သတင်းဆောင်းပါး

စစ်တပ်ထဲမှာ နှိပ်စက်ခံရတယ်

စစ်တပ်ထဲမှာ နှိပ်စက်ခံရတယ်

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၂၃

ကျနော့်နာမည်က xxx ပါ။ ကျနော်က ခမရ xxx တပ်မ ၂ လက်အောက်ခံ xxxမှာ တာဝန် ထမ်းဆောင်ခဲ့တယ်။ တပ်သား အဆင့်ပါ။ တပ်ထဲကို၂၀၂၀ မှာ စရောက်တယ်။ xxx အပတ်စဉ် လေ့ကျင့်ရေး xxx သင်တန်းဆင်း​ပေါ့။ စစ်တပ်ထဲကို ကိုယ့်ဆန္ဒအရပဲ ဝင်တာပါ။ အိမ်ကလည်း တိုက်တွန်း​တော့ ဝင်ဖြစ်သွားတာ​ပေါ့။ သင်တန်းမှာ သူတို့ သင်ကြားပေးမှုကတော့ နိုင်ငံတော်ကို ကာကွယ်ဖို့ပေါ့။

ကျနော် ကိုယ်တိုင်ကလဲ ကာကွယ်မယ် လို့ပဲ ခံယူချက်နဲ့လုပ်တယ်။ ဒါပေမယ့် သူတို့က အဓိကအားဖြင့် နိုင်ငံတော်ကာကွယ်ဖို့ထက် သူတို့ရဲ့ ကိုယ်ကျိုးအတွက်ပါပဲ။ ပြည်သူတွေကို နှိပ်စက်မှုတွေ အများကြီးလုပ်နေလို့ ကျနော် မကြိုက်လို့ CDM ပြုလုပ်တာပါ။

တပ်ထဲမရောက်ခင်က ကျနော် ကြုံရာကျပန်း အနေနဲ့ အလုပ်တွေ တော်တော်များများ လုပ်ခဲ့ဖူးပါတယ် ။ သစ်ခွဲ စက်တို့လို အလုပ်တွေလည်း အများကြီး လုပ်ခဲ့ဖူးတယ် ။ ဇာတိက xxxတိုင်း xxxမြို့ပါ။ စစ်တပ်ထဲ ဝင်တော့ ကြည်းတပ်ပါ။

တပ်ထဲမှာ ကျနော် တို့ သင်တန်းကတော့ သတိ ညာညှိကနေ နောက်ဆုံး စစ်ရေးပြ အထိ။ သေနတ်ပစ် သင်တန်းမှာ သေနတ်တွေဆိုလည်း အမျိုးမျိုး ပစ်ခဲ့ရတယ်။ စစ်ပညာကိုတော့ အမှန်အကန် သင်ပေးတယ်၊ နေ့ခင်းပိုင်း တွေရော ညပိုင်းတွေရောသင်တာ။ ဒါပေမယ့် ဒီကြားထဲမှာ လေ့ကျင့်ရေး ကိုင်တဲ့ ဗိုလ်ကြီးတွေက ကျနော် တို့ရဲ့ လစာငွေတွေကို သူတို့ရဲ့ ကိုယ်ကျိုးအတွက် သုံးစွဲတာ တွေ အများကြီးတွေ့နေရတယ်။

အဲဒီမှာ သင်တန်းသားတွေ အကုန်လုံးက သူတို့ရဲ့ မတရား လာဘ်စားမှုတွေကြောင့် စိတ်ဓာတ်တွေ ပျက်ပြားကုန်တယ်။ သူတို့က တစ်ဝက်ကို ဘဏ်စုငွေထည့်ခိုင်းပြီး နောက်တစ်ဝက်ကို တပ်သားအတွက် အသုံးစရိတ်ဆိုပြီး ချပေးတယ်။ အသုံးစရိတ်ကို သူတို့က မတရားအများကြီး စာရင်းတွေ တင်ပြီး သူတို့ရဲ့ အိတ်ထဲထည့်တယ်။ ကျနော်တို့တပ်သား အသစ်က တစ်သိန်းလေးသောင်းလေးထောင်ကို တစ်ဝက်ခွဲတော့ ၇သောင်းကျော်ကို တပ်သားတစ်ယောက် အတွက် တစ်လစာ အသုံးစရိတ်အတွက်ပေးပြီး တစ်ဝက်ကို ဘဏ်စုငွေဆိုပြီး စုငွေ ထားပေးထားတယ်။

