တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အာရှတိုင်းမ် သတင်းဌာနအင်တာဗျူး

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် အာရှတိုင်းမ် သတင်းဌာနအင်တာဗျူး

ဖက်ဒရယ်ဂျာနယ်
ဇန်နဝါရီ ၂၀၊ ၂၀၂၂

အသက် ၄၃ နှစ်သာရှိသေးသည့် ဗိုလ်ချုပ်ထွန်းမြတ်နိုင်သည် မြန်မာနိုင်ငံတွင် အသက်အငယ်ဆုံးနှင့် အအောင်မြင်ဆုံး တော်လှန်ရေးခေါင်းဆောင်တစ်ဦးဟု ဆိုရပါမည်။ ရက္ခိုင့်တပ်တော် (AA) ဦးဆောင်သည့် တပ်ဖွဲ့ကို ၂၀၀၉ ခုနှစ် ဧပြီလတွင် စတင်ဖွဲ့စည်းစဉ်က လက်တစ်ဆုပ်စာသော တပ်သားသစ်စုဆောင်းမှုသာ ရှိခဲ့ရာမှ ကြီးထွားလာခဲ့ပြီး စစ်ဒဏ်သင့်နေသည့်နိုင်ငံ၏ အင်အားအပြင်းဆုံး တိုင်းရင်းသားတပ်များထဲမှ တစ်ခု ဖြစ်လာခဲ့သည်။

ရက္ခိုင့်တပ်တော်သည် သူ၏ပြည်နယ်ဖြစ်သည့် ရခိုင်တွင် တော်လှန်ရေးမစတင်မီ ၂၀၁၂ ခုနှစ်တွင် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် ကချင်ပြည်နယ် မြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ပထမဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့သည်။ နောက်ပိုင်းတွင် ရှမ်းပြည်အရှေ့မြောက်ပိုင်းရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ် (MNDAA) တို့နှင့်အတူ ထောင်နှင့်ချီသည့် တပ်သားများ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် အလွတ်သဘော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကြောင့် ရခိုင်ပြည်နယ်တွင် တပ်မတော်မှ ဒီမိုကရေစီကို ရပ်ဆိုင်းပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ ဆူပူအုံကြွမှုနှင့် အကြမ်းဖက်မှုမျိုးရှိခဲ့သော်လည်း ရခိုင်ပြည်မှာတော့ မတွေ့ခဲ့ရပေ။

ရက္ခိုင့်တပ်တော်နှင့် ရခိုင်နိုင်ငံရေးပါတီဖြစ်သည့် (ULA) သည် စစ်ကောင်စီနှင့်အပြိုင် အုပ်ချုပ်ရေးကို ဖြည်းဖြည်းချင်းတည်ဆောက်ခဲ့ပြီး ယခုအခါ ပြည်နယ်၏နေရာအများစု ထိထိရောက်ရောက် ထိန်းချုပ်ထားနိုင်ပြီဖြစ်ပြီး အထူးသဖြင့် ရက္ခိုင်ပြည်၏ မြောက်ပိုင်းဒေသများတွင် ဖြစ်သည်။

သို့သော်လည်း ရက္ခိုင့်တပ်တော်သည် ညီနောင်မဟာမိတ်အဖွဲ့တွေနှင့် FPNCC အဖွဲ့တွေမှာ မဟာမိတ်အဖြစ် ပါဝင်နေလျက်ရှိသည်။  ရက္ခိုင့်တပ်တော်သာ အင်အားအပြည့်ဖြင့် တိုက်ခိုက်မှုများကို ပြန်လည်စတင်လာပါက မြန်မာတပ်မတော်ကို ပြင်းထန်စွာ လွှမ်းမိုးနိုင်မည်ဟု အချို့က ယူဆနေကြသည်။

