ရဲထပ်ဖွဲ့က ထွက်ဖို့ဆိုရင် ဂါရတယ်
………….
ကျနော်က ကိုယ်ပိုင်အမှတ် xxx ရဲ ဒုတပ်ကြပ် xxx ပါ ။ ကျနော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ xxx ဌာနကနေ ၃လပိုင်း ၆ရက်နေ့မှာ CDM လုပ်ခဲ့ပါတယ်။
ရဲတပ်ဖွဲထဲမဝင်ခင် ကျနော်က စစ်သားမျိုးရိုး ။ ကျနော့် တစ်အိမ်လုံး အဘိုးကနေစပြီး အကိုတွေအထိ စစ်သားတွေချည်းပဲ။ အခု လက်ရှိလည်းရှိသေးတယ်။ ကျနော်တစ်ယောက်တည်း ရဲ ပေါ့ ။
ကျနော်ရဲထဲဝင်လာတာ ပြည်သူလူထုကို ကာကွယ်မယ် ဘာညာဆိုပြီး ခံယူချက်တွေနဲ့တော့မဟုတ်ဘူး။ အဲဒီတုန်းက ပြောရမယ်ဆို အလုပ်အကိုင် ရှားပါးတယ်။ ဒါကြောင့်မို့ ရဲထဲဝင်ခဲ့တာပါ။ ကျနော် ၂၀၁၀ မှာ စဝင်တာ ခုဆို၁၀ နှစ်ကျော်ပြီ ။
ရဲထဲကို စဝင်တော့ ကျနော့် အသက်က ၁၈ ပဲ ရှိသေးတယ်။ ခုနက ပြောသလို အကြီးကြီးတွေ မတွေးဘူး။ မြန်မာနိုင်ငံတော်ကြီးကို ကာကွယ်ဖို့ ပြည်သူလူထု အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ စောင့် ရှောက်ဖို့ အဲဒီလို ရည်မှန်းချက်တွေနဲ့ ဝင်လာတာတော့ မဟုတ်ဘူး။
အလုပ်အကိုင်တခုအနေနဲ့ပဲ။ ၁၀တန်းအောင်ရင် DSAလျောက်ခိုင်းမယ် ပြောတယ်။ ကျနော်က ၁၀တန်း ကျသွားတယ်။ ကျသွားပြီးနောက်ပိုင်း ကျနော်က ဆိုးတော့ စစ်တပ်ထဲ သွင်းလိုက်မယ် ဘာညာနဲ့ အိမ်က ခြိမ်းခြောက်တယ်။ ပွင့်ပွင့် လင်းလင်း ပြောရရင် စစ်သားမျိုးရိုးဆိုတော့ စစ်တပ်ထဲမှာ နေတော့ မကြိုက်ဘူး။
သူတို့ကတော့ စစ်သားဆိုတော့ စစ်သားရဲ့ စည်းမျဉ်းစည်းကမ်း အတိုင်းလို့ ပြောတာပဲ။ ဒါပေမယ့် အရမ်းကြီး တင်းကြပ်တဲ့ ပုံစံ ကြီးငယ်နိုင်ညှင်းတွေကို ကျနော့် မျက်စိရှေ့မှာ တွေ့ခဲ့ရတော့ စစ်တပ်ထဲမှာ နေဖို့တော့ ဆန္ဒမရှိဘူး။ အဲဒီတုန်းက အိမ်က သဘောမတူဘူး၊ သိလည်းမသိဘူး၊ ကျနော့်ဘာသာ ရဲ ထဲ ဝင်လိုက်တာ။ အိမ်ကခွင့်ပြုချက်တော့ မပါဘူး။
ကျွန်တော်က xxx မှာ သင်တန်း ၆လ တက်တယ်။ သင်တန်း ဆင်းတော့ ကျနော် xxx မှာ တာဝန်ကျတယ်။ xxx ရဲစခန်းမှာ ၂နှစ်ကျော် ၃နှစ်လောက် ပြီးတဲ့အခါကျတော့ xxx ပြည်နယ်ရုံးကို ရောက်သွားတယ်။ ကျနော်က ကွန်ပြူတာနည်းနည်းကျွမ်းကျင်တော့ အဲဒီက ရဲတပ်ဖွဲ့မှူး ရုံးမှာ တာဝန်ထမ်းဆောင်တယ်။
