(No. 4, January 13, 2023)
၁။ မြေမြုပ်မိုင်းနင်းမိသောကြောင့် ဝါရာဇွပ်ကျေးရွာတွင် အမျိုးသမီးတစ်ဦးသေဆုံးပြီး မိခင်ဖြစ်သူဒဏ်ရာရ
January 12, 2023
ဖားကန့်မြို့နယ်၊ ဝါရာဇွပ်ကျေးရွာအုပ်စုတွင် နံနက် ၇ နာရီခွဲခန့်က မြေမြှုပ်မိုင်းနင်းမိသောကြောင့် ဆယ်ကျော်သက် အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဝါရာဇွပ်ကျေးရွာအုပ်စုတွင် လော့ဒ်ဂျာရွာအနီးရှိ ဂျာဝမ်ရွှေမှော်သို့သွားသည့် လမ်းတွင်မြေမြှုပ်မိုင်းနင်းမိခဲ့သောကြောင့် ညာဘက်ပေါင်ကျိုးကာ အသက်သေဆုံးသွားပြီး မိခင်ဖြစ် သူ ခြေဖဝါးနှစ်ဖက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ခိုင်မာသည့်သတင်းအရင်းမြစ်က ပြောသည်။ “မှော်ဘက်ကို ရွှေသွားတူးဖို့ သွားတယ် အဲ့အချိန်မြေမြှုပ်မိုင်း နင်းမိပြီးထိသွားတယ် အမျိုးသမီး သုံးယောက်ဆိုင်ကယ်တစ်စီးနဲ့သွားတာ ဆိုင်ကယ်မောင်းတဲ့ သူက ဘာမဖြစ်သွားဘူး အနောက်ကထိုင်တဲ့ သားအမိနှစ်ယောက်ထိတယ် အမေကတော့ အသက်စိုးရိမ်စရာမရှိဘူး”ဟု ပြော သည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူမှာ ရှဒူးဇွပ်ကျေးရွာ ရပ်ကွက် ၃ တွင်နေထိုင်သည့် အသက် ၅၃ နှစ်ခန့်အရွယ်ရှိ ဒေါ်သန်းမြိုင်လှ ဆိုသူဖြစ်ပြီး သေဆုံးခဲ့သည့် သမီးဖြစ်သူမှာ အသက် ၁၉ နှစ်ခန့်အရွယ်ရှိ မသဲနုဆိုသူဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ဆေးခန်းတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြေမြုပ်မိုင်းကို မည်သည့်အဖွဲ့အစည်းက ထောင်ထားသည်ကို မသိရသော်လည်း အဆိုပါနေရာသည် ဝါရာဇွပ် ပြည်သူ့ စစ် စခန်းနှင့် လေးမိုင်ခန့်အကွာ၊ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၁၄ နှင့် ဆယ်မိုင်ခန့် အကွာဝေးတွင် တည်ရှိကြောင်း ဒေသခံ များထံမှသိရသည်။ ရှဒူဇွပ်ကျေးရွာအနီး ချောင်းဆုံ၊ ကနွယ်သူ၊ ဘန်ကောက်၊ ဂျာဝမ်နှင့် ကိုင်းတောစသည့်ရွှေမှော်များတွင် ခိုးကျင်းများဖြင့် ရွှေတူးဖော်နေသော လုပ်ငန်းရှင်များအား ၂၀၂၂ ခုနှစ် နှစ်ကုန်းပိုင်းမှ စတင်ကာ အမြန်ဆုံးထွက်ခွာရန် ကချင် လွှတ်မြှောက်ရေးတပ် (KIA) က သတိပေးခဲ့သည်။ ရှဒူးဇွပ်ကျေးရွာ၊ စံပြကျေးရွာနှင့် အောင်ရာကျေးရွာတို့မှာ ဖားကန့်မြို့နယ် ဝါရာဇွပ်ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အိမ်ထောင်စု ၁၇၀၀ ကျော်ရှိပြီး လူဦးရေ ၁၂၀၀၀ ကျော် နေထိုင်သည်။ https://www.facebook.com/The74Media/photos/pcb.725485215637669/725484658971058/
၂။ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲတိုက်ခိုက်ခံရ၊ ဆရာတော် နှစ်ပါးအပါအဝင် ငါးဦးသေဆုံး
January 12, 2023
ကရင်ပြည်နယ်တွင်း KNU ထိန်းချုပ်နယ်မြေ၊ မူတြော်ခရိုင်၊ လူသောမြို့နယ် ပေးကေးကျေးရွာအုပ်စု၊ လေးဝါးရွာကို စစ်ကောင်စီက ဇန်နဝါရီလ ၁၂ ရက်နေ့ ညနေပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ်တစ်ဦးနဲ့ ခရစ်ယာန် ဆရာတော်နှစ်ပါး အပါအဝင် ငါးဦးသေဆုံးသွားတယ်လို့ အဲဒီဒေသကိုရောက်နေတဲ့ Free Burma Rangers အဖွဲ့ တည်ထောင်သူ အမေရိကန်တပ်မှူးဟောင်း David Eubank က ပြောပါတယ်။ အသက်သုံးနှစ်နီးပါးရှိသေးတဲ့ ကလေးငယ်နဲ့ မိခင်ဖြစ်သူ၊ နှစ်ခြင်း သင်းအုပ်ဆရာတော်၊ ကက်သလစ်သင်းထောက်ဆရာတော်နဲ့ ရွာသားတစ်ဦး စုစုပေါင်း ငါးဦးနေရာမှာတင် သေဆုံးသွားပါတယ်။ စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နှစ်စင်း ခရစ်ယာန်ဘုရားကျောင်းပေါ်ကို ပစ်မှတ်ထားပြီး ဗုံးနှစ်လုံးစီကြဲချတာလို့ မျက်မြင်တွေ့ရှိတဲ့ ရွာသားတွေရဲ့ ပြောပြချက်ကို David Eubank က ပြန်ပြောဆိုပါတယ်။ “တကယ်လို့သာ ဘုရားကျောင်း မဟုတ်ဘဲ စာသင်ကျောင်းသာဆိုရင် အဲဒီထဲမှာ စာသင်နေတဲ့ ကလေးတွေ အကုန်လုံးသေကုန်မှာ၊ အဆောက်အအုံ အားလုံး ရစရာမရှိအောင် ပျက်စီးနေတယ်” စစ်ကောင်စီရဲ့ လေကြောင်းသုံးတိုက်ခိုက်မှုကြောင့် ရွာသားတော်တော်များများလည်း ဒဏ်ရာရသွားသလို လေးဝါးရွာတစ်ဝိုက်က ဒေသခံတွေ အားလုံး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
အကြမ်းဖက်မှုတွေ အားလုံးရပ်တန့်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာစစ်တပ်ကို သတိပေးထားပေမဲ့ စစ်ကောင်စီဟာ လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်ကျူးလွန်နေပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း ချင်းအမျိုး သားတပ်ဦး (CNF) ဗဟိုဌာနချုပ်ကို ဂျက်တိုက်လေယာဉ်သုံးဗုံးကြဲ တိုက်ခိုက်ခဲ့လို့ CNF တပ်ဖွဲ့ဝင် ငါးဦးသေဆုံးသွားပါတယ်။ https://www.rfa.org/burmese/news/airstrike-in-karen-01122023143144.html
၃။ CNF ဌာနချုပ်ဗုံးကြဲခံရမှုကိုကန့်ကွက်မှုနဲ့ ဟားခါးမြို့က ဈေးဆိုင်ပိုင်ရှင် ၁၁ ဦး အဖမ်းခံရ
January 13, 2023
ချင်းအမျိုးသားတပ်ဦး (CNF) ဌာနချုပ်ကို ဇန်နဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ချိန် ထိခိုက်သေဆုံးမှုတွေရှိခဲ့တဲ့အပေါ် ဝမ်းနည်းတဲ့ အနေနဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ဈေးဆိုင်တွေ ဇန်နဝါရီလ ၁၁ ရက်နေ့က ပိတ်ထား ခဲ့ကြတာကြောင့် စစ်ကောင်စီက ဇန်နဝါရီ ၁၂ ရက်နေ့က ဈေးဆိုင် ၁၁ ဆိုင်ကို ချိပ်ပိတ် သိမ်းဆည်း လိုက်ပြီး ဆိုင်ပိုင်ရှင် ၁၁ ဦးကိုလည်း ဖမ်းဆီးလိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့က ဆိုင်ပိတ်သူ တွေကို ဆိုင်သိမ်းမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် အဲဒီနေ့ မွန်းလွဲ ၁ နာရီနောက်ပိုင်းမှာ ဆိုင်ပြန် ဖွင့်သူ တချို့ရှိသလို မဖွင့်ဘဲ တစ်နေ့လုံး ပိတ်ထားသူတွေလည်းရှိခဲ့ကြတာပါ။ မွန်းလွဲ ၁ နာရီနောက်ပိုင်း ပိတ်ထာားတဲ့ ဆိုင်ခန်း တွေကို စစ်ကောင်စီတပ်သားတွေက ဓာတ်ပုံတွေ လိုက်ရိုက်ခဲ့ပြီး ဇန်နဝါရီ ၁၂ ရက်နေ့လယ်က ချိပ်ပိတ်သိမ်းဆည်းကြောင်း စာတွေ လာကပ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ ချိပ်ပိတ်ခံရတဲ့ ဆိုင်တွေက ပိုင်ရှင် ၁၁ ဦးလည်း ဟားခါးမြို့၊ ရဲစခန်းမှာ ဖမ်းဆီး ခံထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၁ ရက်နေ့ နေ့လယ်လောက်က စပီကာနဲ့ လိုက်အော်တာ။ ဆိုင်ပြန်ဖွင့်ဖို့။ မဖွင့်ရင် သိမ်းမယ်ဆိုပြီးတော့။ မနေ့က မွန်းလွဲပိုင်းလောက်မှ ချိပ်ပိတ်ခံရတာ။ ပိတ်ခံရတဲ့ ဆိုင်ရှင်တွေကိုလည်း မေးစရာရှိတယ်ဆိုပြီး စစ်သားတွေက ခေါ်သွားတာ” ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ်ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေက တိုက်လေယာဥ်နဲ့ နှစ်ရက်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ ဇန်နဝါရီ ၁၀ ရက်နေ့ တိုက်ခိုက်မှုမှာ CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ တိုက်ခိုက်မှုမှာတော့ သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူမရှိခဲ့ဘဲ လူနေအိမ် သုံးလုံး မီးလောင် ခဲ့သလို ဆေးကုသဆောင် ပါ ပျက်စီးခဲ့တယ်လို့ CNF ကပြောဆိုထားပါတယ်။ https://www.rfa.org/burmese/news/arrested-11shop-owners-hakh a-01132023025950.html
၄။ နိုင်ငံရေးရည်မှန်းချက်ကို မရမချင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ လက်တွဲတော်လှန်သွားမည်ဟု AA ၊ MNDAA ဆို
January 12, 2023
မိမိတို့မျှော်မှန်းထားသည့် စစ်ရေး၊ နိုင်ငံရေးရည်မှန်းချက်ကိုမရမချင်း ညီနောင်မဟာမိတ်(၃)ဖွဲ့က ဟန်ချက်ညီ လက်တွဲ ကာ တော်လှန်တိုက်ပွဲဝင်သွားမည်ဟု ကိုးကန့် (MNTJP/MNDAA) နှင့် ရက္ခိုင့်တပ်တော်(ULA/AA) တို့က ဆိုသည်။ (ဇန်နဝါရီလ ၁၂ ရက်) ကျရောက်သော နှစ်(၆၀)ပြည့် တအောင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားသို့ ကိုးကန့် (MNTJP/ MNDAA) နှင့် ရက္ခိုင့်တပ်တော် (ULA/AA) တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ရာတွင် ထိုသို့ ထည့်သွင်းဖော်ပြထားသည်။ ကိုးကန့်၊ တအောင်း၊ ရခိုင်လူမျိုးများ အပါအဝင် မြန်မာနိုင်ငံမှ လူမျိုးအသီးသီးတို့သည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ဆုံးဖြတ်ပိုင်ခွင့်၊ ကိုယ့် ကံကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်တို့အတွက် အမျိုးသားလွတ်မြောက်ရေးနှင့် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး တိုက်ပွဲ များကို တစ်ဖွဲ့ချင်း (သို့မဟုတ်) စုပေါင်းပြီး လက်နက်ကိုင် တော်လှန်နေဆဲဖြစ်ကြောင်းလည်းဆိုသည်။ လွန်ခဲ့သော ဆယ်နှစ်တာ ကာလက ညီနောင်မဟာမိတ်(၃)ဖွဲ့သည် ဘုံရန်သူ၏ စစ်ရေး၊ နိုင်ငံရေး ထိုးနှက်ချက်များနှင့် လူမျိုးရေး သပ်လျှိုဖြိုခွဲခြင်းများကို ချစ်ခင်စည်လုံးညီညွတ်စွာဖြင့်တက်၊ ဆုတ်ညီစွာ အတူတကွ လက်တွဲရင်ဆိုင်ဖြေရှင်းနိုင်ခဲ့ကြသည်ဟု လည်း သဝဏ်လွှာထဲတွင် ပါဝင်သည်။
“ဟန်ချက်ညီ တိုက်ပွဲများအတွင်း ညီနောင်မဟာမိတ်စိတ်ဓာတ်၊ ရဲဘော်ရဲဖက်စိတ်ဓာတ်များကို ပြသနိုင်ခဲ့ကြသည့် အပြင် စည်လုံးညီညွတ်မှုပြယုဂ်ကို စစ်မြေပြင်များ၌ လက်တွေ့ကျကျ ပြသနိုင်ခဲ့သည်” ဟု ကိုးကန့်နှင့် ရက္ခိုင့်တပ်တော်တို့မှ ပြောဆိုထားသည်။ ညီနောင်မဟာမိတ်(၃)ဖွဲ့၏ လုပ်ဆောင်ချက်များကြောင့် မိမိတို့အဖွဲ့များကြား၌သာမက ကိုးကန့်၊ တအောင်း၊ ရခိုင်လူမျိုးများ အချင်းချင်းကြား၌လည်းကောင်း၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ကြသည့် နွေဦးတော် လှန်ရေးအတွင်းမှ ပေါက်ဖွားလာသော ပြည်သူ့ထောက်ခံမှုရ တော်လှန်ရေးအဖွဲ့အစည်းများ ကြား၌လည်းကောင်း အပြန်အလှန် တန်ဖိုးထားမှုများနှင့် ယုံကြည်မှုများကိုပါ ရရှိခဲ့ကြောင်းဆိုသည်။ ၁၉၆၃ ခုနှစ်က ဖွဲ့စည်းခဲ့သည့် ပလောင်အမျိုးသားတပ်ဖွဲ့ကို ၁၉၇၆ ခုနှစ်တွင် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဖွဲ့(PSLA)အဖြစ် အမည်ပြောင်း ဖွဲ့စည်းခဲ့သည်။ ၁၉၉၁ ခုနှစ် ဧပြီလ တွင် PSLA နှင့် စစ်အစိုးရအကြား အပစ်ခတ်ရပ်စဲခဲ့မှုကြောင့် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများဖြစ်ကာ ၁၉၉၂ ခုနှစ် ဇန်နဝါရီ လတွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)ကို ဖွဲ့စည်းခဲ့သည်။ ယင်းနောက်၂၀၀၉ ခုနှစ်တွင် တအာင်း (ပလောင်) ဒေသကို လက်တွေ့ကာကွယ်နိုင်ရန် ရည်ရွယ်ကာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်တော်(TNLA)ကို ဖွဲ့စည်းခဲ့သည်။ PSLF/TNLA သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ဖြစ်သော ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) တွင် အဖွဲ့ဝင်လည်းဖြစ်သည်။ https://www.facebook.com/dmgnewsagency/photos/a.466679383484478/24973328 40419112/