အာရှတိုင်းမ်၏ အကြီးတန်းသတင်းထောက် Bertil Linter က ရက္ခိုင့်တပ်တော်၏ ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ရက္ခိုင့်တပ်တော်နှင့် မြန်မာနိုင်ငံ ပြည်တွင်းစစ် အလားအလာများအကြောင်းကို တွေ့ဆုံမေးမြန်းထား ခြင်းဖြစ်သည်။

အာရှတိုင်းမ်- ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲပြီးတဲ့ နောက်ပိုင်း ချက်ချင်းဆိုသလို မြန်မာစစ်တပ်နှင့် အလွတ်သဘော အပစ်အခတ်ရပ်စဲထားပြီးတော့ တည်ငြိမ်နေတဲ့အနေအထားရှိနေတယ်။ ဒါပေမယ့်လည်း အမှန်ပြောရရင် မြန်မာပြည်ရဲ့ တခြား ဒေသတွေမှာတော့ ဝရုန်းသုန်းကားဖြစ်နေတယ်။ ဆိုတော့ ရခိုင်ပြည်ရဲ့ လက်ရှိ ငြိမ်းချမ်းနေတဲ့ အခြေအနေကို ဘယ်အချိန်ထိ ထိမ်းထားနိုင်မယ်လို့ မျှော်လင့်ထားပါသလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အလွတ်သဘော အပစ်ခတ်ရပ်စဲရေးက မမြဲပါဘူး။ ကျနော်တို့လည်း မတည့်ကျဘူးပေါ့။ အပစ်ခတ်ရပ်စဲရေးကလည်း ဘယ်လောက်ကြာကြာရှိနေနိုင်မလဲဆိုတာ မသေချာဘူး။ ဒါပေမယ့် အပြန်အလှန် အကျိုးကျေးဇူးနှင့် အကျိုးအမြတ်အတွက် အဓိပ္ပါယ်ပြည့်ဝတဲ့ အပစ်ခတ်ရပ်စဲရေးတော့ ဖြစ်စေချင်တယ်။

စစ်ကောင်စီကတော့ တခြားသော စစ်မျက်နှာတွေမှာ ဗျူဟာတစ်မျိုးနှင့် တိုက်ခိုက်နေတာရှိနေတယ်။ ကျနော်တို့ ကိုယ်ပိုင် တရားစီရင်ရေး၊ အခွန်ကောက်ခံမှု၊ ပြည်သူ့လုံခြုံရေးဌာနခွဲတွေနှင့် တခြားသော အစိုးရ အင်စတီကျူးရှင်းတွေနှင့် ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထူထောင်ထားတာကြောင့် စစ်ကောင်စီက ကျနော်တို့ကို အခဲမကြေဖြစ်နေတယ်ဆိုတာ ကျွန်ုပ်တို့သိတယ်။

အာရှတိုင်းမ်း-ရက္ခိုင့်တပ်တော်ရဲ့ မဟာမိတ်အဖွဲ့တွေအပြင် KNU၊ KNPP နှင့် RCSS အဖွဲ့တွေ ဆက်ဆံရေးက ဘယ်လိုရှိလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ရက္ခိုင့်တပ်တော်ကတော့ ညီနောင်မဟာမိတ်အဖွဲ့နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ရဲ့  စစ်ဆင်ရေးတွေမှာ တက်တက်ကြွကြွပါဝင်နေပြီး  FPNCC ရဲ့ အဖွဲ့ဝင်လည်းပဲ ဖြစ်ပါတယ်။ KNU၊ KNPP အပြင် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေနှင့်လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်။

အာရှတိုင်းမ်- ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကစပြီးတော့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ စွမ်းဆောင်ရည်ကို ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုရှုမြင်သုံးသပ်လဲ ပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကကော ဖြစ်နိုင်ပါ့မလား ဒါမှမဟုတ် လက်နက်ကိုင် တော်လှန်ရေးက ရှေ့ဆက်ဖို့ တစ်ခုတည်းသော နည်းလမ်းပဲလား