xxx ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးကနေ ဝန်ကြီးရုံး။ အဲဒီမှာလဲ ကွန်ပြူတာ အနေနဲ့ပဲ တွဲဖက်ဆိုပြီး ခေါ်လိုက်တယ်။ အဲဒီမှာ ၈လလောက် တာဝန်ထမ်းဆောင်ပြီး xxx ပြည်နယ်ရုံးကို ပြန်ကျတယ်။ xxx ပြည်နယ်ရုံးကနေမှ xxx မှာ ကျနော် နောက်ဆုံး အခု CDM လုပ်လာတဲ့ အထိ ၃နှစ်လောက် ကြာခဲ့တယ် ။
ကျနော်တို့က ရဲထဲကို စဝင်ပြီဆိုတာနဲ့ ၄နှစ် တာဝန် ထမ်းဆောင်ပါ့မယ်ဆိုပြီး ကတိခံဝန်ချက်ထိုးရတယ်။ ၄နှစ်ပြည့်ပြီးရင် ထွက်လို့ရတယ်။ အဲဒီလို ဘွန်းထိုးပြီး ဝင်လာတယ်။ ၄နှစ်နဲ့လဲ တော်ရုံတန်ရုံ ထွက်ရတဲ့သူ ရှား ပါတယ်။ မိသားစုအခက်အခဲ ကျန်းမာရေးအခက်အခဲကြောင့် ထွက်ခွင့်တွေ တင်ကြတယ်ပေါ့။
တင် လိုက်ပြီဆိုရင် အောက်ခြေ စခန်းကနေ ရဲစခန်း စခန်းမှူးဆီ တင်လိုက်ပြီဆို စခန်းမှူးက အဲဒီထွက်ခွင့်ကို ကြည့်တယ်၊ ပြီးရင် သူ ထိုးချင်တဲ့နေရာ ထိုးလိုက်တယ်။ သူက ထွက်ခွင့်ကို မပေးချင်ဘူး၊ မပေးချင်တဲ့ အကြောင်းပြချက်ကလည်း အထက်ကနေ အဆင့်ဆင့် သူတို့ကို ဖိအားတွေ ရှိတယ်၊ အင်အားပြုန်းတီးမှု ဘာညာပေါ့။ ဒီကနေ တစ်ယောက် ထွက်သွားတာနဲ့ အင်အားတစ်ယောက် လျော့တယ်ပေါ့။
ဒီကနေ လူတစ်ယောက် ထွက်ပြီ ဆိုတာနဲ့ သူတို့ကို အပေါ်ကနေ ဖိအားပေးခံရတယ်။ ထွက်စာက စခန်းကနေ မြို့နယ်ရုံးကို ရောက်သွားတယ်၊ မြို့နယ်ရုံးက မင်း စခန်းက လူတစ်ယောက် ထွက်ခွင့်တောင်းနေပြီ မင်း ဒါ အုပ်ချုပ်မှု လျော့နည်းတဲ့ ဖြစ်စဉ်ပဲ ၊ မင်း နိုင်အောင် မအုပ်ချုပ်နိုင်ဘူးလား ဘာလို့ ထွက်စာတွေ တင်ကြတာလဲ နဲ့ ပြောတတ်ကြတယ်။
ထွက်ခွင့်တင်တဲ့သူက ငွေရေးကြေးရေး တတ်နိုင်ရင် မြို့နယ်မှူး နဲ့ သွား ပြော၊ ပြောပြီးရင် မြို့နယ်မှူးက ခရိုင်ရုံးကို တင်ပေးလိုက်ပြီ။ ခရိုင်ရုံးရောက်ရင်လဲ ခုနကလိုပဲ အထက်ကနေ အဆင့်ဆင့် ဖြစ်ပြန်ရော။ ခရိုင်ကနေ အဆင့်ဆင့် ရှိတာကိုး။ မြို့နယ် ခရိုင် ပြည်နယ် ပြီးရင် နောက်ဆုံး အဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အဲဒီလို တင်ပေးရတယ်။
လူတစ်ယောက် ထွက်ခွင့် ရဖို့က အရမ်း ခက်ခဲတယ်။ သူတို့ စာထဲမှာ ပြောသလို ၄နှစ် တာဝန် ထမ်းဆောင်ပြီး ထွက်လို့ရမယ် ဘာညာ ဆိုတာမျိုးတော့ လွယ်လွယ်ကူကူမရဘူး။ ငွေကြေး တတ်နိုင်ရင်တော့ ရတယ် ။ ဒါက လာဘ် စားမှုထဲ ပါသွားတာပေါ့။ ဒီလူက နယ်ထိန်းတွေ ဘာတွေ လုပ်ထားဖူးပြီး ဌာနတို့ဘာတို့ လုပ်ထားမယ် ပိုက်ဆံ နည်းနည်း ပါးပါး ရှိတယ် ဆိုရင် အပေါ်က ပိုင်ရာဆိုင်ရာ လူကြီးတွေကို နည်းနည်းပါးပါး ဂါရဝလုပ်ရတယ်။
