သတင်းဆောင်းပါး

တိုင်းရင်းသားသတင်းစာတွေက တော်လှန်ရေးမှာ ဘယ်လောက်အထိ အကျိုးပြုနေတာလဲ

တိုင်းရင်းသားသတင်းစာတွေက တော်လှန်ရေးမှာ ဘယ်လောက်အထိ အကျိုးပြုနေတာလဲ

ကံ့ကော်ဖြူ (ဖက်ဒရယ်ဂျာနယ် မြန်မာ)

သတင်းမီဒီယာဆိုတာ အမှန်တရားကို ပြည်ဖုံးကားချ လုပ်လို့ မရအောင် ပွင့်လင်းမြင်သာမှုနဲ့ အမှန်တရားရဲ့ ဖြစ်စဉ်တွေကို အချိန်နဲ့ တပြေးညီ ဖော်ထုတ်ရေးသားတင်ဆက်နေတဲ့ ဒီမိုကရေစီစနစ်ရဲ့ စတ္ထုမဏ္ဍိုင်ကြီး တစ်ရပ် အဖြစ်ရပ်တည်နေပါတယ်။

သတင်းမှားရေးသားမှုကြောင့် တရားစွဲအပြစ်ပေးခံရတာ ထက် အစိုးရတွေရဲ့ ဖိနှိပ်မှုကြောင့် ဖမ်းဆီးခံရတာ ပိုမိုများပါတယ်။

နွေဦးတော်လှန်ရေးမှာ သတင်းမီဒီယာတွေကို ဖိနှိပ်ချုပ်ချယ်ဖမ်းဆီးမှုဟာ အလွန်တရာ များပြားလွန်းပါတယ်။ စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာရဲ့ လွတ်လပ်မှုနဲ့ သတင်းသမားများရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ရုံ သာမကဘဲ ပုဒ်မ ၅၀၅ (က) တွေနဲ့ မတရားဖမ်းဆီးထောင်ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။

Reporters without Borders (RSF) organization ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်မှာ သတင်းထောက် ၁၁၀ ကျော် ဖမ်းဆီးခံထားရပြီး ၂၀၂၂ ခုနှစ် ၃၂ ဦး ဖမ်းဆီးခံထားရပါတယ်။ ထို့ပြင် ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်မှု အညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ နိုင်ငံပေါင်း ၁၈၀ မှာ ၁၇၆ နေရာအထိ ရောက်ရှိခဲ့ပါတယ်။ နွေဦးတော်လှန်ရေးမှာ စစ်ကောင်စီအနေနဲ့ သတင်းမီဒီယာကို အပြင်းထန်ဆုံး ဖိနှိပ်ကန့်သတ်ခဲ့ပါတယ်။

သို့ပေမယ့် နွေဦးတော်လှန်ရေးကာလအတွင်းမှာ ဖြစ်ပျက်နေတဲ့ သတင်းအချက်အလက် တွေကိုတော့ အမှောင်ဖုံးအတွက် စစ်ကောင်စီက အကျိုးပမ်းနိုင်ခဲ့ပါဘူး။ ဒေသတွင်း၊ နိုင်ငံတွင်းသတင်းမီဒီယာတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက နွေဦးတော်လှန်ရေးကို အချိန်နှင့် တပြေးညီ မီးမောင်းထိုးတင်ပြနိုင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြပါတယ်။

သတင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ အသက်ပေါင်းများစွာကို ရင်းနှီးခဲ့ရတာလည်း ဖြစ်နိုင်ပါတယ်။ သတင်းတစ်ပုဒ်ကြောင့် ထောင်ဒဏ်၊ သေဒဏ်တွေပေးခံရတာတွေ ရှိသလို၊ စစ်ကြောရေးမှာ အသက်ပေး လိုက်ရတာလည်း ရှိပါတယ်။

နွေဦးတော်လှန်ရေးအတွင်း သတင်းမီဒီယာကဏ္ဍကို စောင်းပေးပြောရမယ်ဆိုရင် နှစ်ပိုင်းခွဲပြောလို့ ရနိုင်ပါတယ်။ ဒေသတွင်းသတင်းမီဒီယာ (သို့မဟုတ်) တိုင်းရင်းသားသတင်းမီဒီယာ (Ethnic News Agency) တွေရဲ့ အခန်းကဏ္ဍနဲ့ ပြည်မသတင်းမီဒီယာ (သို့မဟုတ်) နိုင်ငံတွင်းသတင်းမီဒီယာ (Mainstream News Agency) တွေရဲ့ အခန်းကဏ္ဍတွေ ဆိုပြီး နှစ်ပိုင်းခွဲပြောလို့ ရနိုင်ပါတယ်။

အကြမ်းမျဉ်းလုပ်ငန်းကွဲပြားမှုကို သုံးသပ်ရမယ်ဆိုလျှင် ဒေသတွင်းတိုင်းရင်းသားမီဒီယာတွေအနေနဲ့ မြေပြင်သတင်းတွေကို အချိန်ကြားလပ်မရှိ တင်ဆက်ပေးနေတာ ဖြစ်ပြီး နိုင်ငံတွင်းသတင်းမီဒီယာတွေ အနေနဲ့ (Mainstream News Agency) တွေအနေနဲ့ ရန်ကုန်၊ မန္တလေးစတဲ့ မြို့ကြီးတွေရဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီတင်ဖို့ ကြိုးပမ်းနေသလို၊ ပြည်တွင်းရဲ့ တော်လှန်ရေးအခြေအနေကို နိုင်ငံတကာက ပိုမို သိမြင်လာအောင် လှုံ့ဆော်ပေးလျက်ရှိပါတယ်။

