို့က ပြောတယ် မင်းတို့ မသင်္ကာဘူး ဆိုရင် လူဖမ်းပြီးတော့ ကျီးကန်းပြင် ဌာနချုပ်ကို ပို့ပေါ့ ။ ဒါပေမယ့် ကျနော် တို့က လုံးထွေးနေရတဲ့ အချိန်မှာ ဘယ်လိုမှလဲ ဖမ်းချိန် မရှိဘူး၊ ပို့ချိန်လဲ မရှိဘူး။ နေ့တိုင်းတော့ သေဆုံးမှု မရှိဘူး။ သေဆုံးမှုကတော့ ကျနော် တို့ တပ်ရင်းအနေနဲ့ သေဆုံးမှု တော့ နည်းပါတယ်။ ၇ယောက်လောက် ရှိတယ်။
မှတ်တမှတ်ရာအနေနဲ့တော့ မကျန်ခဲ့ဘူး။ ကျနော်က ဘာလို့ မှတ်မိနေလဲ ဆိုတော့ ကျနော် တို့က တပ်ရင်းမွမ်းမံ သင်တန်း တက်နေရင်။ မှတ်မှတ်ရရ ကျီးကန်းပြင်ကို စီးခံရတာ စနေနေ့ ကျနော်တို့ ထွက်တာ တနင်္ဂနွေနေ့ ရဟတ်ယာဉ် နဲ့ ထွက်ရတယ်။ နောက်ပိုင်း ကျမှ ရဲစခန်း ၃၀ ဝင်စီးခံရတယ် ဆိုတာ အဲ့ဒီနောက်ပိုင်းမှ ဖြစ်လာတာ ။
အဲဒီနောက်ပိုင်းမှာ အခြေအနေက ပိုပြီးတော့ ဆိုးရွားသွားတယ်။ ကျီးကန်းပြင် ဌာနချုပ်မှာဆို တစ်နေ့ တစ်နေ့ကို ဖမ်းထားတဲ့သူတွေ အများကြီးပဲ။ ခေါ်ပြီးတော့ စစ်တယ်ဆေးတယ်၊ ထုတယ်နှက်တယ် ရိုက်တာ ရှိတယ် ပြီးရင် အစာရေစာ မကျွေးဘူး။ ကြုံတဲ့သူက ဝင်တွယ်တာပဲ၊ ဥပမာ ဖမ်းထားတဲ့သူက ၁၂ယောက်ဆို ၁၂ယောက်လုံးကို လက်နောက်ပြန် ကြိုးချည်ပြီးတော့ လမ်း ဘေးမှာ ထားထားတာ။ ကျနော်ဖြတ်သွားရင် ကျနော်က ဝင်တွယ်တယ်။
ဒါ ဥပမာ ပြောပြတာ။ သူများ က ဖြတ်သွားရင် သူများကဝင်ကန်။ ကြုံတဲ့သူက ဝင်ပြီးတော့ နှိပ်စက်နေတဲ့သဘောပေါ့။ ဘာလို့ဆို ကျီးကန်းပြင်ဌာနမှာ ရဲတွေ နဲ့ နယ်ခြားစောင့် ရဲတွေ တော် တော် များ များ သေသွားတာရှိလို့။
ပြီးရင် နောက်တစ်ခုက သူတို့ရဲ့ နာရေးချနေတဲ့ အချိန်မှာ ဝင်ပြီး ပစ်တာ ရှိတယ်။ အခု ARSA ဖြစ်လာတဲ့ အဖွဲ့ကပေါ့ ဝင်ပစ်တာတွေ ရှိတယ်၊ အဲ့လို အနေအထားမျိုး တွေ ကြောင့်မို့ လူတွေဖမ်းပြီးရင် ထုတာထောင်းတာ ရှိတယ်။ အဲဒီနောက်ပိုင်းကျမှ ဘာတွေ ဖြစ်လာလဲ ဆိုတော့ အလယ်သံကျော်ဘက်တို့ ရဲကင်းတွေ ရှိတဲ့ နေရာကို သူတို့ ဝင်စီးတာ။ ပြီးရင် ကျားခေါင်းတောင် တို့ ဘာတို့ အဲ့ဒီ ဘက်တွေမှာ ရဲကင်းတွေ ရှိတယ်။