၅။ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို အကျဉ်းထောင်တွင်း ရုံးထုတ်ခဲ့ပေမယ့် မိသားစုဝင်များ အဝေးကနေသာ မြင်ခွင့်ရခဲ့
January 12, 2023
ဖမ်းဆီးခံရပြီး တလကျော်အကြာ ဇန်နဝါရီ ၁၁ ရက်နေ့က သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မြစ်ကြီးနား အကျဉ်းထောင်တွင်း ရုံးထုတ်ခဲ့ပေမယ့် မိသားစုဝင်များအဝေးကနေသာမြင်တွေ့ခွင့် ရခဲ့ကြတယ်လို့ သိရပါတယ်။ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ ကျန်းမာရေးစစ်ဆေးကုသဖို့ မန္တလေးလေဆိပ်ကနေ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့သွားမယ့် ခရီးစဉ်အတွင်း စစ်ကောင်စီက ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့ မန္တလေးတံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ရုံးထုတ်ချိန်မှာတော့ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိသေးပဲ ရှေ့နေ့များ ဖြင့် တွေ့ဆုံခွင့်သာ ပေးခဲ့ပြီး ချုပ်ရက်ရမန်သာ ထပ်တိုးယူသွားခဲ့ သလို မိသားစုဝင်များကလည်း အဝေးကနေသာ မြင်တွေ့ခွင့် ရရှိခဲ့တယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) အသိပေး ထုတ်ပြန်ပါတယ်။
ဆရာတော်ကိုတော့ စစ်ကောင်စီက မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)အပြင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) စတဲ့ အမှု ၂ ခုဖြင့် အမှုဖွင့်တရားစွဲဆိုကာ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် နောက်ထပ် ရုံးချိန်းပေးလိုက်တယ်လို့ သိရပါတယ်။ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ခရစ္စမတ်ကာလကိုတော့ စစ်ကြောရေးမှာတာ ဖြတ်သန်းခဲ့ရပြီး နှစ်သစ်ကူးနေ့ကို တော့ အကျဉ်းထောင်အတွင်း ခါးတီးစွာဖြတ်သန်းခဲ့ရတာလို့ မိသားစုဝင်တဦးက လူမှုကွန်ရက်ကတဆင့် ပြောဆိုပါ တယ်။ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွန် ဟာ ကချင်နှစ်ခြင်းခရစ်ယာန် အသင်းချုပ် (KBC) ရဲ့ ဥက္ကဌဟောင်း ဖြစ်ပြီး လက်ရှိမှာ တော့ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်နေသလို ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ WMR ဥက္ကဋ္ဌလည်း တာဝန်ယူ နေသူဖြစ်ပြီး ကချင်လူထုကြား လူသိများ ထင်ရှားပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် အစဉ်အမြဲ အားထုတ်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ https://www.facebook.com/photo/?fbid=620522046745061&set=pcb.620526686744597
၆။ စစ်ကောင်စီရဲ့အတုအယောင်ရွေးကောက်ပွဲကို မလုပ်ဖို့ CNO/CNDF က တားမြစ်ချက်နှင့် မလိုက်နာရင် ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်
January 12, 2023
ချင်းပြည်နယ် ဖလမ်းမြို့နယ်နဲ့ အထက်ချင်းတွင်းဒေသမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲကို မပြုလုပ်ဖို့တားမြစ်လိုက်ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသား များကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) က ဇန်နဝါရီ ၆ ရက်ကနေ ၉ ရက်အထိ ကျင်းပခဲ့တဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ညီလာ ခံအစည်းအဝေးအပြီး ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။ လက်နက်မဲ့ပြည်သူလူထုများကို အကြမ်းဖက်သတ်ဖြတ်၊ ပြည်သူ့အိုးအိမ်များကို အကြောင်းမဲ့မီးရှို့ဖျက်စီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအပေါ် စစ်ကြောင်း အဆမတန်ဖြင့် တိုက်ခိုက် နေတဲ့အပြင်လေကြောင်းဖြင့်ပါ တိုက်ခိုက်နေတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ တရားဝင်အစိုးရဖြစ်ရေးအတွက် ဦးဆောင်ပြုလုပ် မယ့် အတုအယောင် ရွေးကောက်ပွဲကို လုံး၀တားမြစ်ကြောင်းနှင့် တားမြစ်တဲ့ကြားက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအထမြောက် အောင် ကူညီမယ့် ဘယ်ပုဂ္ဂိုလ်မျိုးမဆို ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်း CNO/CNDFက သတိပေးခဲ့ပါတယ်။ CNO/ CNDF အနေနဲ့ အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတည်ဆောက်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် တော်လှန်ရေးအင်အားစုများနဲ့အတူ ဆုံးခန်းတိုင်အောင် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါသည်။ https://www.facebook.com/photo/?fbid=611319764331134&set=pcb.6113221943308 91
၇။ တော်လှန်ရေးအင်အားစုတွေ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဟန့်တားဖို့ TNLA တိုက်တွန်း
January 12, 2023
၂၀၂၃ ခုနှစ်ပြုလုပ်မယ့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ ထိထိ ရောက်ရောက်ဟန့် တားကြဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက တိုက်တွန်း လိုက်ပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ တအာင်းအမျိုးသား တော်လှန်ရေးနေ့ နှစ် ၆၀ ပြည့် အခမ်း အနားမှာ တိုက်တွန်းပြောကြားခဲ့တာပါ။ အခုတစ်ကြိမ် စစ်အာဏာသိမ်းမှုမှာ တိုင်းရင်းသား ပြည်သူတွေအားလုံးဟာ စစ်အာဏာ ရှင်လက်အောက်က လွတ်မြောက်အောင်ကြိုးပမ်းအား ထုတ်နေတာကို မြင်တွေ့ရပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး နဲ့စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး အချိန်အခါကောင်း ရောက်နေပြီဖြစ်တဲ့အတွက် တော်လှန်ရေးအင်အားစုတွေအနေနဲ့ဟန်ချက် ညီညီနဲ့ ဆက်လက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ TNLA ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ နိုင်ငံပဋိပက္ခအတွင်း ခုခံ တော်လှန် နေတဲ့ တော်လှန်ရေး အင်အားစု တွေအချင်းချင်း တော်လှန်ရေးသစ္စာရှိရှိ၊ အပြန်အလှန်လေးစားမှု ကူညီပံ့ပိုးမှုတွေနဲ့ အာဏာသိမ်း စစ်တပ်ကို လက်တွေ့ကျတဲ့နည်းဗျူဟာတွေနဲ့ တိုက်ခိုက်ရမှာဖြစ်ကြောင်းပြောပါတယ်။ စစ်ကောင်စီရဲ့လမ်းကြောင်းကို ကာကွယ်ဖို့ လေကြောင်းကင်းထောက်နဲ့ လေကြောင်းကာကွယ်ရေး အချက်ပြနည်းတွေကို ကြိုတင်ပြင်ဆင်လေ့ကျင့်ဖို့ လိုအပ် ကြောင်းလည်းထည့်သွင်းပြောခဲ့ပါတယ်။
TNLA ဟာ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီမှုစာချုပ် NCA မှာ လက်မှတ်ရေးထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး UWSA ဦးဆောင်တဲ့ FPNCC မှာ အဖွဲ့ဝင်ဖြစ်ပေမယ့် အာဏာသိမ်း စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုမလုပ်တဲ့အဖွဲ့ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင့်တပ်တော် AA၊ ကိုးကန့်တပ်ဖွဲ့ MNDAA စတဲ့ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။ တအာင်းတော်လှန်ရေး တပ်ဖွဲ့ကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၁၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပြီး ၁၉၉၂ ခုနှစ် ဇန်နဝါရီ ၁၂ ရက်မှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး အဖြစ် ဖွဲ့စည်းခဲ့ပြီး တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ကို ၂၀၀၉ ခုနှစ် အောက်တိုဘာမှာ ဖွဲ့စည်း ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ https://www.rfa.org/burmese/news/tnla-2023-election-view-01122023071601.html
၈။ စစ်ကောင်စီတပ်က လူနေအိမ်များ ဖောက်ထွင်းဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများယူဆောင်သွား
January 13, 2023
KNU-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်) တောင်စွန်း (လေးနော်) ရွာတွင် အခြေချတပ်စွဲသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့ဝင်များသည် စစ်ဘေးရှောင်နေ ကြသော ဒေသခံရွာသားများ၏ နေအိမ်များကို ဖောက်ထွင်း ဖျက်ဆီးပြီး လူသုံးကုန်နှင့် တန်ဘိုးရှိ ပစ္စည်းများ ယူဆောင်သွားမှု များလုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ အဆိုပါ စစ်ကောင်စီ၊ BGF ပူးပေါင်းတပ်နှင့် KNLA-ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တို့ ဇန်နဝါရီလ ၁ ရက်မှ ၄ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး နောက်တစ်ရက်တွင် ၎င်းစစ်ကောင်စီပူးပေါင်းတပ်ဖွဲ့က တောင်စွန်း၊ ဆင်ပြေးကျေးရွာထဲသို့ ဝင်ရောက်ကာ လူမရှိဘဲ စစ်ဘေး ရှောင်ကြသည့် ဌာနေလူထုများ၏ နေအိမ်များအား ဖောက်ထွင်းဖျက်ဆီးမှုပြုလုပ်ပြီး အဝတ်အထည်များနှင့် တန်ဘိုးရှိပစ္စည်းများအား ယူဆောင်သွား ကြသည်ဟု ဒေသခံများက ပြောသည်။ “ ကျနော့်အိမ်တံခါးမကြီးတွေ အကုန်ရိုက်ချိုးဖျက်ဆီးသွားတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်းလုပ်ပြီးတော့ ရှာဖွေဖျက်ဆီးယူကြတယ်။ အိမ်ဆောက်ဖို့ ပုံထားတဲ့ သစ်တွေ အကုန်ယူသွားတယ်။ မိန်းမအသုံးအဆောင် အဝတ်ထုပ်တွေ ဆိုလာပြားဘက်ထရီ မြက်ခုတ် စက်တွေအကုန် ယူသွားတယ်။ အိပ်ယာလိပ်ထူတွေ ကအစ ယူသွားတာပါ။ သူတို့ရှိနေတော့ ခုထိရွာသားတွေ မပြန်လာရဲသေးဘူး” ဟု ဆင်ပြေးရွာသူတစ်ဦးက ပြောသည်။
