သတင်း

ဆယ်ဇင်း စစ်ကောင်စီ ပြည်သူ့စစ်စခန်း KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက် 

ဓါတ်ပုံ – CJ 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၂၇၊ ၂၀၂၃
ဖားကန့်မြို့နယ်၊ ဆယ်ဇင်း အနီး စခန်းချနေတဲ့ စစ်ကောင်စီနှင့် ပူးပေါင်းထားတဲ့ ပြည်သူ့စစ်စခန်းတစ်ခုကို KIA တပ်မဟာ ၉ တပ်ရင်း ၂၆ တပ်ဖွဲ့နဲ့ ပူးပေါင်းတပ်ဖွဲ့ ရဲဘော်တို့ကို ယမန်နေ့ ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်စောပိုင်း ၄ နာရီ မိနစ် ၃၀ ခန့်မှာ သွားရောက် တိုက်ခိုက်ခဲ့လို့ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ကျဆုံးမှုရှိခဲ့သလို၊ လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရနိုင်ခဲ့တယ်လို့ KIA အာဘော်သတင်းရင်းမြစ်က ဖော်ပြပါတယ်။ ဒါ့အပြင် အဲဒီတိုက်ခိုက်အတွင်း စစ်ကောင်စီ စခန်းနှစ်ခုကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပူးပေါင်း ပြည်သူ့စစ် စခန်းတိုက်ခိုက်ခံရပြီးနောက် အဲဒီနေ့ နံနက်ပိုင်း ၁၀ နာရီ မိနစ် ၄၀ ခန့်မှာတော့ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အနီးဝန်းကျင်ဘက်မှာ ဂျက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အလားတူ KIA တပ်ရင်း ၄၄ နယ်မြေထဲက နန်ရှမ် တောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ခ.မ.ရ (၁၂) စခန်းကို KIA ရဲဘော်များက ဇန်နဝါရီ ၂၆ ရက်နေ့ နံနက်ပိုင်း ၆ နာရီ မိနစ် ၃၀ ခန့်မှာ လက်နက် ကြီးများဖြင့် သွားရောက်တို က်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီ ခ.မ.ရ (၁၂) စခန်း တိုက်ခိုက်ခံရပြီးနောက် ကားမိုင်ဗျူကုန်းဘက်က အနီးဝန်းကျင်ဘက်ကို လက်နက် ကြီးများ ပစ်ခတ်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်နေ့ ညပိုင်း ၈ နာရီ မိနစ် ၃၀ ခန့်မှာလည်း ဖားကန့် မော်စီဇာ တာဝါတိုင် အနီး တပ်စွဲထားတဲ့ စစ်ကောင်စီ ရဲစခန်းတစ်ခုကို KIA ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်တိုက်ခိုက်ပြီး ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button