ရဲကင်းတွေမှာ သွားပြီး နေပေးရတယ်။ ဝင်စီးမှာစိုးလို့ သူတို့က ဒီဘက်မှာ ဝင်နေလို့ ရှိရင် နောက်တဖက်က ဝင်စီးသွားတာ၊ အဲသလို ပုံစံနဲ့ ကျနော် တို့ အလယ်သံကျော် ဘက် ဖြစ်စဉ် ကတော့ တော်တော် ဆိုးဆိုး ဝါးဝါး ဖြစ်လိုက်တယ်။ အဲဒီအချိန်မှာတပ်မ ၉၉ လဲ ရခိုင်ကို ရောက်လာပြီ။ သူတို့က အင်အားတော်တော်များတယ်။
အင်အားများတဲအခါ ကျတော့ ကျနော်တို့က ပစ်မိန့်စောင့်နေလို့က အဆင်မပြေဘူး မပြေတော့ ပစ်ကြတာတွေရှိတယ် ဒီ စခန်းကို ဝိုင်းထား တဲ့ အချိန်မှာ အင်အား တော်တော်များတယ် ခန့်မှန်းခြေ ၅ထောင် နီးပါးလောက် ရှိတယ်။ ကျနော် တပ်က အလွန်ဆုံးရှိ ၁၀၀ တောင် မရှိဘူး။ အဲ့ဒါ ၂၀၁၇ ပိုင်းမှာ ။
၂၀၁၆ ကနေ စပြီး တောက်လျောက် ဝင်လိုက်တာ ၂၀၁၇ မှာ မိုင်တိုင် ၄၀ ဘက်ကို ရောက်သွားတယ်။ မြေပုံမှာ ကြည့်ရင် တောင်ဘက်ခြမ်း အောက်ဘက်ခြမ်းကနေ တဖြေးဖြေး ရှင်းသွားလိုက်တာ မိုင်တိုင် ၄၀ ဘက်ကို ရောက် သွားတယ်။ အဲဒီဘက်ကနေမှ မိုင်တိုင် ၅၂ ထိ တက်ပြီး ရှင်းရတယ်။
အဲ့ဒီ အချိန် မှာ AA နဲ့လဲ ပြဿနာ နည်းနည်း ဖြစ်တယ်။ အဲဒီဘက်ကနေမှ အလယ်သံကျော် ဘက်ကို ပြန်ဆင်းခိုင်းတယ်။ အဲဒီ စခန်း နာမည် ကျနော်မေ့နေတာ မောင်တော နဲ့ အလယ်သံကျော် ကြားမှာ ရှိတဲ့ စခန်း မှာ သွားနေ ရတယ်။ အဲ့ဒီမှာ သွားနေပြီး ၂၀၁၇ မှာ ကျနော် သင်တန်း တစ်ခု တက်တယ်။ အဲ့ဒီကနေ ကျနော်ရန်ကုန် ရောက်သွားတယ် ။
၂၀၁၇ မှာ ညဘက် ညာသံပေးပြီး တက်လာတာ လက်လုပ်သေနတ်တွေပါတယ်။ AK ပါတယ် တူမီး လိုမျိုး ပါတယ်။ လူတိုင်းစေ့တော့ မပါဘူး။ သူတို့ ညာသံ ပေးတဲ့ အသံက ကျနော် တို့ ပစ်တဲ့ခတ်တဲ့ အသံကိုတောင် ဖုံးတယ်။ သေနတ်သံ ဒီလောက် ကျယ်တာတောင် သူတို့ ညာသံက ဖုံးတယ်။ တက်လာတဲ့ အချိန်မှာ ပစ်တယ်။ ပစ် တော့ လန်ကျသွားတယ်။ လန်ကျသွားတော့ ပြန်ဆင်းသွားတယ်။