ဒေသတွင်းတိုင်းရင်းသားမီဒီယာတွေအနေနဲ့ မြေပြင်တိုက်ပွဲသတင်းကို ကိုယ်တိုင်ကိုယ်ကျ ရယူနိုင်ဖို့ အလွန်တရာ ခက်ခဲလွန်းလှပါတယ်။ (၁) သတင်းထောက်အများစုသည် ပုဒ်မ ၅၀၅ (က) အထုတ်ခံ ထားရသဖြင့် မြေပြင်ခရီးသွားလာရန် အလွန်တရာအန္တရာယ်များခြင်း၊ (၂) ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ဖြတ်တောက်ခြင်းနှင့် (၃) လျှပ်စစ်မီး မမှန်မှု ဟာ သတင်းစီးဆင်းနိုင်မှုအတွက် အလွန်တရာ အဟန့်အတား ဖြစ်စေပါတယ်။

စစ်ကောင်စီ နည်းလမ်းပေါင်းစုံ အသုံးပြုပြီး သတင်းကို အမှောင်ဖုံးနိုင်ဖို့ ကြိုးပမ်းနေသင့်တိုင်အောင် သတင်းစီးဆင်းမှုကို မဖြတ်တောက်နိုင်သေးတာဟာ သတင်းထောက်တွေရဲ့ ဇွဲသတ္တိနဲ့ စစ်အာဏာရှင်ကို တောင့်ခံနိုင်မှုကြောင့် ဖြစ်ပါတယ်။

စစ်အာဏာရှင်တွေလုပ်ရပ်ဟာ ဘယ်လောက်တောင် လူမဆန်ကြောင်း၊ ပြည်သူတွေကို ဘယ်လောက်တောင် ရက်စက်ကြောင်း ကမ္ဘာသိဖြစ်အောင် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ နေ့စဉ်နဲ့အမျှ အိမ်မီးရှို့မှုတွေ၊ ခိုးဆိုးလုနှိုက်နေတာတွေ၊ ဥပဒေမဲ့သတ်ဖြတ်နေတာတွေ၊ အင်အားအဆမတန်အသုံးပြုပြီး တော်လှန်ရေး အင်အားစု တွေကို နှိမ်နှင်းနေတာတွေ စတဲ့ ယုတ်မာတဲ့ လုပ်ရပ်တွေကို အချိန်မှီ ကမ္ဘာကသိအောင် တစ်နိုင်ငံလုံးက သိအောင် မီဒီယာတွေမှ ရဲရဲတောက် တင်ဆက်နေပါတယ်။

တော်လှန်ရေးအရှိန်ကို ထိန်းထားနိုင်ခြင်းထဲမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အထောက်အကူပြု တယ်ဆိုတာကို ငြင်းလို့ မရနိုင်ပါဘူး။ စစ်ကောင်စီကို လက်ရှိအချိန်အထိ နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုပြီး မဆက်ဆံသေးတဲ့အကြောင်းအရင်းထဲမှာ မီဒီယာတွေရဲ့အခန်းကဏ္ဍက ထိပ်ဆုံးမှာ ရှိနေပါတယ်။

ထိုသတင်းတွေကို အချိန်နဲ့သတင်းညီ သိနိုင်ခြင်းအတွက် အထိက ပံ့ပိုးပေးနေတဲ့ အရာတွေထဲမှာ အရပ်သားသတင်းထောက်လို့ ခေါ်တဲ့ တာဝန်သိပြည်သူတွေရဲ့ အချိန်မှီသတင်းပေးပို့မှု ကြောင့်ပင်ဖြစ် ပါတယ်။

လက်ရှိမီဒီယာတွေအနေနဲ့ ပြည်သူတွေ ပေးပို့တဲ့ အချက်အလက်တွေကို အခြေခံပြီး သတင်းတွေကို ပြန်လည်စုဆောင်းကောက်နှုတ်တင်ပြရတာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ သတင်းရရှိဖို့အတွက် အရပ်သားသတင်းထောက်တွေရဲ့ စွမ်းရည်တွေ တိုးတက်စေဖို့ တဖက်တလမ်းက ပံ့ပိုးပေးရမှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် မီဒီယာဟာ စတုတ္ထမဏ္ဍိုင်တစ်ရပ်အနေနဲ့ နွေဦးတော်လှန်ရေးမှာ အခိုင်အမာ ရပ်တည်လျက်ရှိပါတယ်။ စစ်အာဏာရှင်စနစ် ပျက်သုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီတည် ဆောက်နိုင်ရေး အတွက် မီဒီယာပေါ်က သတင်းတွေ၊ ဆောင်းပါးသုံးသပ်ချက်တွေနဲ့ ရပ်တည်ချက်တွေဟာ အလွန်တရာ တာသွားတဲ့ လုပ်ရပ်ဖြစ်ကြောင်း တင်ပြရင်း သတင်းမီဒီယာတွေ ရပ်တည်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကူညီပေးဖို့ တိုက်တွန်းလိုက်ရပါတယ်။  

ကိုးကား – Burma News International (BNI)

Related Articles

Back to top button