အတွေးအမြင်

တရုတ်မျိုးချစ်ဝါဒီ ရှီကျင့်ဖျင် နဲ့ ပြည်တွင်းမျိုးချစ်များ

တရုတ်မျိုးချစ်ဝါဒီ ရှီကျင့်ဖျင် နဲ့ ပြည်တွင်းမျိုးချစ်များ
  • မင်းသေ့ (သူ့အတွေးသူ့အမြင်)
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ရဲ့ ခေါင်းဆောင်မှုပုံစံကို ကြည့်ရင်၊ တရုတ်မျိုးချစ်တစ်ယောက်ရဲ့ လုပ်ပုံ ကိုင်ပုံတွေ အပြည့်တွေ့ရတယ်လို့ ထင်တယ်။ တိန့်ရှောင်ဖိန် နောက်ပိုင်း — ပါတီတွင်းနဲ့ ပေါ်လစ်ဗြူရို အတွင်းမှာ ဩဇာကြီးတဲ့ တရုတ်ခေါင်းဆောင် မပေါ်ခဲ့ဘူး။ သမ္မတ ကျန်ဇီမင်းနဲ့ ဟူကျင်းတောင်တို့ဟာ စုပေါင်းခေါင်းဆောင်မှုပုံစံထဲက focal person သက်သက်မျှသာ ဖြစ်ခဲ့တယ်။
ရှီကျင့်ဖျင်ကျတော့ အဲသည်လို မဟုတ်ဘူး။ သူ သမ္မတတာဝန်ကို ယူပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ သူ့ရဲ့ ဩဇာ လက်တံတွေကို စနစ်တကျ စုစည်းပြီး တဖြည်းဖြည်းချင်း ခြေကုတ်မြဲအောင် လုပ်ခဲ့တယ်ဆိုတာ တွေ့ရတယ်။ ရှီကျင့်ဖျင်ဟာ သူ့ကိုယ်သူ ပုဂ္ဂိုလ်ရေးဩဇာ (personal power) တက်အောင် စနစ်တကျ လုပ်သလို၊ တရုတ်အမျိုးသားရေးဝါဒကိုလည်း ကမ္ဘာအနှံ့ ပျံ့ကျဲနေတဲ့ ပြည်ပရောက် တရုတ်လူမျိုးတွေထံ အရောက်ပို့တယ်ဆိုတာ ထင်ရှားတယ်။ ဒါကပဲ တရုတ်ပြည်ကြီးကို ကုတ်အား တစ်ခုလိုဖြစ်လာစေတယ်။
■ မျိုးချစ်ဝါဒရဲ့ သဘော
အမျိုးသားရေးဝါဒကို ကြည့်ရင် — သဘာဝအလျှောက် သွေးသားထဲမှာ ဖြစ်တည်နေတဲ့ မျိုးချစ်စိတ်ဆိုတာ ရှိတယ်။ ခေတ်သစ်တရုတ်ရုပ်ရှင်တွေကို လေ့လာကြည့်ရင်လည်း ဘရစ်စလီခေတ်နောက်ပိုင်းမှာ တရုတ်အမျိုးသားရေးဝါဒကို ခပ်ပါးပါးလေးနဲ့ တစ်မျိုး၊ ခပ်ထူထူနဲ့ တစ်ဖုံ ထည့်သွင်းပုံဖော်ကြတာတွေ့ရတယ်။ မျိုးချစ်စိတ်မှာ — ဝါဒဖြန့်ချိရေးနဲ့ စာပေ ဂီတ အနုပညာ ယဉ်ကျေးမှုတွေက ဆွဲဆောင်သိမ်းသွင်းလို့ မျိုးချစ်စိတ် ပေါ်လာတာမျိုး ရှိသလို၊ ဖိနှိပ်ခံရလို့ အငုံ့စိတ်ကြောင့် ပေါ်လာတဲ့ မျိုးချစ်စိတ်လည်း ရှိတယ်။ ပိုပြီး အန္တရာယ်ရှိတဲ့မျိုးချစ်စိတ်ကတော့ — မဟာလူမျိုးကြီးစိတ် ပူးကပ်ဝင်ရောက်တဲ့ မျိုးချစ်စိတ် ဖြစ်တယ်။