ကျနော်တို့ ရဲ အခေါ် နဲ့ဆို ဂါတယ်ပေါ့။ လူကြီးတွေကို သွားပြီးတော့ ကန်တော့ရတာ။ အပြင်အရပ်သား အနေနဲ့ ပြောရင် လာဘ်ထိုး တာပေါ့။ အဲဒီလို့ဆိုရင် ထွက်ခွင့်က လွယ်နိုင်တယ် ။ လူအပေါ် မူတည်တယ်။ ထွက်ခွင့်ကိုင်တဲ့ လူ အပေါ် မှာ မူတည်တယ်။ ထွက်ခွင့်ကိုင်တာလဲ သူ့ဌာနနဲ့သူ ရှိတယ်။
ကျနော်တို့ဆီမှာ အခြေခံ ရုံး လုပ်ငန်းအရ ဦးရေးထောက် ဆိုပြီးရှိတယ်၊ ထွက်စာကိစ္စကျ “ရေး” နဲ့ ဆိုင်တာကိုး။ ထွက်စာကိုင်တဲ့ အဖွဲ့ကတဆင့်ရှိတယ်။ သူတို့ ကလည်း လက်ဖက်ရည်ဖိုး ဘာညာတောင်းတတ်တယ်။ မြန်မာနိုင်ငံမှာဆို သိတဲ့အတိုင်း လက်ဖက်ရည်ဖိုးဆိုတာ ကလည်း ဈေးကြီးပါတယ်။
သိန်းချီ ပေးရတယ်လေ။ ဘယ်လောက်ထိ ကုန်ကျတယ် ဆိုတာတော့ အမှုတွဲကိုင်တဲ့သူ အပေါ် မူတည်တာပေါ့။ လူနဲ့ ဆိုင်တယ်။ အဆင့်ဆင့် ပေးရတာ။ စခန်းမှူးလောက်ကတော့ ပေးရချင်မှလဲ ပေးရမယ်။ အောက်ခြေမှာတော့ အချင်းချင်းက စခန်းမှူးနဲ့ လက်ပွန်းတတီး ရှိတာကိုး။ ဒါပေမဲ့ ပေးရပေးရင်လဲ ပေးရမယ်။
မြို့နယ်မှူး လောက်ကျတော့ လည်းတမျိုး၊ အကောင် ကြီးရင်ကြီးသလို ရာထူးကြီးရင် ကြီးသလို ပေးရတာပေါ့။ ကျနော်တို့က ပြည်နယ်မှူးလောက် အဆင့်ကိုဆို ၁သိန်း ၂သိန်းတော့ သွားပေးလို့ မရဘူး။ ခရိုင်မှူးလောက် အဆင့်ဖြစ်သွားရင်ကျတော့ အဘ ဘာညာ ဆိုပြီး ဆွဲခြင်းလေး နဲ့ သွားပေးရတယ်။ ဆွဲခြင်းထဲတော့ အရက်ပုလင်းလေးထည့်။
အဲဒီအရက်ပုလင်းလေးထဲမှာမှ စာအိတ်လေးပါထည့်ပြီး စာအိတ်လေးထဲမှာ ပိုက်ဆံလေး ၃၊ ၄သိန်း ထည့်ပြီး ခရိုင်မှူးကို သွားကန်တော့ထားရတာ။ ခရိုင်မှူးလောက်က ရသေးတယ်။ ခရိုင်မှူးက ပြည်နယ်ကို တင်ပေး လိုက်တယ်။ ပြည်နယ်မှူး အဆင့်ကျ ၁သိန်း ၂သိန်းလောက်နဲ့ အဆင်မပြေဘူးလေ။ အများကြီးပေးရပြီပေါ့။
