သတင်း

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ချင်းပြည်နယ်မှာ ပြုလုပ်လာပါက လက်ခံမှာ မဟုတ်ဘူးလို့ CJDC ပြော

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ နိုဝင်ဘာ ၁၁

စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ချင်းပြည်၊ မြို့နယ် ဒေသတွေမှာ ပြုလုပ်ဖို့ ကြိုးပမ်းလာပါက လက်ခံမှာ မဟုတ်သလို ဘက်ပေါင်းစုံကနေ တားဆီး သွားမယ် ဖြစ်တယ်လို့ ချင်းလဲန်းကာကွယ်ရေး ပူးတွဲကော်မတီ (CJDC) ဘက်က ကြေညာ ချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ ၎င်းတို့အာဏာ ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ရွေး ကောက်ပွဲ ကျင်းပဖို့ ပြင်ဆင် လှုံ့ဆော်မှုများ ပြုလုပ်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက အာဏာဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတကာအမြင်မှာ ဘန်းပြပြီးတော့ ရွေးကောက်ပွဲလုပ်ဖို့ ပြင်ဆင်နေတာကို မြင်နေရာတာပေါ့လေ။ ကျနော်တို့ CJDC ကတော့ ရွေးကောက်ပွဲ ဆိုတာ တရားမျှတမှုရှိပြီး ဒီမိုကရေစီစံနှုန်းအရကျင်းပတဲ့ ရွေးကောက်ပွဲရလာဒ်ကိုသာ လက်ခံနိုင်စရာ ရှိတဲ့ အတွက်ကြောင့်မို့လို့ ချင်းပြည်နယ် အတွင်းမှာ စစ်ကောင်စီရဲ့ ဒီမိုကရေစီစံနှုန်းနဲ့လည်း မကိုက်ညီ တရားမျှတမှုလဲမရှိတဲ့ ရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် ဘက်ပေါင်းစုံကနေ တားဆီး သွားမှာ ဖြစ်ပါ တယ်” လို့ CJDC ပြောခွင့်ရ ဆလိုင်းထွန်းထွန်းဦးက ဖက်ဒရယ်ဂျာနယ် မြန်မာကို ပြောပါတယ်။

စစ်ကောင်စီက ကျင်းပပြုလုပ်လာမယ့် ရွေးကောက်ပွမှာ ချင်းပြည်သူများအနေဖြင့် ပါဝင်ပတ်သက်တာမျိုး မလုပ်ဖို့ CJDC ဘက်က လိုလားနေတာပါ။

“စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေမှာ ချင်းပြည်သူအပါအဝင်၊ မြန်မာတနိုင်ငံလုံးက ပြည်သူ တွေအနေနဲ့လည်း မပါဝင်ကြဖို့ပြောချင်တယ်၊ အဲဒီရွေးကောက်ပွဲဆိုတာက စစ်ကောင်စီအနေနဲ့ ပြည်သူတွေ ကို လှည့်စားနေတာပဲ ဖြစ်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ်အတွင်း ရွေးကောက်ပွဲကျင်းပလာခဲ့မယ်ဆိုရင် CJDC အနေဖြင့် နည်းလှမ်း ပေါင်းစုံနဲ့ တားဆီးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ချင်းလဲန်းကာကွယ်ရေး ပူးတွဲကော်မတီ (CJDC)၏ ပဉ္စမအကြိမ်မြောက် မျက်နှာစုံညီ အစည်းအဝေးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၃ ရက် မှ ၇ ရက်နေ့ထိ ၅ ရက်တာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကိုယ်စားလှယ် (၃၀) ဦးနှင့် လေ့လာသူ (၂၇) ဦး တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Related Articles

Back to top button