တောင်စွန်းရွာတွင် ဖြစ်ပွားခဲ့သော နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ကျေးရွာထဲသို့ စစ်သုံးလေယာဉ်များဖြင့် လာ ရောက်ဗုံး ကြဲတိုက်ခိုက်သည့်အတွက် တောင်စွန်းရွာရှိ လူနေအိမ် ၁ဝ လုံးကျော် မီးလောင်ပျက်စီးခဲ့ပြီး ဥယျာဉ်ခြံအများ အပြား လည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။ ထို့အပြင် တောင်စွန်း၊ ဆင်ပြေးရွာရှိ လူနေအိမ်များ အား ဇန်နဝါရီ ၅ ရက်မှ ၁၁ ရက်နေ့အထိ ရှာဖွေ မွှေနှောက် ဖျက်ဆီးမှုများ လုပ်ဆောင်ပြီး တန်ဘိုးရှိပစ္စည်းများအား နည်းအမျိုး မျိုးဖြင့် ယူဆောင်သွားလျက်ရှိသည်ဟု တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ ပေးနေသူများထံမှ သိရသည်။ လက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်အတွက် ရိက္ခာပို့ ပေးနေသူတစ်ဦးက “ သူတို့က ရိက္ခာမှာလို့ လာပို့ပေးတယ်။ ဟိုရောက်တော့ အထုပ်ကြီးတစ်ခုနဲ့ ဆိုင်ကယ်တစ်စီး ယူသွားပေးဖို့ ခိုင်းတော့ ယူလာပေးလိုက်တယ်။ ဖမ်းဆီးခံရတဲ့အခါမှ အထုပ်မှာ ပိုက်ဆံအိတ်တွေ၊ အမျိုးသမီးထဘီ အဝတ် အစားတွေ ပါမှန်းသိရတယ်။ သူတို့စခန်းမှာ အမျိုးသမီးတစ်ယောက်မှ မတွေ့ရပါဘူး။ ဆိုင်ကယ်ရော၊ ပစ္စည်းထုပ်တွေရော လူထု ဆီက ယူထားတဲ့ ပစ္စည်းဖြစ်ဖို့များတယ်”ဟု ထုတ်ဖော်ပြောဆိုထားသည်။ တောင်စွန်းရွာတွင် တိုက်ပွဲဖြစ်ပွားမှုကြောင့် မီးလောင် ပျက်စီးသွားသည့် စစ်ကောင်စီ၏ တောင်စွန်း ပင်မစခန်းအား ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် ဆင်ပြေး၊ ခုခံ၊ သံပုရာ၊ တောင်စွန်းနှင့် အခြားကျေးရွာများရှိ ဌာနေလူထုများကို စစ်ကောင်စီမှ သစ်၊ ဝါးနှင့် ခြံစည်းရိုးတန်းများအား စခန်းသို့ လာရောက် ပို့ပေးရန် ကျေးရွာအလိုက် ခွဲတမ်းချမှတ်ပြီး အဓမ္မခိုင်းစေ ပြုလုပ်နေသည်ဟုလည်း ရွာသားများထံမှ သိရသည်။ https://kicn ews.org/2023/01/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1
၉။ လူငယ်တွေ ပညာရေးအခွင့်အလမ်း မဆုံးရှုံးဖို့အတွက် (YAC) ကောလိပ်ကျောင်း အခက်ခဲကြား စတင် ဖွင့်လှစ်နေ
January 12, 2023
လက်ရှိ တော်လှန်ရေးကာလမှာ လူငယ်တွေ ပညာသင်ကြားခွင့် မဆုံးရှုံးဖို့ လူငယ့်အကယ်ဒမီကောလိပ် (YAC) ကျောင်း ကို တိုက်ပွဲဖြစ်ပွားနေတဲ့ကြားကနေ စတင်ဖွင့်လှစ်နေပြီဖြစ်ပါတယ်။ YAC ကျောင်းကို ကရင်နီပြည် စစ်ရှောင်စခန်းတစ်နေရာမှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာ စတင်သင်ကြားနေပြီဖြစ်ပြီး ပညာသင်နှစ်ကာလ ၂ နှစ် သတ်မှတ်ထားပါတယ်။ တိုက်ပွဲဖြစ် ပွားနေသလို လက်နက်ကြီးရန်၊ လေကြောင်းရန်တွေလည်း ရှိတဲ့အတွက် လုံခြုံရေးပိုင်းမှာ စိန်ခေါ်မှုတွေရှိနေသလို ကျောင်းနေ ကျောင်းစားဖြစ်တဲ့အတွက် စားနပ်ရိက္ခာအတွက် အခက်အခဲရှိတယ်လို့ YAC ကျောင်းအုပ်ဖြစ်တဲ့ ခူးပရေးရယ်က ပြောပါတယ်။ “အခက်အခဲလို့ ပြောတဲ့အခါမှာ မတူညီတဲ့အခက်အခဲတွေ အများကြီးရှိတယ်ပေါ့လေ။ ကျနော်တို့ တခါတလေကျလို့ရှိရင် စားနပ် ရိက္ခာအတွက် အခက်အခဲရှိတယ်။ ဒီကျောင်းကို တည်ထောင်ရတဲ့အတွက် ဘတ်ဂျက် အခက်အခဲတွေရှိတယ်။ “လို့ ခူးပရေးရယ် က ပြောပါတယ်။ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ပြုလုပ်သွားတဲ့ YAC အကြောင်း သတင်းစာရှင်းလင်းပွဲမှာ ခူးပရေးရယ်က ပြောဆို သွားတာဖြစ်ပါတယ်။
YAC ကျောင်းကတော့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC)ထဲ စာရင်းပေးသွင်းဖို့ရှိပြီး သင်ကြားပေးတဲ့ ဘာသာရပ်တွေ၊ သင်ကြားမှု ပုံစံတွေကတော့ ဒေသတွင်း ဆယ်ကျော်သက်လူငယ်ကျောင်းတစ်ကျောင်းဖြစ်တဲ့ Level Up Academy ကျောင်းက သင်ကြားမှုပုံစံမျိုးဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတကာတက္ကသိုလ်တွေနဲ့အတူ ချိတ်ဆက်ဆောင်ရွက်သွားမယ်လို့ ခူးပရေးရယ်က ဆက်ပြောပါတယ်။ “ စစ်ကောင်စီကနေ သွားနေတဲ့ ပညာရေးနဲ့ ကျနော်တို့ရဲ့ ပညာရေး ကို ယှဉ်ပြလိုက်မယ် ဆိုရင် တော်တော်လေးတော့ကွာဟမှု ရှိလိမ့်မယ်။ စစ်ကောင်စီ သွားနေတဲ့ ပညာရေးက ဟိုး အရင်ခေတ်ကတည်းက သွားနေတဲ့ ပညာရေးကို အခုထိက လက်စွဲကိုင်သွားနေတဲ့ ပညာရေးပဲပေါ့ နော။ ကျနော်တို့ YAC ကနေ သွားမယ့် ပညာရေးက မတူဘူး။ ကွဲ ထွက်မှာ ဖြစ်တယ်။ ကျနော်တို့က နိုင်ငံတကာပုံစံ ပညာရေးမျိုးကို ကျနော်တို့ သွားမှာဖြစ်တယ်။ သင်သွားမယ့် ဘာသာတွေ၊ လုပ်မယ့် activity(လှုပ်ရှားမှု) တွေ လုပ်မယ့် projectတွေကအစ ရှေးရိုးစွဲမဟုတ်ပဲ သူများထက် idea အသစ်လေးတွေနဲ့ သူများ ထက်ပိုပြီး ဆန်းဆန်းလေးတွေ ဖြစ်တဲ့ နည်းစနစ်တွေနဲ့ ကျနော်တို့ သွားမယ်။ နိုင်ငံတကာကနေ သွားနေတဲ့ ပညာရေးစနစ်ကို ကျနော်တို့ သွားမှာဖြစ် ပါတယ်။ “ လို့ ခူးပရေးရယ်က ဆက်ပြောပါတယ်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာတော့ YAC အမည်နဲ့ ပြောင်း လဲဖွင့်လှစ်ခဲ့ပြီးနောက် လက်ရှိမှာ ကျောင်းသားဦးရေ (၆၄)ယောက်ကို ဆရာ၊ဆရာမ (၁၀)ဦးကနေ သင်ကြားပေး နေပါတယ်။ YAC ကျောင်းမှာ English , Karenni language, Karenni History, Social, Computer, Community Development တွေအပါ အဝင် ဘာသာရပ် (၁၁)ခုကို သင်ကြားပေးလျက်ရှိနေပြီး ပြီးဆုံးအောင် တက်ရောက်မယ့် ကျောင်းသားကျောင်းသူတွေကို Diploma and Community Development ဘွဲ့လက်မှတ်ကို ပေးအပ်သွားမှာ ဖြစ်ပါတယ်။ https://www.kantarawaddytim esorg/%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%ba%e1%80
၁၀။ တရုတ်ကျောင်းသွားဖို့ ရပ်နေတဲ့ မူဆယ်က ကျောင်းသူတစ်ဦး ပြန်ပေးဆွဲခံရ
January 11, 2023
တရုတ်ကျောင်းသွားဖို့ ရပ်နေတဲ့ မူဆယ်မြို့က ကျောင်းသူတစ်ဦး ပြန်ပေးဆွဲခံခဲ့ရတယ်လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ ရှမ်းမြောက် မူဆယ်မြို့ စျေးရပ်ကွက် မြို့နယ်စည်ပင်သာယာရုံးဘက်က အိမ်တစ်အိမ်အနီး မနေ့ ဇန်နဝါရီ ၁၀ ရက် မနက် ၅ နာရီခွဲခန့်က ပြန်ပေးဆွဲခံခဲ့ရတာပဲ ဖြစ်ပါတယ်။ “ဖြစ်တာက မနေ့မနက် ၅ နာရီခွဲလောက်မှာ။ မိန်းကလေးဗျ အသက် ၁၃ နှစ်တဲ့” လို့ မျက်မြင်ဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီကလေးကို ဖမ်းသွားတဲ့သူ တွေက သူတို့အိမ်နားမှာ ရစ်သီရစ်သီ လုပ်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်လို့ ကလေးရဲ့ မိခင်ဖြစ်သူက သူ့သမီး စီးနေတဲ့ ဘက်ထရီဆိုင်ကယ်ကိုလုဖို့ ချောင်းနေတာ ထင်ပြီး ဆိုင်ကယ်ကိုသိမ်းကာ ကိုယ်တိုင်လိုက်ပို့နေတာ သုံးရက်လောက်ရှိပြီ လို့ ဆိုပါတယ်။ “သူ့အမေက အိမ်ထဲက ဆိုင်ကယ် တွန်းလာနေတာ။ သူ့သမီးက တံခါးပေါက် ဖွင့်ပြီး လမ်းမှာ စောင့်နေတာ။ အဲမှာ ကားအဖြူနဲ့ လူနှစ်ယောက်က ဖမ်းခေါ်သွားတာ” လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။ အဲဒီဖြစ်စဥ်ကို တစ်ဖက်မှ ခေါက်ဆွဲဆိုင်ရှင်က မြင်နေရတော့ မိခင်ဖြစ်သူဟာ ငယ်သံ ပါအောင်အော်ပြီး လိုက်သွားတာကို မကြည့်ရက်လို့ ဆိုင်ရှင်အမျိုးသမီးကလည်း ဆိုင်ကယ်နဲ့ ထပ်လိုက်သွားရာ တစ်ဖက်က ကားနဲ့မို့ လိုက်မမှီခဲ့ဘူးလို့ ဆိုပါတယ်။
ခေါက်ဆွဲ လာစားတဲ့ အမျိုးသားတစ်ဦးကတော့ “ကလေးရဲ့ အတန်း၊ နာမည်တွေ၊ မိဘနာမည်၊ အိမ်နံပါတ်တွေလည်း မေးဖို့ မေ့သွားတယ်” လို့ ပြောပါတယ်။ ဒီတစ်ကြိမ်ဟာ တရုတ်ကျောင်း တက်နေတဲ့ကလေး ပြန်ပေးဆွဲခံရတာ ဒုတိယအကြိမ် ရှိပြီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှာလည်း မူဆယ် ခရစ္စယာန် ရပ်ကွက်မှာ မနက်အစောပိုင်း အိမ်ဖော်က တရုတ်ကျောင်း လိုက်ပို့နေချိန် လမ်းမှာ အသက် ၇ နှစ်ခန့်အရွယ် ကလေးတစ်ဦး ပြန်ပေးဆွဲခံရကာ တရုတ်ငွေယွမ် ၅ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ သူကရှင်းပြပါတယ်။ “ပထမတုန်းကဖမ်းပြီး နောက်တရက် ပြန်ရတာ” လို့ သူက ပြောပါတယ်။ လက်ရှိ ဖမ်းသွားတဲ့ ကျောင်းသူကို တရုတ်ငွေ ယွမ် ၁၇ သိန်း (ကျပ်ငွေ သိန်း ၅ဝဝ ကျော်)နဲ့ ပြန်ရွေးခိုင်းတယ်လို့ ကြားပေမယ့် အတိ အကျမသိရတဲ့ ကလေးကို ပြန်ရ၊ မရလည်း မသိဘူးလို့ဆိုပါတယ်။ ကလေးမိဘတွေ ပိုသတိထားသင့်နေပြီဖြစ်ပြီး ဒေသခံ ကလေးမိဘတွေကတော့ စိုးရိမ်နေကြကာ တရားဥပဒေ စိုးမိုးမှုကို လိုချင်ပါတယ်လို့ ပြောပါတယ်။ စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း မူဆယ်ခရိုင်အတွင်း ကလေး၊ လူငယ်၊ လူကြီးတွေကိုပါ ပြန်ပေးဆွဲမှု မကြာခဏ ဖြစ်လာသလို လုယက် ဓားပြတိုက်မှု၊ ခိုးမှု၊ လူသတ်မှုတွေ နေ့စဥ်နီးပါး ဖြစ်ပွားပေမယ့် သက်ဆိုင်ရာက ဖော်ထုတ်ဖမ်းဆီးရမိနိုင်ခဲ့ခြင်း မရှိပါဘူး။ https://www.face book.com/photo/?fbid=490469633260306&set=pcb.490469896593613
၁၁။ တနင်္သာရီတွင် မင်္ဂလာဆောင်မယ့် သတိုးသား သေနတ်နဲ့ ပစ်သတ်ခံရ
January 12, 2023
တနင်္သာရီတိုင်း၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပ၀ကျေးရွာ ပ၀အရှေ့ပိုင်းတွင် ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၈ နာရီအချိန်တွင် မင်္ဂလာဆောင်မည့် သတိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။ အဆို ပါ သေနတ်ဖြင့် ပစ်သတ်ခံရသည့် သတိုးသားသည် တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စု ဆင်ခေါင်းကျေးရွာနေ ဦးအုန်းမြိုင် +ဒေါ်မြင့်ကြူ တို့သားဖြစ်ပြီး မင်္ဂလာမဆောင်မီ သုံးရက်အလိုတွင် အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် စီးနင်းလာပြီး ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက“ကျွန်တော်တို့ တော်လှန်ရေးနဲ့ တော့ ဘာမှမပတ်သက်ပါဘူး၊ အဓိက ကတော့ သူတို့ အချင်းချင်း လူမှုရေးကိစ္စနဲ့ ဖြစ်တဲ့ပြဿနာလို့ သိရတယ်” ဟု ပြောသည်။ လက်ရှိတွင် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့် အမျိုးသား နှစ်ဦးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က လိုက်လံစုံစမ်းစစ်ဆေးရာ အခင်းဖြစ်ပွားပြီး မိနစ် ၃၀ အတွင်း နှစ်ဦး စလုံးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ သတိုးသားသည် ရေဖြူချောင်းဆုံရွာက အသက် ၂၆ နှစ် အရွယ် ကိုနှင်းထွန်း ဆိုသူ ဖြစ်ပြီး ဖမ်းဆီးခံရသူ နှစ်ဦးမှာ ညောင်ပင်ကွင်းကျေးရွာက အသက် ၄၀ အရွယ် ကိုမျိုးဆက်ပိုင်နှင့် ကိုအေးမြတ်ဇော် တို့ဖြစ် ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သိရသည်။ ၎င်းတို့ နှစ်ဦးကို တနင်္သာရီမြို့နယ်ရဲ့ ထိန်းချုပ်နယ်မြေ၌ အစိုးရတစ်ရပ်၏ မူဝါဒအတိုင်း ရပ်ကွက် ကျေးရွာများတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ)၊ ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ) နှင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့ (ပကဖ) တို့က အရေးယူသွားနိုင်ရန်ရှိကြောင်း သိရသည်။ https://www.facebook.com/MizzimaDaily/photos/pc b.6301354083232777/6301353073232878/
၁၂။ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲ ဒေါက်တာအေးမောင်၏ ရခိုင့်ဦးဆောင်ပါတီ ယှဉ်ပြိုင်မည်
January 13, 2023