ရတဲ့ ၇သောင်းကျော်မှာ ငါးသောင်းကျော်ကျော်လောက်ကို သူတို့ အိတ်ထဲရောက်အောင် အမျိုးမျိုး အသုံးစရိတ်ဖြတ်တယ်။ ၂သောင်းလောက်ပဲ ကျွန်​တော်တို့သုံးရတယ်။ ကျန်တာ တွေက တပ်ခွဲတွေ ကိုင်တဲ့ ဗိုလ်ကြီးတွေ အကုန်လုံး စာရင်းတွေဖျောက်ပြီး သူတို့ ကောင်းကျိုး အတွက်ပဲ လုပ်တယ်။ အဲဒီအချိန်မှာ ကျွေးတယ်မွေးတာကိုက အစားအစာကိုကိုင်တဲ့သူတွေကလည်း အသားတွေကို အ​လေးချိန်ပြည့်အောင် မကျွေးဘူး။

တခါတလေကျရင် ကျက်အောင်တောင် မချက်တာမျိုးတွေနဲ့ ကျွေးတော့ တပ်သားတွေက အားအင်ကုန်ခမ်းလာကြတယ်။ အဲဒီအချိန်ကတည်းက စိတ်ဓာတ်တွေက အများကြီး ပျက်ပြားနေတာ။ တော်​တော်များများက တပ်ရင်း ရောက်ရင်တော့ ပြေးမယ်ဆိုတဲ့သူ​တေချည်းပဲ။ ကျနော် တို့ဆိုရင် ၁၅၅ယောက်မှာ ထက်ဝက်ကျော်ကျော်လောက်က ပြေးမယ် ဆိုတဲ့အဖွဲ့တွေချည်းပဲ။ တပ်ရင်းရောက်တာနဲ့ ဘဏ်စု ငွေလေး ဘာလေး ရပြီးသွားတာနဲ့ ပြေးမယ် ဆိုပြီး အကုန်လုံးက တိုင်ပင်ထားကြတာ ။

အာဏာသိမ်းတဲ့ အချိန်မှာ ကျနော်တို့ သင်တန်းတက်နေတုန်းပဲ ရှိသေးတယ်။ ကျနော်က အာဏာမသိမ်းခင်ဝင်တယ်။  အာဏာသိမ်းတဲ့ အချိန် သင်တန်းမှာပဲ ရှိသေးတယ်။ ၂၀၂၀ သင်တန်းသားတွေဆိုတော့ သူတို့ အာဏာသိမ်းတဲ့ အချိန်မှာ သင်တန်း ဆင်းခါ စလေးပေါ့ ။

အာဏာသိမ်းတဲ့နေ့က တန်းစီချိန်မှာ တစ်ခါတည်း ကြော်ငြာလိုက်တာ၊ တပ်မှူး ကိုယ်တိုင်က သူတို့ အာဏာသိမ်းလိုက်ပြီ ဆိုတဲ့ အကြောင်း တစ်ခါတည်းကြော်ငြာပေးတယ် ။

ရဲဘော်တွေရဲ့ အခြေအနေက ကိုဗစ်ကာလကြီး ဖြစ်နေတော့ နေရာ တစ်ခုထဲမှာပဲ ထားထားတယ်။ ရဲဘော်တွေကို မျက်စိပိတ်နားပိတ် ပုံစံမျိုးဖြစ်အောင်ထားတာ။ ကျနော်ကတော့ လေ့ကျင့်ရေး ကျောင်းထဲမှာ နေရင်း နဲ့ xxxက ညီမဆီ ကိုတော့ ဖုန်းလှမ်းဆက်တယ်။ ညီမလေးရေ အခု ဘာလုပ်နေလဲ ဆိုတော့ ကိုကြီး တဲ့ သမီး ဆန္ဒပြနေတယ်တဲ့။ ကျွန်တော် နည်းနည်းတော့ စိုးရိမ်တာပေါ့။ အဲဒီတုန်းက တပ်က အရမ်းအင်အား ကြီးမားတယ်။ ညီမရယ် ဟိုက ဆင်လောက်ရှိတယ် နင်က ပုရွက်ဆိတ်အားနဲ့ မတက်နဲ့ဦး ဆိုပြီး သူသေသွားမှာစိုးလို့ ကျနော် ကိုယ်တိုင် ဖုန်းဆက်ခဲ့တာ။