ဂျာမနီတွေဟာ ဒီလိုဖြစ်ခဲ့တာပဲ။ နာဇီဂျာမနီတွေဟာ မဟာမျိုးချစ်ဝါဒီတွေ ဖြစ်ခဲ့တယ်။ ဂျပန်တွေလည်း ဒီလိုဖြစ်ခဲ့တယ်။ ဂျပန်တွေဟာ ဖက်ဆစ်လည်းဖြစ်ခဲ့တယ်၊ စစ်ဝါဒီလည်းဖြစ်ခဲ့တယ်။ မျိုးချစ်တွေလည်း ဖြစ်ခဲ့တယ်။ အမျိုးသားရေးဝါဒမှာ သိပ်အကြမ်းထည်ဆန်တဲ့ အသွင်အပြင်ကို ဒုတိယကမ္ဘာစစ်ရှေ့ပိုင်း ကာလတွေမှာ အထူးတွေ့ရတယ်။
■ စစ်ရေးခေတ်လွန် အမျိုးသားရေးဝါဒ
စစ်အေးခေတ်လွန် အမျိုးသားရေးဝါဒီတွေကတော့ — သိပ်အကြမ်းထည် မဆန်ဘူး။ ဒါပေမယ့် ပိုပြီး ကျယ်ပြန့်လာတဲ့သဘောရှိတယ်။ ဘာသာရေးအားဖြင့်၊ စာပေ အနုပညာ ယဉ်ကျေးမှု သီချင်း ဂီတ ရုပ်ရှင် — စသည်ဖြင့် ပိုမို ကျယ်ကျယ်ပြန့်ပြန့် မျိုးချစ်ဝါဒကို သွတ်သွင်းနိုင်လာပြီ။ ခေတ်သစ် အိုင်တီနည်းပညာရပ်တွေကို အသုံးပြုပြီး အမိမြေနဲ့ ဝေးနေတဲ့ အဝေးရောက်သွေးချင်းတွေကို မျိုးချစ်စိတ်နဲ့ ညှို့နိုင်လာပြီ။ နိုင်ငံရေးမှာ ဖြစ်ဖြစ် ၊ ဝါဒဖြန့်ချိရေးမှာပဲ ဖြစ်ဖြစ် —- ခေတ်သစ်ဆက်သွယ်ရေးနည်းပညာတွေကို သုံးတတ်ရင် သူများထက် ခေါင်းတစ်လုံးသာတာ ထုံးစံပဲ။
လူတွေက ထင်ကြတယ်။
ကမ္ဘာကြီးက ဂလိုဘယ်လိုက်ဇေးရှင်း ပိုဖြစ်သွားလို့၊ လူတွေဟာ ကမ္ဘာသား ပိုဖြစ်သွားမယ်လို့ ထင်ကြတယ်။ ဒါ့ကြောင့် ဂလိုဘယ်နိုင်ငံသား (global citizen) ဆိုတာတွေ ပြောကြတယ်။ တကယ်တော့ လက်တွေ့မှာ အဲသည်လို မဟုတ်ဘူး။ အမိမြေနဲ့ ဝေးတဲ့ကောင်တွေက အမိမြေကို ပိုလွမ်းတယ်။ အဖမြေနဲ့ ဝေးတဲ့ကောင်တွေက အဖမြေကို ပိုလွမ်းတယ်။ ဒီအလွမ်းဓာတ်ကိုလည်း အိုင်တီနည်းပညာ ပလက်ဖောင်းကို အသုံးပြုပြီး စာပေ – ဂီတ – အနုပညာ – ယဉ်ကျေးမှု – သီချင်း – ရုပ်ရှင် …. စတာတွေနဲ့ ထိုးဆွပေးလိုက်တော့၊ အမိမြေ /အဖမြေနဲ့ ဝေးတဲ့ကောင်တွေက မခံနိုင်တော့ဘူး။
ဒီတော့ ဂလိုဘယ်လိုက်ဇေးရှင်းက မျိုးချစ်ဝါဒကို တင်ပို့နိုင်တယ်လို့တောင် ပြောနိုင်တယ်။ ၂၀ ရာစုနှောင်းပိုင်းကာလအထိ ဆက်သွယ်ရေးနည်းပညာတွေ အပျံ့မကျယ်သေးတော့၊ အဝေးရောက် နိုင်ငံသားတွေကို မျိုးချစ်ဝါဒနဲ့ ညှို့ဖို့ဟာ အကန့်အသတ်ရှိတယ်။ အားလုံးဟာ နယ်စပ်မျဉ်းနဲ့ ဝေးသွားပြီဆိုရင် အဆက်ပြတ်သွားတဲ့သဘောရှိတယ်။ ဒီနေ့ခေတ်တော့ အဲသည်လို မဟုတ်ဘူး။ ပိုလို့တောင် နီးကပ်လာတယ်လို့ ပြောနိုင်တယ်။ နည်းပညာရဲ့ ကျေးဇူးနဲ့ ဂလိုဘယ်လိုက်ဇေးရှင်း ကာလမှာ — မျိုးချစ်စိတ် ပိုပြင်းပြလာတာတွေ ဖြစ်လာတယ်။