ကျနော်က စခန်းမှာနေရတာ များတယ်။ ကျနော်က နည်းပညာသမား ကွန်ပြူတာသမားဆိုတော့ ရုံးတွေမှာပဲ အနေများတယ်။ ဥပမာတခုပြောရရင် ကိစ္စတခုခုနဲ့ ပတ်သက်ပြီး စာတစ်စောင် ဝင်လာတယ်ထား၊ အဲဒီစာမှာ အမှားတခုခု ပါလာတယ်ဆိုရင် မှားနေတာကို ငါ underline တားပြီး လူကြီးကို တင်ပြလိုက်ရင် မင်း ဘယ်လို ဖြစ်သွားမလဲ ဆိုတဲ့အခါမျိုးဆိုရင် အောက်က မှားတဲ့သူက ကြောက်လန့်ပြီးတော့ ဆရာ အဲဒီလိုတော့ မလုပ်ပါနဲ့ ကျနော် ဘယ်လိုလုပ်ပေးရမလဲ ဘာညာဆိုတာမျိုး ရှိလာတယ်။ ပြည်သူနဲ့ တိုက်ရိုက်ထိတွေ့တာကတော့ သိပ်မရှိ ဘူး။ တပ်ဖွဲ့ဝင်အချင်းချင်း လာဘ်စားတာ ပိုများတယ်။ ဇာတ်တူသား စားတယ်ပေါ့။
ပြည်ထဲရေးဝန်ကြီး အသစ် ဦးကျော်ဆွေ တက်လာတုန်းက ရဲမှူးချုပ် ၃ယောက် ရှေ့ဆင့်နောက်ဆင့်တွေ ပြုတ်ကုန်တာရှိတယ်။ ကျနော် တွေ့ခဲ့တဲ့ ရဲမှူးချုပ်မိုးသန်းအောင် ဆိုတဲ့ တစ်ယောက်ဆိုရင် ကျနော်တို့ ရုံးထဲမှာ သက်သာဆိုင်ဆိုပြီး ဖွင့်ထားတယ်။ သူ့ ဆိုင်မှာက ရဲ ဝတ်တဲ့ပစ္စည်းတွေ အများဆုံးဖွင့်တာ။
သူ့ဆိုင်က ရဲဝတ်စုံတွေ သတ်မှတ်ပုံစံ အတိုင်းတော့ဟုတ်တယ် ဒါပေမယ့် အရည်အသွေး မပြည့်မီတာတွေ။ ရဲတွေဆိုတာကလည်း ပြည်သူလူထုနဲ့ အမြဲတွေ့နေတော့ နည်းနည်းပါးပါး သန့် သန့် ပြန့်ပြန့် လှလှပပ တောက်တောက်ပြောင်ပြောင် နေချင်တာပေါ့။
ဒါပေမဲ့သူ့ဆိုင်မှာ ရှိတဲ့ ပစ္စည်းက သတ်မှတ် ပုံစံ အတိုင်းဟုတ်တယ် ဒါပေမယ့် ကွာလတီက သိပ်မကောင်းတော့ တပ်ဖွဲ့ဝင်တွေက သိပ်မသုံးချင်ကြဘူး။ ဥပမာ ကျနော် တို့ name plate မှာ ဆို သံပြားကြီပေါ်မှာ ရေးထားတဲ့ name plate ထက်စာရင် name plate လေး ပေါ်မှာ ကော်ကြည်လေး လောင်းထားတဲ့ name plate လေးက ပိုလှတယ် ပိုပြီးတော့ သပ်သပ်ရပ်ရပ် ရှိတာပေါ့။
အောက်က နယ်ရဲစခန်းက အလုပ်ကိစ္စနဲ့ တက်လာတဲ့သူတွေက အဲဒီလို သန့် သန့် ပြန့်ပြန့် လုပ်ချင်တာ။ မရဘူး သွား ဟိုမှာသွားဝယ်၊ ဆားဗစ်တန်း ဆိုလဲ ကော်ကြည်လောင်းထားတဲ့ ဟာလေး။ အဲဒီလို သပ်သပ်ရပ်ရပ်လေး လုပ်ထားတာကို မကိုင်ရဘူး စည်းကမ်းနဲ့ မကိုက်ဘူးဆို သူ့ ဆိုင်မှာသွားဝယ်ရတယ်၊ စာတွေ အဆင့်ဆင့် ဘယ်လိုဟာမဝတ်ရဘူး ဘယ်လိုဟာ ဝတ်ရမယ်ပေါ့။
ပြီးတော့ နောက်ထပ် တခုက အလုပ်ကိစ္စ တစ်ခုဖြစ်တာရှိတယ်။ ကျနော်ကကိစ္စတခုနဲ့ သူ့အိမ်ရှေ့ကနေ ကားနဲ့ ဖြတ်သွားပြီး ပြန်လာတာ ကျနော်တောင်ပြန်မရောက်သေးဘူး ရုံးကိုဖုန်းလှမ်းဆက်တယ်။ မင်း ဘိုးတော်အိမ်ဘက်ကသွားပြီး ဘိုးတော်ကို သတင်းမပို့လာဘူး လားတဲ့။
