တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

KIO ဥက္ကဋ္ဌ တာဝန် ယာယီအပြောင်းအလဲ ပြုလုပ်

KIO ဥက္ကဋ္ဌ တာဝန် ယာယီအပြောင်းအလဲ ပြုလုပ်
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဇန်နဝါရီ ၃
 
လက်ရှိ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ၏ ဥက္ကဋ္ဌတာဝန်ကို ကချင် လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်ထန်ဂမ်ရှောင်က ယာယီ တာဝန် အပ်နှင်းခံ ရတယ်လို့ သိရပါတယ်။
 
ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ကချင်ဘာသာဖြင့် ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ ထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းစာအရ ကချင် လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၏ ဥက္ကဋ္ဌ တာဝန်ကို ကချင်လွတ်လပ်ရေး တပ်မတော်(KIA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဂွမ်ထန် ဂမ်ရှောင်က ယာယီ တာဝန် အပ်နှင်းခံရတာပါ။
 
KIO ဘက်က သတင်းအရင်းအမြစ်အရ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ ကျန်းမာရေး လိုအပ်ချက်ကြောင့် ရက်ရှည် ဆေးကုသရန် လိုအပ်မှုရှိလာလို့ အခုလို ဥက္ကဌ တာဝန်ကို ယာယီ အပြောင်းအလဲ ပြုလုပ်ရတာလို့ သိရပါတယ်။
 
ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့အစည်း၏ အုပ်ချုပ်ပုံမှု ဖွဲ့စည်းပုံအရ ခေါင်းဆောင်ပိုင်း အပြောင်းအလဲအတွက် ပြန်လည်တာဝန်ယူမယ့် ခေါင်းဆောင်များအနေဖြင့် ဗိုလ်ချုပ်ကြီး ဂွမ်ထန် ဂမ်ရှောင်၊ ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ်ဂွန်မော်နှင့် KIO အထွေထွေအတွင်းရေးမှူး ဦးလနန်တို့ကို ခေါင်းဆောင်ပိုင်း ရွေးချယ် လျာထားပြီး ဖြစ်တယ်လို့ နားလည်ရပါတယ်။
 
လက်ရှိ ခေါင်းဆောင်ပိုင်း ယာယီ အပြောင်းအလဲ ရှိလာတာကြောင့် KIO ၏ မူဝါဒ မပြောင်းလဲပေမယ့် စစ်ဘက်ဆိုင်ရာ တာဝန်ခံ စစ်ဦးစီချုပ်နေရာမှာတော့ အပြောင်းအလဲ ဖြစ်လာနိုင်ကာ စစ်ရေး ဖော်ဆောင်မှုနှင့်ပတ်သက်ပြီး အပြောင်းအလဲ ရှိလာနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။
 
ဒါ့အပြင် ကချင်လွတ်လပ်ရေးကောင်စီ (KIC) ၏ ကချင်ဘာသာဖြင့် ယမန်နေ့ ဇန်နဝါရီ ၂ ရက်နေ့ ထုတ်ပြန်တဲ့ အမိန့်ပြန်တမ်းစာအရ ဗဟိုကော်မတီဝင်နှင့် တိုင်းအဆင့် အုပ်ချုပ်ရေးအကြီးအကဲ နေရာအချို့ ကိုလည်း တာဝန် အပြောင်းအလဲ ပြုလုပ်ထားတာ တွေ့ရပါတယ်။
 
KIO/KIA ဟာ နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်ရာမှာ ပြည်သူလူထုနှင့် အတူ ရပ်တည်ပြီး ရှေ့တန်းမှ မားမားမတ်မတ် ပါဝင်ဦးဆောင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကြီး တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

Related Articles

Back to top button