၃၆ ယောက် ထွက်ပြီး ခုခံ ခဲ့ရတယ်။ စခန်းမှာ နေတဲ့ မူရင်း ရဲလည်း ပါသေးတယ်။ ၃၆ ယောက် က တိုက်ခိုက်ရေး စစ်သားပေါ့။ ကျနော်တို့ ပစ်ကျင်းတွေ ရှိတယ် စခန်းထဲမှာ ခံစစ်ပုံစံ လုပ်ထားတဲ့ ပစ်ကျင်းတွေ ရှိတယ်။ နေရာတော့ ယူထားတယ် ကျနော် တို့ မျက်နှာချင်းဆိုင် ဘက်ပဲ။
စစ်သား ဆိုတော့ အရေးကြီးတဲ့ ဘက်မှာ နေရာယူပြီးတော့ နောက်ပိုင်း က သူတို့ကို ပေးထားတာ။ သတင်းကြိုရတာမျိုးတော့မရှိဘူး။ ရုတ်တရတ်ကြီး ဖြစ်တာ။ အသံတော့ ၂ရက် ၃ရက် လောက်ထဲက ကြားတာပဲ။ လာမယ် လာမယ် ဆိုပြီး တကယ့်တကယ် လာမယ့်ရက်ကျ သတင်း မရပါဘူး ။
လာတဲ့အခါမှာကင်းသမားကနေ စပြောတာပ ညာသံ ကြားတယ် ဘာသံလဲပေါ့။ သူတို့ ညာသံပေးပြီး တက်လာတာပေါ့။ အဲဒီ စခန်းက တောင်ကုန်းလဲ မဟုတ်ဘူး တောင်တန်းလဲ မဟုတ်ဘူး မြေပြန့်ကြီး
ဓားနဲ့ ဝင်ခုတ်ခံလိုက်ရတာ။ သေနတ် နဲ့ ပစ်ခံရတာလဲ ရှိတယ်။ တပ်ရင်းမှူး တစ်ယောက်ဆိုရင် ပွဲချင်းပြီး ကျသွားတာ စနိုက်ပါ ပါ ပါတယ်။ စစ်တပ် ဘက်က အကျဆုံး က ၄ ၊ ၅ ၊ ၁၀ယောက်ပေါ့ အဲ့ဒီအပြင် ပိုမရှိဘူး။ ဟိုဘက်ကတော့ လူအများကြီး သေ တယ်။ ကျနော် သိသလောက် တော့ ရာနဲ့ချီပြီး သေတယ် ။ အဲဒီ တစ်ပွဲထဲ မဟုတ်ဘူး ခုနက ပြော သလို ညဘက်ကြီး တက်လာတဲ့ အနေ အထားမျိုးမှာ သူတို့က အနည်းဆုံးတော့ ဒဏ်ရာပဲ ရရပေါ့။
အလောင်းကောက်တယ်။ ကောက်တယ် ဆိုတာက ဘာဖြစ်လဲဆို ဥပမာ ကျနော်တို့ လက်ထဲကို မထား ခဲ့ဘူး ထားခဲ့လို့ ဒီအလောင်းကို ကြည့်ပြီး ဒါ ဘယ်သူ့သားလဲ ဒါ ဘယ်သူ့မောင်လဲ ဒါ ဘယ်သူ့ အကိုလဲ လိုက်မှာ စိုးလို့ သူတို့က ကောက်တယ်။ ကျနော်တို့က သွေးကွက်တွေပဲ တွေ့ရ တယ်။ အကျအဆုံးကို မသိရဘူး။ Dead body ကတော့ ကျနော်တို့ ဖြစ်တဲ့ အချိန်မှာ ၇လောင်း ပဲ ရှိတယ်။ ဒါက ၂၀၁၆ မှာ ဖြစ်ခဲ့တဲ့ ဟာပဲ ။ ၂၀၁၇ မှာ ဖြစ်တဲ့ဟာကျ ဘာမှ မကျန်ခဲ့ဘူး သွေးကွက်ပဲ ကျန်ခဲ့တယ်။