ကျနော့် မော်တော်ယာဉ်မှူးက ဖုန်းဆက်တာကိုး။ ဗိုလ်ကြီး ကျနော် သူ့အိမ်ရှေ့ကတော့ ဖြတ်သွားတာ မှန်တယ် ဒါပေမယ့် ကျနော် သူ့ အိမ်သွားတာ မဟုတ်ဘူးလေ၊ သူ့အိမ်ကိုကျနော် သတင်း ဝင်ပို့စရာမလိုဘူးလေလို့။ သူ့ကို အဲဒီလို ပြောတော့ အေး မင်း အခုချက်ခြင်း ကားပြန်လှည့်ပြီး သူ့အိမ်ကနေသွားပြီးစောင့်တဲ့။
သူ့အိမ်ဆိုပေမယ့် တပ်ဖွဲ့ကပေးထားတဲ့ အိမ် မဟုတ်ဘူး။ သူ့ရဲ့ အပြင်က အိမ်၊ ကိုယ်ပိုင်အိမ်ပေါ့။ ကားကို ပြန်လှည့်ပြီး သူ့အိမ်မှာ သွားစောင့်နေတာ။ သူကိုယ်တိုင် ခဏနေတော့ ရုံးမှာရှိတဲ့ လူကြီးတွေရော ကျနော့်လူကြီးတွေကိုပါထပ်ခေါ်ပြီးတော့ ကျနော့်ကို သူ့အိမ်က သံတိုသံစတွေ ကျနော့်ကားပေါ်ကို ကျနော့်ကို တင်ခိုင်းတယ်။ သူက သက်သာဆိုင်မှာ ရောင်းဖို့ မန်ကျီးဖျော်ရည်လည်း ထုတ်တယ်၊ အဲဒါတွေလည်းတင်ခိုင်းတယ်။
တကယ်ဆို ကျနော်က ကိုယ့်ကိစ္စနဲ့ကိုယ် သူ့အိမ်ရှေ့ ဖြတ်သွားတာကို အဲဒါတွေကို တင်ခိုင်းဖို့ သူ့အိမ်ကို ဝင် သတင်း ပို့ရမယ် ဆိုတာ ဘယ်စည်းမျဉ်း စည်းကမ်းမှာမှ မရှိဘူး။ ထားပါတော့ ကျနော်က သူ့အိမ်ကို သွားတယ် သူ့အိမ်ကို သွားလို့ သူ့ကို သတင်းမပို့ပဲ ပြန်လာရင် ဒါ ကျနော့်အပြစ်။
သူ့အိမ်ရှေ့က ဖြတ်သွားတိုင်း သူ့ အိမ်ကို ဝင် သတင်းပို့နေရမယ် ဆိုတာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီမှာ ကျနော့်ကို ဆဲတာမှ ပိုးစိုးပက်စက်တွေ စုံအောင်ဆဲတာ၊ ကျနော်ကလည်း တစ်ခွန်းချင်းကို ပြန်ပြောတာ။ ကျနော် ခါတိုင်းလည်း ဒီလမ်းကို ဖြတ်သွားနေကြပဲ ဒါပေမယ့် သတင်းဝင် မပို့ဘူးဖူးဘူး။
သူက အဲလိုလုပ် တတ်မှန်းသိလို့ ကျနော် bluetooth နားကြပ်တပ်ပြီး ဖုန်းကို အိတ်ကပ်ထဲ ထည့်ထားပြီး ခိုးဖမ်းထားတဲ့ ကျနော့်မှာ အသံဖိုင်ရှိတယ်။ ဆဲတာ မိုးမွှန်အောင် ပိုးဆိုးပက်စက်ဆဲတာ။
ပြီးတော့ စုံခုံကို ညတွင်းချင်း သူ့အိမ်မှာ လုပ်ခိုင်းတယ်။ ကျနော်တို့ လုပ်ငန်းသဘောသဘာဝမှာ စုံခုံ ဆိုတာ ရုံးမှာပဲ လုပ်ရတာ။ စုံခုံ ဆိုတာ စုံစမ်းစစ်ဆေးရေး ခုံရေး ဖွဲ့ပြီး ဒီအမှုက မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အဲဒီလို ဆုံးဖြတ်ရတဲ့ ခုံရုံး စုံခုံကို သူ့အိမ်မှာ ညတွင်းချင်းလုပ်ခိုင်းတာ။