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- စစ်ကောင်စီရဲ့ ကျန်းမာရေးစနစ်က ပြိုပျက်နေပြီ၊  စီးပွားရေးအရကလည်း မြန်မာပြည်က ချွတ်ခြုံကျနေပြီ၊ တိုင်းပြည်က နိုင်ငံရေးအရ လေဖြတ်နေပြီ။ စစ်ကောင်စီဟာ အလွန်ကြောက်နေပြီးတော့ သံတမန်ရေးအရလည်း အရင်ကထက်ပိုပြီးတော့ အပယ်ခံလာရတယ်။  ပြီးတော့ စစ်တပ်ကိုလည်း စစ်မျက်တွေ အများကြီးကို ဖြန့်ချထားရတယ်။ 

စစ်တပ်ဟာ မုန်းတိုင်းအလယ်မှာ ကျရောက်နေပြီဆိုတာ သူ့ကိုယ်သူ သိပေမယ့်လည်း ဒီအမှားတွေအတွက် ရွေးချယ်စရာလည်း သိပ်မရှိဘူး။ သူတို့ရဲ့ တပ်တွင်း ပုန်ကန်ထကြွမှုတွေနဲ့ အမိန့်အာဏာပေးမှု၊ ညီညွတ်မှုတွေ ပြတ်တောက်သွားတာနဲ့ တပြိုင်နက် စူပါနိုဝလို လေထဲ လွှင့်စင်သွားမှာ။ ဒါပေမယ့် သူတို့ရဲ့ စစ်ရေးအင်အားနဲ့ ခံနိုင်ရည်ကိုတော့ လျော့တွက်လို့ မရနိုင်ဘူး။ သူတို့အာဏာတည်မြဲရေးအတွက်ဆို ဘာမဆိုလုပ်မယ်ဆိုတာကိုလည်း ပြသပြီးဖြစ်တယ်။

လက်ရှိအခြေအနေအရတော့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ယူဆတယ်။ ခုလိုမျိုး အမုန်းတရားတွေ လွှမ်းမိုးနေတဲ့အချိန်မှာ တကယ့်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတော့ ဖြစ်လာမှာမဟုတ်ဘူး။ နိုင်ငံရေး လေလုံးထွားမယ့်ပွဲပဲ ဖြစ်မယ်။

အာရှတိုင်းမ်-ရခိုင်ပြည်နယ်ရဲ့ အဓိက နိုင်ငံရေးပါတီတစ်ခုဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ (ANP) နှင့် အမျိုးသားနိုင်ငံရေးမှာ ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့အခမ်းကဏ္ဍကို ဘယ်လိုမျိုး ရှုမြင်သုံးသပ်လဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်-NLD ပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို အပြတ်အသတ် အနိုင်ရရှိခဲ့ပေမယ့်လည်း အနေအထားက သိပ်ပြီးတော့ မကောင်းဘူး။ ခေါင်းဆောင်မှုပိုင်း အသက်ကြီးပြီး တိုးတက်မှုက ဆိတ်သုဥ်းနေတယ်။ အနာဂတ်အလားအလာကလည်း မကောင်းသလို ပြည်သူရဲ့ မျှော်လင့်ချက်တွေနဲ့လည်း ကိုက်ညီမနေဘူး။ NLD မှာ ခေါင်းဆောင်မှုအသစ် လိုအပ်နေတယ် ဒါမှမဟုတ် မြန်မာပြည်သူလူထုရဲ့ ကောင်းကျိုးအတွက် နောက်ထပ် စွမ်းဆောင်ရည်ရှိတဲ့ နိုင်ငံရေး အင်အားစုအသစ်က ယနေ့ တည်ရှိနေတဲ့ နိုင်ငံရေးနယ်ပယ်မှာ နေရာယူသင့်သည်။

