တိုင်းရင်းသားများသတင်း

ဖယ်ခုံ၊ ရွှေပြည်အေးရွာသားများ လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရပြီးနောက်၊ ထောင်ဒဏ် (၃)နှစ်စီပါ ချမှတ် ခံလိုက်ရ

ဓါတ်ပုံ – CJ (လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရတဲ့ ရွှေပြည်အေးရွာသားများတွေ့ရစဉ်)
 
ဖက်ဒရယ်ဂျာနယ် မြန်မာ၊ ဒီဇင်ဘာ ၂၃
 
ရှမ်း-ကယား(ကရင်နီ) နယ်စပ် ဖယ်ခုံမြို့နယ်ထဲက ရွှေပြည်အေးရွာသား (၁၈) ဦးဟာ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၁ ရက်နေ့က ဖြစ်ပွားတဲ့ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ရွှေပြည် အေး ကျေးရွာထဲဝင်လာပြီး လူသား ဒိုင်းကာအဖြစ်ပြုလုပ်ဖို့ ဖမ်းဆီးခြင်း ခံလိုက်ရတာလို့ သိရပါတယ်။
 
လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခံရတဲ့ ရွှေပြည်အေးရွာသား (၁၈)ဦးဟာ ပြန်လည် လွတ်မြောက်လာခြင်း မရှိပဲ တနှစ်ကျော်အကြာမှာတော့ သူတို့ကို ဖမ်းဆီးချုပ်နောင်ထားတဲ့ တောင် ၄ လုံးထောင်ထဲမှာပဲ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က)နဲ့တရားစွဲဆိုပြီး ဖယ်ခုံတရားသူကြီးက ထောင်ဒဏ်(၃)နှစ်စီ အမိန့်ချမှတ် ခဲ့တယ်လို့ သိရပါတယ်။
 
အခုရွှေပြည်အေးရွာသားများရဲ့ ဖြစ်စဉ်ဟာ တော်လှန်ရေးအဖွဲ့အစည်းများကို ကူညီထောက်ပံ့ခြင်းမျိုး လည်း မရှိပဲ စစ်ကောင်စီတပ်ဖွဲ့တွေက ရွာထဲဝင်လာပြီး အသားလွတ်ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ် သွားသလို ဖမ်းဆီးပြီးနောက်လည်း စစ်ကြောရေးတွေမှာ နှိပ်စက်ညှင်းပန်းပြီးတော့ မတရား စွပ်စွဲပြီး အကြမ်းဖက် ဥပဒေနဲ့ပါ ထောင်ချပြစ်လိုက်တာဖြစ်ပါတယ်။
 
အဲဒါက စစ်ကောင်စီအနေနဲ့ ဘာကိုပြနေလဲဆိုတော့ လူထုတွေကို အကြောက်တရားရိုက်သွင်းနေတာ ဖြစ်သ လို အချိန်မရွေး မတရားဖမ်းဆီးပြီး မတရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်တယ်ဆိုတာကို ပြနေတာ ဖြစ်တယ်။
 
ဒါ့ကြောင့် ကျနော်တို့ ပြည်သူလူထုတရပ်လုံးကလည်း စစ်ကောင်စီရဲ့ အခုလို လုပ်ရပ်များကို ခွင့်လွတ် ပေးမှာလဲ မဟုတ်ဘူး၊ မတရားသဖြင့် လူ့အခွင့်အရေး ကျူးလွန်နေတဲ့ ဖြစ်ရပ်များနဲ့ အကြောက် တရား ရိုက်သွင်းနေတာကိုလည်း ဘယ်တော့မှ ကြောက်ရွံ့သွားမှာမဟုတ်ဘူး၊ တချိန်ချိန်မှာတော့ စစ်ကောင်စီ ကို လည်း ကမ္ဘာ့ရာဇဝတ်တရားရုံးတွေမှာ တရားဥပဒေ နည်းလမ်းများအရ ပြန်လည် အရေးယူ အပြစ် ပေးနိုင်ဖို့ ပြင်ဆင်သွားဖို့လိုတယ် ကရင်နီလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ရဲ့ ဒါရိုက်တာ ကိုဗညားက အခုလို မှတ်ချက်ပြု ပြောဆိုပါတယ်။
 
တိုးတက်သောကရင်နီပြည်သူ့ အင်အားစုရဲ့ ဒီဇင်ဘာ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှု အလွန် ကရင်နီပြည်မှာ စစ်ကောင်စီ၏ မတရား ဖမ်းဆီးခံရသူ အရပ်သားများဟာ (၂၇၈) ဦးထိ မြင့် တက်လာပြီး မတရား သတ်ဖြတ်ခံရသူ အရပ်သားပြည်သူများဟာလည်း ( ၂၈၄ ) ဦးထိ မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

Related Articles

Back to top button