နောက်ကျတော့ ကျနောအသံဖိုင် သွင်းထားတာ သိသွားလို့လားမသိဘူး အဲဒီ စုံခုံကို ပယ်ဖျက်ပြီး ကျနော် နောက်တစ်ခါကျရင် ဒီကောင်ကို ကားမမောင်းခိုင်း တော့ဘူး သူ့ကိုကားပေါ် မတင်နဲ့ဆိုပြီးဖြစ်သွားတယ်။ အဲဒီလို ဖြစ်သွားတာတော့ ကြုံဖူးတယ်။
အဲဒီ အသံဖိုင် ကျနော့်မှာ ရှိသေးတယ်။ နောက်တော့ သူလဲ ပြုတ်သွားပါတယ်။ ပြုတ်သွားတယ်ဆိုတာ အဂတိ နဲ့ ပတ်သက်ပြီး သူများတိုင်လို့ လေ ။
အာဏာသိမ်းတဲ့ အချိန်က ကျနော် xxxက ရဲ ရိပ်သာမှာ ကျနော် ရှိတယ် ။ ကျနော် က အရင်က ဗိုလ်ချုပ်ဇော်မင်းထွန်း တို့ သတင်းစာ ရှင်းလင်းပွဲ မှာ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရပါဘူးလို့ ပြန်ဖြေလိုက်တဲ့အချိန် မှာ ဒီကောင်တွေ အာဏာ သိမ်းတော့မယ်လို့ သိလိုက်တယ်။ ။ကျနော်တို့ ဌာနမှာ ရဲရဲတောက်တောက် NLD မှ NLD ဆိုတဲ့ သူတွေ ရှိတယ်။
အဲ့ဒီလူတွေက ဟာ အာဏာ သိမ်းချင်တိုင်း သိမ်းလို့ရမလားတဲ့။ ဒီကောင်တွေ လုပ်ချင် တိုင်း ဘယ်လုပ်လို့ ရမလဲတဲ့။ အရင် ၈၈ ခေတ် မဟုတ်ဘူး ဘာညာနဲ့ ပြောကြတာ။ အခုတော့အဲ့လို ပြောတဲ့ ကောင်တွေက အကုန်ကျန်ခဲ့တာပဲ။ တကယ် NLD ပါ ဆိုပြီး ကျွန် ဘဝ နဲ့ ဆက်လုပ်နေတယ်။ ကျနော် တို့က NLD လည်း မဟုတ်ဘူး၊ ကျနော် တို့ NLD ကို မဲတောင် မပေးခဲ့ဘူး၊ ကျနော်တို့ဆို တသီးပုဂ္ဂလ ကိုပဲ မဲပေးခဲ့တာ။
xxx မှာဆို ညကြီး မီးတွေပျက်သွားတယ်၊ ဖုန်းလိုင်းကလည်း လုံးဝမရတော့ အစော ကြီး အိပ်ဖြစ်သွားတာ၊ မနက်ခင်းကျ ၇နာရီ ၈နာရီ လောက်ကျတော့ တစွန်းတစ အသံကြားတယ် အာဏာသိမ်းလိုက်ပြီလို့ အသံကြားရတယ် ။
အာဏာ စသိမ်းသိမ်းခြင်းမှာ အဲလောက်ထိ feel မဖြစ်သေးဘူး။ ပထမဆုံး feel ဖြစ်တာက ကယားမှာ ဆန္ဒပြတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပထမဆုံး ဆန္ဒပြကြတာ။ အဲဒီလူတွေက ရဲအစစ်တွေ မဟုတ်ပါဘူးဆိုပြီး စာတွေ ထွက်လာတော့ အဲဒီမှာ ကျနော် စိတ်တိုသွားတယ်။ သူတို့က ရဲ အစစ်တွေမှန်း သိသိကြီးနဲ့ ရဲအစစ်တွေ မဟုတ်ပါဘူးဆိုပြီး လိမ်လည်ပြီး စာထုတ်တယ်။ အဲဒီမှာ တစ်ချက်။ ပြီးတော့ မန္တလေးဖြစ်စဉ်မှာလည်း ယူနီဖောင်းတွေက ဘိုသီဘတ်သီ ဖရိုဖရဲတွေနဲ့။
သူတို့ ရဲတော့ မဟုတ်ဘူး စစ်သားတွေ၊ ရွေးကောက်ပွဲကာလမှာ အထူးရဲ ဆိုပြီး ခေါ်ထားတာရှိတယ်။ စစ်သားတွေကို အဲဒီ အထူးရဲယူနီဖောင်းတွေ ပေးဝတ်ထားတာ။ အထူးရဲနဲ့ ကျနော်တို့ ရဲယူနီဖောင်း နဲ့ ကွာတယ်။ အထူးရဲမှာက special police ဆိုပြီး အဖြူ နဲ့။ ကျနော်တို့မှာက အဲဒီလို မဟုတ်ဘူး Myanmar police ဆိုပြီး အမဲပေါ်မှာ အဝါဖောက် ထားတယ်။