ANP နှင့်ပတ်သက်ပြီးတော့ခါ စစ်ကောင်စီက ကတိပေးထားတဲ့အတိုင်း ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ကျင်းပမယ် မကျင်းပဘူးဆိုတဲ့အပေါ်မူတည်ပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံရေးအနာဂတ်ဟာ ဆိုးရွားပြီးတော့ ခန့်မှန်းရခက်ပါတယ်။ ANP အတွက် နောက်ထပ်ဖြစ်နိုင်ချေရှိတဲ့ အခြေအနေတစ်ခုက လာမယ့်နှစ်တွေမှာ ရွေးကောက်ပွဲတွေ ထပ်ပြီး မကျင်းပမယ်ဆိုရင် ANP ဟာ တခြားပါတီတွေ၊ တသီးပုဂ္ဂလတွေနှင့်အတူ ULA နဲ့ ပေါင်းစည်းလာနိုင်မယ်။

အာရှတိုင်းမ်- ရခိုင်ပြည်အတွက် ရက္ခိုင့်တပ်တော်ရဲ့ အန္တိမ ပန်းတိုင်က လွတ်လပ်ရေးလား သို့မဟုတ် ဖက်ဒရယ်ပြည်ထောင်စုအတွင်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်လား။ မြန်မာနိုင်ငံအတွက် အနာဂတ်ဖွဲ့စည်းပုံကို ဘယ်လိုမျိုး မျှော်မှန်းထားလဲ။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုဟာ ကျွန်တော်တို့ အမျိုးသားရေးလှုပ်ရှားမှုတွေရဲ့ အဓိကအချက်ဖြစ်ပါတယ်။ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံမှာ ကျနော်တို့ ရခိုင်လူမျိုးတွေ လိုချင်တဲ့  ကွန်ဖက်ဒရေးရှင်း အမျိုးအစား နိုင်ငံရေးနယ်ပယ် ရှိ/မရှိကို ကျနော်တို့ ကြည့်ရမယ်။

ကျနော်တို့ တိုင်းရင်းသား ညီအစ်ကို မောင်နှမ တွေ နဲ့ အတူ ရှိနေ ချင်ပေမယ့် ကျနော်တို့ ဆန္ဒရှိတဲ့ မှန်ကန်တဲ့ နိုင်ငံရေး အဆင့်အတန်းကို ဒီပြည်ထောင်စု အတွင်း မှာ ထည့်တွက်မစဥ်စားပေးဘူးဆိုရင်တော့ နိုင်ငံတကာ အသိုက်အဝန်း ရဲ့ အဖွဲ့ဝင် ဖြစ်လာဖို့ ကျနော်တို့ကိုယ်တိုင် ပြုလုပ်ဖို့ ဝတ္တရားရှိသွားတာပေါ့။

အာရှတိုင်းမ်- ရက္ခိုင့်တပ်တော်မှာ အင်အား ဘယ်လောက်ရှိနေပြီလဲ။

ရခိုင်ပြည်နယ်ကိုကော ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်ပြီလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်-ရက္ခိုင့်တပ်တော် စတည်ထောင်တဲ့ ၂၀၀၉ ကပင်စပြီး ၁၃ နှစ်အတွင်းမှာ တပ်သားပေါင်း ၃၀၀၀၀ သုံးသောင်းကျော်ကို လေ့ကျင့်သင်ကြားပေးပြီးပြီ။ ကွက်ကဲထိန်းချုပ်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာတွေကို လေ့ကျင်းသင်ကြားပေးနေတဲ့ တိုက်ခိုက်ရေးသမားတွေလည်း အများကြီးပဲ ရှိပါသေးတယ်။ ၇၀ ရာခိုင်နှုန်းလောက်သော စစ်သားတွေကကတော့ ပြင်းထန်တဲ့ တိုက်ပွဲအတွေ့အကြုံရှိပြီးသား ဖြစ်တယ်။ မဟာမိတ်နယ်မြေတွေမှာ ၅၀၀၀ ထောင်ကနေ ၆၀၀၀ ထောင်လောက်ထိ တပ်ဖြန့်ချထားလို့ရှိနေတယ်။ ကျန်တဲ့ တပ်အင်အားတွေကတော့ ရခိုင်မှာတန့်ဖြန့်ချထားလို့ ရှိနေတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၆၀ ရာခိုင်နှုန်းလောက် ကျနော်တို့ ထိန်းချုပ်ထားတယ်။ ဒါပေမယ့်လည်း တောင်းပိုင်းမှာတော့ နည်းတာပေါ့။ တစ်ချို့သော ဧရိယာတွေမှာ ကျနော်တို့ ရက္ခိုင်တပ်တော်နှင့် မြန်မာတပ်တော်တို့ကြား ထိန်းချုပ်မှု အကွာအဝေးကို သတ်မှတ်ဖို့ ခက်ခဲပါတယ်။