စစ်ကောင်စီက ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ရခိုင်တိုင်းရင်းသားကိုယ်စားပြုပါတီ ၃ ခုအနက် ရခိုင့် ဦးဆောင်ပါတီ (AFP) က ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ (ALD) အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်သလို ရခိုင်အမျိုးသားပါတီ (ANP) အနေနဲ့ လည်း ဝင်ပြိုင် မပြိုင် မဆုံးဖြတ်ရ သေးဘူးလို့ သက်ဆိုင်ရာပါတီ တာဝန်ရှိသူ တွေက ပြောပါတယ်။ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်ဖြစ်တာ ကြောင့် ဝင်ရောက်ယှဉ်ပြိုင်သင့်တယ်လို့ ရခိုင့်ဦးဆောင် ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ပြောပါတယ်။ “ပထမတချက်ကတော့ ရွေးကောက်ပွဲကို ပါတီရဲ့ မှတ်ပုံတင်ခြင်း ဥပဒေအရ ကျနော်တို့ ဝင်ပြိုင်တယ်။ ဒုတိယတချက်က ကျနော်တို့ လက်ရှိ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဘယ်လိုထွက်မှာ လဲ၊ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်လို ဒီအကျပ်အတည်းကို ရုန်းထွက်မှု ဆန္ဒရှိသလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေက ဘယ်လိုရုန်းထွက်ဖို့ အခွင့်အရေး ပေးထားသလဲ။ မြန်မာနိုင်ငံအကျိုးစီးပွားတခုလုံးနဲ့ ယှဉ်ပြီး ဘယ်လိုရုန်းထွက်ပြီးမှ ချောင်ပိတ်မိ နေတဲ့ ၇၅ နှစ်ကြာ သွေးမြေကျမှုကို ရပ်အောင်လုပ်သင့်သလဲ။ အဲဒီဥစ္စာ ၃ ခုစလုံးကို စဉ်းစားပြီးမှ လာမယ့်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံတခုလုံးအတွက် ထွက်ပေါက်ဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံ အရေးပေါ်ကာလရဲ့ အချက်ကြီးကို ကျော်လွန်နိုင်တဲ့ လူထု တင်မြှောက်တဲ့ အစိုးရတရပ် ပေါ်ထွန်းတဲ့ ကာလသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေသည် အခြေခံဖြစ်တယ်။ အဲဒီအခြေခံအရဖြစ် လာတဲ့ ရွေးကောက်ပွဲဟာ အဓိကကျတယ်။ အဲဒီဝင်ပေါက်က ဝင်မှလည်း ဒီအကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယူဆပြီးမှ အချက်အလက်ကို အခြေခံစဉ်းစားပြီး ရွေးကောက်ပွဲသည် ထွက်ပေါက်ဖြစ်တယ်လို့ ကျနော်တို့ သုံးသပ်တယ်။ အဲဒါကြောင့် ရွေးကောက်ပွဲသည် ကျနော်တို့ ဝင်ပြိုင်သင့်တယ်” လို့ ပြောပါတယ်။
နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအရ ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကို အနည်းဆုံး မဲဆန္ဒနယ် ၃ ခု ယှဉ်ပြိုင်မယ်လို့ ဒေါက်တာအေးမောင်က ဆက်ပြောပါတယ်။ “နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေကို လက်ခံပြီးမှ ပါတီ မှတ်ပုံတင်ကျအောင်အထိ ပါတီဝင်တွေကို စုတာတို့ ဘာတို့ သူ့ရဲ့မူဝါဒတို့ကို ရေးပြီးမှ ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြတာတို့ ဘာတို့ အတည်ပြုလွှာတို့ လုပ်ပြီးလို့ရှိရင် အဲဒီ နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်း ဥပဒေအရ ရွေးကောက်ပွဲကော်မရှင်က ကျင်းပတဲ့ ရွေးကောက်ပွဲကို အနည်းဆုံး ၃ နေရာ ဝင်ကိုပြိုင်ရ တယ်။ မပြိုင်ဘူးဆိုရင် နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေအရ ပါတီကို ဖျက်သိမ်းမယ်။ ဒါ ပါတီတိုင်းပဲ။ အဲ့တော့ ပါတီအနေနဲ့ ရှေ့ဆက်ပြီး တော့ ဒီမိုကရေစီလမ်းကြောင်းအရ ရွေးကောက်ပွဲဝင်တာ ဖက်ဒရယ်သဘောအရ တန်းတူအခွင့်အရေးကို ကြိုးစားပြီး တော့ တည်ဆောက်တာတွေ လုပ်မလား။ လုပ်မယ်ဆိုရင် မှတ်ပုံ တင်ပြီးသားပါတီ ဆိုရင် ရွေးကောက်ပွဲ ဝင်ကိုဝင်ရ မယ်။ မဝင်ဘူးဆိုရင်ပါတီကို ဖျက်သိမ်းရမယ်။ အဲတော့ ကိုယ်က ဘယ်လမ်း သွားမှာလဲ၊ နိုင်ငံရေးပါတီ လမ်းကြောင်း က သွားမှာလား၊ CSO မှာနေမှာလား၊ လက်နက်ကိုင်တော်လှန်ရေး ဘက်ကို သွားမှာလား၊ အဲဒါတော့ အဲဒီပါတီဘက် ကပဲ ဆုံးဖြတ်ရမှာဖြစ်တယ်။” ဒါ့အပြင် နောက်ထပ် ရခိုင်အင်အားကြီးပါတီတခုဖြစ်တဲ့ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီအနေနဲ့ မည်သည့်အာဏာပိုင်အဖွဲ့နဲ့မှ မပူးချင်တာကြောင့် စစ်ကောင်စီပြုလုပ်မယ့် ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမှာ မဟုတ်ဘူးလို့ ပါတီပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။ ရခိုင်ပြည်နယ်တွင်း အပစ် အခတ်ရပ်စဲထားမှု အာမခံချက် မရှိသလို ပြည်သူတွေ လုံခြုံတဲ့ အနေအထားမှာ ရှိမနေသေးတာကြောင့် ရွေးကောက်ပွဲ ယှဉ်ပြိုင် မပြိုင် တစုံတရာ ဆုံးဖြတ်ချက် ချမှတ်ထားခြင်း မရှိသေးဘူးလို့ ရခိုင်အင်အားအကြီးဆုံး ပါတီတခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) ဥက္ကဋ္ဌ ဦးသာထွန်းလှ က ပြောပါတယ်။ ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ တွေမှာ ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်အများဆုံးအနိုင်ရရှိခဲ့တဲ့ ပြည်နယ်တွင်း အင်အားကြီးပါတီတခုလည်း ဖြစ်ပါတယ်။ https://burmese.dvb.no/archives/573283
၁၃။ ခရီးသည်တင်ကားအား KNLA နှင့် PDF ပူးပေါင်းဓားပြတိုက် ဆိုသည်မှာ သတင်းအမှားဖြစ်
January 12, 2023
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် သွားလာပြေးဆွဲနေသော ရွှေလရောင်ခရီးသည် တင် ကားကို တောနော်ရေတံခွန်နှင့် ဆိတ်ဖူး တောင်အကြား၌ KNLA နှင့် PDF များက တားဆီးဓားပြတိုက်၍ ကားလမ်းမကြီးအား မှိုင်းခွဲခဲ့သည်ဟု ‘Ba Nyunt’ တယ်လီဂရမ်ချန်နယ်မှ ဇန်နဝါရီလ (၁၁) ရက်နေ့က ဖြန့်ဝေဖော်ပြခဲ့သည်မှာ သတင်းအမှားသာဖြစ် ကြောင်း မြေပြင် သတင်းအရင်းအမြစ်များထံမှ သိရသည်။ အဆိုပါ ‘Ba Nyunt’ ချန်နယ်တွင် “KNLA နှင့် PDF များက ခရီးသည် တင်ကားအား တားဆီးပြီး ယာဉ်ပေါ်ပါခရီးသည်များ၏ လက်ဝတ်ရတနာ၊ ဖုန်း၊ တန်ဖိုးကြီး ပစ္စည်းများနှင့် ငွေကြေးများ ဓားပြ တိုက် အတင်းအဓမ္မ ယူဆောင်သွားကာ ကားလမ်းမကြီးအား မိုင်းခွဲဖျက်ဆီးခဲ့မှုကြောင့် ကားမှန်သုံးချပ် ပျက်စီးခဲ့သည်။” ဟူ၍ ကားလမ်းမကြီး မိုင်းထိထား သော ဓာတ်ပုံ ၂ ပုံ၊ ရွှေလရောင်မော်တော်ယာဉ်ပုံ ၃ပုံဖြင့် ရေးသားဖော်ပြထားသည်။ မြဝတီ-ကော့ကရိတ်သွားသည့် အဝေးပြေး အာရှလမ်းမကြီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သော်လည်း ဓားပြတိုက်သည့် သတင်းနှင့် ပတ်သက်၍ မကြားသိရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောပြချက်များအရ သိရသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ အာရှလမ်းပေါ်၌ ကုန်တင်ယာဉ်မောင်းနှင် သွားလာနေသူတစ်ဦးကို ဇန်နဝါရီ ၁၁ရက်နေ့တွင် ကေအိုင်စီက ဆက်သွယ်မေးမြန်းရာ “မိုင်း ဘယ်သူဆွဲလဲတော့ မသိဘူး။ မိုင်းဆွဲတာ ကားတစ်စီး ခေါင်းပိုင်းထိသွား တယ်။ အခု တော့ ကားကို ပြန်ဆွဲသွားပြီ။ လမ်းအလယ်မှာ အပေါက်ကြီးဖြစ်သွားပေမယ့် လမ်းကျယ်တော့ ဘေးနှစ်ဖက်ကနေ ကားတွေသွား လာလို့ ရနေသေးတယ်။ ပြီးတော့ မနက်က လက်နက်ကြီးသံတွေကြားရတယ်။ တိုက်ပွဲဖြစ်လို့ လမ်းကိုခဏပိတ်ပြီး အခုတော့ ပြန်ဖွင့်ပေးထားတယ်။”ဟုလည်း ပြောသည်။ ထို့အပြင် စစ်ရေး လှုပ်ရှားမှုများရှိသည့်အချိန်တွင် ကေအဲန်ယူဘက်မှ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ဖြတ်သန်းသွားလာ ခြင်း မပြုလုပ်ကြရန် အသိပေးထားသော်လည်း စစ်ကောင်စီနှင့် ပတ်သက် သောသူများက လုံခြုံရေးယူကာ သွားလာလေ့ရှိကြောင်း ကော့ကရိတ်နယ်မြေခံ KNU တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။ ၎င်းက “ကျနော်တို့လူတွေ ဓားပြတိုက်တာ မရှိပါဘူး။ စစ်ကောင်စီဘက်ကတော့ ပေါက်ကရသတင်းတွေ လိုက်တင်နေ ကြတာပဲ။ အာရှလမ်းမှာ ပြည်သူတွေဆီ က အခွန်ကောက်တာလည်း သူတို့ပဲရှိတယ်။ အခြေအနေမကောင်းရင် လမ်းမကြီးကိုအသုံးမပြုဖို့ ဒေသခံတွေကို ကျနော်တို့ အသိပေးနေကျပါ။”ဟု ပြောသည်။ https://kicnews.org/2023/01/%e1%80%81%e1%80%9b %e1%80%ae%e1%80%b8%e1%80%9e%e1%80%8a%e1
၁၄။ အင်းလေးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ရွာသားများ ပြန်လည်လွတ်မြောက်
January 13, 2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေကနေ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးထားတဲ့ ရွာသား အယောက် ၃၀ ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ အင်းလေးဒေသခံတဦးက “တောင်ပို့ကြီးရွာက နာရေးအိမ်မှာ ဆွမ်းပြင်နေတဲ့ ပြည်သူအယောက် ၃၀ ကို စစ်တပ်၊ ပျူစောထီးနဲ့ PNO တွေက လူစုလူဝေးလုပ်တယ်ဆိုပြီး ဖမ်းသွားတာ၊ အခုပြန် လွှတ်ပေးလို့ လွတ်လာပြီး လူငယ်စင်တာ က ဖမ်းထားတဲ့သူ ၄ ယောက်ကတော့ လွတ်လာတာ မကြားသေးဘူး” လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်ကနေ စတင်ကာ အင်းလေးဒေသ အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေအတွင်းကို စစ်တပ်၊ ပျူစောထီးနဲ့ ပအိုဝ်းပြည်သူစစ်အဖွဲ့ (PNO) တို့ ပူးပေါင်းပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ရဲ့ အမာခံအိမ်တွေ၊ နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ အိမ်တွေအပြင် တခြား ပြည်သူ့နေအိမ်တွေကို စီးနင်းရှာဖွေပြီး မသင်္ကာတဲ့သူတွေကို ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီထဲက ပြည်သူအယောက် ၃၀ ကျော် ပြန်လည်လွတ်မြောက်လာတာလို့ ဆိုပါတယ်။ လက်ရှိအချိန်ထိလည်း ကျေးရွာ တချို့ကို စစ်ကောင်စီတပ်က လက်နက်ခဲယမ်းအပြည့်အစုံနဲ့ လူဦးရေစာရင်းတွေ လိုက်လံကောက်ခံနေပြီး စစ်ဆေးမေးမြန်းနေ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ဗုဒ္ဓဟူးနေ့က သပြေပင်ကျေးရွာ အရှေ့ဘက်ခြမ်းကို စစ်တပ်ရဲ့ တပ်မ ၅၅ က လက်နက် တွေနဲ့ ဝင်လာပြီး အိမ်ထောင်စုစာရင်း ကောက်တယ်။ PDF နဲ့ အဆက်အသွယ် လုပ်ဖူးလား။ လူစိမ်းတွေလာတာ မြင်လား။ ရွာထဲကို PDF ဝင်လားဆိုပြီး လိုက်စစ်ဆေးနေတယ်” လို့ အင်းလေး ဒေသခံတဦးက ပြောပါတယ်။ အင်းလေးဒေသအတွင်းက အင်းတိန် ညောင်အုပ် ကျောင်းထိုင်ဆရာတော် အပါအဝင် အရှင်ဖမ်းမိ PDF ၄ ဦး၊ ကျဆုံး PDF ၄ ဦးအပြင် PDF နဲ့ ပတ်သက် တယ်လို့ စွပ်စွဲကာ အမျိုးသား ၁ ဦး၊ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးထားတယ်လို့ ဇန်နဝါရီ ၇ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဘက်ကတော့ သတင်းထုတ်ပြန်တာ မတွေ့ ရသေးပါဘူး။ https://burmese.dvb.no/archives/573311
၁၅။ အလှူရှင်ထောက်ပံ့မှုမရရှိတဲ့ စစ်ရှောင်တချို့ နေ့စားခနဲ့ စားဝတ်နေရေး ဖြေရှင်းနေကြရ
January 11, 2023
