တိုင်းရင်းသားများသတင်း

ဖားကန့်၊ အနန့်ပါက သေဆုံးရုပ်အလောင်းများ စစ်ကောင်စီက သယ်ယူခွင့်ပိတ်ပင်လို့ နီးစပ်ရာမှာ စုပြုံပြီး မြေမြှုပ်သဂြိုလ်ခဲ့ရ

ဓါတ်ပုံ – Uru Shagan (CJ)

ဖက်ဒရယ်ဂျာနယ် မြန်မာ၊ အောက်တိုဘာ ၂၅

ဖားကန့် KIA တပ်မဟာ ၉ နယ်မြေ အနန့်ပါ (A Nang Pa)မှာ ယမန်နေ့ည အောက်တိုဘာ ၂၃ ရက်နေ့က လေကြောင်းဖြစ် ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ သေဆုံး သွားတဲ့ ရုပ်အလောင်းများကို စစ်ကောင်စီဘက်က သယ် ယူခွင့် ပိတ်ပင် ထားတာကြောင့် နီးစပ်ရာ ကံဆီးကျေးရွာအထက် ဘော်ဆာဒီးမှာ ဒီကနေ့ အောက်တိုဘာ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တာဝန်ရှိသူတွေက စုပြုံပြီး မြေမြှုပ်သဂြိုလ်ခဲ့ရတယ်လို့ သိရပါတယ်။

“အလောင်း ၆၀ ကျော်ကိုတော့ ဒီနေ့မှာပဲ စုပေါင်းပြီးတော့ မြုပ်လိုက်ပါပြီ။ နောက်ကျပြီးမှ သွေးထွက် လွန်ပြီး သေတဲ့လူတွေကိုတော့ နီးစပ်ရာမှာပဲ မြုပ်ခဲ့ပါတယ်။ ဒီနေ့မြုပ်တာကတော့ အလောင်း ၆၀ ကျော် ပါတယ်။ တချို့ အလောင်းတွေ တစစီဖြစ်သွားလို့ စုရခက်သွားတဲ့ဟာလည်း ပါတယ်ဆို တော့ ၁၀၀ ဝန်းကျင်ထိ ရှိလာနိုင်တယ်” လို့ ဖားကန့် ဒေသခံတဦးက ဖက်ဒရယ် ဂျာနယ် မြန်မာကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဲဒီဖြစ်ရပ်ထဲမှာ ဒဏ်ရာပြင်းထန်စွာ ရရှိသူများကို ဖား ကန့်ဘက်သို့ ထွက်ခွာဖို့ ကံဆီးကျေးရွာအထွက် ဂိတ်နေရာမှာ ပိတ်ဆို့ ထားဆဲ ဖြစ်သလို အနန့်ပါဘက်သို့ ဖားကန့်မြို့ထဲက ထွက် လာတဲ့ ကူညီ ကယ်ဆယ် ရေး အဖွဲ့များကိုလည်း ထွက်ခွာခွင့် ပိတ်ပင်ထားဆဲဖြစ်တာကြောင့် ကားလမ်း မပေါ်မှာ တန်းစီး စောင့်ဆောင်းနေကြတယ်လို့ ဆိုပါတယ်။

ဒီကနေ့ မြေမြှုပ်သဂြိုလ်ခဲ့တဲ့ ရုပ်အလောင်း ၆၀ ရှိပြီး ဒီကနေ့ညနေအထိ ဆေးဝါးကုသခွင့် မရရှိလို့ သွေးထွက်လွန်ပြီး သေဆုံးသူများလည်း ဆက်ရှိ နေသေးတယ်လို့ ဒေသ သတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

Related Articles

Back to top button