မောင်တော နဲ့ အလယ်သံကျော် ကြားထဲမှာ ပင်လယ်ကမ်းစပ်ပေါ့။ ရဲကင်းစခန်း ပဲ အင်အား ရာကျော် ရှိတယ်။ အရင်တုန်းက ဆိုရင် ၁၂ယောက် ၁၃ယောက် နဲ့ ဖြန့်ခွဲ ထားတာတွေ အများကြီးက မနေရဲတဲ့အခါကျတော့ အကုန်လုံးကို ဒီဌာနချုပ်ကို စုပြီး ထားလိုက်တဲ့ သဘောပါ ။
နယ်မြေရှင်းလင်းတဲ့အခါကျ ဘယ်လိုတွေ ဖြစ်လာလဲ ဆိုတော့ ရန်မီး က တစ်ဖက်ထဲ မဟုတ်တော့ဘူး နှစ်ဖက် ဖြစ်သွားပြီ။ AA လဲ ရှိတယ် AA လဲ အဲ့ဒီအချိန်မှာ လှုပ်ရှားနေပြီ ပြီးတော့ ARSA လဲ လှုပ်ရှား နေပြီ ဆိုတော့ သတိ ထားပြီးတော့ လှုပ်ရှားနေရတယ်။ အရေးယူ ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်လာတယ်။
သတ်လိုက်ပြီး တော့ မြှုပ်လိုက်တာတွေ၊ အလောင်းပြန်ဖော်တာတွေ၊ hot ဖြစ်တဲ့ သတင်းတွေလေ အဲ့ဒီ ဖြစ်စဉ်တွေ ဖြစ်တာ။ သူတို့က ရွာထဲ အကုန် ပြန်ဝင်သွားကြပြီ။ တကယ် လုပ်တဲ့ အဖွဲ့တွေက ရွာထဲကို ပြန်ဝင် သွားပြီး ပုန်းသျှိုး ကွယ်သျှိုး နေနေတဲ့ အချိန်မှာ သတင်းရပြီးတော့ သူတို့ကို ဖမ်းတယ် ဆီးတယ် ပြီးတော့ သတ်လိုက်တာတွေလည်းရှိတယ်။
အမျိုးသားတွေဆိုရင် လက်ပြန်ကြိုး တုတ်တယ်၊ မေးတယ်။ မေးရင် စကားပြန်နဲ့ မေးတယ်။ အဆင်မပြေဘူး ဆိုရင် ထုထောင်း ပြီးတော့မေးတာ။ လူအများစု က အသားနာမှာ ကြောက်ကြတာကိုး။ ဒါ အသားနာ အောင် နှိပ်စက်တဲ့ နည်းစနစ်ပေါ့။ ကိုယ်သိချင်တာ မသိရမချင်း နောက်ဆုံးကျတော့ စစ်ခံရတဲ့သူက အခုလက်ရှိ တော်လှန်ရေးမှာ ဖြစ်နေသလိုပဲ ထပ်ပြီး အသားအနာမခံနိုင်တော့ ဟုတ်ဟုတ် မဟုတ် ဟုတ် လျှောက်ပြောတာ။
ပြောတဲ့အခါကျ အကုန် ပတ်ပါကုန်ရော။ အမျိုးသမီးတွေကိုဆိုရင် ဘယ်လောက်တောင်လဲဆိုတော့ လုံးဝ ကိုယ်တုံးလုံးပုံစံ နဲ့ စစ်တာဆေးတာတွေရှိတယ်။ အဓိကက သူတို့ ရဲ့ ဆက်သွယ်ရေး စနစ်ကို ဖြတ်တောက်ချင်လို့ သူတို့က ဘင်္ဂလားဒေ့ရှ် ဆင်းကတ်သုံးတယ်။