စစ်ရှောင်စခန်းအတွင်း နေထိုင်တာမဟုတ်ဘဲ နီးစပ်ရာဆွေမျိုး ကျေးရွာတွေမှာ ခိုလှုံနေထိုင်ကြတဲ့ ဒီးမော့ဆိုအနောက် ခြမ်းက စစ်ရှောင်တွေဆီ အလှူရှင်မရောက်တာ နှစ်လကျော်သွားပြီ ဖြစ်တဲ့အတွက် နေ့စားလိုက်ပြီး စားဝတ်နေရေးကို ရုန်းကန် ဖြေရှင်းနေကြတယ်လို့ စစ်ရှောင်ပြည်သူတွေက ပြောပါတယ်။ နေ့စားငှားတဲ့ မည်သည့်အလုပ်ကိုမဆို သွားရောက်လုပ်ကိုင်ပြီး တချို့ရက်တွေမှာ ပိုက်ဆံရပေမယ့် တချို့ရက်တွေမှာတော့ ဆန်အဖြစ် နေ့စားခ ရကြတယ်လို့ စစ်ရှောင်အမျိုးသားတစ်ဦးက ပြောပါတယ်။ “သူများအငှားလိုက်တယ် အဲ့မျိုးပေါ့ သူများစပါးခေါ်ရိတ်တယ်ဆိုလဲ တစ်ရက် (၅၀၀၀) ဆိုလဲ ကျွန်တော်တို့ လိုက် ရတယ်ပေါ့ အဲ့လိုမျိုးပေါ့။ တကယ်လို့ တချို့ဆိုလဲ တစ်ရက်(၆၀၀၀)ဆိုလဲ အဲ့လိုမျိုးလဲလိုက်ရတယ်ပေါ့။ လူများခေါ်သလောက်ပဲ ကျွန်တော်တို့လဲလိုက်ရတယ်ပေါ့နော်။ ကျွန်တော်တို့လဲ အလုပ်မှမရှိဘူးကော ဘယ်လောက်ပဲပေးပေး ကျွန်တော်တို့ကလိုက်ရ တယ်ပေါ့။ သဘော တချို့ဆိုလဲ ဆန် (၁၀) ဘူး ဆိုလဲ လုပ်ရတာပဲ။ ဆန်နဲ့ပေးရင်လဲလုပ်ရတာပဲ ဒီပိုက်ဆံနဲ့ပေးရင်လဲ လုပ်ရတယ်ပဲ ပေါ့နော်။ အဓိက ကျွန်တော်တို့စားဝတ်နေရေး အဲ့လိုမျိုးတစ်ခုပဲပေါ့” လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။
အလှူရှင်မရောက်ရှိတာကြောင့် နေ့စားလိုက်ပြီး တစ်နိုင်တစ်ပိုင်စားဝတ်နေရေးကို ဖြေရှင်းနေကြရတာပါ။ အခြေခံစား သောက်ကုန်တွေလည်း မြင့်တက်လာတာကြောင့် ချွေတာစားသုံးနေရတယ်လို့ စစ်ရှောင်မိသားစုတွေက ပြောကြပါတယ်။ “ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့အတွက်တော့ စားဝတ်နေရေးကတော့ လုံလောက်မှုတော့ လောက်တာမလောက်ဆိုတာ ထက် ကျွန်တော်တို့ကတော့ ဆင်ခြင်ပြီး စားရတယ်ပေါ့နော်။ အိမ်မှာနေလိုမျိုးနဲ့မှ မတူတာကောနော်။ အဲ့လိုမျိုးပေါ့။ ကိုယ်အိမ်နဲ့ ကိုယ်နေလိုမျိုးမတူတဲ့ခါကျတော့ ကိုယ့်ကိုထိန်းပြီးတော့စားရတယ်ပေါ့။”လို့ စစ်ရှောင်တစ်ဦးကဆိုပါတယ်။ ကရင်နီပြည် အတွင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒေသခံနှစ်သိန်းဝန်းကျင်ဟာ စစ်ဘေးရှောင်ခဲ့ရပြီး လက်ရှိအချိန်ထိ နေရပ်ပြန်နိုင်ခြင်း မရှိသေးပါဘူး။ စစ်ဘေးရှောင်ကာလ တစ်နှစ်ကျော်အတွင်း အလှူရှင်ရဲ့ ထောက်ပံ့မှုကို အားထားမှီခိုနေကြရတာ ဖြစ်ပါတယ်။ လက်ရှိမှာ ဆောင်းရာသီကာလဖြစ်တာကြောင့် အခြေခံစားသောက်ကုန်အပြင် စောင်၊ အနွေးထည်တွေလည်း လိုအပ်မှုရှိနေဆဲ လို့ စစ်ရှောင်အရေးကူညီ ဆောင်ရွက်သူတွေက ပြောပါတယ်။ https://www.kantarawaddytimes.org/%e1%80%a1%e1 %80%9c%e1%80%be%e1%80%b0%e1%80%9b%e1%80
၁၆။ စိန်ဖူးရွာ(ဒုံသဲင်စိန်း) ရတနာစိန်ကျောင်းတိုက်နေ ကပ္ပိယအား ဓားပြတိုက်ခံရ
January 13, 2023
ရှမ်းပြည်တောင်ပိုင်း ကျောက်တစ်လုံးကြီးမြိုနယ် နောင်ကားကျေးရွာအုပ်စု စိန်ဖူးရွာ(ဒုံသဲင်စိန်း) ရတနာစိန် ကျောင်း တိုက်နေ ကပ္ပိယကို အမည်မသိလူတစ်ဦးက ဓားနှင့်ထောက်ပြီး ဓားပြတိုက်မှု ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့မနက် ၁၀ နာရီဝန်းကျင်အချိန်တွင် ဘောင်းဘီအမဲ၊ သရေအကျီဝတ်ပြီး ဆိုင်ကယ်ဦးထုပ်ဆောင်းထားသော လူတစ်ဦးသည် ဆိုင်ကယ်ဖြင့် ရတနာစိန်ကျောင်းတိုက်သို့ ရောက်လာပြီး ထို့နောက် ဆွမ်းစားဆောင်သို့သွားကာ တစ်ယောက် တည်းရှိနေသည့် ကျောင်းကပ္ပိယအားဓားဖြင့်ထောက်၍ ဖုန်းလေးလုံးယူသွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ” ကျောင်း ပရဝုဏ်ထဲမှာတော့လူများတယ်၊ ထမင်းစားဆောင်ထဲမှာ ကပ္ပိယတစ်ယောက်ပဲရှိတာ သူဓားနဲ့ ထောက်တော့ ကပ္ပိယက မအော် ရဲဘူး ဖုန်းလေးလုံးယူးပြီး သူဆိုင်ကယ်နဲ့မောင်းပြေးသွားတယ် ဓားပြတိုက်သူက ပအိုဝ်းဘဲ “ဟု ၄င်းကပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီ ၄ ရက်နေ့တွင်လည်း ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာစျေးရှိ ရွှေနဒီ ရွှေဆိုင်သည်လည်း ဓာပြ တိုက်မှုဖြစ်ပွားရာ ရွှေ ၄၀ ကျပ်သားပါသွားခဲ့ပြီး ဓာပြတိုက်သူကို ရဲစခန်းနှင့် PNO ပြည်သူစစ်တို့ စုံစမ်းစစ်ဆေးမှု ပြုလုပ်သော် လည်း ယခုထိ ဖမ်းမိနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ၂၀၂၂ ခှနှစ် ဒီဇင်ဘာလတွင်လည်း ဆီဆိုင်-တောင်ကြီးကား လမ်းပေါ် ကုန်တင်ကားကို တောင်ကြီးအပြန်ဓားပြတိုက်ခံရပြီး ငွေ ၂၂ သိန်း၊ ဖုန်းနှစ်လုံး၊ မှတ်ပုံတင်နှစ်ခု နှင့်ကားလိုင်စင်တို့ ပါသွားခဲ့ ကြောင်း၊ ယင်းအမှုတွင်လည်း တာဝန်ရှိသူများက တာဝန်ယူဖြေရှင်း ပေးနိုင်ခြင်းမရှိသေးကြောင်း သိရသည်။ https://www.fac ebook.com/KhamSarNgor/photos/a.613923735444219/2247751725394737/
၁၇။ ကျောက်ဖြူတွင် ငါးဖမ်းသင်္ဘော မီးလောင်ပေါက်ကွဲ၊ ၅ ဦးဒဏ်ရာရပြီး ၂ ဦး ပျောက်ဆုံးနေ
January 13, 2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့က မာန်အောင်တိုက်ကျွန်းအနီးမှာ ဇန်နဝါရီ ၁၀ ရက်က ငါးဖမ်းသင်္ဘောတစီး အင်ဂျင်မီး လောင်ပေါက်ကွဲပြီး နစ်မြုပ်ခဲ့လို့ သင်္ဘောသား ၅ ဦး ဒဏ်ရာ ရရှိပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ကျောက်ဖြူဒေသခံ တွေက အတည်ပြု ပြောပါတယ်။ “သင်္ဘောက စက်အင်ဂျင် မီးလောင်ပေါက်ကွဲပြီး နစ်မြုပ်သွားတာ။ ပျောက်ဆုံးနေ သူက ၂ ဦး ရှိနေ တယ်။ ဒီနေ့အထိ ရှာမရသေးဘူး။ သေဆုံးသွားလား၊ မဟုတ်ဘဲ နောက်နေရာတခုကို ရောက်သွား သလားတော့ မပြောနိုင်သေး ဘူး။ သင်္ဘောသား ၅ ဦးကတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြတယ်လို့ သိရတယ်ဗျ။” အဆိုပါ ငါးဖမ်းသင်္ဘောမှ ပျောက်ဆုံးနေသူ ၂ ဦးမှာ ကျောက်ဖြူမြို့ ငလပွိရပ်ကွက်မှ ကိုမောင်ရင်အောင် (၂၀ နှစ်) နဲ့ သင်္ဘောစက်ဆရာတဦးဖြစ်ပြီး စက်ဆရာရဲ့ အမည်နဲ့ နေရပ်လိပ်စာကို မသိရှိရသေးကြောင်း အဲဒီငါးဖမ်းသင်္ဘောက အလုပ်သမားတွေက ပြောပါတယ်။
ပျောက်ဆုံးနေသူတဦးဖြစ်တဲ့ ကိုမောင်ရင်အောင်ရဲ့ ဦးလေးဖြစ်သူက “အင်ဂျင်မီးလောင်နေလို့ဆိုပြီး အင်ဂျင်ခန်းက သူတို့ ၂ ဦးကို ကယ်တင်ဖို့ ဝင်သွားခဲ့သူ ၅ ဦးလုံး ဒဏ်ရာရခဲ့ကြတာပါ။ သူတို့ဝင်သွားတဲ့အချိန်မှာပဲ အင်ဂျင်က ထပေါက်တာ။ အင်ဂျင်ကွဲတာက အရမ်းပြင်းတော့ အဲဒီငါးယောက်ကို ထိသွားတာပါ၊ သူတို့ ၂ ဦးကို မကယ်နိုင်ခဲ့ ပါဘူး” လို့ ပြောပါတယ်။ အဲဒီ သင်္ဘောကနေ လွတ်မြောက်လာသူ ၃၇ ဦးဟာ ဇန်နဝါရီ ၁၁ ရက်က ကျောက်ဖြူမြို့ကို ရောက်ရှိပြီး ဇန်နဝါရီ ၁၂ ရက်နေ့အထိ ကျောက်ဖြူရဲစခန်းမှာ စစ်ဆေးမှုတွေ ခံယူနေရဆဲဖြစ်ကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ အဆိုပါ နစ်မြုပ်သွားတဲ့ ငါးဖမ်း သင်္ဘောဟာ ကျောက်ဖြူမြို့မှ “ထူးထက်အောင် ၇၂” ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ https://burmese.dvb.no/arc hives/573289
၁၈။ မိုးနဲမြို့ ရှေးဟောင်းအမွေအနှစ် စေတီ ပြန်လည်ပြုပြင်ဖို့အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေ
January 12, 2023
သျှမ်းပြည် မိုးနဲမြို့ရှိ ရှေးဟောင်းအမွေအနှစ် စေတီပြန်လည်ပြုပြင် မွမ်းမံရန် အကူအညီများ လိုအပ်နေသည့်အတွက် စေတနာရှင်များကို ဖိတ်ခေါ်နေကြောင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလမှ စတင်ကာ ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်များ ကို မြတ်နိုးသည့် ဒေသခံများစုပေါင်းကာ မိုးနဲမြို့ရှိ ဆင်တောင်မှ ဆင်ဖြူစေတီ ရှေးဟောင်းစေတီ ပြန်လည်ပြုပြင်မွမ်းမံရေးလုပ် ငန်းစဥ်များစတင်ခဲ့ပြီး လက်ရှိတွင် လူအင်အား ငွေကြေးအင်အား မလုံလောက်မှု များကြောင့် ပြုပြင်မွမ်းမံခြင်းလည်း မပြီးသေး ကြောင်းသိရသည်။ “ဒီ ဆင်တောင်က ဆင်ဖြူစေတီဟာဆိုရင် မိုးနဲမြို့ရဲ့ အသက်လို့တောင် ပြောလို့ရတယ်၊ တတိယ မိုးနဲ စတင် တည်ထောင်ကတည်းက ဒီစေတီလည်း ပါလာတာပဲ၊ အခုဆို နှစ်ပေါင်း ၇၀၀ ကျော်ရှိနေပြီပေါ့၊ အခု စေတီရဲ့ အခြေအနေက ခု ထားတဲ့တောင်ကတဖြေးဖြေး မြေပြိုကျလာလို့ အပေါ်က စေတီလည်း ယိုင်လာတယ်၊ ဒါကြောင့် ဒီတောင်မြေပြိုတာကို ထိန်းဖို့ အတွက်နဲ့ စေတီကို ပြုပြင်ဖို့အတွက် အကူအညီတွေ လိုအပ်ပါတယ်” ဟု မိုးနဲမြို့မှ ရှေးဟောင်းအမွေအနှစ် ချစ်မြတ်နိုးသူ စိုင်းမောင်ကြီး က ပြောသည်။ မိုးနဲမြို့ ဆင်တောင်မှ ဆင်ဖြူစေတီသည် သမိုင်းဝင် ရှေးဟောင်းယဥ်ကျေးမှု အမွေအနှစ်ဖြစ်နေ ပြီး လက်ရှိတွင် ရှေးဟောင်းပစ္စည်းပြန်လည်ပြုပြင်မွမ်းမံရေးအတွက် ကျွမ်းကျင်သည့် ပညာရှင် အင်ဂျင်နီယာများက ပြန်လည် ပြုပြင်မွမ်းမံခြင်းအတွက် ခန့်မှန်းခြေ ကျပ်သိန်းနှစ်ထောင် (၂,၀၀၀) နီးပါး ကျသင့်မည်ဟု ပြောဆိုထားကြောင်းလည်းသိရသည်။
အဆိုပါ ဆင်တောင် နှင့် ဆင်ဖြူစေတီသည် AD 1364 ၊ မိုးနဲ တတိယ အဆက်တည်ထောင်ချိန် သတိုးမင်းဖျားမှ အင်းဝ ပြည်ထောင်ကို တည်ထောင်ချိန်တွင် စတင်တည်ထားကိုးကွယ်ခဲ့သည့်အတွက် နှစ်ပေါင်း ၇၀၀ ကျော်ရှိသည့် သမိုင်းဝင် ရှေး ဟောင်း အမွေအနှစ်ဖြစ်ကြောင်းလည်း ရှေးဟောင်းအမွေအနှစ်ချစ်ခင် မြတ်နိုး လေ့လာသူ စိုင်းမောင်ကြီးက ဆက်ပြောဆိုထား သည်။ “လက်ရှိဒီသမိုင်းဝင်ရှေးဟောင်းအမွေအနှစ် စေတီကပြိုကျခါနီး၊ စောင်းနေပြီဖြစ်လို့ ပြန်လည်ပြုပြင်ဖို့အတွက် လုပ်ဆောင်ရတာ ဖြစ်ပါတယ်၊ တကယ်လို့ မြေငလျင် တစ်ခုဖြတ်သွားရင်လည်း ပြိုကျသွားမယ့် အခြေအနေထိ တောင်ခြေက စောင်းနေပြီ၊ ကျနော်တို့ သျှမ်းရိုးရာ သမိုင်းဝင်အမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ ဒီစေတီပြုပြင်မွမ်းမံရေးကို ပါဝင် ကူညီပေးကြပါလို့ ပြောချင်ပါတယ်” ဟု စိုင်းမောင်ကြီး ကပြောသည်။ လက်ရှိအချိန်တွင်လည်း မိုးနဲမြို့မှ ဒေသခံပြည်သူ လူကြီး လူငယ်အရွယ်ပေါင်းစုံတို့မှ စေတီပြုပြင်ရေးတွင် ပါဝင်ကူညီလုပ်ဆောင်နေကြကြောင်းလည်းသိရသည်။ ရှေးဟောင်းစေတီ အမွေအနှစ် ပြုပြင်မွမ်းမံရေးအတွက် ပါဝင်ကူညီပေးလိုသည့် စေတနာရှင်များအနေဖြင့် ရိက္ခာဖြစ်စေ၊ ငွေကြေးဖြစ်စေ၊ လူအင် အား ဖြစ်စေ၊ ဉာဏ်အားဖြစ်စေ ပါဝင်ကူညီ ပေးနိုင်သည့်အကြောင်းလည်း ပြောဆိုထားသည်။ https://www.facebook.com/s hannewsburmese/photos/pcb.5829732247119170/5829731853785876/
၁၉။ ဓါတ်အားလိုင်းတည်ဆောက်စဉ် မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့ မီးပြတ်တောက်မည်
January 12, 2023