မြန်မာတပ်မတော်က မြို့ပြတွေကို ထိန်းချုပ်ထားဆဲ ဖြစ်ပြီး မဟာဗျူဟာမြောက် အကြောင်းပြချက်ကြောင့် ဒီနေရာတွေကို ထိန်းထားရတယ်ဖြစ်တယ်။ ဒါပေမယ့်လည်း အဲဒီနေရာတွေမှာ ကျနော်တို့ လိုအပ်သလို အာဏာကို စီမံချက်ချလုပ်ဆောင်နေတုန်းပဲ ဖြစ်ပါတယ်။ ပြိုင်ဆိုင်မှုတွေလည်းပဲ အများကြီးရှိနေသေးတယ်။

အာရှတိုင်းမ်- အနီးအနားရှိ ချင်းပြည်နယ်ရှိ PDF အဖွဲ့တွေနှင့် တစ်ခြားဆက်စပ်တဲ့ တော်လှန်ရေးအဖွဲ့တွေနှင့် ရက္ခိုင်တပ်တော်တို့ကြား ဆက်ဆံရေး ဘယ်လိုမျိုးရှိလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ခုချိန်ထိတော့ ထူးထူးခြားခြား ပူးပေါင်းဆောင်ရွက်မှု မရှိသေးပါဘူး။

အာရှတိုင်းမ်-ဘင်္ဂလားဒေ့ချ်နိုင်ငံထုတ် Prothom Alo သတင်းစာက ဇန်နဝါရီ ၂ ရက်က ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မွတ်ဆလင် (မူရင်း-ရိုဟင်ဂျာ) ရဲ့ လူ့အခွင့်အရေးနဲ့ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးတွေကို အသိအမှတ်ပြုတယ်လို့ ပြောခဲ့ပါတယ်။  ဘင်္ဂလားဒေ့ရှ် ကမွတ်ဆလင်ဒုက္ခသည်တွေ ပြန်လာဖို့နဲ့ သူတို့ရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ထောက်ခံတယ်လို့ ဆိုလိုတာလား။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- ရခိုင်ပြည်မှာ နေထိုင်ကြတဲ့ သူတွေရဲ့ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးတွေကို ကျနော်တို့ အသိအမှတ်ပြုပါတယ်။ ဒါပေမယ့်လည်း လက်ရှိအခြေအနေမှာ ဒုက္ခသည်တွေ အမြောက်အများ နေရပ်ပြန်လာရင် ဆူပူအုံကြွမှုလိုင်းသစ်တစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတယ်။ မည်သည့်နေရပ်ပြန်ခြင်းမဆို မိမိစိတ်ဆန္ဒသဘောအရသာဖြစ်သင့်ပြီး နိုင်ငံတကာရဲ့ ကွက်ကဲမှုအောက်က တရားဝင်နည်းလမ်းဖြင့်ပြုလုပ်သင့်တယ်။