■ တရုတ်အမျိုးသားရေးစိတ်
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်ဟာ ဒါကို ကောင်းကောင်း သိတယ်။ ဒါ့ကြောင့် တရုတ်နိုင်ငံပိုင် မီဒီယာတွေကို လေ့လာကြည့်ရင် တရုတ်အမျိုးသားရေးဝါဒကို ခပ်ပါးပါးလေး ထည့်ပြီးတော့ တရုတ်ပြည်ကြီးကို စုစည်းဖို့ ကြိုးစားတာတွေ့ရတယ်။ အဝေးရောက်တရုတ်လူမျိုးတွေကိုလည်း ကိုယ်အားဖြင့် ဝေးကွာပေမယ့် စိတ်အားဖြင့် အနေနီးအောင် လုပ်ထားနိုင်တယ်။
တရုတ်ကွန်မြူနစ်ပါတီဆိုတာ တကယ်တော့ ဆိုင်းဘုတ်သက်သက်မျှသာ ရှိပါတော့တယ်။ တကယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ အတွင်းသားထဲက အိုင်ဒီယော်လိုဂျီက ကွန်မြူနစ်ဝါဒ မဟုတ်ပါဘူး။ တရုတ်အမျိုးသားရေးဝါဒပါ။ ၂၁ ရာစုဟာ အမျိုးသားရေးဝါဒီတွေရဲ့ ရာစုလို့တောင် ပြောနိုင်တယ်။
■ လူမျိုးစုလက်နက်ကိုင်ခေါင်းဆောင်တွေ
တရုတ်နဲ့ နီးကပ်သော ဆက်ဆံရေးဖြစ်ထွန်းတဲ့ မြန်မာနိုင်ငံတွင်းက လူမျိုးစုလက်နက်ကိုင်တွေကလည်း မျိုးချစ်တွေပါပဲ။ သူတို့ဟာ လက်တွေ့ဝါဒီတွေဖြစ်သလို၊ မျိုးချစ်တွေ ဖြစ်တာကို တွေ့ရတယ်။ တကယ်တော့ သူတို့ဟာ ဒီမိုကရေစီကို ယုံတာထက် အမျိုးသားရေးဝါဒကို ပိုတွယ်ငြိပါတယ်။ ဒါဟာ အမှားမဟုတ်သလို၊ သိပ်အကောင်းစားကြီးလည်း မဟုတ်ပါဘူး။
လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာ — နိုင်ငံရေးကြွေးကြော်သံတွေအဖြစ် ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုတာတွေကို ကျယ်ကျယ်လောင်လောင် ကြားနေရပေမယ့် တကယ့်လက်တွေ့အတွင်းထဲမှာ ကြိတ်ပြီး ရွေ့နေတာက အမျိုးသားရေးဝါဒပါ။ အမျိုးသားရေးဝါဒက အရင်းအမြစ်အဖြစ် တွေ့မြင်နေရပါတယ်။
အမျိုးသားရေးဝါဒကို လက်လွှတ်နိုင်တဲ့ လက်နက်ကိုင်ခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် ရှားတာတွေ့ရပါတယ်။ သူတို့က ပိုလို့တောင် ဆုပ်ဆုပ်ကိုင်ကိုင် ရှိထားတယ်လို့တောင် ပြောနိုင်တယ်။ အထူးသဖြင့် လူထုထောက်ခံအားရမှသာ ပါဝါအထိုင် ခိုင်မှာ ဖြစ်လို့ လူထုကို မျိုးချစ်ဝါဒနဲ့ ညှို့တာ ဆန်းတော့ မဆန်းဘူး။ ဒါဟာ သဘာဝဖြစ်တယ်။
ကျနော်ဆိုရင်လည်း ဒီလို လုပ်ရမှာပဲ။

Related Articles

Back to top button