မြစ်ကြီးနားမြို့ နန်ကျင် ဖီဒါ နှင့် တပ်ကုန်း (၂) ဖီဒါ 11 KV ဓါတ်အားဝန်မျှရန် ဓါတ်အားလိုင်းတည်ဆောက်မည်ဖြစ် သောကြောင့် မြို့ပေါ် ရပ်ကွက်အချို့တွင် မီးပြတ်တောက်မှု ဖြစ်ပွားမည်ဟု ဘူးဂါးလျှပ်စစ် ဓာတ်အားပေးလုပ်ငန်းမှ သိရသည်။ အဆိုပါ ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၁၂ ရက်နေ့မှ စတင်ကာ ၄ ရက်ခန့် ကြာမြှင့်နိုင်ပြီး၊ ထိုကာလ တွင် ဓာတ်အားလိုင်းကို မနက် ၁၀ နာရီမှ ညနေ ၃ နာရီအထိ ဖြတ်တောက်ထားမည်ဟု ဘူးဂါး လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ကျနော်တို့ ဓါတ်အားလိုင်းအသစ် ဆွဲတာပါ အဟောင်းကိုအသစ် ပြန်ပြောင်းတာပေါ့ ခွဲရုံတွေ ကနေ မီးပေးရတာ အဆင်ပြေအောင် ဆောင်ရွက်တာပါ။ ၄ ရက်ခန့်တော့ကြာမြှင့်နိုင်ပါတယ် အလုပ်လုပ်နေတဲ့ နေ့လည်ပိုင်း လောက်ကို မီးဖြတ်ထားမှာပါ။ ညပိုင်းမှာတော့ မီးပြန်ပေးမှာပါ” ဟု ဆိုသည်။
ထို့ကြောင့် နန်ကျင်ဖီဒါ နှင့် တပ်ကုန်း(၂) ဖီဒါတွင်ပါဝင်သော ရပ်ကွက်များဖြစ်သည့် ထီဝန်း၊ မန်ခိန်၊ ရွှေစက်၊ ကဝါးခ၊ ပလန၊ ၁၀မိုင်၊ နောင်နန်း၊ လမြန်၊ အူဗျစ်၊ အာလမ်၊ ဒွန်ဂမ်၊ လုံဂါဂွမ်၊ ဂေါ့နမ်၊ ယိန်းခေါ၊ မော်တောင်း၊ သဇင်မြိုင်၊ ပိတောက်မြိုင်၊ ယုဇနမြိုင်၊ ကံ့ကော်မြိုင်၊ အင်ကြင်းမြိုင်၊ နန်ကျင်၊ ကြာရာပတ္တီး A B စသည့် ရပ်ကွက်များတွင် ဓါတ်အားလိုင်း တည်ဆောက်ခြင်း လုပ်ငန်းဆောက်ရွက်နေစဉ် မီးပြတ်တောက်မည်ဖြစ်ကြောင်းသိရသည်။ https://burmese.kachinnews.com/2023/01/12/a
၂၀။ ချင်းတောင်ပေါ်ဒေသထွက်ထောပတ်သီးများ အရင်နှစ်ထက်ဈေးကောင်း
January 12, 2023
ချင်းပြည်နယ် ဒေသထွက် ထောပတ်သီးတွေဟာ ဒီနှစ်မှာ တစ်ပိဿာ တစ်ထောင်ကျပ်နဲ့ဖောက်သည်ရောင်းချနိုင်လို့ အရင်နှစ်ကထက် ၂၀၀ ကျပ်ဈေးမြင့်တယ်လို့သိရတယ်။ ဖလမ်းက ထောပတ်သီး အဓိက ဖောက်သည်ပေးသူက “ထောပတ်သီး ကို တစ်ပိဿာ ၁၀၀၀ကျပ်ဈေးနဲ့ ကလေးထိ ပို့တယ်။ တစ်အိတ်ကို ပိဿာ ၂၀ ကျော် ဆန့်တယ်။ တစ်ပင်မှာ အနည်းဆုံး မရဘူး ဆိုရင်တောင် ပိဿာ ၁၀၀ ကျော်လောက်ရှိတယ်။ ကလေးဖက်ကို ပို့တယ် ဟိုဖက်က ဖောက်သည်တွေက တန်ဆာခ တာဝန်ယူ ရှင်းပေးတယ် ”လို့ ပြောပါတယ် ထောပတ်သီးဟာရာသီဥတု အေးတဲ့ တောင်ပေါ်ဒေသတွေမှာ တော်တော်ဖြစ်ထွန်းပြီး စီးပွားရှာ ကောင်းတဲ့ နှစ်ရှည်ပင် ဖြစ်သောကြောင့်တောင်ပေါ် ဒေသတွေ အဓိက စိုက်ပျိူး ကြပါတယ်။ “ ထောပတ် ပင်ဆယ်ပင်လောက် ရှိရင် အေးဆေးပဲ။ သားသမီးတွေ မလုပ်ကျွေးရင်တောင် ထောပတ်သီးတွေကပဲ ပိုက်ဆံရှာပေးနေတာ ” လို့ ထောပတ်သီး အဓိက စိုက်ပျိူးစီးပွားရှာတဲ့ ဒေသခံတစ်ဦမှ အရွန်းဖောက် ရင်ဖွင့်လာပါတယ်။ ထောပတ်သီးဟာ အလုံးကြီးရင် တစ်ပိဿာမှာ ၂လုံး အလုံးငယ်ရင် တစ်ပိဿာမှာ ၃ လုံးရှိပါတယ်။ https://www.facebook.com/zalen.info/photos/a.1735229460031251 /3530455460508633/
၂၁။ လေကြောင်းပိုင်နက်ကျူးကျော်တဲ့ စစ်ကောင်စီကိုတားဆီးဖို့ အိန္ဒိယကို Fortify Rights တိုက်တွန်း
January 12, 2023
မြန်မာစစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ အိန္ဒိယလေပိုင်နက်ထဲ မဝင်နိုင်အောင် တားဆီးပြီးနယ်စပ်က အိန္ဒိယ အရပ် သားတွေနဲ့ ချင်းတိုင်းရင်းသားတွေကို အကာအကွယ်ပေးဖို့ အိန္ဒိယအစိုးရကို Fortify Rights လူ့အခွင့်အရေးအဖွဲ့က တိုက်တွန်း လိုက်ပါတယ်။ ဇန်နဝါရီလ ၁၀ ရက်နဲ့ ၁၁ ရက်နေ့တွေမှာ အိန္ဒိယ-မြန်မာနယ်စပ်က ချင်းအမျိုးသားတပ်ဦး (CNF) ဗဟိုဌာနချုပ် ကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် လူနေအိမ်သုံးလုံးနဲ့ ဆေးကုသ ဆောင်တစ်ဆောင်ထိခိုက်ပျက်စီးပြီး အမျိုးသမီးနှစ်ဦး အပါအဝင် CNF တပ်ဖွဲ့ဝင် ငါးဦး သေဆုံးခဲ့ပါတယ်။ အလားတူပဲ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်၊ ကျန်ဖိုင်ခရိုင် ဖာကော်ကျေးရွာ အနီးမှာလည်း စစ်ကောင်စီက ဗုံးနှစ်လုံးကြဲချခဲ့ကြောင်း သတင်းရရှိ ထားတယ်လို့ Fortify Rights အဖွဲ့ကပြောပါတယ်။ အခုလို အိန္ဒိယလေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ပြီး အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်တဲ့အပေါ် အိန္ဒိယအစိုးရအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူဆောင်ရွက်သင့်တယ်လို့ Fortify Rights အဖွဲ့ ရဲ့ အမှုဆောင်အရာရှိချုပ် Matthew Smith က ပြောပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ပိုင်နက်အတွင်းကို စစ်ကောင်စီလေတပ်က ဒုံးကျည်နှစ်စင်း ပစ်ခတ်ခဲ့ ကြောင်း၊ ၂၀၂၂ ခုနှစ် ဇွန်လ ၃၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ပုပ်ဖရာ့မြို့နယ် ထိုင်းလေပိုင်နက်ထဲ ကို စစ်ကောင်စီရဲ့ MiG-29 တိုက်လေယာဉ်တစီး ကျူးကျော်ဝင်ရောက်ခဲ့ကြောင်း Fortify Rights အဖွဲ့ရဲ့ ထုတ်ပြန် ချက်မှာ ဖော်ပြ ထားပါတယ်။ စစ်ကောင်စီက အရပ်သားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့အတွက် ချင်းပြည်နယ်က ဒေသခံသောင်း နဲ့ချီပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။ အခုလို အိန္ဒိယလေပိုင်နက် ကိုအသုံးချပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေတာကို တားဆီးဖို့၊ စစ်ကောင်စီကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေ ကို အရေးယူနိုင်အောင် ပါဝင်ကူညီဖို့လည်း အိန္ဒိယအစိုးရကို Fortify Rights အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။ https://www.fa cebook.com/rfaburmese/photos/pcb.10162363456288128/10162363452453128/
၂၂။ ရွှေညောင်မြို့ လင်မယား နှစ်ဦး အိမ်ထောင်ရေး ပြဿနာတက် ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ခုတ်သတ်
January 11, 2023
သျှမ်းပြည် ရွှေညောင်မြို့ အောင်သပြေဂိတ်အနီးရှိ ဆည်မြောင်းဝန်ထမ်းအိမ်ရာလိုင်းခန်းတွင် လင်မယားနှစ်ဦး အိမ်ထောင်ရေး ပြဿနာတက်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးကို ဓားဖြင့် ထိုးသတ်မှုဖြစ်ပွား ခဲ့ကြောင်းသိရသည်။ ဇန်နဝါရီ ၉ ရက် ညနေ ၉ နာရီဝန်းကျင်တွင် ရွှေညောင်မြို့ ဆည်မြောင်းဝန်းထမ်း အိမ်ရာလိုင်းခန်းတွင် နေထိုင်သည့် လင်မယား နှစ်ဦးသည် စကားများ ရန်ဖြစ်ပွားရာမှ ခင်ပွန်းဖြစ်သူ ကိုစည်သူသည် ၎င်း၏ ဇနီးကို ဓားဖြင့်အကြိမ်ပေါင်း ၉ ကြိမ် ထိုးသတ်မှုဖြစ်ပွားခဲ့ ကြောင်း ရွှေညောင်မြို့ဒေသခံ အသက် ၃၆ နှစ် အမျိုးသမီးတစ်ဦးကပြောသည်။ “သူတို့ လင်မယားနှစ်ဦးက ဆည်မြောင်း ဝန်ထမ်းအိမ်ရာလိုင်းခန်းမှာနေတာ။ သူတို့ လင်မယား စကားများရန်ဖြစ်တဲ့ချိန်မှာ ဘေးပတ်ဝန်းကျင်ကို အနှောက်အယှက်ဖြစ် မှာကို ကြောက်လို့ထင်တယ်။ အိမ်ပြင်ထွက်ပြီး စကားများကြတာ။ စကားများ ရန်ဖြစ်ရင်းနဲ့ ကိုစည်သူက လက်လွန် ပြီး သူ့မိန်းမ ကို ဓားနဲ့ထိုးသတ်လိုက်တယ်။ သူ့မိန်းမကို သတ်ပြီးတော့ မှ သူလည်း စိတ္တစ ဖြစ်သွားတာလား မပြောတတ်ဘူး။ သူ့ကိုယ်သူ ဓားနဲ့ ပြန်ထိုးသတ် သေးတယ်“ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။
ဓားဖြင့် အကြိမ်ပေါင်း ၉ ကြိမ်ထိ ထိုးခံရသောကြောင့် အသက် ၂၃ နှစ်အရွယ်ရှိ မမြတ်နိုးမှာ ပွဲချင်းပြီးသေဆုံးသွားခဲ့ပြီး၊ အသက် ၂၇ နှစ် ကိုစည်သူ သည် ဓားဒဏ်ရာ ၃ ချက်ဖြင့် တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။ အဆိုပါ ခင်ပွန်းဖြစ်သူ ကိုစည်သူသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ သုံးစွဲခဲ့ဖူးကြောင်း မူးယစ်ဆေးဝါးကြောင့် ဇနီး ဖြစ်သူကို ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း သိရသည်။ https://burmese.shannews.org/archives/32477
၂၃။ ဖားကန့်တွင် စစ်ကောင်စီတပ်က ညဘက် စစ်ဆေးရေး ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးမှုများလည်း ရှိနေ
January 13, 2023
ဖားကန့်မြို့ပေါ် နှင့် လုံးခင်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများက ညဘက် လမ်းသွား လမ်းလာများကို စစ်ဆေးမှု ပိုမိုပြုလုပ်လာနေပြီး ဖမ်းဆီးခံရမှုများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။ ယခုလ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စတင်ကာ ညစဥ် လမ်းသွားလမ်းလာ ပြည်သူများကို ရပ်တန့်စစ်ဆေးခြင်း၊ သံသယရှိပါက ဖမ်းဆီးမှုများ ပါ ပြုလုပ်နေကြောင်း လုံးခင်းကျေးရွာနေ အမျိုးသားတစ်ဦးက ပြောသည်။ ”ဒီရက်ပိုင်းတွေမှာ ဒီကောင်တွေ လှုပ်ရှားမှု ခပ်စိပ်စိပ်ရှိနေတယ်။ ဟိုနား စစ်ဆေးဒီနားစစ်ဆေး အဲ့လိုတွေလုပ်နေတာ။ ညအပြင်တောင် မထွက်ရဲဘူး မနေ့ညကလည်း ကိုးနာရီလောက်မှာ လုံးခင်းဆေးရုံ ကုန်းအဆင်းနားမှာ ကားသုံးစီးဖမ်းသွားတယ်။ ဘယ်သူဝယ်ဝါ ကားဆိုတာတော့ စုံစမ်းနေတုန်းညကြီးဆိုတော့ မမြင်ရဘူး။ ဖမ်းသွားတာပဲ သိတယ်။ သူတို့နားလည်း ကပ်လို့ မရဘူးလေ”ဟု ပြောသည်။
စစ်ကောင်စီက ည ၉ နာရီနောက်ပိုင်း စစ်ဆေးလျက်ရှိပြီး အရပ်ဝတ်စုံ၊ စစ်ဝတ်စုံများဖြင့် စစ်ကားများအသုံးပြုကာ လှည့်လည် လှုပ်ရှားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။ ”သူတို့ အဲ့လိုကားတွေနဲ့လှည့်နေတာ အင်အား ၄၀ ကျော် ၅၀ လောက်နဲ့လှည့်တယ်။ သူတို့က အနိုင်ကျင့်တဲ့ပုံစံပေါ့ဗျာ ခပ်စိပ်စိပ်လုပ်လာတယ်။ လူတွေ့ရင် ဖုန်းတွေစစ် ဘာတွေစစ် ရမန် ရှာလို့ရရင်သူတို့ခေါ်သွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီသည် ဇန်နဝါရီလ ၁၁ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်ရှိ Happy KTV ကိုဝင်စီးပြီး ဆိုင်အတွင်းမှ ဝန်ထမ်းများ၏ လက်ကိုင်ဖုန်းများလုယူခြင်း၊ ဆိုင်မှ ငွေသား များလုယူခြင်း ပြည်သူများကို အကြောင်းမဲ့ရိုက်နက်ခြင်းများ ပြုလုပ်ပြီး မနက်ပိုင်းအထိ သီးချင်းသီဆိုခြင်း စသည့် အနိုင်ထက် စီးနင်း လုပ်ရပ်များ လုပ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ https://burmese.kachinnews.com/2023/01/13/a z1-109/
၂၄။ အိမ်သုံးဆေးဝါးလမ်းကြုံယူလာသည့် လူငယ်အား စစ်ကောင်းစီတပ်က ရိုက်နှက်ပြီး ဆေးဝါးနှင့် ငွေသားများကို သိမ်းယူသွား
January 12, 2023