ရခိုင်တွေအများစုရဲ့ အဓိက ပြဿနာတစ်ရပ်က ဒုက္ခသည်တွေ ဖော်ထုတ်လိုတဲ့ “ရိုဟင်ဂျာ”ဆိုတဲ့ ဝေါဟာရပဲ။ ဒီအသုံးအနှုန်းကို ရခိုင်အမျိုးစု လက်မခံကြဘူး။ သူတို့ရဲ့ သမိုင်းကြောင်းကို ခံစားခွင့်မပေးဘူးလို့ ခံစားရတဲ့အတွက် စော်ကားသလို တွေ့နေရတယ်။ သူတို့ဟာ ဒီမြေရဲ့ မူလနေထိုင်သူတွေဖြစ်တယ်။

မူဆလင်လူဦးရေဟာ မတူကွဲပြားတဲ့ လိုင်းတွေနဲ့ ရောက်ရှိလာကြတာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံကို ဗြိတိန်အုပ်ချုပ်မှုအောက်မှာပေါ့။ သူတို့တွေ မျိုးဆက်ပေါင်းများစွာ ရခိုင်မှာ နေဖူးရင်တော့ နိုင်ငံသားဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အထောက်အထားကတော့ မေးခွန်းမေးတစ်ခုဖြစ်နေတာပေါ့။

အာရှတိုင်းမ်- ရခိုင်ပြည်မှာ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်ဖို့ မူဆလင်၊ ဗုဒ္ဓဘာသာ၊ ဟိန္ဒူနှင့် ခရစ်ယာန်တွေအတွက် အခွင့်အရေးတွေက ဘာတွေလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- အုပ်စုတစ်ခုနှင့် တစ်ခုကြား ပြဿနာြဖစ်အောင် သွေးထိုးလှုံ့ဆော်မှု ပြုလုပ်တဲ့ အပြင်က လူတွေမရှိရင် ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်ရေးဆိုတာ အောင်မြင်မှာပါ။ သာဓကအားဖြင့်ဆိုရင်တော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာ ၁၉၄၁/၂ ကနေ ၂၀၁၉ ခုနှစ်ထိ လူမျိုးရေး သဟဇာတဖြစ်ရေးနှင့် လက်ရှိ လူမှုရေး တည်ငြိမ်မှု အဆင့်အတန်း တစ်ခါမှ မရှိခဲ့ဘူး။ အခုကျနော်တို့မှာ လူမှုရေးတည်ငြိမ်မှုပိုရှိလာတယ်။ လူမျိုးရေးတင်းမာမှုလည်း လျော့ကျလာပြီး အပြုသဘောဆောင်တဲ့ လူမှုရေးဆောင်ရွက်ချက်တွေ ပိုပြီး တွေ့လာရတယ်။ ဒါတွေဟာ ထင်သာမြင်သာတဲ့ အပြောင်းအရွေ့တွေဖြစ်ပြီး အပြောင်းအလဲတွေကို ပြည်တွင်းကပဲ စတင်သင့်တယ်။

အာရှတိုင်းမ်-RSO နှင့် ARSA အဖွဲ့လို မွတ်ဆလင် အဖွဲ့တွေကို ဗိုလ်ချုပ်အနေနဲ့ ဘယ်လိုမျိုး ရှုမြင်သုံးသပ်လဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- သူတို့နှစ်ဖွဲ့နဲ့ ကျနော်တို့ ဘာအဆက်အစပ်မှမရှိဘူး။ RSO က နိုင်ငံရေးအရ ARSA ထက်ပိုပြီးရင့်ကျင့်တယ်။ ဒါပေမယ့်လည်း ARSA ကပိုပြီးချိပ်ဆက်မှုကောင်းပြီး ပိုပြီးတော့ လှုပ်ရှားမှုများတယ်။ အာဆာဟာဆိုရင် သူတို့ရဲ့  ရခိုင်ပြည်တွင်းရှိ ရွာတွေက လူမှုအသိုက်အဝန်းခေါင်းဆောင်းတွေနှင့် ဘင်္ဂလားဒေ့ချ်ရှိ ဒုက္ခသည်စခန်းက ခေါင်းဆောင်တွေကို တိုက်ခိုက်တာတွေကို မင်းတို့လည်း သိမှာပေါ့။ အဝေးရောက် မွတ်ဆလင်ပညာတတ်တစ်ချို့က လက်လွတ်စပယ် အာဆာကို ကြိုးကိုင်ပြီး နိုင်ငံရေးအကြပ်အတည်းကို အမြတ်ထုတ်နေကြတယ်။