သုံးပြီး ကျနော့်စစ်ကြောင်းတွေ ဘယ်နားရောက်နေပြီ အခု လက်ရှိ အဖြစ်လိုပေါ့ ဘယ်နားရောက် နေပြီ ဆို သတင်းပို့တယ်။ ဆင်းကဒ် ဆိုတာက ရိုင်းရိုင်း ပြောရရင် အမျိုးသမီးတွေ ရဲ့ ဘယ်ကြား ထည့်ထား ထား ဖွက်လို့ရတယ်။ အဲလိုတွေစစ်တာတွေရှိတယ်။ အဲဒါ ကျားခေါင်းတောင်မှာပါ။
၂၀၁၈ နှစ်ကုန်မှာ ကျနော်သင်တန်း တက်နေတာ၊ AQ ရေးထောက် သင်တန်း၊ တပ်ရေးဗိုလ်ကြီး၊ လက်ထောက်ဗိုလ်ကြီး သင်တန်း တက်နေတာ။ တက်နေတဲ့အချိန် တပ်ပြောင်း အမိန့်ပါတော့ xxxပြည်နယ်ဘက် ရောက် လာတယ်။ xxxကရင်ပြည်နယ်က အဲဒီလောက် အတွေ့အကြုံ မရှိဘူး။ တိုက်ပွဲလဲ နည်းတယ်။ xxx ဘက် ကို ဝင်ရတယ်။ ပြီးရင် xxx ဘက်ကို ဝင်ရတယ်။ နောက်တစ်ကျော့ ရခိုင် ပြန်ရောက် သွားတယ်။ ကျနော် တို့ တပ်မက ရခိုင် ကို ထိုးဖို့ဆိုပြီး ရခိုင်ကို ပြန်ပါသွားတယ် ။
ရခိုင်ကို ပြန်ပါတာက AA နဲ့ အဓိက ပြဿနာတွေပေါ့။ AA က ၂၀၁၈ နှစ်ကုန်ပြီး ၁၉ / ၂၀ လောက်မှာ တိုက်ပွဲ တော်တော် ပြင်းထန်ခဲ့တာ။ ကျနော်တို့က လမ်းကြောင်းတွေ ဖြတ်တာ။ နောက်တော့ မြောက်ဦး ပြန်ရောက်သွားတယ်။ ၆လလောက် ကြာခဲ့တယ်။ အဲဒီအချိန်မှာ ကျနော်က ရသေ့တောင် နဲ့ ဘူးသီးတောင် နဲ့ ကြား အဲဒီမှာ တာဝန်ကျတာ ။
စစ်ဖြစ်ပြီ ဆိုတာနဲ့ ဒေသခံ ပြည်သူက နစ်နာတာပဲလေ။ စစ်သားတွေ စိတ်ထဲမှာ မှတ်ယူ ထား တာက ရွာသားလဲ ဒီကောင်ပဲ သူပုန်လဲ ဒီကောင်ပဲ မှတ်ယူထားတာ ရှိတယ်။ အဲတော့ ရွာထဲမှာ ယောင်္ကျားသား မနေရဲဘူးဆိုတာ မဆန်းဘူး။ ယောက်ျားးသား တွေ့တာနဲ့ ဖမ်းမယ် စစ်မယ်။ အသားနာ အောင် စစ်မယ်။ နာလွန်းမက နာလာရင် လျောက်ပြောမယ်။ အကုန် ဆွဲထည့်မယ်။ ဆွဲထည့် လို့ ရှိရင် အနည်းဆုံးတော့ အထက်လူကြီးကို တင်ပြဖို့ Case ရတယ်။