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အနီးတွင် ပြီးခဲ့သည့်ရက်ပိုင်းက အိမ်သုံးဆေးဝါးအတွက် လမ်းကြုံ ယူဆောင် လာ ပေးသည့် ဒေသခံ လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က သွေးထွက်သံယိုအထိ ရိုက်နှက်ပြီး ဆေးဝါးနှင့် ငွေသား များကို သိမ်းယူ သွားခဲ့သည်ဟု သိရသည်။ ကြားအင်းဆိပ်ကြီးမြို့မှအပြန် အိမ်သုံးဆေးဝါးအတွက် လမ်းကြုံယူဆောင် လာပေးသည့် ၎င်းလူငယ် အား မြို့အထွက် ၃ တိုင်ကျေးရွာထိပ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ၂၈၃ ဂိတ်အလွန်တွင် စစ်ကောင်စီတပ်များက တားဆီး စစ်ဆေးစဉ် ဆေးထုပ်တွေ့ရှိသည့်အတွက် စစ်အာဏာရှင်ကိုတော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့များအား ပံ့ပိုးသည့် ဆေးဝါး ဟုစွပ်စွဲကာ ရိုက်နှက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရိုက်နှက်ခံရ သူကပြောသည်။ ရိုက်နှက်ခံရသူ လူငယ်က “ကျနော်တို့ ပြန်လာတော့ ဂိတ်လွန်ခါနီးပြီး သူတို့ပြန်ခေါ်ပြီးစစ်တာ ဆေးထုပ်တစ် ထုပ်တွေ့တော့ ကော်သူးလေဆေးခန်းကို ထောက်ပံ့ပေး တဲ့ ဆေးလာဆိုပြီးပြောတယ်။ ရွာက ဆေးဆရာမက ကြာအင်းဆိပ်ကြီးမှာ သွားဝယ်ထားတဲ့ဆေးကို လမ်းကြုံယူသွားပေးတာပဲ ပြောလည်းမရဘူး။ ကျနော့်ကို စစ်မေးတယ်၊ အဲဒီမှာ သေနတ်နဲ့ ကျနော့်ခေါင်းကိုရိုက်တော့ သွေးထွက်ပြီး လမ်းဘေးနားက ဆိုင်ထဲကို ပြန်ခေါ်ပြီးပြန်စစ်တယ်။ ကျနော့်ကို ၁ နာရီနီးပါးကြာစစ်ပြီး ပြန်လွှတ်တယ်”ဟု ပြောသည်။
ကြာအင်းဆိပ်ကြီးမြို့အနီးရှိ ကျေးရွာတစ်ရွာမှ ဆေးဆရာမတစ်ဦး၏ ဆေးဝါးကိုလမ်းကြုံသယ်ဆောင်လာပေးသည့် အဆိုပါလူငယ်အား စစ်ကောင်စီတပ်က ပြင်းထန်စွာရိုက်နှက်သည့်အပြင် ထိုလူငယ့်ထံမှဆေးဝါးအချို့နှင့် ငွေသား ၂၂၅,၀၀၀ ကျပ်ကိုလည်း အတင်းအဓမ္မသိမ်းယူခဲ့သည်ဟုလည်း ထိုလူငယ်ကဆက်ပြောသည်။ အဆိုပါ ရိုက်နှက်မှု ပြုလုပ်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကြာအင်းဆိပ်ကြီးမြို့ရှိ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့သည့် နောက်ပိုင်းမှ ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များဖြစ်ပြီး ကြာအင်းဆိပ်ကြီးမြို့ပြင်နေရာများတွင် လုံခြုံရေးလမ်းကင်းချကာ သွားလာနေသည့်ပြည်သူများအားပုံမှန် စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီ တပ် လုပ်ဆောင်ချက်အပေါ် ကရင်လူ့အခွင့်အရေး အဖွဲ့-KHRG ပြောခွင့်ရ စောနန္ဒဆူးက “လက်နက်ကိုင်ပဋိပက္ခ ဖြစ်တိုင်း လူထုတွေကတော့ အမြဲပဲဆေးကုသမှုအခွင့် အရေးတွေ ထိခိုက်တယ်။ လွတ်လွတ်လပ်လပ် သွားလာတဲ့ အခွင့်အရေးလည်းဆုံးရှုံးတယ်။ ဒီလို ဆေးသယ်လာတာကို ကော်သူးလေ ကို ထောက်ပံ့တယ်ဆိုပြီး ရိုက်နှက်မှု လုပ်တာတွေဟာ လူထုတွေကို သက်သက်အနိုင်ကျင့်တာဖြစ်တယ်”ဟု ပြော သည်။ ကျေးလက်ဒေသရှိ ကျေးရွာများ သည် ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးသည့်အတွက် ဒေသခံအများစုမှာ ကျေးရွာရှိ ဆေးကုသပေးနေ သည့် ကျေးလက်ကျန်းမာရေးလုပ်သား ဆေးဆရာ၊ ဆရာမများနှင့်သာ ဆေးကုသမှုခံယူလျက်ရှိရာ အဆိုပါ အသုံးပြုသည့် ဆေးဝါးများကို နီးစပ်ရာမြို့ရှိ ဆေးဆိုင်များတွင် သွားရောက်ဝယ်ယူနေကြရသည်ဟု သိရသည်။ https://kicnews.org/2023 /01/%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%9e%e1%80%af%e1%
၂၅။ ဗန်းမော်တွင် ဘိလပ်မြေသယ်ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ
January 13, 2023
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်မှာ ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းက ဘိလပ်မြေသယ် မော်တော်ယာဉ်တစီး တိမ်း မှောက်ပြီး အမျိုးသမီးနှစ်ဦး သေဆုံးကာ သုံးဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။ ဘိလပ်မြေတင်ဆောင် လာတဲ့ တုန်ဖုန်း (ဒေသအခေါ်) မော်တော်ယာဉ်ဟာ ၃ မိုင် မြို့ရှောင်ပတ်လမ်းမှာ တိမ်းမှောက်ခဲ့ပြီး အသက် ၅၀ ခန့်နဲ့ အသက် ၂၀ ခန့် အမျိုးသမီး နှစ်ဦး သေဆုံးကာ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာ ပြင်းထန်တဲ့အတွက် ဗန်းမော်ပြည်သူ့ဆေးရုံမှာ ဆေးကုသ ပေးထားတယ်လို့ ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဒေသခံတွေဆီက သိရပါတယ်။ ပရဟိတ ဆောင်ရွက်ပေးသူတဦးက “ဗန်းမော် က နေ ဘိလပ်မြေတင်လာတဲ့ တုန်ဖုန်းကား ၃ မိုင်မြို့ရှောင်ပတ်လမ်းမှာ အရှိန်မထိန်းနိုင်ဘဲ မှောက်တာ။ ကားဒရိုက်ဘာကတော့ ဘာမှမဖြစ်ဘူး။ ဘိလပ်မြေအိတ်တွေပိပြီး အမျိုးသမီးနှစ်ဦး သေသွားတယ်။ သုံးဦးကတော့ ဒဏ်ရာရတယ်။ ဒဏ်ရာတွေကတော့ စိုးရိမ်ရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။ https://burmese.dvb.no/archives/573295
၂၆။ နဘုလယ်ဒေသမှာ မနေ့က ပစ်သတ်ခံရသူဟာ ပျုစောထီးမဟုတ်ဘူးလို့ ဒေသခံတွေပြော
January 12, 2023
ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာ ပစ်သတ်ခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးစိုးသိန်းဟာ ပျူစောထီးမဟုတ်ဘူး လို့ ဒေသခံတွေကဆိုပါတယ်။ မနေ့က ညနေ ၃ နာရီခွဲအချိန်မှာ လဲရှောင်ကျေးရွာက ဦးစိုးသိန်း ဟာ ရွာထဲက ဘိလိယက်ခုံ တစ်ခုမှာ ပစ်သတ်ခံခဲ့ရတာဖြစ်ပြီး သူဟာ စစ်ကောင်စီကတာဝန်ပေးထားတဲ့ပျူစောထီးဖြစ်တဲ့အတွက် ရှင်းလင်းခဲ့တယ်လို့ T.PDF က ထုတ်ပြန်ခဲ့ပါတယ်။ နဘုလယ်ဒေသခံတွေကတော့ အဲဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဦးစိုးသိန်း ဟာ ပျူစောထီးမဟုတ်ဘူးလို့ ငြင်းဆိုကြပါတယ်။ ” သူက ဒလန်တို့ ပျူစောထီးတို့မဟုတ်ပါဘူး။ ဒီဒေသမှာ အကုန်သိနေကြတာပါပဲ။ အားလုံးနဲ့အဆင်ပြေပြီး လူတွေကိုကူညီတတ်တဲ့သူပါ။ ဘာမှဒုက္ခပေးတာ လည်းမရှိပါဘူး” လို့ ဒေသခံတစ်ဦးကပြောပါတယ်။ နောက်ထပ် ပြည်သူ့ ကာကွယ်ရေးတပ်တွေနဲ့နီးစပ်တဲ့ ဒေသခံကလည်း” အခုလုပ်တဲ့အဖွဲ့ကရတဲ့သတင်းအပေါ် စိစစ်မှုမရှိတာလို့ပဲထင်တယ်။ သတင်း လာပေးတဲ့သူက ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်လည်းဖြစ်နိုင်တယ်လေ” လို့ပြောပါတယ်။
ပစ်ခတ်ခဲ့တဲ့ T PDF အဖွဲ့က ဦးစိုးသိန်းဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးတဲ့သူဖြစ်တာကို စုံစမ်းတွေ့ရှိထားတယ်လို့ တုံ့ပြန်ပြောဆိုပါတယ်။ “ကျွန်နော်တို့ စုံစမ်းသိထား သလောက်တော့ ဦးစိုးသိန်း က နိုင်ငံရေး အစဖြစ် တဲ့ အချိန်ကတည်းက ထာ၀ယ်မြို့ပေါ်မှာလည်း တော်တော်လေး ဂြိုလ်မွှေဖူးတယ်သူကြောင့်လည်း ပြေးနေရတဲ့သူတွေလည်း များပြီ။ စကစစစ်ကြောင်းတွေမှာလည်း သူကိုယ်တိုင်ပါ၀င်နေပြီး လမ်းပြပေးနေတာကို နယ်မြေခံအချို့က တိုင်ကြားထားပါ တယ်” လို့ T.PDF Page က စာနဲ့ပြန်လည်ဖြေဆိုခဲ့ပါတယ်။ ရေဖြူမြို့နယ်မှာ အရင်နှစ်က လက်သည်မပေါ်တဲ့ အငြင်းပွားဖွယ်ရာ အသတ်ခံရမှုဖြစ်စဥ်တွေရှိခဲ့ပါတယ်။ https://www.facebook.com/photo/?fbid=220711747013249&set=a.1962126827
၂၇။ မြောက်ဦးမြို့နယ်တွင် အမည်မသိ ရောဂါကြောင့် ဝက်အကောင်ရေ ၁၀၀ ကျော် သေဆုံး
January 12, 2023
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာတချို့တွင် အမည်မသိ ရောဂါကြောင့် ဝက်ပေါက်စမှစ၍ အသား စားအရွယ်အထိ ဝက်ကောင်ရေ ၁၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ မြောက်ဦးမြို့နယ် တိမ်ညို၊ ရွှေကျင်ပြင်၊ ဥက္ကံ၊ ခွဆုံ၊ တောင်မြင့်၊ စည်းမောင်း၊ ကန်စောက်၊ ပေါက်ပင်ကွင်း၊ အောက်သကန် စသည့် ကျေးရွာများမှ ရွာသားများ မွေးမြူ ထားသော ဝက်များမှာ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ကာ လက်ရှိ အချိန်ထိ သေဆုံးလျက်ရှိနေကြောင်း သိရ သည်။ တိမ်ညိုကျေးရွာမှ ဝက်မွေးမြူသူ ဦးမောင်မောင်လှိုင်က “ ကျနော့် မှာ ဝက် ၁၁ ကောင် အကုန်လုံးသေသွားတယ်။ ပထမ တော့တစ်ကောင် စဖြစ်တယ်။ အဲဒီကနေ အကုန်လုံးကို ကူးစက် ပြီးတော့ တစ်ကောင်ပြီးတစ်ကောင် သေသွားပါတယ်။ သေသွား တဲ့ဝက်တွေကိုလည်း ချောင်းထဲမှာ မျှောလိုက်တော့ အဲဒီကနေတဆင့် တခြားနေရာတွေကို ကူးစက်တာလည်း ဖြစ်နိုင်ပါတယ် ” ဟု ပြောသည်။ ဇန်နဝါရီလ ၁၂ ရက်နေ့ အထိ စာရင်းများအရ တိမ်ညိုကျေးရွာတွင် ဝက်ကောင်ရေ ၃၀၊ ရွှေကျင်ပြင်ကျေးရွာတွင် ၁၉ ကောင်၊ ဥက္ကံကျေးရွာ တွင် အကောင် ၃၀၊ တောင်မြင့်ကျေးရွာတွင် ၂၀၊ စည်းမောင်းကျေးရွာတွင် ၁၀ ကောင်နှင့် တခြား အနီး အနားကျေးရွာ များတွင်လည်း ဝက်များသေဆုံးမှုရှိကြောင်း သိရသည်။ ဝက်များဖြစ်နေသည့် ရောဂါ လက္ခဏာများမှာ အစာ မစားခြင်း၊ လည်ပင်းရောင်ခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဝမ်း၊ ဆီးပုံမှန်မသွားခြင်း စသည့်တို့ဖြစ်ကာ ထိုသို့ဖြစ်ပြီး အချိန် တစ်ပတ် အတွင်းမှာပင် သေဆုံးသွားကြောင်း ဝက်မွေးမြူသူများက ဆိုသည်။
တောင်မြင့်ကျေးရွာသား ဦးမောင်ထွန်းဝင်းက “စဖြစ်ပြီး တစ်ပတ်အတွင်းမှာ သေတာရှိသလို တစ်ရက်အတွင်းမှာ သေတာလည်းရှိပါတယ်။ ဝက်တွေက သေတော့မယ်ဆိုရင် ခန္ဓာတွေ တုန်လှုပ်လာတယ် ပြီးတော့ ခဏဆိုရင်သေပြီ။ ဘာရောဂါ မှန်း မသိပေမဲ့ ရွာမှာရှိတဲ့ ယမ်းကု(ဆေးဆရာ)တွေကတော့ ဝက်တုပ်ကွေး ဖြစ်တာလို့ ပြောပါတယ်” ဟု ပြောသည်။ ဒေသခံတို့ မှာ ၎င်းတို့ တပိုင်တနိုင် မွေးမြူထားသည့် ဝက်များသေဆုံးခဲ့ရသဖြင့် မိသားစုစားဝတ်နေရေး အတွက် ထိခိုက်မှုများရှိကြောင်း ပြောဆိုသည်။ “ကျမတို့မှာ ပိဿာ ၄၀ လောက်ရှိတဲ့ ဝက်နှစ်ကောင် သေသွားတယ်။ ငွေတန်ဖိုးနဲ့ ဆိုရင်လည်း ၁၅ သိန်းလောက် ရှိပါတယ်။ ပိုက်ဆံ မရှိမဲ့ ရှိမဲ့ ဝက်စာတွေ ဝယ်ပြီးတော့ ကျွေးထားရတာပါ။ ဝက်တွေ သေဆုံးသွားတော့ နှမြောတာပေါ့ ” ဟု ဥက္ကံကျေးရွာမှ ဒေါ်မပုစိန်က ပြောသည်။ ပြီးခဲ့သည့် နှစ်ကလည်း ရခိုင်ကမြို့နယ်အချို့တွင် မည်သည့် ရောဂါကြောင်းမှန်း မသိနိုင်ရှိနိုင်ဘဲ ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးမှုများရှိခဲ့သည်။ https://www.facebook.com/dmgnewsagency/pho tos/a.466679383484478/2497387607080302/
၂၈။ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်တံတား ပြန်ဖွင့်
January 12, 2023
သုံးနှစ်နီးပါးပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက်တံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့က ပြန်ဖွင့်လိုက် ပါတယ်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့ ၂ဝ၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့က ပိတ်ထားခဲ့တဲ့ တံတားကို မူလက ၂၀၂၂ ခုနှစ် မေလ ၁ ရက်နေ့မှာ ပြန်ဖွင့်ဖို့ ကြေညာထားပေမယ့် ရှစ်လနီးပါးကြာမှ ပြန်ဖွင့်နိုင်ခဲ့တာပါ။ ထိုင်းဘက်က တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး၊ မြန်မာစစ်ကောင်စီဘက်က မြဝတီခရိုင် အုပ်ချုပ်ရေးမှူးနဲ့ နှစ်နိုင်ငံ ဌာနဆိုင်ရာ တာဝန်ရှိသူ တွေ၊ နှစ်ဖက်ကုန် သည်ကြီးများအသင်းဥက္ကဋ္ဌတွေ အပါအဝင် မနက် ၇ နာရီခွဲမှာ တံတားပေါ်မှာ တွေ့ဆုံနှုတ်ဆက်ပြီး ဖွင့်ပွဲပြုလုပ်ခဲ့ကြတာပါ။ တံတားပြန်ဖွင့်လိုက်ပေမယ့် မြန်မာဘက်က လာမယ့်သူတွေအတွက် ထိုင်းနိုင်ငံဝင်ခွင့် လိုအပ်ချက်နဲ့ ပြည်ပခရီးသွားတွေ ဝင်ရောက်ခွင့်မူဝါဒတွေကို တိတိကျကျ မသတ်မှတ်ရသေးဘူးလို့ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ Facebook စာမျက်နှာ မှာ ရေးသားထားပါတယ်။