အာရှတိုင်းမ်- ရခိုင်ပြည်ရဲ့ တစ်ခုတည်းသော အိမ်နီးချင်းနိုင်ငံက ဘင်္ဂလားဒေ့ချ်ဖြစ်တယ်။ အာဏာပိုင်တွေဆက်ဆံရေးနှင့် နယ်စပ်ဖြတ်ကျော်သူတွေ ကိုဘယ်လိုမျိုး ပြောချင်လဲ။ ဥပမာ မာရမာ လူမှုအဖွဲ့အစည်းလိုပေါ့။ ပြီးရင် နည်းနည်းဝေးတဲ့ အိန္ဒိယနှင့်ပေါ့။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်-မာရမာနှင့် တြိပူကက မော့ဂ် တွေဟာ ကျနော်တို့လိုပဲ နယ်စပ်တစ်လျောက်မှာနေထိုင်ကြတဲ့ တခြားတိုင်းရင်းသား ကျနော်တို့ရဲ့သွေးချင်းတွေပဲဖြစ်တယ်။ သူတို့ဟာ ကျနော်တို့ရဲ့ လှုပ်ရှားမှုတွေကို ကောင်းကောင်းနားလည်သဘောပေါက်ပြီး ကျနော်တို့အပေါ်စာနာနားလည်ကြပါတယ်။

ဘင်္ဂလားဒေ့ချ် အာဏာပိုင်တွေနှင့်ပတ်သက်ပြီးတော့ သိပ်တော့မဆိုးပါဘူး။ သိပ်လည်းမကောင်းဘူး။ ဘင်္ဂလားဒေ့ချ်အစိုးရဟာ ကျနော်တို့နှင့် တရားဝင် သို့မဟုတ် အလွတ်သဘောဆက်ဆံရေးအတွက် ရှင်းလင်းပြတ်သားတဲ့ ပေါ်လာစီ သို့မဟုတ် မဟာဗျူဟာတွေ ရှိတယ်လို့ ကျနော်တို့ မကြားမိသေးဘူး။

ဆက်ဆံရေးဟာ မြှင့်တင်သင့်တယ်။ ရှေ့တစ်လှမ်းတိုးပြီး ပိုပြီးတက်တက်ကြွကြွ လုပ်ဆောင်သင့်တယ်။ ပိုမိုကောင်းမွန်သောဆက်ဆံရေးတစ်ခုဟာ ကျနော်တို့နှစ်ဖက်စလုံးအတွက် နှစ်ဦးနှစ်ဖက်အကျိုးရှိမှာဖြစ်ပြီး၊ ပိုပြီးအရေးကြီးတာက ဒုက္ခသည်တွေကို ကိုင်တွယ်ဖြေရှင်းခြင်း၊ အကူအညီများပေးတာ၊ ကပ်ရောဂါနှင့် လုံခြုံရေးဆိုင်ရာပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတာတွေပေါ့။ ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေး၊ ကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး နှင့် တခြားသော ကဏ္ဍတွေအပါအဝင် နှစ်ဘက်စလုံးရဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို ပိုပြီးကောင်းမွန်အောင် ဆောင်ရွက်နိုင်ဖို့  ဆက်ဆံရေးကိုလည်း တိုးချဲ့ဆောင်ရွက်ရမှာပါ။