နောက်တော့မှ သက်ဆိုင်ရာ တပ်ခွဲ တွေကို ခွဲပို့တာ။ အမှတ် xxx ခြေမြန်တပ်ရင်းကို ရောက်သွားတယ်။ စပြီး တာဝန်ထမ်း ဆောင်တဲ့ အချိန်မှာ ဘယ်သူက ဘယ်လို ဆန္ဒရှိတယ်၊ အပြင်မှာ တတ်ကျွမ်းခဲ့တဲ့ ပညာရပ်တွေ ရှိရင်လည်း အဲဒါတွေ မေးတယ်။ မေးပြီး တပ်ရင်းထဲမှာ ခဏလေး ထားသေးတယ် ။

နောက်တော့ xxx ကိုလုံခြုံရေးကျတယ်။ နေ့တိုင်း နေ့ည မပျက် ခိုင်းစေမှုတွေတော့ ခံရတာပေါ့။ လုံခြုံရေး ဆိုတော့ အပြင်မှာ လူတွေ ရှင်းနေတဲ့ အချိန် အဲဒီ ရပ်ကွက်ရုံးတွေ ညဘက်ကြီး စောင့် ရပ်ကွက်တွေထဲ ကင်းတွေ လိုက်လှည့်။ တချို့ မူးယစ်ဆေးဝါး လုပ်တဲ့ အိမ်တွေဘာတွေဆို ဖမ်း အဲ့လိုပုံစံမျိုး ။ ဆန္ဒပြတဲ့အချိန်က အဲ့ဒီတုန်းက နည်းနည်းလေး ကျဲသွားပြီ။ ဆန္ဒပြတာကို xxx မြို့တွင်း အကုန် လုံခြုံရေး ပတ်ယူပေါ့။

အခြေအနေ မကောင်းရင်လဲ သူတို့က ပစ်ခိုင်းပေါ့။  ဆန္ဒပြတဲ့သူတွေက အရမ်း ဆိုးဝါး တာ ဘာညာ ဖြစ်ရင် ပစ်သာပစ်ပေါ့။ ကားပေါ်မှာလဲ လက်နက်ခဲယမ်း အပြည့်အစုံ နဲ့ ပတ်ကြတာပေါ့။ အဲဒီအချိန်မှာ ဆန္ဒပြပွဲတွေက တော်တော်တော့ ကျဲသွားပြီ။ အာဏာသိမ်းပြီးတော့ ၅လကျော်ကျော်မှာ အပြင်ကို လုံခြုံရေး ဆိုပြီး  ထုတ်လိုက်တာ။ ကျနော်ကလည်း နိုင်ငံရေး အခြေအနေ မကောင်းဘူးဆိုတဲ့အတွက် xxx မှာ လုံခြုံရေး ကျတဲ့ အချိန်မှာ ကျွန်တော် CDM ပထမတစ်ခေါက် လုပ်တယ်။

Xxx ရပ်ကွက် မှာ သွားခိုနေတာ။ အဲဒီမှာကျနော် မြင်ရကြားရတာ တော်တော် ဆိုးတယ်၊ မီးအရမ်းဖြတ်တဲ့အချိန်မို့  လူတွေက အလုပ် သွားပြီး ပြန်လာတဲ့ အချိန်ကျ မီးကပြတ်၊ ပြတ်တော့ ထမင်းချက်စရာမရှိ တိုင်တွေကပတ် ထမင်းဆိုင်တွေကတော့ တော် တော် ရောင်းအားကောင်းပြီး လူတွေက တော်တော် ဒုက္ခရောက်တယ်။ ကုန်ဈေးနှုန်းတွေ  အရမ်းတက်လာပြီး စာတတ် ဘွဲ့ရတွေပါ ကိုဗစ်ကာလနဲ့ နိုင်ငံရေးမကောင်းတဲ့ ကာလမှာ သူတို့ လစာတွေကို တစ်ဝက်ပဲ ရကြတာမျိုးဖြစ်၊ တချို့ဆို စားစရိတ်သောက်စရိတ် မလောက်တော့လို့ နယ်ပြန်ကြတဲ့ သူတွေလည်းတွေ့ရတယ်။

xxx ရဲစခန်းဘက်မှာ ဗုံးကြဲလို့ ဆိုပြီး အဲ့ဒီစခန်းထဲက ထွက်ပစ်တာ အပြစ်မဲ့ ပြည်သူ လေးငါးခြောက်ယောက်လောက် သေသွားတာတွေ အများကြီးပဲ။ စဖြစ်တာက တစ်ယောက်ယောက်က xxx ရဲစခန်းဘက်ကို ဗုံးပစ်သွားတဲ့ ပုံစံမျိုး။ ဗုံးပစ်သွားတဲ့ အချိန်မှာ စခန်းထဲ က လူတွေက ဗုံးကြဲတဲ့သူ ဘယ်သူဘယ်ဝါ မသိတော့ဘူး< အထဲကနေ ရမ်းပစ်တဲ့ပုံစံမျိုး။ ကားထဲက လူလဲ မှန်တယ် အပြင်မှာ သွားလာနေတဲ့သူတွေလဲ မှန်သွားတယ်။ ၄ယောက်လောက် သေသွားတယ်။ အဲဒါ ၂၀၂၁ ထဲမှာပဲ။ လတော့ အသေအချာ မမှတ်မိတော့ဘူး ။ တပ်က ထွက်ပြေးလာပြီး အဲဒီနားတဝိုက်မှာ ကျနော့်မှာ ရှိ​နေတာ။