ယူနီဖောင်းဘိုသီဘတ်သီ နဲ့ စစ်ဦးထုပ်ကြီးတွေနဲ့ မန္တလေးမှာ လူတွေကို ပိုးစိုး ပက်စက်တွေရိုက်တာ။ အဲဒီ ဗီဒီယိုဖိုင်တွေ တွေ့တော့ ကျနော် တော်တော် စိတ်မကောင်း ဖြစ်သွားတယ်။ ပြီးတော့ ဗိုလ်ကြီး ကိုအောင်ကိုကို မိန့်ခွန်းပြောတဲ့အချိန်မှာလည်း ကျနော် တော်တော် စိတ်ထိခိုက် သွားတယ်။
မြသွဲသွဲ့ခိုင် ဖြစ်စဉ် ရယ် နောက်တစ်ခုက ရဲ အစစ်တွေက ဆန္ဒပြတာကို ရဲအစစ်တွေ မဟုတ်ပါဘူး ဆိုပြီး ကျနော်တို့ ရဲတွေကို ပုံဖျက်တာ။ အဲဒါကို CDM မလုပ်ခင်ကတည်းက facebook မှာ အချက်အလက်တွေနဲ့ တင်တယ်။
ပြီးတော့ ကျွန်တော်က မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ ရဲကား မှန်သမျှ အကုန်သိတယ်၊ ရေကားတွေ တင့်ကားတွေ အဖြူတွေသုတ် အပြာစင်းတွေသုတ်ပြီး လုပ်ထားတဲ့ကားတွေက ငါတို့ရဲမှာ တစ်ခါမှ မရှိပါဘူးလို့။ သူတို့က စစ်ကားတွေကို ပုံဖျက်ပြီးတော့ ရဲကားလုပ်ပစ်တယ်။ ပြီးတော့ စစ်သားတွေကိုလည်း ရဲ ယူနီဖောင်းပေးပြီး သူတို့က ပြည်ပ အမြင်မှာ တော့ ဆန္ဒပြလူစုလူဝေး ထိန်းသိမ်းတာကို စစ်သားတွေ မပါဘူး ရဲတွေပဲ ကိုင်တွယ်နေတယ်ပေါ့။
အဲလို ပြချင်တာ။ ဒါပေမယ့် အဲဒါကြီးက ၅၀ ၊ ၅၀ ပဲ။ ၅၀ က ဆန္ဒပြ ဖြိုခွင်းတဲ့နေရာမှာ စစ်သားတွေက များတယ်။ ကျနော်တို့က ရဲ ဆိုတော့ ကြည့်လိုက်တာနဲ့ သိတယ်။ ဒါ ရဲအစစ်လား ရဲ အတုလား စစ်သားလား သိတယ် အကဲခတ်မိတယ် ။
ပြန်ချုပ်ပြောရရင် အာဏာသိမ်းသိမ်းခြင်းတော့ သိပ်ပြီး မခံစားမိသေးဘူး။ အာဏာသိမ်းပြီး နည်းနည်း ကြာမှ ကယားက ဆန္ဒပြတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ရဲအစစ်တွေမဟုတ်ဘူးလို့ ထုတ်ပြန်တဲ့ ကိစ္စရယ်၊ ရဲ ယူနီဖောင်း နဲ့ စစ်သား တွေက ပြည်သူတွေကို မတရား ရိုက်နှက်နေတဲ့ ဗီဒီယိုတွေ တက်လာအချိန်မှာ စိတ်ထိခိုက်သွားပြီးတော့ CDM လုပ်ဖို့ ဆုံးဖြတ်တာ။
CDM လုပ်ဖို့ ဆုံးဖြတ်တာတောင်မှ တော်တော် စဉ်းစားသေးတယ်။ ငါ CDM လုပ်ပြီး ဘယ်ကိုသွားရမလဲ၊ ငါ့နေရာကို ငါ ပြန်လို့ မရဘူး၊။ ကျနော်က CDM လို့ သုံးတယ် သူတို့က ကျနော်တို့ကို CDM လို့ မသုံးတော့ဘူး တပ်ဖွဲ့ကနေ ထွက်သွားလို့ ရှိရင် ရဲပြေးလို့ပဲ ကျနော်တို့ကို သတ်မှတ်တာ။