အာရှတိုင်းမ်- ရခိုင်ပြည် ပဋိပက္ခနှင့် ကျန်တဲ့ မြန်မာပြည် ငြိမ်းချမ်းရေးဖြေရှင်းဖို့ ကြိုးစားရာမှာ တစ်ခြားနိုင်ငံတွေ ဥပမာ တရုတ်နှင့် ဂျပန်တို့ရဲ့  အခန်းကဏ္ဍဟာ အရေးပါသလား။ တရုတ်နှင့် အမေရိကန်တို့ရဲ့ မဟာဗျူဟာမြောက် ယှဥ်ပြိုင်မှုကကော ဘယ်လိုမျိုးရှိလဲ

သီအိုရီအရဆိုရင်တော့ အရေးပါတဲ့အခန်းကဏ္ဍမှာရှိသော်လည်းပဲ လက်တွေ့မှာတော့ ပိုပြီးရှုပ်ထွေးပါတယ်။ အပြောင်းအလဲကိုတော့ ပြည်တွင်းမှာပဲ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါကပိုပြီး ဖြစ်နိုင်ခြေအလားအလာရှိပြီး ကျနော်အဖို့ လက်တွေ့ကျပါတယ်။ အခြေအနေတွေကတော့ ခုထိ မရှင်းလင်းသေးဘူး။ အမေရိကန်-တရုတ်တို့ရဲ့ အားပြိုင်မှုဟာ ငါတို့ကို အကျိုးသက်ရောက်မှုမရှိသလို ငါတို့အရေးလည်း မဟုတ်ပါဘူး။

အာရှတိုင်းမ်- ပြီးတော့ နောက်ဆုံးအနေနဲ့ ပုဂ္ဂိုလ်ရေးမေးခွန်းကတော့ မြန်မာစစ်တပ်နှင့် ဗဟိုအုပ်ချုပ်ရေးအစိုးရကို ဘာကြောင့် ဘယ်အချိန်က လက်နက်စွဲကိုင်တော်လှန်ဖို့  ဆုံးဖြတ်ခဲ့တာလဲ

ဗိုလ်ချုပ်ထွန်းမြတ်နိုင်- နိုင်ငံရေးမညီမျှမှုတွေနှင့် ရပိုင်ခွင့်တွေကို ဖြေရှင်းဖို့ မြန်မာနိုင်ငံမှာ ကောင်းမွန်တဲ့ နိုင်ငံရေး နေရာရှိမနေဘူး။ လမင်းကြီးကို ရယူဖို့ ငိုယိုပြီးတော့ ပူဆာနေလို့ အပိုပဲ။ ကျနော်တို့ဆီက အတင်းအဓမ္မယူသွားတဲ့ ကျနော်တို့ ရန်သူဆီက ကျနော်တို့ လိုချင်တဲ့အရာကို တောင်းခံနေမှာ မဟုတ်ဘူးဆိုတာကတော့ ကျနော်ရဲ့ အခြေခံအကြောင်းရင်းပဲ။

သူတို့ဘယ်လိုပဲ ထင်မြင်ပါစေ အရေးမဟုတ်ဘူး။ ကျနော်တို့ ကိုယ့်ကံကြမ္မာကို ကျနော်တို့လက်နဲ့ ကိုယ်တိုင်ဖန်တီးမယ်။ ကျနော်တို့ကိုယ်တိုင် တည်ဆောက်ပြီး ထိုက်တန်တာကို ရမယ်။ ကျနော်ရဲ့ ရည်မှန်းချက်ကတော့ ရခိုင်ပြည်အတွက် အချုပ်အခြာအာဏာကို ပြည်လည် ရယူပြီး စစ်မှန်တဲ့ နိုင်ငံရေးအဆင့်အတန်းကို ပြန်လည်သိမ်းယူမယ်။

မူရင်း သတင်း Link-

https://asiatimes.com/2022/01/rebel-yell-arakan-army-leader-speaks-to-asia-times/

ASIA TIMES ပါ Rebel yell: Arakan Army leader speaks to Asia Times အင်တာဗျူးကို မြန်မာဘာသာသို့ သင့်တော်သလို Western News ဘာသာပြန်ထားခြင်းဖြစ်သည်။

Related Articles

Back to top button