ကျနော်က စစ်သားဆိုတာ လူ တစ်ယောက်  နှစ်​ယောက်ကို ပြောပြမိတယ်။ စစ်သားတစ်ယောက် လို့ သိကြတဲ့ အချိန်မှာ ရပ်ကွက်က သိပ်ပြီးတော့ မကြည်ဘူး။ ကျနော်က ဆိုက်ကားနင်းတော့ ရပ်ကွက်ထဲ စီးမယ့်သူကြည့်ရတာပေါ့။ အဲဒီအချိန်ထောင်ခါလိုက်တာဆိုတော့ လူသတ်မှုနဲ့ ကျူးလွန်ပြီးတော့ ရပ်ကွက်ထဲ ရောက်တဲ့သူ ဘာညာ အထင်အမြင်ရှိတော့ အန္တရာယ်များတယ်။  ကျနော်က CDM လုပ်တယ်ဆိုတာ သက်သေပြစရာလည်းမရှိ၊ ရပ်ကွက်ထဲကလူတွေကလည်း သူတို့လုံခြုံရေးအရ ကျနော့ကို အကဲစမ်းဖို့လုပ်ကြတယ်။

ကျနော်က လည်း အဲဒီဒဏ်ကို မခံနိုင်တော့ဘူး။ အဲဒီအချိန်မှာ ကျနော် နောက်ဆုံးတော့ မဖြစ်တော့ဘူး ဆိုပြီး ကျနော့် အိမ်ကို ပြန်လိုက်တာ။ ပြန်တဲ့ အချိန်မှာ ရေတပ်က တပ်မတော် တပ်ထိန်းက ကျနော့်ကို ဖမ်းဆီးလိုက်တယ်။ အဲဒီမှာ မိသွားတယ် ။ သူတို့က ၁၀ရက်လောက် xxx မှာ ခဏထားသေးတယ်။ ထားပြီးတော့ တပ်ရင်းကို ပြန်ချ ပေးမယ်ဆိုပြီး တပ်ရင်းကို ပြန်ပို့လိုက်တယ် ။ ကျနော့်ကို အချုပ် တစ်လခွဲ ချတယ်။ 

အပြင်မှာ လူထုကို စစ်တပ်က အမျိုးမျိုး နှိပ်စက်တာတွေ တွေ့ ထားတော့ ကျနော်က စစ်သား မလုပ်ချင်တော့ဘူး။ ပြောတော့ စစ်ဥပဒေ အရ စစ်ပြေးမှု ဖြစ်ပြီဆိုရင် အရပ် ထောင်ချပြီး အရပ်သား ဖြစ်ခွင့်ပေးတာတွေရှိတယ်။ အနိမ့်ဆုံး ၃နှစ်ရှိမယ်။ လက်နက်တို့ ဘာတို့ ယူသွားရင်တော့ အခြေအနေ ဆိုးတယ်။ တန်းပြည့် စစ်မှုထမ်းချိန်မှာ ပြေးရင်တော့ သေဒဏ်ပေါ့။

တန်းပြည့် စစ်မှုထမ်း ဆိုတာ ရှေ့တန်း စစ်မြေပြင်မှာ ပြေးတာ၊ အဲ့လိုပြေးရင်တော့ သေဒဏ် အထိ ချမှတ်ထားရှိတယ်။ ကျနော် အရပ်သား ဖြစ်ချင်လို့ ပြောတဲ့အချိန်မှာ မရဘူး၊ ကျနော့်ကို တော်တော်ဆိုးဆိုးဝါးဝါး ထုရိုက်ပြီးတော့ ယူနီဖောင်း အတင်း ဝတ်ခိုင်းတယ်။ ကျ​နော်က  တပ်မမှူးနဲ့ မ​တွေ့​တွေ့​အောင်ကြံဖန်ပြီး အကျိုးအ​ကြောင်း​ပြောပြလိုက်တယ်။ ဒီလိုပဲ ထုနှိုက် ရိုက်နှက် ခံလိုက်ရတယ် ဖြစ်တဲ့ ဒဏ်ရာတွေ ဘာတွေပြတယ်။