လက်နက်ဆိုလည်း ခြေလျင် မှာ ရှိတဲ့ တပ်ရင်းမှူး အများစု က သေနတ်တွေ ဝယ်ထားတာ ရှိတယ်။ ဝယ်ထား ပြီးရင် ရာထူးတက်ဖို့ အတွက် ဖြစ်စဉ် အဖြစ်ပြတယ်။ ဝယ်ထားတဲ့သေနတ်နဲ့ ရောချတယ်။ ရာထူးတက်ဖို့အတွက် လုပ်တာမျိုးပေါ့။ တကယ်တမ်း ကျနော်တို့ AA တပ်သားကိုဖမ်းမိဖို့ဆိုတာ ဒီလောက်မလွယ်ဘူး။ အရမ်းခက်တယ်။
လက်နက်ကြီးတွေ ရမ်းသမ်းပစ်လို့ ရွာထဲ ကျတဲ့ အခါမျိုးလည်းရှိတယ်။ အဲလိုဖြစ်လို့ အထက်လူကြီးက မေးလာရင် ရွာထဲက ကပစ်လို့ ဆိုပြီး ရောချလိုက်တာမျိုးလာည်းရှိတယ်။ တကယ်တမ်းက ကျချင်တဲ့ဆီကျတာ။
ကျနော်တို့ ဆိုရင် ကျနော် တို့ Level က တပ်ခွဲမှူး Level ပဲ ရှိတာ။ ကျနော်တို့က တပ်ရင်း မှူးကို တင်ပြရတယ်။ တချို့ ရွာသားတွေက ရွာထဲမှာတော့ ဘယ်သူက AA နဲ့ အဆက်အသွယ် ရှိလို့ လာသတင်းပေးတာရှိတယ်။ တချို့က သူတို့ချင်း အဆင်မပြေ မနာလိုတာမျိုးရှိလို့ လက်ထောက်ချတာ။
သူတို့ သတင်း ပေးလို့ ရှိရင် ကျနော် တို့က တပ်ရင်းမှူး ကို တင်ပြ၊ တပ်ရင်းမှုးကို တင်ပြပြီး ဟုတ်ပြီ အဲ့ဒီကောင်ကို သွား ဖမ်း မင်း ဘယ်လိုဖမ်းမလဲ အစီအစဉ်ဆွဲ အစီအစဉ် ဆွဲတယ်။ သွားဖမ်းတယ် ဖမ်းပြီးရင် ခေါ်ပြီးတော့ စစ်တယ်။ စရဖ အရာရှိက အဓိက ထားပြီး စစ်တယ်။ သတင်းအချက်အလက်တွေ ယူတယ်။ နှိပ်စက်တယ်။
ရခိုင် အရေးပြီးတော့ ဒဏ်ရာ ရတယ်၊ ဆေးရုံ ရောက်တယ်၊ xxx စစ်ဆေးရုံ ရောက်တယ်။ အဲဒီမှာ ဆေးရုံ တက်ပြီး နောက်တန်း ပြန်ရောက်တဲ့ အချိန်မှာ ဒီ အာဏာသိမ်းတဲ့ ဖြစ်စဉ် နဲ့ ကြုံတယ်။ နောက်တန်း ဌာနချုပ် ပြန်ရောက်နေတာ။ အဲ့ဒီကနေမှ ၃လပိုင်း ၈ရက်နေ့ ထွက်လာတာ ။
xxxကို သွားတယ်။ အိမ်လဲ ပြန်လို့မရတော့ xxx သွားပြီးတော့ ပတ်ဝန်းကျင်ကိုလည်း အသိ မပေးရဲဘူး။ အဲဒီတုန်းက CDM တွေ လဲ ခေတ်မစားသေးဘူး။ ဘယ်သူပဲ လာဆက်သွယ် မယုံကြည်ဘူး။ စစ်တပ် ထဲမှာ နေလာတာ ကြာပြီ ဖြစ်တဲ့ အတွက် စစ်တပ်အကြောင်း ကောင်းကောင်း သိတယ်။