ရဲပြေးဖြစ်သွားရင် ကိုယ့်အိမ်ကိုပြန်လို့ရှိရင် ဖမ်းခံရမှာ။ ငါ CDM လုပ်ရင် ဘယ်ကိုအရင်ဆုံးသွားရမလဲ။ ဘယ်မှာ ပုန်းခို ရမလဲ။ ဒီ CDM ကလည်း တစ်လ နှစ်လ နဲ့ ပြီးသွားမှာ မဟုတ်ဘူး အကြာကြီး စဉ်းစားရသေးတယ်။ ဆုံးဖြတ်ပြီး ၃ ၊ ၄ရက် အတွင်းမှာပဲ ဖုန်းတစ်လုံး နဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်လာခဲ့တာ။ ဘာမှမပါဘူး။
အိမ်ကို အသိပေးတာ မရှိဘူး။ ရှိလည်း လက်ခံမှာမဟုတ်ဘူး ကျနော်သိတယ်။ ကျနော့် အိမ်က စစ်တပ် အသိုင်းအဝိုင်း ဆိုတော့ ကျနော့်ကို အခုဆို စွန့်လွှတ်လိုက်ပြီ။ ကျနော့် သူငယ်ချင်း တစ်ယောက်က အိမ်ကို သွားမေးတယ်၊ မသိချင် ယောင် ဆောင်ပြီး သွားမေးတာ။ အိမ်က ဘယ်လို ပြောလွှတ်လိုက်လဲဆို လာမမေးနဲ့ သူပုန်တွေ နဲ့ အဆက်အသွယ် မလုပ်ဘူး ဆိုပြီး ပြန်ပြောလိုက်တယ်တဲ့၊ ကျနော့် အိမ်က ကျနော်ကို ခါးခါးသီးသီးပဲ။
ကျနော် အခုလက်ရှိကတော့ KNU မှာ ရဲတပ်ဖွဲ့အနေနဲ့ ပြန်ပြီး တာဝန် ထမ်းဆောင်နေတယ် ။ ကျနော်တို့ Karen National Police Force ကရင်အမျိုးသား ရဲတပ်ဖွဲ့ပေါ့။ ဒီမှာ ပြန်ပြီး တာဝန်ထမ်းဆောင်နေတယ်။ ပြည်တွင်းက သိလာတဲ့ အသိတွေ အတွေ့အကြုံတွေနဲ့ ဒီက ဥပဒေနဲ့ ပေါင်းစပ်ပြီး ကျနော် လုပ်နိုင်တာလေး လုပ်ပေးနေတယ် ။
အခက်အခဲ ဆိုတာကတော့ မပြောချင်ပါဘူး။ ကျနော် တို့ကမှ ခက်ခဲ နေတာ မဟုတ်ပါဘူး၊ ကျနော်တို့ ထက် ခက်ခဲနေတဲ့သူတွေ အများကြီး ဆိုတော့ အခက်အခဲကတော့ မပြောချင်ပါဘူး ။
ကျနော်က တော်လှန်ရေး ပြီးရင်တော့ ပြန်မှာပေါ့။ ရဲ ထဲမှာ ကတည်းက ကျနော် ရဲ့ ရည်ရွယ်ချက်ရှိတယ် အိုတဲ့အထိတော့ ရလုပ်သွားဖို့မရှိဘူး။ ကျနော် ရဲထဲမှာတုန်းက တွေးတာ နောက်ပိုင်း ထွက်ပြီးရင် ဘီယာဆိုင်လေးဖွင့်မယ်ဆိုပြီး စဉ်းစားထားတာ။ အခုလည်း တော်လှန်ရေးပြီးရင် ရဲ တော့ ပြန်မလုပ်တော့ဘူး။ တကယ်လို့ ကျနော်တို့ NUG အစိုးရ က ကျနော်တို့ကို လတ်တလော လိုအပ်သေးတယ် ခဏတဖြုတ် ဖြစ်ဖြစ် တစ်နှစ်တန်သည် ၂နှစ် တန်သည်ထိ ကျနော်တို့အစိုးရ အခြေကျသွားတဲ့အထိ တာဝန် ဆက်ထမ်းဆောင်ပေးမယ်၊ ပြီးရင်တော့ ကျနော် ရဲ ဆက်လုပ်ဖို့ အစီအစဉ် မရှိပါဘူး ။