ဘယ်လောက်ထိလဲဆို သေနတ်ဒင်နဲ့ ခေါင်းကို ထုတာ။ မတရားထိုးကျိတ် အဲ့လို ပုံစံမျိုးတွေ ဖြစ်တယ်လို့ သတင်းပို့လိုက်တော့  မင်း ဒဏ်ရာသိပ်မကောင်းဘူး ရှေ့တန်း မသွားနဲ့တော့ဆိုပြီး နောက်တန်း ပြန်ပို့တယ်။ နောက်ရက်ကျ ဖက်ထိပ် တခု ခိုင်းရင်းနဲ့ ကျနော့်ကို ရဲဘော် ရဲဘက် အချင်းချင်း တိုင်ရဲရလားဆိုပြီး ဂေါ်ပြားနဲ့ ကျောကို တစ်ချက်ထပ်ရိုက်တယ်။

ကျနော်လည်း အခုချိန်ထိ အဲဒီဒဏ်ရာက ခံစားနေရတုန်းပဲ။ နောက်ဆုံး ဒီကောင်ကတော့ ခိုင်းမရတော့ပါဘူးကွာ ဆိုပြီး တစ်ယောက်ထဲ လူပျို ဘားတိုက်မှာ ဆေးစစ်ချထားတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ထားတယ်။ အဲဒီအချိန်မှာ ဒုတိယအကြိမ် ကျနော် တပ်က ထွက်ပြေးလာခဲ့တာပါပဲ။

လက်ရှိအခြေအနေမှာတော့ အခက်အခဲ ရှိတာက CDM ကုဒ် တစ်ခု မရသေးဘူး ။ အဖွဲ့အစည်းတွေက လစဉ် ထောက်ပံ့ကြေး တစ်ထောင် စပေးတယ်။ ပြည်သူ့သားကောင်း အဖွဲ့က ၉လပိုင်း နောက်ပိုင်း CDM လုပ်တဲ့ သူတွေကို လက်နက်ပါရင်ပါသလိုပေးတာရှိတယ်။ လက်နက် မပါရင် လူချည်းပဲ ဆိုရင်တော့ ၃သိန်း ချီးမြှင့်တာ အဲ့ဒါလေးတော့ ကျနော် ရထားတယ်။

နေစရာကတော့ သူငယ်ချင်း တစ်ယောက် ရဲ့ နားလည်မှု နဲ့ လုပ်ပေးတဲ့ နေတဲ့ နေရာလေးမှာပဲ နေတယ်။ သိပ်တော့ အဆင် မပြေဘူး။ ဒီမှာ ဆွေမျိုးတော်စပ်သူက မိန်းကလေးဆိုတော့ မိန်းကလေး အခန်းထဲလဲ ကျနော်ဝင်နေလို့ အဆင်မပြေဘူး ကြုံသလိုပဲ နေတယ်။

ကျနော့်အဖို့ လက်နက်ကို​င်တော်လှန်​ရေးထဲ ဝင်ပါဖို့ဆိုတာ အင်မတန် လိုအပ်မှပဲ   ပါကောင်းပါမယ်။ ကျနော်က   တပ်တို့ ဘာတို့ မှာ မလုပ်တော့ဘူး။ ဆိုလိုတာ ဒီလက်နက်တွေကို မုန်းတီးစိတ်လည်းပါတယ်။ လက်နက်တွေကို ပြန်ကိုင်ပြီး လူတွေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေတာကို ကျနော် မလိုချင်တော့ဘူးဘူး။

ပွင့်ပွင့်လင်း လင်း ပြောရရင် ကျနော်လည်းသူများကို မသတ်ချင်ဘူး ကျနော့်ကိုလည်း သူများက လာသတ်တာ မကြိုက်ဘူး ။ တကယ့် တကယ် အရေးအကြောင်း ဖြစ်လာရင်တော့ ပြည်သူ့ဘက်ကပဲ ရပ်မှာပါ ။ စစ်တပ်ဘက်က ဘယ်တော့မှ မရပ်ပါဘူး။

#တရားမျှတမှုရရှိဖို့အမှန်တရားထုတ်ဖော်ပြောကြစို့

#Let’sTelltheTruthtoGetJustice

#CDMစစ်သား

#CDM

#TransitionalJustice

#TruthTelling

#နွေဦးတော်လှန်ရေး

#မြန်မာစစ်တပ်

#ကြည်းတပ်

#army

#Myanmar_army

Related Articles

Back to top button