ကျနော်တို့ကို ပြန်ပြီး ကျုံးသွင်းတာတွေ ပြန်ပြီး ပြဿနာရှာတာတွေ ဖြစ်လာမှာစိုးတဲ့ အတွက် မဆက်သွယ်ရဲဘူး။ မဆက်သွယ်ပဲ ကိုယ့်ဘာသာ အဆင်ပြေသလို ရပ်တည်တာ အလုပ်ပေါင်းစုံ လိုက်လုပ်တာပေါ့။ မှတ်ပုံတင် ထဲမှာကျ အမှုထမ်းလို့ ပါနေတော့ မှတ်ပုံတင်ကို လူတိုင်းကို မပြပဲ ကြုံတဲ့နေရာမှာ အလုပ်လိုက်လုပ်တာပေါ့ ။
တပ်က ပျက်နေတာ ကြာပြီ။ ဘာလို့ ပျက်နေလဲဆို ပြည်သူတွေ ဆိုတာ အခုမှ မအလ ရဲ့ ဒဏ်ကို ခံရတာ။ ကျနော် တို့က ခံရတာ တော်တော် ကြာပြီ။ အခုနောက်ပိုင်း ဖြစ်လာတဲ့ ဦးပိုင် ကိစ္စတွေ အသက် အာမခံ ကိစ္စတွေ ဒါ ပြည်သူတွေက နောက်ပိုင်းမှ သိရတာ။ ကျနော်တို့ ခေါင်းပုံဖြတ်ခံရတာကြာပြီ။ နောက်တစ်ခု ဘာဖြစ်လဲ ဆိုတော့ တပ်ထဲမှာက လူကို ခင်တယ် ဆိုရင် မူကို ပြင်တယ်၊ လူကို မုန်းရင် မူကို သုံးတယ် ဆိုတဲ့ မူဝါဒ ရှိတယ်။
လူကြီး စိတ်ကြိုက် လိုက်နေပေးမှ အဆင်ပြေတာ။ တဖြည်းဖြည်း နဲ့ ကျနော့် စိတ်ထဲ ထင်လာတာ သက်ဦးဆံပိုင်စနစ်နဲ့ အတူတူပဲလို့ ထင်လာတာ မနေချင်တော့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးသွားလို့ ရှိရင်တော့ အရပ်သား အစိုးရလဲ တက်ပြီ ဆိုတော့ စနစ်တွေလဲ ပြောင်းမှာပဲ ထွက်ခွင့်တွေ ဘာတွေ တင်လို့တော့ ရမှာပဲ ဆိုပြီး ကျနော် တို့ က စောင့်နေတာ။ ပြီးလည်း ပြီးရော အာဏာလဲ သိမ်းသွားရော မျှော်လင့်ချက် ပျက်သွားတာ။ မထူးတော့ဘူး ဆိုပြီး ထွက်ပြေးလာခဲ့တာပါ။
ဒီဘက်မှာ အခက်အခဲကတော့ မရှိပါဘူး အဆင်ပြေပါတယ်။ ဒီဘက်ကို ရောက်လာပြီး နောက်ပိုင်းမှာ အဖွဲ့အစည်း ရဲ့ ခိုင်မာမှုကို သိလာရတော့ နည်းနည်း စိတ်ချတယ်။
တတိယနိုင်ငံကို အရင်တုန်းကတော့ လျောက်ထားတယ် ဒါပေမယ့် အခု မလျောက်တော့ဘူး မသွား တော့ ပဲ ဒီမှာပဲ အခြေချ နေပြီးတော့ တော်လှန်ရေးနဲ့ ပတ်သက်တာပဲ မပြီးမချင်း ဆက်လုပ်သွားမယ် တော်လှန်ရေး ပြီးသွားရင်တော့ အိမ်ပြန်မှာပေါ့ ။ အဲ့လိုပဲ စိတ်ကူးထားတယ်။