တံတားပြန်ဖွင့်လိုက်တဲ့အတွက် နှစ်နိုင်ငံ ကုန်သွယ်မှုကောင်းမွန်လာမှာဖြစ်သလို၊ ပြည်သူတွေရဲ့ကျန်းမာရေး၊ ပညာရေး အတွက် ပိုမိုကောင်းမွန်လာမယ်လို့ ထိုင်း-မြန်မာကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။ နှစ်နိုင်ငံ အဝင်အထွက်မှာ ကိုဗစ်-၁၉ ရောဂါစစ်ဆေးဖို့ ကျန်းမာရေးဌာနတွေ ထားရှိမှာဖြစ်ပြီး နယ်စပ်အသွားအပြန် ဝင်ထွက်မဲ့သူတွေ အနေနဲ့ သန်းခေါင်စာရင်းပြနိုင်သူတွေကို ၇ ရက် လည်ပတ်ခွင့်ပြုမယ်လို့ ဒေါ်သင်းသင်းမြတ်က ပြောပါတယ်။ ထိုင်း- မြန်မာ နယ်စပ် မြဝတီမြို့မှာ ပြီးခဲ့တဲ့နှစ်ကစပြီး ဗုံးပေါက်ကွဲမှုတွေ မကြာခဏဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလ ၁၅ ရက် ညပိုင်းကလည်း မြဝတီ-မဲဆောက်တံတားအနီးမှာ ဗုံးပေါက်ကွဲပြီး ကားနှစ်စီးထက်မနည်း မီးလောင်ပျက်စီးခဲ့ပါတယ်။ https://www.rfa.org/burmese/news/thailand-myanmar-border-bridge-reopen-01122023135354.html
၂၉။ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက ဆယ်တခဲအထက်တန်းကျောင်းမှာ ကျောင်းဖတ်စာအုပ် လိုအပ်နေဆဲ
January 13, 2023
ကရင်နီပြည် ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ဆယ်တခဲ စစ်ဘေးရှောင်စခန်းမှာ ကျောင်းသူ၊ကျောင်းသား တွေအတွက် ကျောင်းဖတ်စာအုပ်တွေလိုအပ်နေတယ်လို့ ကျောင်းတာဝန်ခံ ဒေါ်ရုသရှားမာ ကပြောပါတယ်။ “ကျောင်းအတွင်း မှာတော့ ကလေးငယ်များအတွက် ဖတ်စာအုပ်လိုနေသေးတယ်၊ အဓိကဖတ်စာအုပ် တစ်ခုဖြစ်နေ သေးတယ်။”လို့ ဒေါ်ရုသရှားမာ က ပြောပါတယ်။ အဆိုပါ အထက်တန်းကျောင်းကို ၂၀၂၁ မှာ စတင်ပြီး ဖွင့်လှစ်နိုင်ခဲ့ တာဖြစ်ပြီး မူလတန်း အနေဖြင့် ၁၄၅ ဦး၊ အလယ်တန်း ၁၀၄ ဦး၊ အထက်တန်းအဆင့် ၉၉ ဦးတို့အား ကိုဗစ်ကြောင့် နစ်နာသွားတဲ့ ပညာသင်နှစ်ကို အစားထိုးကာ အတန်းတင်နိုင်ခဲ့တယ်လို့ ကျောင်းတာဝန်ခံကပြောပါတယ်။ ယခုနှစ် ပညာသင်နှစ်ကို ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ စတင် သင်ကြားခဲ့ပြီး လာမယ့် မေလအထိ ၆ လကြာ သင်ကြားမှာ ဖြစ်တယ်လို့ ကျောင်းတာဝန်ခံက ဆက်ပြောပါတယ်။
“ကျမတို့က ဘယ်လိုရည်ရွယ်လဲဆိုတော့ စစချင်းလာဖွင့်တဲ့နေ့ကို ကလေးတွေက ကိုဗစ်မှာ တစ်နှစ် နစ်နာထားတာ လေး၊ ပထမအသုတ်ကို ၂၀၂၀ -၂၀၂၁ ပညာသင်နှစ်၊ ဒုတိယအသုတ်ကိုတော့ နိုင်ငံရေးအခြေနေကြောင့် ၂၀၂၁-၂၀၂၂ အနေနဲ့ အတန်းတင်လိုက်ပီ၊ တတိယအသုတ်ကိုတော့ ၂၀၂၂-၂၀၂၃ ခုနှစ် ဆိုတော့ လာမယ့် ၂၀၂၃-၂၀၂၄ မှာတော့ ကလေးတွေက အသက်နဲ့ အတန်းကိုတော့ ကိုက်သွားပြီပေါ့၊ အလယ်တန်း၊ အထက်တန်းမှာတော့ နည်းနည်းနောက် ကျမယ်၊ ၆ လတစ်ဖြတ် သင်ကြားနေတာကြောင့် အရေးကြီးပိုင်းကို Myanmar၊ English၊ Math စတဲ့ဘာသာကို အဓိက သင်ကြားပေးနေပါတယ်၊” လို့ ဒေါ်ရုသရှားမာက ပြောပါတယ်။ ဆယ်တသဲ အထက်တန်းကျောင်းဟာ ၃ နှစ်အတွင်း ကျောင်းမနေရတဲ့ အဲဒီဒေသက ကလေးငယ်တွေကို အတတ်နိုင်ဆုံးဆွဲခေါ် သင်ကြားပေးနေပြီး၊ ကျောင်းအချိန်တွေမှာ ကလေးငယ်တွေကို စိတ်ဝင်စားမှုရှိလာ အောင် ဂီတ၊ ပန်းချီ၊ အနုပညာ တွေကိုပါ ထည့်သွင်းသင်ကြားပေးနေတယ်လို့ ပြောပါတယ်။ လက်ရှိ ၂၀၂၃ ခုနှစ် ပညာသင်နှစ်မှာ ဖရူဆိုမြို့နယ် ဆယ်တခဲအထက်ကျောင်းကို ကျောင်းဆရာ/မများ ၂၂ ဦးနဲ့သင်ကြားပေးနေပြီး ကျောင်းသူ/သားပေါင်း ၃၀၀ ကျော် ရှိပါတယ်။ https://www.kantarawaddytimes.org/%e1%80%96%e1%80%9b%e1%80%b0%e1%80%86%
၃၀။ ပလက်ဝမြို့က စစ်ဘေးဒုက္ခသည်တစ်ထောင်ခန့်ကို အကူအညီမပေးဘဲ နေရပ်ပြန်ပို့လို့ အခက်အခဲဖြစ်နေ
January 13, 2023
ချင်းပြည်နယ်တောင်ပိုင်းကရွာတွေမှာ တိုက်ပွဲတွေကြောင့် ပလက်ဝမြို့ပေါ်ကို ထွက်ပြေးလာခဲ့ရတဲ့ ဒုက္ခသည် တစ်ထောင်လောက်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်မှာ စစ်ကောင်စီတပ်က ဘာအကူအညီမှမပေးဘဲ အတင်းအဓမ္မ နေရပ်ပြန်ခိုင်းခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူတို့ဟာ ပလက်ဝမြို့နယ်မှာ ၂၀၂၂ ခုနှစ်အတွင်းဖြစ်ခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့် တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် မြို့ပေါ်ကို ထွက်ပြေးလာ ခဲ့ရတဲ့သူတွေ ဖြစ်ပါတယ်။ အဘောင်သား၊ ရီးမဝ၊ ရှုမဝ၊ သုမဝနဲ့ တင်းရှင်းရွာတွေက စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီ တပ်သားတွေက ရေကြောင်းကနေ ပြန်ပို့ခဲ့တာ လို့ ပလက်ဝမြို့ပေါ်က စစ်ဘေးဒုက္ခသည်စခန်း တာဝန်ရှိ သူတစ်ယောက်ကပြောပါတယ်။ “စစ်ဘေးရှောင်တွေကို မြန်မာစစ်တပ် က အတင်းအဓမ္မခိုင်းတာမျိုးရှိတယ်။ လူ့အခွင့်အရေးပိုင်းမှာတော့ သူတို့ လူ့အခွင့်အရေးက ဆိုးရွားတဲ့အခြေအနေရောက်နေ တယ်လို့ သုံးသပ်ချင်ပါတယ်” “အခုက အဘောင်သားရွာသားတွေက ပြန်သွားပြီ။ ရှုမဝ၊ ရီးမဝ၊ သုမဝ၊ တင်းရှင်းလည်း ပြန်သွား ပြီ။ အခု ကျန်တာက ဒီမှာ ကိုးရွာပဲ ကျန်တော့တယ်။ မြို့ပေါ်မှာ ကျန်နေသေး တဲ့ စစ်ရှောင်စခန်းတွေကတော့ အ.ထ.ကရယ်၊ RC ရယ်၊ ဘောလုံးကွင်း၊ ဝိတုသလိုရယ်၊ စိုက်ပျိုးရေး စတဲ့ စစ်ရှောင်စခန်းတွေက ဖြစ်ပါတယ် ” သူတို့ကို ကူညီထောက်ပံ့မှု မပေးဘဲ နေရပ်ပြန်ပို့လိုက်တာကြောင့် စားဝတ်နေရေးခက်ခဲနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က ပြောပါတယ်။ တောင်ယာစိုက်ချိန် နောက်ကျနေတာကြောင့် စားဝတ်နေရေး အကူအညီ တွေအပြင် ရွာတွေမှာ ကျန်ခဲ့တဲ့အိမ်တွေ ပါ ပျက်စီးနေတာကြောင့် ပြန်ပြီးပြုပြင်ဖို့ လိုနေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ပလက်ဝမှာ ၁၂ လပိုင်းမကုန်ခင်က အစည်းအဝေးခေါ်တယ်။ စစ်ရှောင်တွေ နေရပ်ပြန်ရမှာဆိုတော့ ၃ လ ပိုင်းနဲ့ ၁၀ လပိုင်းလောက်ဆိုပြီး ပြောတယ်။ နယ်မြေ လုံခြုံမှု တာဝန်ယူမှု တာဝန်ခံမှုရှိရင် ကျနော်တို့လည်း ပြန်မယ်လို့ ပြောတယ်။ အခု ကျနော်တို့ ပြန်ရမယ်ဆိုရင် ကျနော်တို့က အိုးမဲ့အိမ်မဲ့ဆိုတော့ အိမ်တွေလည်း လိုတယ်။ စားရေး သောက်ရေးလည်း လိုတာပေါ့။ ရောင်းမယ့်ချမယ့်ဟာတွေလည်း ကုန်ပြီ။ မွေးထားတဲ့ ကြက်၊ ဝက်တွေလည်း မရှိတော့ဘူးဆိုတော့လေ” ရွာတွေမှာ တိုက်ပွဲလက်ကျန် မိုင်းတွေရှိနေပြီး လက်ရှိအချိန်ထိ မိုင်းမရှင်းလင်းရသေး တာကြောင့် စိုးရိမ်ပူပန်နေရတယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။ ပလက်ဝမြို့ပေါ်နဲ့ ဆမီးမြို့မှာ ခိုလှုံနေတဲ့သူတွေကိုလည်း စစ်ကောင်စီတပ်ဘက်က နေရပ်ပြန်ခိုင်းဖို့ စီစဉ်နေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောကြပါတယ်။ ဆမီးမြို့ပေါ်ရောက်နေတဲ့ စစ်ဘေးဒုက္ခသည် တစ်ယောက်ကလည်း နယ်မြေလုံခြုံပြီး နေဖို့ရော စားဖို့ရော ကူညီထောက်ပံ့မှ နေရပ်ပြန်အခြေချဖို့အဆင်ပြေနိုင်မယ်လို့ ပြောပါ တယ်။ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) အဖွဲ့ဝင် ဆလိုင်းတေဇကတော့ စစ်ဘေးဒုက္ခသည်တွေ လူ့အခွင့်အရေး ဆိုးဆိုးရွားရွား ချိုးဖောက်ခံနေရ တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်အထိ ပလက်ဝမြို့မှာ စစ်ဘေးဒုက္ခသည် ၈၅၀၀ ကျော် ရှိနေသေးတယ်လို့ လည်း CHRO က ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်မှာ စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော်ရှိပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် ၄၈,၀၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ https://www.rfa.org/burmese/program _2/paletwa-refugees-repatriation-difficult-01132023054818.html
၃၁။ မူဆယ် လူငယ်တစ်ဦးကို စစ်ကောင်စီမှ PDF ထောက်ပံ့ပေးနေသည်ဟု စွပ်စွဲကာ ထောင်ဒဏ် (၁၀) နှစ်ချ
January 13, 2023
သျှမ်းပြည် မူဆယ်မြို့တွင်နေထိုင်သည့် လူငယ်တစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ထောက်ပံ့သည်ဟုဆိုပြီး စစ်ကောင်စီမှ ယနေ့ (ဇန်နဝါရီ ၁၃ ) ရက်တွင် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ တွင် နေထိုင်သည့် အသက် ၂၉ နှစ်အရွယ်ရှိ ကျော်ရဲထွေး (အလင်းသခင်) ကို ယနေ့ (ဇန်နဝါရီ ၁၃ ) ရက် မူဆယ်ခရိုင် တရားရုံး တွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် အလုပ် နှင့် ထောင်ဒဏ် (၁၀) နှစ်ချလိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်း တစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၄ ရက် ညနေ ၅ နာရီတွင် မူဆယ်မြို့တွင်ရှိသည့် ၎င်း ၏ နေအိမ်ထံ မူဆယ် ရဲတပ်ဖွဲ့ အင်အား (၁၅) ဦး ဝန်းကျင်က အရပ်ဝတ်ဖြင့် အိမ်အရောက် လာဖမ်းဆီးသွားကြောင်း သိရသည်။ “ ကျနော်တို့ သျှမ်းပြည်မြောက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို လှူဒါန်းတယ်ဆိုပြီး စွပ်စွဲချက်တွေနဲ့ အမိန့်ချလိုက် တာဗျ။ ဖမ်းမိချိန်တုန်းက အဲ့ဒီ ပုဒ်မနဲ့ ဖမ်းခဲ့တာ မဟုတ်ဘူး၊ သူက ဖေ့ဘွတ် လူမှုကွန်ရက် စာမျက်နှာပေါ်မှာ “ နီးစပ်ရာ ကို တလရ လှူဒါန်း” ဆိုပြီးတင်လို့ ဖမ်းခံရတာ။ ဖမ်းဆီးပြီးတဲ့အခါမှ သူ့ဖုန်းထဲကို PDF ကိုလှူဒါန်း ဂုဏ်ပြု မှတ်တမ်းလွှာတွေ့တယ်။ အဲ့မှတ်တမ်းလွှာထဲမှာ သူ့နာမည်မရေးထားဘူး “ ဟု ၎င်း နီးစပ်သူတစ်ဦးက ပြောသည်။
အဆိုပါ မောင်ကျော်ရဲထွေး (အလင်းသခင်) ကို မူဆယ်ခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဉပဒေ ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုမှု အပေါ် မျှတမှုမရှိကြောင်း၊ ခိုင်မာသည့် သက်သေအထောက်အထား မရှိခြင်းဖြင့် အမိန့်ချမှတ် လိုက်သည်မှာ ကျေနပ်မှု မရှိကြောင်း ၎င်းနှင့်နီးစပ်သည့် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။ “ ကျနော် အမြင်နဲ့ ဆိုရင်တော့ သူတို့ အမိန့်ချ လိုက်တာ မတရားဘူးလို့ ထင်တယ်ဗျ။ သူရဲ့ ပြစ်မှုတွေမှာ တစုံတရာမှ ပြစ်မှုပေါ်ပေါက် တာမရှိဘူး။ ခိုင်မာတဲ့ သက်သေ အထောက်အထား မရှိဘူး။ သက်သေအထောက် အထားကလည်း ဘာပြစ်မှုမှမရှိဘဲ အမိန့်ချလိုက်တာ ဖြစ်တယ် “ ဟု ၎င်းနီးစပ် သည့် အသိုင်းအဝိုင်းတစ်ဦးက ပြောသည်။ https://burmese.shannews.org/archives/32529
မှတ်ချက်။ သက်ဆိုင်ရာ သတင်းမီဒီယာအသီးသီးမှ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်။